လွန်ခဲ့တဲ့ ၁၀နှစ်
“ဟန်သာ”
“ဟာ ဝေ! သုတပြောတာလား?”
“ဟုတ်တယ် ၊ ဘာလို့ နှုတ်မဆက်သွားတာလဲ???၊ ခနပဲလား? ပြန်မလာတော့ဘူးလား?”
“ခနပဲ ဖြစ်ဖို့ များပါတယ်။ နှုတ်ဆက်ဖို့ ဝေက အခွင့်အရေးပေးခဲ့လို့လား? ဝေရော သုတနဲ့ အဆင်ပြေလား?”
“သုတနဲ့? ပြေပါတယ်! ဘာလို့လဲ?”
“သုတက ဝေ့ကို ဖွင့်ပြောထားတယ်ဆို။ ဝေရော အဖြေပြန်ပေးပြီးပြီလား?”
“အင်း ပေးပြီးပြီ”
“အင်း အဆင်ပြေပါစေ”
“ဘာလဲ ဝေက ဘာအဖြေပေးတယ်ထင်လို့လဲ?”
“ဟင် ဘာအဖြေပေးတာလဲ။ ဝေ လက်ခံလိုက်တာ မဟုတ်ဘူးလား?”
“မဟုတ်ပါဘူး၊ ဝေ့မှာ တခြားချစ်ရမဲ့သူရှိတယ်လို့ ပြောလိုက်တာ။ အဲ့ဒီလူက ဝေ့ကို ဂရုတောင် မစိုက်ပေမဲ့ပေါ့။ အဝေးကြီးကို သွားဖို့တောင် နှုတ်မဆက်တဲ့ အလေးမထားတဲ့သူ ဖြစ်နေခဲ့တာတောင်ပေါ့”
“ဝေ!!!!”
“ဟန်သာ ၀င်ရတော့မယ်”
မမရဲ့ စကားကြောင့် ဟန်သာ စိတ်ရှုပ်သွားသည်။ ဒီလို အချိန်မှလေ။ Timingက ဒီလို တိုက်ဆိုင်ရတာတဲ့လား။
ကျွတ်ကနဲ စုတ်သပ်လိုက်ပြီး ဝေ့ကို ငုံ့ကြည့်လိုက်တဲ့ ဟန်သာ့ကို ဝေ ပြုံးပြလိုက်သည်။
“ရောက်ရင် ဖုန်းဆက်လိုက်နော်”
“အင်း ဝေ ၊ရောက်ရင် ဖုန်းဆက်လိုက်မယ် ၊ Blockထားတာ ဖြေလိုက်ဦးနော်။ ကျနော် ဝေ့ကို ပြောစရာတွေ အများကြီးရှိတယ်”
“အင်းးးး Bye!!!”
အဲ့ဒီနေ့ကစ ဝေ့ဆီ သူမဆက်သွယ်တော့ပါ။ UKနဲ့ မြန်မာဟာ ၂နှစ်လောက် သွားရတယ် ထင်ပါတယ်။
ရောက်ရင် ဖုန်းဆက်လိုက်မယ်ဆိုတဲ့သူဟာ ထွက်သွားပြီး ၂နှစ်အကြာမှာ ဖုန်းဆက်လာခဲ့ပါတယ်။
“ Ring Ring Ring”
ဟန်သာ့ဆီကို ပို့ထားတဲ့ ဖတ်သူမရှိတဲ့ ဝေ့ရဲ့ Msgတွေကို နာကျင်စွာ ကြည့်နေမိရင်း မြည်လာတဲ့ ဖုန်းသံကြောင့် နံပါတ်ကို ကြည့်လိုက်တော့ Unknown Numberတဲ့။
ဝေ မကိုင်ဖို့ စဉ်းစားလိုက်မိပေမဲ့ ရုတ်တရက် စိတ်ထဲပေါ်လာသည့် အတွေးကြောင့် မျှော်လင့်ချက်သေးသေးလေးနဲ့ ကိုင်လိုက်မိသည်။
“ဟဲလို”
“ဝေ၊ ကျနော်ပါ”
ကြားလိုက်ရတဲ့အသံကြောင့် ၂နှစ်နီးပါးရှိခဲ့တဲ့ အစိုင်အခဲတွေဟာ ဘာမှမဟုတ်သလို ပြေပျောက်သွားသည်။
“ဟန်သာ???”
“အဟင်း !! ဟုတ်ပါတယ်။ ကျနော်ပါ။ ကျနော်အခု ပြန်ရောက်နေတယ်။ မနက်ဖြန် အချိန်ရရင် တွေ့ခွင့်ရမလား? ပြောစရာတွေလဲ ရှိလို့ပါ”
“Ofcourse!!! ဘယ်အချိန်လဲ ? ဝေ မနက်ဖြန်အားပါတယ်”
“ညနေ ၄နာရီလောက်၊ ---------coffee shopမှာ တွေ့ကြမယ်လေ”
“Ok”
ဖုန်းချသွားတာနဲ့ ဝေ သုတဆီ Msgပို့လိုက်သည်။
“သုတရေ Sorry။ ဝေ မနက်ဖြန် သွားစရာလေးပေါ်လာလို့ နောက်ရက်မှ တွေ့ရအောင်!!!”
“okလေ ၊ ဒါနဲ့ ဘယ်ကို?”
“ဟန်သာ ဖုန်းဆက်တယ်”
“ဪ မနေ့က ရောက်တယ် ကြားတယ်။ အင်းပါ။ နောက်ရက်မှ အေးဆေးတွေ့ကြတာပေါ့”
ချိန်းထားတဲ့အချိန်ထက် နာရီ၀က်လောက် ကြိုရောက်နေတဲ့အထိ ဝေ စိတ်လှုပ်ရှားနေမိသည်။
၀င်လာတာကို မြင်ရအောင် Parkingကို မြင်နေရသည့်နေရာကို ရွေးထိုင်လိုက်သည်။
အဲ့တာကိုက ဝေ့ရဲ့ ပထမအမှားဖြစ်မည်ထင်သည်။ ဟင့်အင်း ဒုတိယအမှားဖြစ်မည်။
ပထမအမှားက ၂နှစ်နီးပါး ပစ်ထားခဲ့တဲ့သူဆီကို အမှတ်မရှိ စိတ်လှုပ်ရှားစွာ လာမိခြင်းပဲ ဖြစ်မည်။
၀င်လာသည့် ကားတစီးချင်းစီတိုင်းကို လိုက်ကြည့်ရတာ ခေါင်းတွေတောင် မူးလာသလို ခံစားလာရသည်။
အဲ့ဒီအချိန်မှာပဲ ကားနီနီလေး တစင်း၀င်လာသည်။ ၄နာရီထိုးတော့မှာမို့ သူများလားဆိုပြီး ကြည့်လိုက်ပေမဲ့ တဘက်က ဆင်းလာတဲ့ ကောင်မလေးကြောင့် မဟုတ်လောက်ပါဘူးလို့ တွေးမိပေမဲ့ ဝေ့အတွေးမှားပါသည်။
မောင်းသူနေရာက ဆင်းလာတာ သူပဲဖြစ်သည်။ တဘက်က ဆင်းလာသည့်ကောင်မလေးကို ပြုံးကြည့်ရင်း မောင်းသူဘက်က တံခါးကို ဖွင့်ပေးကာ တက်ထိုင်လိုက်သော ကောင်မလေးရဲ့ ဆံပင်တို့ကို ချစ်စဖွယ်ဆွဲဖွလိုက်ရင်း သူရယ်နေပါသည်။
ခနနေတော့ ကောင်မလေးက ကားကို မောင်းထွက်သွားသည်။
ကားကို မျက်စိအောက်က ပျောက်တဲ့အထိ သူရပ်ကြည့်နေပြီးမှ ဆိုင်ဘက်လှည့်ကြည့်လိုက်သည်။ မှန်ပြတင်းအနားက ဝေ့ကို သူမြင်သွားပါသည်။
“ဝေ ရောက်နေတာကြာပြီလား?ကျနော် နောက်မကျပါဘူးနော်”
ပျက်ချင်နေသည့်မျက်နှာကို အပြုံးနဲ့ကြိုးစားထိန်းရင်း
“ဟင့်အင်း နောက်မကျပါဘူး။ ဝေက နည်းနည်းစောထွက်လာလို့ပါ။ ဒါနဲ့ ဘာသောက်မလဲဟင်?”
“Iced Americano”
Waiterလေးကို လှမ်းခေါ်လိုက်ပြီး ဝေမှာလိုက်သည်။ ပြီးတော့ သူ့ဘက်ကို လှည့်ကြည့်ရင်း
“ပြောစရာ ရှိတယ်ဆို!”
ဝေ့စကားကြောင့် သူက အားနာနေရခက်သည့် ပုံစံနဲ့ ပြုံးလိုက်သည်။ သူဘာပြောချင်နေလဲဆိုတာ ဝေရိပ်မိသလိုပါပဲ။
“ ကျနော် ပြောမဲ့စကားအတွက် ဝေ့ကို စော်ကားသလိုဖြစ်သွားရင်တောင်းပန်ပါတယ်။ ဒီအတိုင်း မပြောလဲ နားလည်သွားလောက်မယ်ထင်ပေမဲ့ ဝေ့ဘက်က အဲ့လိုမဟုတ်ခဲ့လို့ မျက်နှာချင်းဆိုင် တောင်းပန်ရင်း ပြောဖို့ကို ကျနော်ရွေးချယ်ခဲ့တာပါ”
“----------------“
“ကျနော့မှာ ဝေနဲ့ ထပ်တူ သဘောထားမရှိပါဘူး။ စာတွေပို့နေတာ ရပ်ပေးပါ ဝေ”
စားပွဲပေါ်က ရေခွက်ထဲက ရေတွေက ဟန်သာ့မျက်နှာကို ဗြန်းကနဲ မိတ်ဆက်လိုက်သည်။
ဖန်ခွက်ကို တင်းတင်းဆုတ်ကိုင်ထားတဲ့ ဝေ့လက်တို့ တုန်ယင်နေသလို မြင်ကွင်းတို့ကလဲ မျက်ရည်ကြောင့် ဝေဝါးနေသည်။
ဘာပြောတော့မယ်ဆိုတာကို ရိပ်မိနေပေမဲ့ တကယ်တမ်း ကြုံလိုက်ရတော့ ဝေ အဆင်မပြေပါ။ ဝေ ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့ပါ။
“ကျနော့ဘက်က ဝေ့အတွက် အထင်မှားစေမဲ့ အပြုအမူတွေရှိခဲ့ရင် ကျနော်တောင်းပန်ပါတယ်။ ကျနော့အမှားကြောင့်.....”
“တော်ပါတော့ !!!”
ထွက်လာတဲ့ဝေ့အသံက ဝေကိုယ်တိုင်တောင် မမှတ်မိလောက်အောင် အက်ကွဲနေသည်။
“ကျနော် တောင်းပန်ပါတယ်”
ပြောပြီး ထွက်သွားသည့်သူ့ကို ကြည့်ပြီး ဝေ ဒီအတိုင်း ကျန်ခဲ့မိသည်။ မဟုတ်ဘူး။ဒီဟာ အမှန်တရားမဟုတ်ဘူး။ ဝေ သိနေတာပဲ။ မထွက်သွားခင်က သူ့ပုံစံတွေ ၊ ဝေ နားလည်နေခဲ့တာပဲ။ ထိုင်ကျန်နေခဲ့ရင်းကနေ ဝေ ပြေးထွက်သွားမိသည်။ သူ ကားစောင့်နေတာ ဖြစ်မည်။
“ဟန်သာ”
နောက်ကနေ လက်ကို လှမ်းဆွဲလိုက်တာကြောင့် သူလှည့်ကြည့်လိုက်သည်။
“ဟင့်အင်း ဝေ မယုံဘူး။ ဟန်သာ လိမ်နေတာမလား? ဟန်သာ ဟန်သာ...ဝေ့ကို ချစ်ပါတယ်”
“ဟင့်အင်း ဝေ။ ကျနော် ဘယ်တော့မှ မချစ်ခဲ့ပါဘူး။ကျနော် အချစ်ကို အယုံအကြည်မရှိပါဘူး”
ဝေ့ လက်ကို လွှတ်ချခဲ့ပြီး သူထွက်သွားသည်။ ကားပေါ်က ကောင်မလေးက ဝေတို့ကို ငေးကြည့်နေသည်။