•တံခါးပိတ်သံတွေဟာ ဝေးဖို့သပ်သက်မှမဟုတ်တာ•
အသည်းကွဲတဲ့အခါ လူတွေ ဘာလုပ်တတ်ကြလဲ။
ဆူးလ်ဂီကတော့ အိပ်ပါတယ်။
အိပ်မပျော်ရင် အိပ်ဆေး သောက်ပြီးတော့ကို အိပ်ပျော်အောင် အိပ်ပါတယ်။
"ဆူးလ်ဂီ ဘာလုပ်နေတာလဲ ဆောင်းဟာ"
"သူ အိပ်နေတာ"
-
"ဆူးလ်ဂီရော"
"သူအိပ်နေတယ်"
-
"ဆူးလ်ဂီကို မခေါ်လာခဲ့ဘူးလား"
"အိပ်ပျော်နေလို့ဟ ဆူးလ်ဂီက"
"သုံးရက်လုံး သူအိပ်နေတာလား ဆောင်းဟာ"
"အေး ဟုတ်တယ်။ စားပြီး အိပ် နိုးလာရင် စား ပြီးရင် ပြန်အိပ်လုပ်နေတာ"
ဂျူဟျွန်း စိတ်မပူဘူးလို့ပြောရင် လိမ်နေတာပါ။
ဘာလို့ အဲ့လောက် အိပ်နေတာလဲ။
"တစ်ခုခုဖြစ်နေတာမဟုတ်ဘူးလား နေရောကောင်းရဲ့လား"
"ကောင်းပါတယ် အားရှိအောင် အိပ်နေတာတဲ့ သူပြောတာဘဲ"
ဆောင်းဟာ ဟာ ဂျူဟျွန်း မေးခွန်းတွေအပေါ် သိပ်အာရုံမရှိနေပါ။
သူဖတ်နေတဲ့ စာအုပ်အပေါ်မှာသာ အလုံးစုံအပ်နှံထားသည်။
"နင့်အခန်းဖော် ဒီလို ထူးထူးဆန်းဆန်းတွေလုပ်နေတာကို စိတ်မပူဘူးလားဆောင်းဟာ"
မဖြစ်သင့်ပါ။ဆောင်းဟာ အဲ့လောက် ဘာလို့ အေးဆေးနေတာလဲ။
ဆူးလ်ဂီ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
"သူထူးထူးဆန်းဆန်းလုပ်နေတာမဟုတ်ပါဘူး သူအသည်းကွဲနေတာလေ ဂျူဟျွန်း။အငြင်းခံလိုက်ရလို့"
ဒီတစ်ခါ မလုံမလဲ ဖြစ်သွားသူဟာ သူမကိုယ်တိုင်။
"အသည်းကွဲရင် ကုစားတဲ့နည်းက တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ ဂျူဟျွန်းရဲ့။ ဒါသူ့ ကုစားနည်းနေမှာပေါ့။အခြေအနေကတော့ မဆိုးပါဘူး အိပ်နေတာကလွဲရင် အကောင်းဘဲ။နင်စိတ်ပူရင် သွားကြည့်လေ ငါ့လာပေါက်ပေါက်ဖောက်မနေဘဲ"
-
မနေနိုင်ဘဲ ဆူးလ်ဂီ အခန်းထဲ ရောက်လာပြန်သူဟာ ဂျူဟျွန်း။
ကြားခဲ့သည့်အတိုင်း အိပ်နေတာပါ။ နှစ်နှစ်ခြိုက်ခြိုက်ကို။
ဆောင်းဟာ ကုတင်ပေါ်ဝင်ထိုင်ရင်း အရှေ့မှာမြင်နေရတဲ့ ဆူးလ်ဂီကိုကြည့်ရင်း သက်ပြင်းချမိသည်။
သူငယ်ချင်းတွေနဲ့တွဲရမှာကို ဂျူဟျွန်း သေမတတ်ကြောက်ပါသည်။
ခဲနှစ်ခါ မှန်ဘူးတဲ့ စာသူငယ်ဘဲလေ ဂျူဟျွန်းဟာ
သူငယ်ချင်းမဟုတ်သူနဲ့ ရည်းစားဖြစ်ပြီးပြတ်သွားတဲ့အခါ ရည်းစားဆိုတဲ့ လူကိုဘဲ ဆုံးရှုံးရပေမယ့် သူငယ်ချင်းဖြစ်သူနဲ့ စည်းတွေကျော်ပြီးမှ ပြတ်သွားသည့်အခါ ဂျူဟျွန်းအတွက် အရေးပါတဲ့ သူငယ်ချင်းဆိုတဲ့ အရာပါ ဆုံးရှုံးခဲ့ရသည်။
ပထမတစ်ခါ အကို့ကြောင့် ဂျူဟျွန်း အပြောင်းအလဲ များစွာနဲ့ကြုံခဲ့ရသလို ကိုယ်တိုင်လည်း အရာရာကို ပြောင်းလဲ ပစ်ခဲ့သည်။
အကို့ကို ရွဲ့ရင်း အကိုကတော့ မသိနိုင်တော့ပေမယ့် ဂျူဟျွန်းကတော့ ရည်းစားတွေထည်လဲ တွဲရင်း ကိုယ့်ဘ၀ကိုယ် အရောင်တွေဆိုးနေခဲ့တာ။
တစ်ဖန်ထပ်ပြီး တူညီ သယောင်ယောင်ရှိတဲ့ အမှားတစ်ခုပေါ် ခြေချော်ကျသွားပြန်သည်။
သူငယ်ချင်းဖြစ်သူနဲ့ တွဲရင်း ရှင်းဝူဟာ သူမဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး ဂျူဟျွန်းဘ၀ထဲက အရေး အပါဆုံး သူငယ်ချင်းတစ်ယောက် ထပ်ထွက်သွားပြန်တယ် ။
သူငယ်ချင်းတွေနဲ့တွဲရမှာ ဂျူဟျွန်း သေမလောက်ကြောက်ပါသည်။
ဒီကောင်မလေးကိုလဲ မဆုံးရှုံးနိုင်ပါ။
ဆူးလ်ဂီဟာ ဂျူဟျွန်း အတွက် ထပ်မရှိနိုင်တော့တဲ့ စိတ်သက်သာရာလေးဖြစ်တယ်။
ဂျူဟျွန်း အဆုံးရှုံး မခံနိုင်တော့တဲ့ တစ်ခုတည်းသော နာမ်လေးဖြစ်တယ်။
မျက်လုံးတွေကို ပွတ်သပ်ရင်း နိုးလာသည်ထင်။
"ဆူးလ်ဂီ"
"ဟင် စီနီယာဘဲ"
အိပ်နေရင်းကနေ အကြောဆန့်ရင်း မပွင့်တစ်ပွင့်ပြန်ဖြေလာသည်။
"သုံးရက်လုံး အိပ်နေတာဆို အဆင်ပြေရဲ့လား ဆူးလ်ဂီ"
"အဆင်ပြေပါတယ် ခံနိုင်ရည် ရှိအောင် အိပ်နေတာပါ။သီချင်း ဖွင့်ပေးလို့ရမလား စီနီယာ"
ဂျူဟျွန်း ကုတင်ပေါ်ကနေ အခန်းတစ်ဖက်က ဖုန်းနှင့် ဆက်ထားသည့် ကတ်ဆက်ဘေးသွားလိုက်သည်။ခလုတ်ကို နှိပ်လိုက်တော့ တီးလုံးသံ ဖျော့ဖျော့က ထွက်လာသည်။
"ဘာကို ခံနိုင်ရည် ရှိအောင်လဲ ဆူးလ်ဂီ"
ဖန်ခွက်ထဲ ရေငှဲ့ကာ တစ်ခွက်လုံး ကုန်အောင် သောက်ပြီး နှုတ်ခမ်းပေါ်က ရေစက်တွေကို လက်ခုံနဲ့ ဖိသုတ်ရင်း ကုတင်ပေါ် ပြန်လှဲချသည်။
တစ်ဖက်ကိုလှည့်ရင်း စောင်ကို ပခုံးထိ ဆွဲခြုံကာ
"စီနီယာ့ကိုလေ။စီနီယာ့ကို ခံနိုင်ရည်ရှိအောင် အိပ်နေတာ"
-
"မီးခြစ် မီးခြစ်"
စီးကရက်ကို နှုတ်ခမ်းမှာ ခဲထားရင်း ရှိသမျှ အိပ်ကပ်အကုန် လိုက် စစ်နေမိသည်။
ဘောင်းဘီ အိတ်ထဲကနေ ထွက်လာသဖြင့် လက်တစ်ဖက်နဲ့လေကို ကာရင်း မီးညှိလိုက်သည်။
တစ်ရှိုက်ဖွာလိုက်ရင်း မှုတ်ထုတ်လိုက်တော့ လေးလံမှုတွေပါရောပါသွားသလို။
သုံးရက်လောက် အိပ်ချည်းဘဲ နေခဲ့သဖြင့် နည်းနည်း နုံးနေသော်လည်း နေရတာ အဆင်ပြေပါသည်။
လှေကားမှာ ၀င်ထိုင်ရင်း ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်တွေကိုပင်မတွေ့ရ။
"ရှိတော့ ရှိတယ် မမြင်ရဘူး"
ဆူးလ်ဂီကတော့ ရုတ်တရက် ငိုချပစ်ချင်လာတာမျိုးဆို စီနီယာ့ကြောင့်လို့ တွေး ချပစ်လိုက်တာဘဲ။
ဒီအခြေအနေကို ဘယ်လိုရှေ့ဆက်ရမလဲ မသိပါ။စီနီယာ့ကို သူငယ်ချင်းလို သဘောထားဖို့ဆိုတာ ဖြစ်နိုင်တာမှ မဟုတ်တာ
"အင်း ဆောင်းယွန်း "
ကုန်ခါနီးစီးကရက်ကို ပစ်ချကာ ဖနောင့်နဲ့ငြိမ်းသတ်ပြီးမှ ဖုန်းကို သေချာကိုင်ရသည်။
"ဘာလုပ်နေလဲ။ငါနဲ့အတူလာသောက်မလား"
"အချိန်ကိုက်ဘဲ လိပ်စာပို့ထားလိုက် ငါလာခဲ့မယ်"
ဖုန်းချပြီးသည်နှင့် အဆောင်ထဲကို တစ်ဖန်ပြန်ဝင်ရသည်။ကိုယ့်အခန်းကိုယ် အမြန်ပြန်ကာ သားရေဂျာကင်ကို ယူပြီး ၀တ်ရင်းတန်းလန့်နဲ့ပင် အပြင်ပြန်ထွက်လာလိုက်သည်။
"ဆူးလ်ဂီ"
ခေါ်သံကြောင့် တစ်ဖက်လျှိုဖို့ကျန်နေသေးတဲ့ ဂျာကင်ကို အပြီးအစီးဝတ်ပြီးမှ
"စီနီယာ မအိပ်သေးဘူးလား"
"ဘယ်သွားမလို့လဲ"
အမေးတစ်ခုနဲ့အတူ ပိုင်စိုးပိုင်နင်းနဲ့ လိပ်နေတဲ့ ဂျာကင် အနားစကို ပြန်ဖြန့်ပေးလာသည်။
တကယ်ဆို မလုပ်သင့်ဘူးလေ ဖွင့်ပြောပြီး လေးရက်အတွင်း ဒါက ပထမဆုံး မျက်နှာချင်းဆိုင်တာဘဲမလား။
"ဆောင်းယွန်းနဲ့ သွားတွေ့မလို့ နောက်ကျနေပြီ အိပ်တော့လေ စီနီယာ"
"ညကြီးမိုးချုပ် အပြင်ထွက်မယ့်သူပြောရမယ့် စကားလား ဆူးလ်ဂီ"
ခြေလှမ်းတွေကို ရပ်တန့်ရပြန်သည်။
"ညီမ နောက်ကျတဲ့ထိ မနေပါဘူး စီနီယာရဲ့ ခဏဆိုပြန်လာမှာ"
တွန်းချိုးနေတဲ့ မျက်ခုံးတွေဟာ ပြန်မဖြေလျှော့သေးပါ။ ဆူးလ်ဂီလည်း ဘာဆက်ပြောရမလဲ သိမနေ ။
စီနီယာက ဒဏ်ရာတွေ လာပေးနေတာဘဲ။
"ပြန်မလာမချင်း ငါစောင့်နေမှာ ဆူးလ်ဂီ အများကြီး သောက်မလာနဲ့"
-
ဖန်ခွက် အသေးထဲ အရည်ကြည်တွေ ငှဲ့ပေးရင်း ရောက်တက်ရာရာ ပြောနေရင်းကနေ အချိန်တွေကုန်လာသည်။
ဆောင်းယွန်းရဲ့ အိမ်က တည်နေရာဖြစ်နေသဖြင့် စိတ်ချလက်ချ သောက်လို့ ရနေသည်။
စီနီယာ့ စကားကို အခုထိတော့ မမေ့သေးပေမယ့် မေ့ပစ်လိုက်ချင်သည်။
စီနီယာ့က သူ့ကို နာကျင်အောင်လုပ်ထားတာ စီနီယာ နာကျင်အောင် ပြန်လုပ်ချင်တယ်။
သူမကြောင့် စီနီယာ့ကို ၀မ်းနည်းစေချင်တယ်။နာကျင်စေချင်တယ်။
ချစ်ပေမယ့် သူမ ခံစားချက်ကို ခံစားစေချင်တယ်။
ဒါဟာ ဆူးလ်ဂီရဲ့ မကောင်းတဲ့ စိတ်ကလေး။
နာရီကို ကြည့်တော့ ညလယ်ကို အတော် ကျော်လွန်လာပြီဖြစ်သည်။
"ငါမအိပ်သေးဘဲ စောင့်နေမှာ" ဆိုတဲ့ စကားကို ကြားယောင်မိတော့ စိတ်တွေက လွန်ဆွဲပြန်သည်။
နှစ်နာရီ ကျော်နေပြီ ဖြစ်သဖြင့် စီနီယာ မအိပ်သေးဘဲ ရှိနေမည်ဟု မထင်ပါ။ ထို့ကြောင့် စာပို့ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
| ညီမ ဒီနေ့ ဆောင်းယွန်းအိမ်မှာဘဲအိပ်လိုက်မှာမို့ စိတ်မပူနဲ့တော့နော် |
ဖုန်းကို ပစ်ချကာ မူးနောက်နေတဲ့ ခေါင်းကြောင့် ဆံပင်တွေကို ဆောင့်ဆွဲမိသည်။ကြားထဲ ဆောင်းယွန်းက မှောက်နေရာမှ ထလာကာ သူမရှိရာ ဆိုဖာပေါ်တက်လာသည်။
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ စီနီယာပင်။
တကယ် အခုထိ မအိပ်သေးတာလား
"စီနီယာ"
"သူငယ်ချင်းအိမ်မှာ အိပ်မှာဆို ဆူးလ်ဂီ"
"အင်းလေ ညီမ စာပို့ထားတယ်လေ စီနီယာရဲ့"
"သူငယ်ချင်းအိမ်မှာ ရှိနေတယ် ဆိုတော့လည်း စိတ်ချရပါတယ်
မနက်တော့ စောစောပြန်လာခဲ့နော်"
"အင်းပါ စီနီယာရဲ့--ရ! ဟန်ဆောင်းယွန်း ငါကို လာမဖက်စမ်းနဲ့"
အသံတွေ တိုးလိုက် ကြားလိုက်ကြားမှ ဂျူဟျွန်းပီပီသသကြားလိုက်ရသည်။
"နှုတ်ခမ်းကြီးကဘာလို့ ငါ့နားရောက်လာပြန်လာလဲ--စီနီယာ ညီမ ဖုန်းချလိုက်ပြီနော် ဒီမှာ ဆောင်းယွန်း မူးနေပြီမို့"
တိကနဲ ပြတ်ကျသွားသော ဖုန်းလိုင်း။
ဂျူဟျွန်းမှာတော့ မပြီးဆုံးသေးသော မေးခွန်းတွေနှင့်။
-
"ဆူးလ်ဂီ"
ရင်းနှီးနေတဲ့ အသံဖြစ်တာကြောင့် ဘယ်သူမှန်း မှန်းဆပြီးသား။
ဖတ်လက်စ စာအုပ်ကို မူလနေရာ ပြန်ထားလိုက်ပြီး စီနီယာ့ဘက်လှည့်လိုက်သည်။
ဆူးလ်ဂီက ကိုယ့်စိတ်ကိုယ် သူများမမြင်အောင် ထိန်းတဲ့နေရာမှာ သိပ်တော်သည်။
အချိန် အတော်အတန်ကြာခဲ့ပြီ။ အဲ့ညနေခင်းက ကိစ္စတွေက ပျောက်ကွယ်လုနီးနီး
"Halloween အတွက် ဘာအစီအစဉ်ရှိလဲ"
"ကျောင်းကလုပ်တဲ့ Halloween party တက်မယ်လေ ဒါဘဲ ရှိတာကို"
"ဘာဝတ်ဖို့ စီစဉ်ထားလဲ"
စီနီယာက စာအုပ် အချို့ကို လက်မှာ ပိုက်ထားသည်။ဆူးလ်ဂီ စာအုပ်တွေကို လက်လွှဲယူလိုက်ရင်း အတူ အပြင်ဘက်ထွက်လာလိုက်သည်။
"သေချာတော့ မစဉ်းစားရသေးဘူး တစ်ပတ်လောက် လိုသေးတာဘဲကို။စီနီယာကရော"
"ငါရောဘဲ"
အခုတလော စီနီယာ ခြေငြိမ်နေတာကို ဆူးလ်ဂီ သတိထားမိတယ်။အမြဲ သူငယ်ချင်းတွေနဲ့ ရှိရင် ရှိ။မဟုတ်ရင် ဆူးလ်ဂီဘေးရောက်လာလာနေတာ။
"အာ ဒီနေ့ အဆောင်မှာ အားလုံးစု သောက်ကြမှာ သိတယ်မလား။"
"အင်း ငါတို့ ဘာဝယ်သွားဖို့လိုသေးလဲ လိုတာရှိရင် အခု သွားဝယ်ရအောင်လေ"
-
"Squid Game ထဲက အတိုင်းဝတ်ကြမလား "
ဘီယာကတ်လိုက်ကို ခြင်းထဲ ထည့်နေရင်းကနေ
"၀တ်ချင်လို့လား"
"စိတ်ဝင်စားစရာဘဲလေ စီနီယာရဲ့ ငါက မျက်နှာဖုံးဝတ်ထားတဲ့ အနီရောင် ကောင်လုပ်မယ် စီနီယာက player လုပ်"
စိတ်အားထက်သန်စွာပြောလိုက်တဲ့ သူမစကားကို စီနီယာက အပြုံးတစ်ခုကလွဲပြီးတုံ့ပြန်မလာပါ။
"ငါတို့ ဝိုင်ရော ၀ယ်ဖို့လိုမလား ဆူးလ်ဂီ"
"မ၀ယ်နဲ့တော့လေ မက်ဂျူတွေရော ဆိုဂျူတွေပါများနေပြီကို"
ဂျူဟျွန်း လက်ထဲက ဝိုင်ပုလင်းကို နေရာတကျ ပြန်ထားလိုက်သည်။
အနားကိုလျှောက်လာတဲ့ စုံတွဲတစ်တွဲထံ အာရုံတွေ ကပ်ညိကုန်သည်။
ခပ်တိုးတိုးရေရွတ်မတဲ့ အမည်နာမဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ခံစားချက် တစ်ပုံတစ်ပင်နဲ့ ခေါ်ခဲ့ရသည့် အမည်နာမတစ်ခု။
အနားမရောက်ခင်မှာပင် စုံတွဲထဲက အမျိုးသမီးဖြစ်သူဟာ တခြားဘက်အတန်းကို ထွက်သွားသည်။ဆက်လျှောက်လာတဲ့ အမျိုးသားဖြစ်သူ မလှမ်းမကမ်းမှာ ရေခဲမုန့်ရွေးနေတဲ့ ဆူးလ်ဂီ နောက်ပြီး ဂျူဟျွန်း။
"အကို"
အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်သလို သူ့နှုတ်ခမ်းတွေ တွန့်ချိုးကုန်သည်။
အနားကို ရောက်လာတော့ ဂျူဟျွန်း လက်တွေတင်းမိသည်။
"ဂျူဟျွန်း မတွေ့ရတာ ကြာပြီ ညီမ"
"ဟုတ်ပ အကို အတော်ကြာခဲ့ပြီ။အဆင်ပြေနေတယ်မလား"
အရင်ကအတိုင်း တည်တည်ကြည်ကြည်နဲ့ အကို့ကို ပြန်မြင်နေရတာတောင် ဂျူဟျွန်းနေရခက်နေသည်။
ဒီလူသားကြောင့် ဂျူဟျွန်း ပြောင်းလဲပစ်ခဲ့ရတာတွေ ကို ကိုယ်တိုင်သာ သိသည်လေ။
"စီနီယာ"
လက်ဖဝါးကြားထဲ တိုးဝင်လာကာ သူမလက်ကို ဆုပ်ကိုင်လာသူ။
ဆူးလ်ဂီကိုမြင်တော့ ပိုအဆင်မပြေဖြစ်လာသည်။
ဘယ်လောက်တောင် ထိန်းချုပ်ထားခဲ့ရတာမို့လို့လဲ။
"အသိလား"
ခေါင်းကို ညိတ်ပြလိုက်သည်။
"သူငယ်ချင်းနဲ့ အတူလာတာဘဲ။ ဒါဆို အကိုလည်း သွားပြီဂျူဟျွန်း နောက်မှတွေ့ကြတာပေါ့"
အကိုထွက်သွားတော့ ဆူးလ်ဂီက လက်ကိုလွှတ်သည်။
"စီနီယာဆောင်းဟာ ဖုန်းဆက်တယ် တစ်လမ်းကျော်က ဆွန်းဒယ်ဝယ်ခဲ့ပါတဲ့။ဆိုင်တောင်ပိတ်တော့မယ် မြန်မြန် သွားရအောင် စီနီယာ"
ခြေလှမ်းစသည့် ဆူးလ်ဂီကို သူမလက်တွေက ဟန့်တားသည်။
"ခဏ ခဏနေပါအုံး။လက်ကို ဆက်ကိုင်ထားရအောင် ဆူးလ်ဂီ"
ဂျူဟျွန်း သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
-
"တကယ်က ငါမသွားဖြစ်လောက်ဘူး"
ဆွန်းဒယ်ဆိုင်ပိတ်ကာနီးမှ ၀ယ်လာခဲ့ရတဲ့ အဖိုးတန်ဆွန်းဒယ်တွေကို ချစ်သူတစ်ယောက်လိုမျိုး ရှုကြည့်နေရာမှ ရပ်လိုက်မိသည်။
"ဘယ်ကိုလဲ Halloween party လား"
"ဟုတ်တယ်"
စီနီယာနဲ့ စကားစမပြတ်အောင်ပြောရင်း ၀ယ်လာတာတွေ စုံမစုံလည်း စိတ်ထဲကနေ စစ်နေရသည်။
"ဒါဆို အဲ့နေ့ ဘာလုပ်မှာလဲ စီနီယာ"
"မပြောတတ်သေးပါဘူး မင်းကရော"
"Party သွားမှာလေ။အဲ့လိုပွဲမျိုး လက်လွှတ်ခံစရာလား"
ဆူးလ်ဂီရဲ့ တက်ကြွနေမှုကို စီနီယာက သဘောတကျ ကြည့်သည်။
ကိုယ့်လက်တစ်ဖက်ကို ပြန်ကြည့်မိတော့ ခပ်နွေးနွေးအထိအတွေ့ကို အခုထိ ခံစားမိနေတုန်း။
-
ပုလင်းဖောက်သံ ဖန်ခွက်ထဲသို့ လောင်းချလိုက်တဲ့ အသံတွေ ဂတ်စ်သံတွေအပြင် မီးဖိုပေါ်က သုံးထပ်သားရဲ့ မြည်သံတွေနဲ့အတူ ပျော်ပျော်ပါးပါး အော်ဟစ်သံတွေက အစ ကြားရသည်။
အဆောင်ရဲ့ အပေါ်ဆုံးထပ်က ကွပ်ပျစ်ပေါ် ဝိုင်းဖွဲ့ထိုင်ကာ စားသောက်ပွဲကျင်းပနေပေမယ့် လူသိပ်မများ။
အဆောင်မှာကျန်ခဲ့သည့် လူနည်းစုသာဖြစ်လို့ ဆယ်ယောက် မပြည့်မပြည့်သာ ရှိသည်။
ကျန်တဲ့သူတွေကတော့ အပြင်ရောက်နေကြမည်ထင်သည်။
ညဘက် အပြင်ထွက်ဖို့ သိပ်ကောင်းတဲ့ အချိန်ဘဲ မလား။
တစ်ဖက် ကျက်သွားပြီဖြစ်တဲ့ အသားကို ဘက်လှန်လိုက်ရင်း လက်ကမ်းလိုက်တော့ တစ်ယောက်က အလိုက်သင့် ကတ်ကြေးကမ်းပေးလာသည်။
ညှပ်နဲ့ ကတ်ကြေးကို အသုံးပြုပြီး စီရရီ ကိုက်ဖြတ်လိုက်တော့ ဘယ်အချိန်ကတည်းက စားချင်နေမှန်း မသိကြတဲ့ သူတွေကြောင့် ဖြတ်ကနဲ အသားတုံးတွေ ပျောက်သွားပြန်သည်။
"ဆူးလ်ဂီ အာ..."
အသားဖက်တစ်ဖက်က သူမ ပါးစပ်နားရောက်လာသဖြင့် ကောက်ဝါးပြီးတော့မှ လာခွံ့သူဟာ စီနီယာဖြစ်နေမှန်း သိရတဲ့အဖြစ်။
မက်ဂျူနဲ့ ဆိုဂျူကို အချိုးကျကျရောစပ်ထားတဲ့ ဖန်ခွက်တွေထဲ အမြှုပ်တစီစီ ထနေသည်။
ခွက်ချင်းတိုက်သံတွေ စကားသံတွေ အပြင် အသားကင် အနံ့တွေပါ ရောနေသော်လည်း လေတိုက်နေတာကြောင့် သိပ်တော့ အဆင်မပြေမဖြစ်။
"ဂိမ်း ဂိမ်းကစားမယ်"
ဘယ်သူက စလိုက်မှန်း မသိတဲ့ စကားအပြီး ဟိုဂိမ်း ဒီဂိမ်း အသံတွေထဲ အမှန်ပြောဂိမ်းဆိုတဲ့ အသံက အကျယ်ကြီးထွက်လာသည်။
"အဲ့ဂိမ်းကို နင်တို့ ဘယ်အချိန်ထိ ဆော့နေအုံးမှာလဲ ပျင်းဖို့ကောင်းအောင်"
"ဘယ်တော့မှ ခေတ်နောက်မကျတဲ့ဂိမ်းဘဲ ဆော့မယ် ကဲ ပုလင်းလှည့်ပြီနော်"
အစိမ်းရောင် ဖန်ပုလင်းဟာ အားလုံးရဲ့ အလယ်မှာ အရပ်မျက်နှာပေါင်းများစွာကို ဖြတ်ကျော်လျက်။
ပုလင်းရဲ့ လှည့်ပတ်ခြင်းအင်ဂျင် ကုန်သွားတဲ့အခါ အော်ဟစ်သံတွေ ငြီးတွားသံတွေနှင့်။
မေးခွန်တွေနဲ့ အတူ ဂိမ်းက တဖြည်းဖြည်း အရှိန်မြင့်လာသည်။
အော်ဟစ်အားပေးသံတွေနဲ့ ပိုအသက်ဝင်လာသလို။
ပုလင်းရဲ့ ဦးတည်ရာဟာ ဒီတစ်ခေါက်တော့ ဆူးလ်ဂီကို အလွတ်ပေးဟန်မတူ။
အာ သွားပါပြီ။
ကိုယ့်ဆီ တည့်တည့်ဦးတည်နေတဲ့ ပုလင်းကြောင့် အသံတွေ ကျယ်လာသည်။
"First kiss! First kiss က ဘယ်သူလဲ"
ဘေးက ကောင်မလေးဆီကနေ မေးခွန်းက တန်းထွက်လာသည်။
ဆူးလ်ဂီထက် တစ်နှစ်ငယ်တဲ့ ကောင်မလေးဖြစ်သည်။ချစ်ဖို့ကောင်းပြီး
ဆက်ဆံရေးလည်းကောင်းတာမို့ လူကြိုက်များတဲ့ ကလေးမလေးပင်။
"ရ! နင်ကတော့ တကယ်ပါဘဲ"
ခပ်တိုတိုးပြောတော့ သူ့ ဇက်ကလေးပုကာ လျှာထုတ်ပြသည်။
အဖြေ မပြောလျှင် သောက်ရမည့် ဆိုဂျူချည်းသီးသန့်ထည့်ထားသည့် ဖန်ခွက် အကြီးကို ကြည့်ရင်းခေါင်းခါမိသည်။ထပ်သောက်လို့ မဖြစ်တော့ဘူးလေ။
"ဟုတ်ပြီ ဖြေမယ် ဖြေမယ် ဟုတ်ပြီလား"
အသံတွေ နည်းနည်းတိတ်သွားသည်။ အားလုံးနားစွင့်နေဟန်
စီနီယာ့ကို တစ်ချက် ကြည့်တော့ ပေါင်ပေါ်လက်ထောက်ထားရင်း ဆူးလ်ဂီကို ကြည့်မနေ အဝေးကို ကြည့်နေသည်။
"အထက်တန်းတုန်းက သူငယ်ချင်းနဲ့"
အော်သံတွေ ထွက်လာသည်။ရှက်စရာကြီးပါ။
"သူနဲ့ အဆက်အသွယ်ရှိသေးလား ဖုန်းခေါ် ပါ စီနီယာ seulgi"
ဝင်ညှောင့်ပြန်ပြီ ဒီကလေးမ
"ဟ ငါဖြေပြီးပြီလေ မေးခွန်း တစ်ခုတည်းဘဲမေးခွင့်ရှိတာကို"
ဂိမ်းစည်းမျဉ်းနဲ့ ကိုင်ပေါက်လိုက်တော့မှ လွတ်မြောက်ခွင့်ရသွားသည်။
သို့သော် ကြာကြာမခံ။အနှီပုလင်းဟာ ဆူးလ်ဂီရှေ့မှာ ထပ်ရပ်သွားပြန်သည်။
အရင်တစ်ခေါက်ထက် ပိုကျယ် လာတဲ့ အော်ဟစ်သံများ။
ဒီတစ်ခါတွင်တော့ အသံတွေက တစ်စုတစ်စည်းတည်း။
"ဖုန်းခေါ်ပါ ! ဖုန်းခေါ်ပါ "ဆိုပြီး။
ဆံပင်တွေကို ဆွဲဖွရင်း ဖုန်းကို ထုတ်လိုက်သည်။
နံပါတ်တစ်ခုကို နှိပ်လိုက်ကာ အားလုံးကို တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။
စီနီယာ့ မျက်နှာကို အရိပ်အကဲ လှမ်းကြည့်တော့ သူ့ဝသီအတိုင်း ငြိမ်ငြိမ်သက်သက်။ဆူးလ်ဂီကိုပင် ကြည့်မနေ။
ဝင်သွားတဲ့ ဖုန်း။
"ဖုန်းဆက်လာတာ အတော်ဘဲ seulgi ငါလမ်းကြုံလို့ နင့်ဆီလာနေတာ ငါးမိနစ်လောက်နေရင်ရောက်မယ် ဆင်းခဲ့အုံး"
အားလုံးရဲ့ အသံတိတ် အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။
ရင်းနှီးတဲ့ အသံကြောင့် ဂျူဟျွန်း ဆတ်ကနဲဖြစ်သွားသည်။
မဟုတ်မှ..
"ဟုတ်ပြီ ဆောင်းယွန်း ငါဆင်းခဲ့မယ်"
"ဒါနဲ့ဖုန်းဆက်တာ ဘာကိစ္စလဲ။"
"မဟုတ်ဘူး ဘာကိစ္စမှ ဒီတိုင်းဘဲ။ထားတော့ ငါဆင်းလာခဲ့မယ်နော်"
ဖုန်းချအပြီး အသံတွေ ထပ်ထွက်လာသည်။ဆူးလ်ဂီမှာတော့ ခေါင်းပင် မဖော်ရဲတော့။
ဆောင်းယွန်း။
ဆူးလ်ဂီရဲ့ first kiss က ဆောင်းယွန်းလား။
ဂျူဟျွန်း အတွေးထဲ ဟိုနေ့ညက ဖုန်းထဲက တစ်ဆင့်ကြားလိုက်ရတဲ့ အသံတွေကို ပြန်ကြားလာသည်။မဖြစ်နိုင်တာ....
ဆူးလ်ဂီကတော့ အောက်ဆင်းသွားသည်။ဂျူဟျွန်း မက်ဂျူခွက်ကို အကုန် မော့သောက်လိုက်ကာ
"ငါအိမ်သာ ခဏ သွားအုံးမယ်"
-
"ဘာတွေလဲ"
"အမေက ပေးခိုင်းလိုက်တာ နင်ကြိုက်တဲ့ ဂဏန်းငံပြာရည်စိမ်"
ဆူးလ်ဂီ အထုပ်ကို ဆွဲယူကာ
"ရှယ်ဘဲ အမေ့ကို ပြောပေးပါအုံး ကျေးဇူးတင်ပါတယ်ဆိုပြီး"
"မပြောနိုင်ပါဘူး။နင်အဲ့လိုပြောတာသာ သိရင် သူက စေတနာတွေပိုပြီးထပ်လုပ်ပေးနေအုံးမှာ။ဘယ့်နှယ့် သမီးအရင်းက ဂဏန်းနဲ့မတည့်တာကို ကျော်ပြီး နင့်အတွက် သက်သက်လုပ်ပေးနေတာ ဒါနဲ့ ခုနက ဖုန်းဆက်တာ ဘာကိစ္စ"
"ဘာမှ မဟုတ်ပါဘူးဆို ဆောင်းယွန်းရ"
"ဟဟ Kang Seulgi နင်ငါ့ကို ကြောလို့ ရမယ်ထင်နေတာလား။ပြောစမ်းပါ "
ရှက်စရာကြီးကိုကွာ။ဆူးလ်ဂီ ဘယ်သူမှ မရှိမှန်း သိပေမယ့် သူ့နားကပ်ကာ ခပ်တိုးတိုး ပြောအပြီး ဆောင်းယွန်းကတော့ ခွက်ထိုး ခွက်လန် ရယ်လေရဲ့။
"ရား အဲ့တာ နမ်းတာမှ ဟုတ်မနေတာကို တခြားသူတွေ အထင်ကြီးအောင် လုပ်ပြန်ပြီ seulgi ရာ။ငါတော့ အူတောင်နာတယ် ရယ်ရလို့"
ဂျူဟျွန်း အဆောင်ထဲ ပြန်ဝင်ခဲ့လိုက်သည်
ဘာလို့ နေလို့မကောင်းဖြစ်နေတာပါလိမ့်။
အစာမကြေတာများလား။
-
ဆူးလ်ဂီ အပေါ်ပြန်တက်လာတဲ့ အထိ ပွဲကကောင်းတုန်း။အော်သံတွေကို အ၀င်ဝကနေပင် ကြားနေရသည်။စီနီယာကတော့ ဘယ်ရောက်နေသည်မသိ။ မရှိပေ။
ဝင်ထိုင်လိုက်တဲ့ အချိန် ပုလင်းကို တစ်ယောက်က စတင်လှည့်လိုက်လေသည်။
ပတ်ပတ်လည်မှာရှိတဲ့လူတွေကို ကျော်လွန်လာရင်း ပုလင်းဟာ ဆူးလ်ဂီကို ကျော်ကာ တစ်ဖက်မှာ ခရီးစဉ်ပြီးဆုံးလေရဲ့။
ဆူးလ်ဂီကို ညှောင့်တဲ့ ကောင်မလေး။
ဝိုင်းထဲက ယောက်ျားလေးတွေဟာ သူတို့ ဂွင်ကို ရောက်လာသည့်နှယ်
မြောက်ကြွလာကြသည်။
"ဒီနေရာမှ သဘောကျတဲ့ သူရှိလား အာ မဟုတ်သေးဘူး
ဒီနေရာမှာရှိတဲ့ သဘောအကျဆုံး လူကို နမ်းပါ"
ဘေးက ခွက်ကို မော့သောက်နေရာမှ ရပ်ကာ
"ရား!!နင်တို့ဟာက မေးခွန်းမှ မဟုတ်တာ မယုတ်မာနဲ့ တခြားဟာ ပြောင်းမေး"
"အရင်ဆုံး-"
သူ့ဘက်က ၀င်ပြောနေသည့် ဆူးလ်ဂီ စကားရပ်သွားသည်။
"အရင်ဆုံး ဒီထဲမှာ သဘောကျတဲ့ သူရှိတယ်"
ဝိုးးးး ဆိုတဲ့ အသံကျယ်တွေ ထွက်လာတော့ ထိုကောင်မလေးဟာ ရှက်သွားဟန်။
စီနီယာ ပြန်မလာသေးဘူးလားဆိုပြီး အပေါက်ဝကို လှမ်းကြည့်နေရာမှ
ပြန်အလှည့် ဘီယာအေးအေးတွေဘဲ ထိတွေ့ထားတဲ့ ဆူးလ်ဂီ နှုတ်ခမ်းတွေထံ ခပ်အေးအေး နှုတ်ခမ်းတစ်ခု လာထိကပ်သည်။
ခေါင်းထဲမှာ ခေါင်းလောင်းမြည်သံတွေကြားလိုက်ရပြီး အခြေအနေကိုနားလည်အောင် မနည်းစဉ်းစားလိုက်ရသည်။မဟုတ်မှ...
ယောက်ျားလေးအချို့ရဲ့ Kang Seulgi ဘဲလား ဆိုတဲ့ ငြီးတွားသံ။မိန်းကလေးတွေရဲ့ အံ့ဩသံ။ တစ်ယောက်နဲ့တစ်ယောက် ရိုက်လိုက်တဲ့ အသံတွေကြားထဲကနေ ခေါင်းမိုးထပ် တံခါးရဲ့ အသံပြင်းပြင်းပိတ်သံဟာ ဆူးလ်ဂီ စိတ်ကို အဆုံးထိ လှုပ်ခတ်သွားစေသည်။
"အခုချိန်ကစပြီး သူငယ်ချင်းကောင်မလေးနဲ့ နမ်းမယ့် အစား ညီမကိုဘဲ နမ်းပါ စီနီယာ ဆူးလ်ဂီ"
TBC
Nov 1 2021
[Part 2 ရှိပါသေးတယ် Halloween ကို တစ်ရက်ကျော်သွားလည်း ဖတ်လို့ အဆင်ပြေကြတယ်မလားဟင်။ညဘက်ဖြစ်ဖြစ် နောက်ရက်ဘဲ ဖြစ်ဖြစ် တင်ပေးပါမယ်။]