၃၈. Lin Rong.exe က အလုပ်မလုပ်တော့ဘူး။
နင်ယန်ရဲ့သွားတွေ ကျိုးကြေကုန်မှာစိုးလို့ လင်းရုန်ကပဲ အရင် အရှုံးပေးပြီး ပန်းကန်ကို လက်လွှတ်လိုက်တယ်။
နင်ယန်က စိတ်တိုတိုနဲ့ ပန်းကန်ကို ထောင့်တစ်နေရာဆီ ဆွဲသွားပြီး ခွေးစာဆက်စားတယ်။ လင်းရုန်ကတော့ ဆိုဖာပေါ်ထိုင်ပြီး နဖူးကိုလက်သီးနဲ့ ထောက်လို့ သူ့အဖြစ်သူ ဆင်ခြင်တယ်။
ဗိုက်ကားအောင်စားပြီးသွားတော့ နင်ယန် လေချဉ်လေးတက်လိုက်တယ်။ အဲ့ဒီနောက် ဘာဖြစ်နေလဲသိဖို့ရာ တစ်ဖက်လူဆီ သွားတယ်။ မနေနိုင်စွာနဲ့ တစ်ဖက်လူရဲ့ ဘောင်းဘီစကို သူ့လက်ဖဝါးနဲ့ ပုတ်တယ်။
အဆင်ပြေရဲ့လား?
အရက်သောက်တာက သူ့ကို ဒီလောက်တောင် ဖြစ်ပျက်သွားစေတာလား ?
လင်းရုန် မျက်လုံးဖွင့်လိုက်တယ်။ 'ဗိုက်ပြည့်သွားပြီ' လို့ ပြောနေပုံရတဲ့ ခွေးလေးရဲ့မျက်လုံးတွေကို တွေ့တော့အချိန်အတော်ကြာတဲ့အထိ လင်းရုန် ပြောစရာစကားမဲ့သွားတယ်။
" ဆဲ့... ယဲ့ယဲ့"
သူ သက်ပြင်းအသာချလိုက်တယ်။ ချီတုံချတုံဖြစ်နေပြီးမှ ခွေးဖြူလေးကို ကောက်ယူပြီး ရင်ခွင်ထဲ ပိုက်ချီတယ်။ သူ့မေးစေ့ကို ခွေးဖြူလေးရဲ့ခေါင်းပေါ်တင်လို့ ခွေးလေးကို သူ့လက်ဖဝါးနဲ့ ညင်ညင်သာသာ ပွတ်တယ်။
ယန်ယန်က ဘာလို့ ခွေးဖြစ်သွားတာလဲ? ဘာလို့ သူနဲ့နေဖို့လိုတာလဲ?
လင်းရုန်မှာ မေးခွန်းတွေ မရေမတွက်နိုင်အောင်ပဲ။ ဒါပေသိ ဒီမေးခွန်းတွေကို အချိန်ခဏတော့ သိမ်းဆည်းထားဖို့ လိုတယ်။
ခွေးဖြူလေးနဲ့စတွေ့ကတည်းက အဖြစ်အပျက်တွေကို စဉ်းစားလိုက်တိုင်း လင်းရုန်ရဲ့နှလုံးသား ပျော့ပြောင်းသွားသလို.... နောင်တလည်း ရမိတယ်။
အပြုအစုမှာ အရည်ပျော်သွားတဲ့ နင်ယန်က သူ့ကိုယ်နေဟန်ထားကို ပြင်ပြီး အမြီးနှံ့ရင်းတွေးတယ်။
လင်းရုန် ဒီနေ့ အပြင်သွားစရာမရှိဘူးလား?
အရမ်းတွေ ခန့်ညားအောင် ၀တ်စားထားတော့ ဒီကောင်စုတ် အလုပ်ကိစ္စနဲ့ အပြင်သွားမယ် အောက်မေ့တာ !
အဲ့အခိုက် လင်းရုန်ရဲ့ဖုန်းမြည်လာပြန်တယ်။ ဒီတစ်ခါက ကျန်းမို ဆက်တာပါ။
လင်းရုန် ဖုန်းကိုင်တော့ ကျန်းမိုက သူ အမူးပြေရဲ့လား မေးလာတယ်။ အဲ့ဒီနောက် လေသံရွှင်ပျပျနဲ့ ပြောတယ်။
" ဟေး၊ ငါ့ညီမ နင်ယန်ပုံနဲ့ဖက်လုံးတစ်လုံး ၀ယ်လာတာ တွေ့လိုက်တယ်။ အဲ့တစ်ခုက မင်းမှာရှိတဲ့ဟာထက်တောင် ပိုကြီးသေးတယ်။ ငါ တစ်ခုလောက် ၀ယ်ပေးရမလား ?"
ကျန်းမိုရဲ့အသံက ရွှတ်နောက်နောက်ဖြစ်လာတယ်။
" ဒါပေမဲ့...အခု မင်းက နင်ယန်နဲ့ တွဲနေပြီဆိုတော့၊ အဲ့တာတွေ မလိုလောက်တော့ဘူးထင်ပါတယ် ?"
နားထောင်နေရင်း တစ်စုံတစ်ခုကိုတွေးမိပြီး လင်းရုန်ရဲ့ကိုယ်ခန္ဓာ ဖြေးဖြေးချင်း တောင့်တင်းလာတယ်။
လီရှင်းဝိန်ရဲ့စေ့စပ်ပွဲပါတီတုန်းက သူနဲ့ ယန်ယန် ခွဲခွာခါနီး ယန်ယန် သူ့ကို ဒီလိုခေါ်ခဲ့တာ မှတ်မိသေးတယ်။
" နှာဘူးကောင်" တဲ့။
လင်းရုန် : "........"
သူ့အကြည့်တွေက ပိုစတာအပြည့်ကပ်ထားတဲ့ နံရံတွေပေါ် ရောက်ပြီး မျက်နှာကလည်း ကူကယ်ရာမဲ့တဲ့ပုံ ဖြစ်သွားတယ်။
------
နှာဘူးကောင်ရဲ့ဦးနှောက် အရက်ဆိပ်တက်သွားတာပဲနေမယ် လို့ နင်ယန် တွေးလိုက်တယ်။
.....ကောင်စုတ်က နံရံပေါ်က ပိုစတာတွေကို တကယ်ကြီး ခွာနေတယ်တဲ့လေ ? !
တစ်ခါက... နင်ယန် အချစ်ရေးအတွက်နဲ့ ပိုစတာပေါ်ကကောင်ကို ပြိုင်ဘက်တစ်ယောက်လို ဆက်ဆံခဲ့ပေမဲ့၊ အခု လင်းရုန်က သူ့ကိုကြမ်းပြင်ပေါ်ချပြီး နံရံဆီသွားလို့၊ နီတက်နေတဲ့နားရွက်တွေနဲ့အတူ ပိုစတာတွေကို ထောင့်ကနေ တိတ်တဆိတ် စခွာနေတာတွေ့တော့ နင်ယန်ရဲ့ခံစားချက်တွေက မူလ အံ့ဩရာကနေ မယုံနိုင်တွေဖြစ်၊ အဲ့ကတစ်ဆင့် စိတ်တိုဒေါသထွက်ပြီး ဇဝေဇဝါဖြစ်လာတယ်။
အနှစ်ချုပ်ကတော့ သူ့စိတ်တွေ ကယောက်ကယက်ဖြစ်သွားတာပဲ။
ဒါပေမဲ့လို့ အတွေးတွေ ဗျာများပြီးချိန်မှာ သူ ဒေါသငွေ့ငွေ့ထနေသေးတယ်။ တစ်ဖက်လူဆီပြေးပြီး အမေးသဘောနဲ့ တရစပ် ဟောင်တယ်။
" ဝုတ် ဝုတ် ဝုတ် ဝုတ် ! "
လင်းရုန်က နှုတ်ခမ်းတင်းတင်းစေ့ထားတယ်။ သူ့လည်ပင်းတွေမှာ နီမြန်းနေတယ်။ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ ဆက်ခွာပြီး၊အဆုံးမှာ ပိုစတာရဲ့ထောင့်လေးထောင့်လုံး နံရံပေါ်က ကွာသွားတယ်။ အဲ့ဒီနောက် ပိုစတာကို နံရံပေါ်ကနေ ဂရုတစိုက် ခွာချတယ်။ ဒီလိုလုပ်နေတဲ့တစ်လျှောက်လုံး သူ အောက်ကို ငုံ့တောင်မငုံ့ကြည့်ရဲဘူး။
တစ်ပုံခွာပြီးသွားတော့ နောက်တစ်ပုံဆက်ခွာဖို့ လုပ်တယ်__
တစ်ခုခုမှားနေပြီလို့ နင်ယန် ခံစားရတယ်။ သူ အထိတ်တလန့် အူလိုက်တယ်။
" အာဝူးးးးးး အာဝူးးးးးးး အာဝူးးးး !"
နှာဘူးကောင် ဘာလုပ်နေတာလဲ ? တစ်ပုံချင်းစီတိုင်းကို လိုက်ခွာမလို့တော့ မဟုတ်ပါဘူးနော် ?
မင်း ယန်ယန့်ကို မချစ်တော့ဘူးလား ?
"ယန်....ယဲ့ယဲ့က လိမ်မာပါတယ် "
လင်းရုန် ပြောလိုက်တယ် : " ဒီပုံတွေနဲ့ဆို နံရံက နည်းနည်း ရှုပ်ပွတယ်ထင်လို့"
ဒီလောက် သောက်နှစ်တွေကြာပြီ၊ အခုမှ လာပြီး ရှုပ်တယ်လို့ ထင်တယ် ! ?
မင်း ယန်ယန့်ကို တကယ် မချစ်တော့ဘူးပဲ ! !
နင်ယန် စဟောင်ပါတော့တယ်။
" ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ် !"
ဟောင်ပြီးသွားတော့ သူ တစ်ဖက်လူရဲ့ဘောင်းဘီစကို ကိုက်ပြီး နံရံဆီကနေ ဆွဲခေါ်ဖို့ရာ အနောက်ကိုဆွဲတယ်။
လင်းရုန်ရဲ့မျက်၀န်းတွေထဲ အကျပ်တွေ့တဲ့အရိပ်အယောင် ပြည့်သွားပြန်တယ်။
အဲ့ခဏမှာ နင်ယန်ရဲ့ အ၀တ်ဗလာနဲ့ ကိုယ်တစ်ပိုင်းပုံက သူ့ဘာသာသူ ကြမ်းပြင်ပေါ် ကွာကျသွားတယ်။ လင်းရုန် ရင်ထိတ်ပြီး ပိုစတာကို ငုံ့ကောက်ဖို့လုပ်တဲ့အချိန် ခွေးဖြူလေးက ရှေ့ကိုထိုးပြေးလာပြီး အဲ့ပုံကိုကိုက်ချတယ်။ ၀မ်းနည်းပြီး အပြစ်တင်ရိပ်စွက်တဲ့ မျက်လုံးတွေနဲ့ လင်းရုန်ကို ကြည့်တယ်။
__ မင်း ယန်ယန့်ကို တကယ် မချစ်တော့ရင်၊ ယန်ယန်ကပဲ ဒီပုံကို အခုချက်ချင်း မွစာကြဲအောင် ဖြဲပစ်လိုက်တော့မယ် !
ဒီအတွေးနဲ့ နင်ယန် အစွယ်ထုတ်ပြလိုက်တယ်။
လင်းရုန် : "........"
သူ သက်ပြင်းချပြီး အရှုံးပေးတဲ့အနေနဲ့ ခေါင်းငိုက်စိုက်ချလိုက်တယ်။ ကြမ်းပြင်မှာ အမြစ်တွယ်သလိုရပ်ရင်း သူ့နဖူးပေါ် လက်တင်တယ်။ သူ ချခဲ့မိတဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ပြန်စဉ်းစားပြီး နည်းနည်းတောင် တုန်လှုပ်သွားတယ်။
----
ဒီတစ်နေ့လုံး လင်းရုန် ဦးနှောက်ပျက်သွားပြီလို့ နင်ယန် ထင်တယ်။
ပထမတစ်ခါ ခွေးစာပန်းကန်နဲ့ ပတ်သတ်ပြီး သူနဲ့ရန်လာဖြစ်တယ်။ နောက်တော့ ပိုစတာတွေ လိုက်ခွာတယ်။ အခုကျ အိမ်သာသွားချင်လို့ အိမ်သာရှေ့ထိုင်ပြီး အဲ့ကောင်ကို ခေါ်တော့ အဲ့ကောင်က နာကျင်နေတဲ့မျက်နှာထားနဲ့။
ပိုဆိုးတာက မှောင်ရီပျိုးစ နင်ယန် အပြင်ထွက်ချင်တဲ့အချိန်ပဲ။ သူ့မှာ အဲ့ကောင် သူ့ကို လည်ပတ်,ပတ်ပေးဖို့ မနည်းခိုင်းနေရတယ် !
လင်းရုန် : " ယဲ့ယဲ့က အရမ်း လိမ်မာတယ်။ လည်ပတ်,ပတ်စရာမလိုဘူး"
နင်ယန် သူ့ကို အကြည့်နဲ့ပါ ဆူပေးလိုက်တယ် : " ဝုတ် ဝုတ် ဝုတ် ဝုတ် !"
ခွေးကိုလည်ပတ်,ပတ်ပြီး လမ်းလျှောက်ထွက်တာက နိုင်ငံကြီးသားပီသမှုရဲ့ အခြေခံစည်းမျဉ်းပဲလေ !
ဒီလိုနဲ့ နိုင်ငံကြီးသားပီသသူ လင်းရုန်ခမျာ အကျပ်တွေ့နေတဲ့ မျက်နှာထားနဲ့ နင်ယန်ကို အတင်းအကြပ် လည်ပတ်, ပတ်ပေးလိုက်ရတယ်။
နင်ယန်တို့နဲ့ လမ်းလျှောက်ချိန်ကိုက်အောင် ညှိယူထားတဲ့ ကျီရှောင်းနဲ့နင်ယွဲ့တို့ကို တွေ့တော့ နင်ယန်က ထိုင်ချပြီး အကိုဖြစ်သူကို အထွန့်တက်တယ်။ လင်းရုန်ရဲ့မျက်လုံးတွေကတော့ ရီဝေဝေနဲ့။
ကျီရှောင်းက ပင်ပန်းနွမ်းနယ်နေတဲ့ လင်းရုန်ရဲ့မျက်လုံးတွေကို ကြည့်ပြီး ရယ်ရယ်မောမော ပြောတယ်။
" ဘာလဲ ? ညက ကောင်းကောင်း အိပ်မပျော်ဘူးလား ?"
"... မနေ့ည သောက်တာများသွားလို့ပါ "
လင်းရုန်က ခပ်တိုးတိုးဖြေတယ်။
ကျီရှောင်းက ပြုံးပြီး အဓိပ္ပာယ်ပါပါ မေးတယ် : " တစ်ခုခု ကောင်းတာရှိလို့လား ?"
နင်ယွဲ့က တည်ငြိမ်တာထက်ပိုပြီး ရေငုံနှုတ်ပိတ်နေလို့ ဘာစကားမှမဆိုဘူး။ ဒါပေမဲ့ တဖြေးဖြေးပိုဆိုးလာတဲ့ သူ့ခံစားချက်အရ ကျီရှောင်းခန့်မှန်းမိပါတယ်။ လင်းရုန်နဲ့နင်ယန်တို့ကြား အကိုကြီးဖြစ်သူနင်ယွဲ့ ဒေါသထွက်စေမဲ့ ကိစ္စတစ်ခုခု ရှိခဲ့လို့ပဲလို့။
အသေးစိတ်ကတော့ ခန့်မှန်းရမခက်ပါဘူး။
ဒီတစ်ခေါက်တော့ ကျီရှောင်းရဲ့လေသံအသွားအလာထဲက စနောက်တဲ့အရိပ်အမြွက်ကို လင်းရုန် ရိပ်မိသွားတယ်။
သူ ပိုပြီး တွေးကြည့်လေလေ၊ ကျီရှောင်းကို ကြည့်တဲ့ သူ့အကြည့်တွေက ပိုပြီး အတွေးများတဲ့ပုံ ပေါက်လေလေပဲ။
စက္ကန့်အတော်ကြာ ကျီရှောင်းကို ကြည့်ပြီးသွားတော့ အလိုလိုနေရင်း ကျီရှောင်းခြေထောက်ဘေးမှာ ထိုင်တဲ့ခွေးနက်ကြီးကို ကြည့်မိသွားတယ်။ အဆုံးမှာ သူ့ခြေထောက်ဘေးက ခွေးဖြူလေးကို ငုံ့ကြည့်တယ်။
" ဘာလဲ ? ဘာလို့ ငါတို့ကို ကြည့်နေတာလဲ ?"
ကျီရှောင်းက သာမန်ကာလျှံကာ မေးတယ်။
သူ့စကားအဆုံးမှာ ခွေးဖြူလေးရော၊ ခွေးနက်ကြီးပါ တမုဟုချင်း ခေါင်းထောင်လာကြတယ်။
အဲ့ခဏ မျက်လုံးသုံးစုံက တစ်ပြိုင်တည်း သူ့ကိုစိုက်ကြည့်လာတယ်။
လင်းရုန် : "........"
ကျောရိုးတစ်လျှောက် အေးစိမ့်ပြီး သူ့ခန္ဓာကိုယ်လည်း တဖြေးဖြေး တောင့်တင်းသွားတယ်။
နင်ယွဲ့က မျက်လုံးကျဉ်းပြီး နင်ယန်ကို ပြန်ကြည့်တယ်။
" ဒါကလွဲပြီး တစ်ခြားဘာမှမဖြစ်ဘူးလား ?"
နင်ယန် ဆွံ့အသွားတယ် : " ဒါတောင် မလုံလောက်သေးဘူးလား ? ! ကိုကြီး၊ မင်း လူပြန်ပြောင်းတဲ့အချိန်ကျအကြောင်းပြချက်ရှာပြီး သူ့ကို ဆေးရုံလိုက်ပို့ပေးစမ်းပါ ! "
ဒီတိုင်း ဆက်သွားရင် နှာဘူးကောင် ပိုပြီး စိတ်ရူးဖောက်မှာ စိုးရတယ် !
နင်ယွဲ့က အကြည့်လွဲပြီး အရေးမပါသလို ဆိုတယ်။
" ဘာကိစ္စနဲ့ ငါက သူ့ကို ဆေးရုံလိုက်ပို့ပေးရမှာလဲ ?"
အဲ့နောက်မှာ သူ ခွေးဖြူလေးကိုပြန်ကြည့်ပြီး သက်ာမကင်း မေးတယ်။
" မင်း ဒီအတောအတွင်း တစ်ချိန်လုံး ခွေးစာ စားနေခဲ့တာလား ?"
" ခွေးစာက တော်တော် စားလို့ကောင်းတယ် ! ငါ အမဲသားတွေ သိုးသားတွေ မစားနိုင်လို့ မဟုတ်ဘူးနော်။ ဒါပေမဲ့ ငါ ခွေးစာလည်း စားချင်တယ် !"
နင်ယန် အခိုင်အမာ ပြောလိုက်တယ်။ အဲ့နောက်မှာတော့ သူ စိတ်ရှုပ်ရတဲ့အလှည့် ရောက်လာပါပြီ။
" ကိုကြီး၊ ဘယ်သူမှ ခွေးစာ မစားကြဘူးလားဟင် ?"
နင်ယွဲ့ : " ငါတို့က သမန်းခွေးတွေ။ တကယ့်ခွေးမဟုတ်ဘူး"
နင်ယန် : "......."
နင်ယွဲ့ : " ငါတို့မျိုးရိုး တည်ရှိလာတာ နှစ်ပေါင်းရာချီရှိပြီ။ မင်းက ငါတို့ထဲမှာ ခွေးနဲ့အတူဆုံးပဲ"
နင်ယန် : "......."
နင်ယွဲ့ : " လင်းရုန်သာ ခွေးထရိန်နာ လုပ်ရင် သူ အတော်ဆုံး ဖြစ်မှာ "
နင်ယန် : "........."
သူ တော်တော် ဒေါသထွက်သွားပြီ !
သူက တကယ့်ခွေးမဟုတ်ပါဘူးနော် ! !
ဒီစကားဝိုင်းပြီးသွားတော့ နင်ယန်ရဲ့စိတ်ခံစားချက် ပိုဆိုးသွားတယ်။ အိမ်ကိုပြန်တဲ့ သူ့ခြေလှမ်းပိစိတိုင်းက ဒေါသတွေစွက်နေတယ်။
နည်းနည်းလေး လမ်းလျှောက်ပြီးသွားတော့ သူ့နောက်ကနေ ဘာသံမှမကြားလို့ အံ့ဩပြီး လှည့်ကြည့်လိုက်တဲ့အချိန် လင်းရုန်ရဲ့မှုန်ဝေဝေအကြည့်နဲ့ ဆုံသွားတယ်။
နင်ယန် စိတ်တိုလွန်းလို့ ထဆဲမိတော့မယ်__ နှာဘူးကောင် ဘာလို့ အခုထက်ထိ ပုံမှန်ပြန်မဖြစ်သေးတာလဲ !
ရုတ်တရက်... ချုံပုတ်ထဲကနေ ကြောင်ရိုင်းလေးတစ်ကောင် ထွက်လာပြီး သူတို့ဆီကို ကြည်ကြည်နူးနူး လျှောက်လာတယ်။ လင်းရုန်ကို မြင်တော့ အသံညင်သာသာနဲ့ မြောင်လို့ အသံပြုတယ်။
သူတို့ အရင်ရက်တွေ လမ်းလျှောက်ထွက်တုန်းက အိမ်ယာ၀င်းထဲ မကြာခဏ ပေါ်လာတတ်တဲ့ လူခင်တဲ့ ကြောင်နက်တစ်ကောင်အကြောင်း အိမ်နီးနားချင်းတွေပြောတာ နင်ယန် ကြားဖူးတယ်။ ကြောင်နက်လေး လင်းရုန်ကို ချဉ်းကပ်နေတာတွေ့တော့ နင်ယန်ရဲ့ ဒေါသတွေက မီးလောင်ရာလေပင့်ဖြစ်သွားတယ်။ ဒီကောင်စုတ်က ပင်ကိုယ်ကိုက ကြောင်တွေကို စွဲဆောင်တတ်တာလား ဘာလား ? ! ဘာလို့ ကြောင်တွေအားလုံး သူ့နားလာပြီး ချစ်စရာကောင်းအောင် လုပ်ပြနေကြတာလဲ !
နင်ယန် လှည့်ပြီးဟောင်မလို့ရှိသေးတယ်၊ သူ ဘာမှမပြောရသေးခင်မှာပဲ လင်းရုန်က မဆိုစလောက်လေး တုန်တက်ပြီး အနောက်ကို ခြေနှစ်လှမ်း အမြန်ဆုတ်သွားတာ တွေ့လိုက်တယ်။ သူက လေသံမာမာနဲ့ ပြောတယ်။
" တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက် မဖြစ်နိုင်ဘူး"
ကြောင်နက်လေး : " မြောင် မြောင် မြောင်?"
လင်းရုန်က ခေါင်းတွင်တွင်ရမ်းပြီး အလေးအနက် ဆိုတယ်။
" ငါ့မှာ ယဲ့ယဲ့ရှိရင်ရပြီ"
ကြောင်နက်လေးက သူ့စကားနားမလည်တဲ့အတိုင်း ခေါင်းလေးစောင်းပြီး ရှေ့ကိုတိုးလာတယ်။ ကြည့်ရတာ လင်းရုန်ရဲ့ဘောင်းဘီစကို သူ့ကိုယ်နဲ့ ပွတ်သပ်ချင်ပုံရတယ်။
လင်းရုန် လန့်သွားတယ်။ မြန်မြန်ဆန်ဆန်နဲ့ ကြောင်လေးဘေးက သတိထား ကွေ့ပတ်သွားလို့ ခွေးဖြူလေးကို ကောက်ချီပြီး သုတ်ချီတင် ပြေးတယ်။
ကြောင်နက်လေး : " ? ? ? "
နင်ယန် : " ? ? ? "
အိမ်ပြန်ရောက်တော့ သူ ခွေးဖြူလေးကို အောက်ချပေးလိုက်တယ်။ အဲ့တော့မှ လင်းရုန် သတိထားမိသွားတယ်။ မသိလိုက်ခင်အချိန်မှာပဲ ခွေးဖြူလေးရဲ့အမွှေးဖွာဖွာတွေဟာ ထပ်ပြီး ဖွာလှန်ကြဲမနေတော့တဲ့ အကြောင်းကိုပေါ့။
ခွေးလေးက တောက်ပနေတဲ့မျက်လုံးတွေရယ်၊ အံ့အားသင့်ပြီး နူးညံ့တဲ့မျက်နှာရယ်နဲ့ လင်းရုန်ကို မော့ကြည့်တယ်။ စိတ်တိုဒေါသထွက်တဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး။
နှာဘူးကောင်က တကယ်ကြီး ကြောင်တွေရဲ့ဖြားယောင်းသွေးဆောင်မှုကို ကြံ့ကြံ့ခံနိုင်ပြီပဲ !
သူ ဒါကို နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရပြီ !
ခွေးဖြူလေးရဲ့စိတ်ခံစားချက် ဘာကြောင့် ပြောင်းသွားတယ်ဆိုတာ သိတော့ လင်းရုန် ချောင်းဟန့်လိုက်တယ်။ အဲ့နောက်မှာ နီတွတ်တဲ့နားတစ်စုံနဲ့ ဆိုတယ်။
" ငါ တစ်ခြားအိမ်မွေးတိရစ္ဆာန်တွေ မလိုဘူး။ ယဲ့ယဲ့သာ ငါနဲ့ရှိနေမယ်ဆိုရင် လုံလောက်ပြီ"
အင်င်င်င် အင်င်ငင်င် အင်င်င်င် မှန်တာပေါ့ !
နင်ယန် သူ့အမြီးကို စနှံ့တယ်။
ဒီတစ်နေ့လုံး တောင့်တင်းကြပ်ခဲနေတဲ့ လင်းရုန်ရဲ့အကြောတွေအားလုံး နောက်ဆုံးတော့ ပြေလျော့သွားပြီ။ သူ့မျက်၀န်းမှာ ပြုံးယောင်သန်းလာတယ်။
"ယဲ့ယဲ့က ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးပဲ။ ဘယ်တိရစ္ဆာန်မှ ယဲ့ယဲ့ကို မယှဉ်နိုင်ဘူး"
ခွေးဖြူလေးက သူ့အမြီးကို ပန်ကာတစ်စင်းလို ခပ်ကြမ်းကြမ်း နှံ့တယ်။
လင်းရုန် ရယ်ချလိုက်တယ်။ ဆောင့်ကြောင့်ထိုင်ပြီး ခွေးလေးရဲ့မျက်နှာကို လက်ခုပ်ထဲထည့်ကိုင်လို့ နွေးထွေးတဲ့လေသံနဲ့ပြောတယ်။
" ငါ မင်းကိုချစ်တယ် ယဲ့ယဲ့ "
နင်ယန် တစ်ဖက်လူရဲ့ရင်ခွင်ထဲ ပစ်၀င်လိုက်တယ်။
" အာဝူးးးး"
တစ်ဖက်လူက တိုးတိုးရယ်ပြီး သူ့ကိုဖက်တယ်။
တစ်နေကုန် ညစ်ညူးနေတဲ့ နင်ယန်ရဲ့စိတ်ကလေး နောက်ဆုံးတော့ ပြန်ကောင်းသွားပြီ !
အဆုံးမှာ လင်းရုန်က နင်ယန်ကို စတိခ်လုပ်ကျွေးတယ်။ ဒီတစ်ခေါက်တော့ နင်ယန် စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်တယ်။
အတုံးတုံးလေးတွေ လှီးထားတဲ့ စတိခ်က သူ့ရှေ့ရောက်လာတယ်။ နင်ယန် ခေါင်းမြုပ်ပြီး ထိုင်စားတယ်။ ပျော်ရွှင်သမှုနဲ့ နားရွက်တွေ ခါရမ်းလိုက်တယ်။ အမြီးကိုလည်း တစ်ချိန်လုံး ခပ်ကြမ်းကြမ်းနှံ့လို့နေတယ်။
လင်းရုန်က သူ့ရှေ့ထိုင်ပြီး ခွေးပေါက်ကို မကြာခဏဆိုသလို ကြင်ကြင်နာနာ ကြည့်တယ်။ ခွေးလေးရဲ့ခေါင်းကိုဖွပြီး ပြောတယ်။
" ငါ ရေအရင်သွားချိုးလိုက်ဦးမယ်"
နင်ယန်က ခေါင်းမော့ပြီး လင်းရုန်ရဲ့လက်ဖဝါးကို လျက်လိုက်တယ်။
လင်းရုန်ရဲ့လက် ဆတ်ကနဲဖြစ်သွားတယ်။
သူ့မျက်နှာနီရဲလာတယ်။
သူ မတ်တပ်ရပ်လိုက်တဲ့အချိန် ဧည့်ခန်းထဲက ပိုစတာတွေကို တော်တော်ကြာအောင် လိုက်ကြည့်တယ်။ တစ်နေကုန် တစ်နေခမ်း ဦးနှောက်ခြောက်အောင် စဉ်းစားပြီးသွားတော့ နည်းနည်းလေး ရှက်နေသေးပေမဲ့ သူ တဖြေးဖြေး စိတ်ပြေလျော့လာတယ်။
ဒါက သူ့ပုံစံအစစ်အမှန်ဖြစ်ပြီး ယန်ယန်ကိုယ်၌က သိပြီးလို့ လက်ခံထားတဲ့သူ ဖြစ်တယ်။
လင်းရုန် မျက်လုံးမှိတ်လိုက်တယ်။
မျက်လုံး ပြန်ဖွင့်ချိန်မှာတော့ သူ့အကြည့်တွေက ပိုသေချာသွားတယ်။
ခွေးဖြူလေးကို ငုံ့ကြည့်ပြီး ပြတ်ပြတ်သားသားနဲ့ တစ်ဖက်ကိုလှည့်လို့ အိပ်ခန်းထဲ၀င်တယ်။ လဲဝတ်ဖို့အ၀တ်အစားတွေယူပြီး ရေချိုးခန်းထဲ၀င်သွားတယ်။
နှာဘူးကောင်က တော်တော်လက်ရည်ရှိတယ်လို့ နင်ယန် တွေးမိတယ်။ အရင်က သူများလုပ်ပေးတဲ့ စတိခ်တွေ စားဖူးပေမဲ့၊ ဒီနေ့ စတိခ်က ပိုပြီး အရသာရှိတယ်။ ထိပ်တန်းစားသောက်ဆိုင်တွေမှာတောင် အေးဆေးထိုင်ရောင်းလို့ ရတယ် !
ဆော့စ်တွေကို ပြောင်အောင်လျက်ပြီး သူ့နှုတ်ခမ်းတွေပါ လျက်လိုက်တယ်။ စားလို့ပြီးတော့ ရေချိုးခန်းဘက်ကို ကြည့်တယ်။
အရင်က လင်းရုန်ရေချိုးရင် ခဏလေးပါ။ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး အရမ်းတွေကြာနေတာပါလိမ့် ?
သူ ခေါင်းလေးစောင်းပြီး စဉ်းစားနေတဲ့အချိန် ရေချိုးခန်းတံခါး ပွင့်ပြီး ရေနွေးငွေ့တွေ ရစ်သိုင်းလာတယ်။ မှုန်ဝါးဝါး လူရိပ်တစ်ခုက ရေနွေးငွေ့တွေကြား မတ်တပ်ရပ်လို့နေတယ်။
နင်ယန် ကြည့်ပြီး သူ့ခြေထောက်တွေ ကြမ်းပြင်မှာ ကပ်သွားတယ်။
တစ်ဖက်လူက အပေါ်ပိုင်းကိုယ်ဗလာနဲ့ဖြစ်ပြီး အနက်ရောင်ဘောင်းဘီတစ်ထည်ပဲ ၀တ်ထားတယ်။ ဆံပင်တွေကို တဘက်တစ်ထည်နဲ့ သုတ်ရုံလေးသုတ်လိုက်တဲ့အတွက် ရေစိုလက်စ ဆံပင်တွေ ရှုပ်ပွသွားတယ်။ ဆံဖျားစတွေက တစ်ဖက်လူရဲ့လည်ကုပ်မှာ အတိုင်းသားလေး ကပ်လို့။ ရေသီးရေပေါက်တွေဟာ အောက်ကိုလျှောပြီး တစ်ဖက်လူရဲ့ ညပ်ရိုးကိုဖြတ်လို့ ရင်အုပ်ကြွက်သားတွေနဲ့ ၀မ်းဗိုက်ကြွက်သားတွေပေါ် စီးဆင်းပြီး V လိုင်းတစ်လျှောက် ကြွက်သားတွေကနေ ခပ်လျော့လျော့ဘောင်းဘီထဲ တိုး၀င်ကွယ်ပျောက်သွားတယ်။
တစ်ဖက်လူရဲ့အကျီမ၀တ်ထားတဲ့ပုံကို နင်ယန် မြင်ဖူးတာ ပထမဆုံး မဟုတ်တော့ဘူး...ဆိုပေမဲ့ ဒီတစ်ခေါက်က အရင်ကဟာတွေနဲ့မတူဘူးလို့ ခံစားရတယ်။
လင်းရုန်က ခွေးလေးကို အမှတ်တမဲ့ လှမ်းကြည့်တယ်။ သူ့အကြည့်က နင်ယန်ကို ချိတ်တွယ်ပြီး၊ ငါးမျှားချိတ်မှာ လာဟပ်မိတဲ့ ငါးတစ်ကောင်လို ဖျတ်ဖျတ်လူးသွားစေတယ်။
နင်ယန် ပါးစပ်အဟောင်းသားနဲ့ တစ်ဖက်လူကို တည့်တိုးကြည့်တယ်။ မသိရင် ရုပ်၊ နာမ် နှစ်ပါးခွာသွားတဲ့အတိုင်းပဲ။ မျက်တောင်တစ်ချက်မခတ်ဘဲ တစ်ဖက်လူဆီ တရွေ့ရွေ့သွားတယ်။
တစ်ဖက်လူက နှုတ်ခမ်းကွေးပြီး အသာပြုံးတယ်။ ပြီးတော့ ခွေးလေးဆီ လျှောက်လာတယ်။
သူ လမ်းလျှောက်လိုက်တော့ ကြွက်သားတွေက လှုပ်ရှားပြီး ပြန့်ကားသွားတာမို့ ကြွက်သားရာတွေ ပိုကြွပြီး စွဲဆောင်မှုပိုရှိနေတယ်။
နင်ယန် တံတွေးမြိုချလိုက်တယ်။ သူ့ငယ်ထိပ်ထိ လာဆောင့်တက်တဲ့ ကျားဟော်မုန်းတွေကြောင့် သူ မေ့မြောလုနီးပါးပဲ !
လင်းရုန်က အနိုင်ရသွားဟန်နဲ့ တိတ်တဆိတ် လက်သီးဆုပ်လိုက်တယ်။ ပြုံးတုံ့တုံ့နဲ့ တဘက်ကိုလှန်းပြီးတဲ့နောက်မှာ ထိုင်ချလို့ ခွေးဖြူလေးကို ချီတယ်။ အရယ်တစ်၀က်နဲ့ ဆိုတယ်။
" ယဲ့ယဲ့ ?"
" ဝူးးးးးးး......"
ခွေးဖြူလေးက တိုးလျလျညည်းပြီး တစ်ဖက်လူရဲ့ရင်အုပ်ကြွက်သားကို မျက်တောင်မခတ်စတမ်း ကြည့်တယ်။ သတိလက်လွတ်နဲ့ လက်ကိုမြောက်မိသွားတယ်.... သူ အဲ့ဒါကြီးတွေကို တကယ် ကိုင်လိုက်ချင်တယ်။
လင်းရုန် သူ့ရင်ဘတ်ကို ဖွင့်လိုက်တယ်။
ဒါကြောင့် သူ့လက်ဖ၀ါးတွေက ရင်အုပ်ပေါ်ကို 'ပလွတ်' လို့ အသံကြားရတဲ့အထိ တကယ် ဖိမိသွားတယ်။
နင်ယန် : " ! "
လျှပ်စီးကြောင်းတစ်ခုက သူ့လက်ဖဝါးကတစ်ဆင့် နှလုံးဆီ ခုတ်ပြေးသွားသလား ထင်ရတယ်။
သူ့အမြီးတောင် ထောင်တက်သွားလေရဲ့ !
နင်ယန် တစ်ဖက်လူကို မော့ကြည့်ပြီး မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်တယ်။
တစ်ဖက်လူက အကြည့်လွဲပြီး တည်တည်ငြိမ်ငြိမ် ပြောတယ်။
" နှာဘူးတဲ့ခွေးပေါက်လေးတွေကိုတော့ ငါ သဘောကျပါတယ်"
စာရေးသူမှာ ပြောစရာရှိတယ်။
နင်ယန် : တကယ်လား ? လေးစားသမှုနဲ့၊ အစားထိုးကောင်က မူလလူကိုတော့ လာမယှဉ်ရဲလောက်တော့ဘူး ထင်ပါတယ် !
ဘာသာပြန်သူ : ခေါင်းစည်းနှင့် ပတ်သက်၍ တစေ့တစောင်း။
.exe ဆိုတာ အသုံးများတဲ့ ဖိုင်အမျိုးအစားတစ်ခုပါ။ များသောအားဖြင့် Window ® Computer တွေမှာ Software app တွေ run ဖို့၊ Install လုပ်ဖို့ သုံးကြပါတယ်တဲ့။
ဆိုတော့ ဒီခေါင်းစည်းက ' LinRong လို့ အမည်ရတဲ့ ဖိုင်ဟာ အလုပ်မလုပ်တော့ပါ' ပေါ့။
တိုက်ဆိုင်တာတစ်ခု ပြောရရင် ဒီစာကို တင်ဖို့ ပြန်စစ်နေတဲ့အချိန်မှာပဲ ××× .exe has stopped working ဖြစ်ပြီး Laptop ဖန်သားက အနက်ရောင်ဖြစ်သွားပါရောလား။
အမှတ်တရအနေနဲ့ ထိပ်ဆုံးမှာ ပုံပါတင်လိုက်တယ် 😂