***10years later***
ဝိုင်ဘားရဲ့ အလင်းရောင်မှိန်မှိန်လေးနဲ့အတူ တီးလုံးသံငြိမ့်ငြိမ့်လေးက ပျံ့လွင့်နေသည်။
Invitation card ကို လက်ကကိုင်ထားရင်းနဲ့မှ သုတကို ဝေလိုက်ရှာနေမိသည်။
ပြောတော့ ရောက်နေပြီ၊ ၀င်ပေါက်က စောင့်နေမယ်ဆိုပြီး အခုထိ ရှာမတွေ့။
၀င်ပေါက်က ဒီတခုတည်း မဟုတ်တာများလား။
၀တ်ထားတဲ့ Dressက နည်းနည်းရှည်နေတာမို့ လက်တဖက်က ဆွဲမလိုက်ရင်း တဖက်အလှည့် အထဲက ထွက်လာသည့်သူနဲ့ တိုက်လိုက်မိတာမို့ ဝိုင်တွေက ဆင်စွယ်ရောင်ဂါ၀န်တလျှောက် စီးကျသွားသည်။
“ဟာ သွားပြီ”လို့ ရွတ်လိုက်မိရင်း အိတ်ထဲက Tissueထုတ်ကို ရှာနေရင်း လက်ကိုင်ပုဝါကိုင်ထားသည့် လက်တဖက်က မျက်စိရှေ့ရောက်လာပြီး စကားသံကြားလိုက်ရသည်။
“sorryနော်၊ ကျနော် တကယ်တောင်းပန်ပါတယ်ဗျာ၊ မမြင်လိုက်ရလို့၊ အင်္ကျီက ပေသွားပြီ ၊ လဲလိုက်ရမယ်ထင်တယ်၊ ကျနော် တာ၀န်ယူပေးပါ့မယ်ဗျ”
ရုတ်တရက်ထွက်လာသော စကားသံကြောင့် ဝေ့လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။
ဒီအသံကို ဝေသိသည်။ မဟုတ်ဘူး မှတ်မိသည်။
မှတ်မိသည်ဆိုတာထက် ဘယ်တော့မှ မမေ့နိုင်သည့် အသံပိုင်ရှင်ဖြစ်သည်။
8နှစ်ကြာခဲ့တဲ့အထိ မျက်ရည်တို့က သစ္စာရှိတုန်းပါလား။ သူ့အသံနဲ့အတူ ဝဲတက်လာသော မျက်ရည်တို့ကို ချီးကျူးမိသည်။
ပေးထားသော လက်ကိုင်ပုဝါကိုလဲ လှမ်းမယူ၊ တောင်းပန်စကားကိုလဲ ခွန်းတုံ့မပြန်ဘဲ ခေါင်းငုံ့မြဲ ငုံ့ထားသော ရှေ့က မိန်းကလေးကြာင့် ဟန်သာ ဘာဆက်လုပ်ရမည်ကို စဉ်းစားမရတော့။
“ဝေ”
“ဟန်”
ရုတ်တရက်ထွက်လာသည့် အသံ၂သံကြောင့် ဟန်သာက အံ့ဩသွားပေမဲ့ ရှေ့က မိန်းကလေးက ဆတ်ကနဲ လှည့်သွားပြီး ဟန်သာနဲ့မျက်နှာချင်းဆိုင်က လှမ်းခေါ်လိုက်သည့်သူထံကို လျှောက်သွားသည်။ အဲ့ဒီလူက သုတ။
ဟန်သာ ဘယ်သူလဲသိလိုက်တာမို့ နောက်က အပြေးလိုက်သွားရင်း လက်ကနေ လှမ်းဆွဲပြီး လှည့်လိုက်သည်။
“ရှာတွေ့ပြီ”
လှည့်ကြည့်လိုက်သည့် ဝေ့မျက်၀န်းမှာ မျက်ရည်တွေနှင့်။
ဟန်သာ့နောက်က လှမ်းခေါ်လိုက်သည့်ကောင်မလေးက ရုတ်တရက် ဟန်သာထွက်သွားတာမို့ နောက်ကလိုက်လာရင်း ဟန်သာ့လက်ကို ဆွဲလိုက်သည်။
“ဟန် ဘာလုပ်တာလဲ”
သူ့နောက်က ကောင်မလေးကို မြင်တော့ ဝေ့မျက်နှာပြောင်းသွားပြီး လက်ကိုရုန်းသည်။
သုတကလျှောက်လာပြီး ဝေ့လက်ကို ဆွဲခေါ်လိုက်သည်။
“ချပ်”
ကင်မရာအသံကြောင့် ၄ယောက်လုံးကြည့်လိုက်တော့ ချယ်ရီ။
“ဘာလုပ်နေကြတာလဲ ယူတို့က။ လေးယောက်တွဲကြီး ၊ ရထားလုပ်တမ်းဆော့နေကြတာလား ၊ ဒီအရွယ်ကြီးကျမှ”
ချယ်ရီ့စကားသံကြောင့် ပထမဆုံး အသိ၀င်လာတဲ့သူက ဝေ။
ဟန်သာဆွဲထားတဲ့ လက်ကို ဆောင့်ရုန်းလိုက်ပြီး သုတဘက်လှည့်လိုက်သည်။
“သုတ ငါအထဲ၀င်လို့မရတော့ဘူး။ အင်္ကျီမှာ ဝိုင်တွေ ပေကုန်ပြီ’
“အဲ့တာဆို ပြန်မလား”
“Omm”
“အမယ် ဘယ်ပြန်မှာလဲ ဝေ၊ ချယ် စိတ်ဆိုးမှာနော်”
“အကုန်ပေကုန်ပြီလေ ချယ်ရီကလဲ၊ weddingမှ လာခဲ့မယ်လေနော်”
“ဟင့်အင်း မရပါဘူး။ weddingက weddingပဲ။ အခုပွဲက လုံး၀ရင်းနှီးတဲ့သူတွေနဲ့ပဲ လုပ်တဲ့ပွဲကို”
ဂျီကျနေတဲ့ ချယ်ရီ့ကို ပြုံးကြည့်နေသည့် ဝေ့ကို ကြည့်ပြီး ဟန်သာပြုံးမိသည်။ ကောင်မလေးက အခုထိ ချစ်ဖို့ကောင်းနေတုန်းပဲ။
“ဒါပေမဲ့”
“ကိုယ့်မှာ အင်္ကျီအပိုရှိတယ် ၊ လဲ၀တ်လိုက်မလား”
ဝေ့စကားကို ဖြတ်ပြောလိုက်သည့်သူ့ကို ဝေ မျက်စောင်းထိုးလိုက်မိသည်ထင်သည်။
သူက ရယ်ရင်း “မျက်စောင်းမထိုးပါနဲ့ ၊ မနက် shootingအတွက် နမူနာပြဖို့ အင်္ကျီတစုံပါတယ် ၊ အဲ့တာနဲ့ လဲ၀တ်လိုက်ပါ့လား”
“တော်ပါပြီ ၊ အလုပ်အတွက်ဆို”
“ကိစ္စမရှိပါဘူး၊ တခြားတစုံနဲ့ လဲပြလို့ ရတယ်၊ ဘာပဲဖြစ်ဖြစ် အဲ့တာ Final dressလဲ မဟုတ်ဘူး ။ အရန်အနေနဲ့ ထားထားတာ”
ဝေ သုတကို မော့ကြည့်လိုက်တော့ သုတက ပြုံးပြပြီး “ဝေ့သဘော”တဲ့။
“ဝေ့သဘောဆို ချယ်ရီ့သဘောပဲ၊ လာ သွားလဲမယ်”
ဟန်သာ့နောက်က ကောင်မလေးက “ဟန်”ဆိုပြီး လှမ်းခေါ်လိုက်တာမို့ ဟန်သာက “အထဲ၀င်နှင့်”လို့ ပြောလိုက်သည်။
၈နှစ်နီးပါး အဆက်အသွယ်မရတော့သည့် ကောင်မလေးကို ကြည့်ရင်း ဟန်သာ့စိတ်တို့ လွန်ခဲ့တဲ့ 8နှစ်ဆီကို ပြန်ရောက်သွားသည်။