"တီ တီ ဝူး..."
ဟွန်းသံနှင့် အိမ်ထဲမောင်း၀င်လာသည့် ဆိုင်ကယ်သံကြောင့် ဒေါ်နန်းခမ်းမေ အိမ်ထဲမှ ထွက်ကြည့်လိုက်သည်။ မြင်လိုက်ရသူများကြောင့် မျက်နှာတစ်ခုလုံး ၀င်းပသွားရ၏။
"မိုးတွေစိုကုန်ပြီ။ မေမေတို့တောင် မနက်က ပြောနေတာ မိုးမိမှာစိုးတယ်လို့။ ခုတော့ တည့်တည့်ပဲ မိသွားပြီ"
"အစ်ကိုရေ ကလေးတွေ ရောက်လာပြီ။ အဲ့တာထားခဲ့တော့"
"ဖေဖေက ဘာတွေလုပ်နေတာတုန်း မေမေရဲ့"
သောင်ယံ့အမေးကို မေမေက မဖြေဘဲ ပြုံးသာပြုံးနေသည်။ ထို့ကြောင့် တစ်ခုခုရှိသည်ဟု ထင်လိုက်၏။ ဆက်မမေးတော့ဘဲ Laguage ကိုသာ ဆွဲကာ အိမ်ပေါ်သို့ လှမ်းတက်လိုက်သည်။
"နေကောင်းလား အန်တီမေ"
"ကောင်းပါတယ် ကိုလတ်ရယ်။ ဒါက ဘယ်ကဆိုင်ကယ်လဲ"
အိမ်ပေါ်တက်ရန်ပြင်ပြီးမှ ပိုင်ရှင်ညီမလေးမျက်နှာကို လွမ်းလတ်နောင် မြင်ယောင်သွားရသည်။
"ဪ မေ့နေတာ ဒါပြန်ပို့ရဦးမယ်။ ကားဂိတ်က ဆိုင်ကယ် အန်တီမေရေ။ မိုးရွာနေတာနဲ့ ခဏငှားလာတာ"
"ထားလိုက် အဲ့တာဆို။ မိုးတိတ်မှ မင်းတို့အဖေသွားပြန်ပို့လိမ့်မယ်။ မီးမီးက သူ့တပည့်ရယ်။ လာလာ အိမ်ပေါ်တက်ပါ ရေတွေစိုနေတာကို။ အခန်းက ပြင်ထားပြီးသား"
အန်တီမေက သူ့လက်ကို အတင်းဆွဲခေါ်ကာ အခန်းထဲသို့ ထိုးထည့်သည်။ အတွင်း၌ အင်္ကျီလဲနေသည့် ဦးက ၀တ်ရင်းတန်းလန်းမှ တံခါးဖွင့်သံကြား၍ထင် လှည့်ကြည့်၏။
"အိမ်ရောက်သွားတော့ ဟောဒီကလူကို မေ့ပြီပေါ့။ တစ်ယောက်တည်း ၀င်သွားတယ်"
နံရံကိုမှီ၍ လွမ်းလတ်နောင်ပြောလိုက်လျှင် ဦးက ရယ်သည်။ ပြီးနောက် အိတ်ထဲမှ မျက်နှာသုတ်ပုဝါနှင့် ဘေးတွင်ချထားသော အ၀တ်များကို ယူကာ အနားလာရပ်၏။
"အ၀တ်မြန်မြန်လဲတော့ စိတ်ကောက်မနေနဲ့။ မေမေနဲ့ စကားပြောရအောင် ထားခဲ့တာပါ။ တော်ကြာ ငါကနေရာတကာပါတယ် ဖြစ်နေဦးမယ်"
"ဟွန်း ဘာပဲဖြစ်ဖြစ်။ သူ့မျက်နှာ တစ်ကမ္ဘာထင်ပြီး လိုက်လာတာကို လုပ်ရက်တယ်"
"တောင်းပန်ပါတယ် ကျေနပ်တော့နော်"
နောက်ကျောဘက်မှ ဖွဖွလေး လာဖက်ပြီး ခပ်တိုးတိုးဆိုသည်။ သို့သော် လွမ်းလတ်နောင် ဉာဏ်နီဉာဏ်နက်မထုတ်ရသေးခင်မှာပင် ထိုအနွေးဓာတ်က ပြန်ခွာသွားကာ အ၀တ်လှမ်းသည့် ချိတ်နားဆီ ရောက်သွား၏။
"ဦး သိလား"
စကားစလိုက်လျှင် ဦးက လှည့်ကြည့်သည်။
"ဘာလဲ။ မသိဘူး ပြောလေ"
"ဦးခုနက ဆိုင်ကယ်စီးတာ အရမ်းမိုက်တယ်"
ဦးက မျက်ခုံးလေးအနည်းငယ်တွန့်ကာ စဉ်းစားသည်။
"ဟုတ်လား ဒီအတိုင်းပါပဲ။ အုံးပေါ်ထိုင်ပြီး လီဗာဆွဲလိုက်တာပဲလေ"
အ၀တ်လဲပြီးသွား၍ အစို၀တ်များအား ယူကာ ဦးရပ်နေရာဆီ သွားလိုက်သည်။ ဦးက ယူ၍ အင်္ကျီချိတ်နေချိန်တွင် သူက အနားကပ်ကာ ပုခုံးပေါ်မေးတင်ထားလိုက်၏။
"နောက်တစ်ခေါက်ကျရင် ကိုယ်တို့အဲ့လိုစီးကြမယ်"
ဦးက ရုတ်တရက်နားမလည်ပုံဖြင့် သူ့ကို စောင်းမော့ကြည့်သည်။
"ဘယ်နောက်တစ်ခေါက်"
"ဦးကိုယ့်အပေါ်မှာရှိမယ့် နောက်တစ်ခေါက်"
ပြောပြီး တဟားဟား ရယ်မောလိုက်လျှင် ဦးမျက်နှာက ရဲတက်သွားတော့၏။
"အခါကြီး၊ ရက်ကြီးကို ပေါက်ကရတွေ ပြောနေပြန်ပြီ"
"ကိုယ်က နောက်တစ်ခေါက်မှလို့ပဲ ပြောတာဟာ။ ဘာရိုင်းစိုင်းတာ ပါလို့လဲ"
ဦးက မကျေမနပ်ဖြင့် မျက်စောင်းထိုးသည်။
"လာ အပြင်ထွက်ရအောင်။ ဖေဖေတစ်ခုခုချက်နေတယ်ထင်တယ်"
"ဦးလေးက ဟင်းချက်တတ်တယ်"
တအံ့တဩမေးသံကြောင့် ဦးကပြုံးသည်။
"အင်း သူစိတ်ပါရင် ချက်တတ်တယ်။ ယောက္ခမနဲ့ သားမက်က မတည့်သာ မတည့်တာ တကယ်အသွင်တူ"
အပြင်ရောက်လာသည့်အခါတွင်တော့ ဧည့်ခန်းထဲရှိ ဆက်တီဝိုင်းပေါ်မှ အငွေ့တထောင်းထောင်းနှင့် စောင့်ကြိုနေသော ပန်းကန်များ။
"လာကြ ကလေးတွေ။ မိုးအေးအေးနဲ့ ကြာဇံချက်လေး သောက်ရအောင်"
အန်တီမေက တစ်ဖက်ခုံ၊ ဦးလေးအနား သွားထိုင်ပြီး နေရာဖယ်ပေးသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က တစ်ဖက်ခုံတွင် ထိုင်လိုက်ကြ၏။
"ကြာဇံချက် ကျွန်တော်ကြိုက်တယ်။ ဦး အဲ ဖေဖေ ချက်ထားတာလား"
ဖေဖေခေါ်သံကြောင့် ဇွန်းကိုင်ထားသည့် ယောက္ခမကြီး၏လက်က အနည်းငယ်တွန့်သွားသည်။ သို့သော်လည်း ဘာမှတော့ ပြန်မပြောချေ။
"သား ငရုတ်သီးထည့်ဦးမလား"
"ဟုတ်ကဲ့"
ရုတ်တရက်မို့ သူ့ခေါ်သည်ထင်၍ ထူးပြီးမှ အမှန်တကယ်က ဦးကိုပြောတာဖြစ်နေသည်။ လေထဲတွင် ပန်းကန်နှစ်ချပ်က တိုးလို့တန်းလန်း။
"လတ်လည်း အစပ်စားတယ် ဖေဖေ။ သားက ခုနောက်ပိုင်း သိပ်မစားဖြစ်ဘူး"
ယောက္ခမကြီးက နည်းနည်းတော့ မျက်မှောင်ကြုတ်သွားပြီး သူ့ကို ငရုတ်သီးဘူး ကမ်းပေးသည်။
"မိုးတော့ တော်တော်တိတ်သွားပြီပဲ။ ခုညဆက်မရွာမှ မဟုတ်ရင် မီးထွန်းလို့ရမှာ မဟုတ်တော့ဘူး"
"ဟုတ်ပါ့နော် မေမေ ပလ္လင်ဆေးမိုးကလည်း ဒီနှစ်တော့ များလိုက်တာ။ မြေကြီးတွေ အရမ်း ပျော့ကုန်တော့ ဖယောင်းတိုင်ချရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မီးပုံးတော့ ချိတ်လို့ရပါသေးတယ်"
"ဪ သတိရပြီ! မေမေ မီးခွက်တွေ ၀ယ်ထားသေးတယ်လေ။ ဖယောင်းတိုင်တွေ အဲ့အပေါ်တင်ထွန်းတာပေါ့"
ဦးနှင့်အန်တီမေက အတိုင်အဖောက်ညီနေသလောက် သူနှင့် ယောက္ခမကြီးကတော့ ဟင်းရည်ထပ်ယူလည်း လက်ဆုံ၊ ရှောက်သီးသုပ်စားလည်း လက်ဆုံ။
************************
ကျီးတာရာနှင့် အဿ၀ဏီနက္ခတ်တို့ ယှဉ်ပြိုင်ကာ ထွန်းလင်းသော သီတင်းကျွတ်လပြည့်ညသည် အေးချမ်းမှုအပေါင်း ခညောင်းလျက်ရှိ၏။ တစ်နေ့လုံး အကုန်အစင်ရွာချပြီးဖြစ်၍ ကောင်းကင်၌ မိုးသားမြူရိပ်တို့ကလည်း ကင်းရှင်းသည်။ လွင့်ပျံလာနေသော သီချင်းသံ၊ အိုးစည်ဗုံမောင်းသံတို့ကလည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။
"ဆရာကြီး၊ ဆရာကြီးရှိလား။ သမီးတို့ပါ ဆရာကြီးကို ကန်တော့ချင်လို့"
"သားတို့လာတယ် ဆရာကြီး"
အိမ်တံခါးထွက်ဖွင့်ပေးရန်ပြင်ပြီးမှ လူအုပ်ကြီးကြောင့် သောင်ယံ မီးဖိုချောင်ဘက်သို့ ပြန်၀င်လာခဲ့သည်။
"ကလေးတွေ များလား သား"
"ဟုတ် မေမေ။ ဖေဖေ သွားဖွင့်ပေးနေတယ်။ ဒါနဲ့ လတ်ရော"
"ကိုလတ်လား။ ခုနကတော့ နောက်ဖေးဘက်မှာ တွေ့တာပဲ။ ခုဘယ်ရောက်သွားတယ်မသိဘူး"
မေမေက အပြင်ဘက် အရိပ်အခြည် လှမ်းကြည့်ရင်း ဖြေသည်။
"လိုက်ရှာလိုက်ဦးမယ်"
နောက်ဖေးဘက်လမ်းအတိုင်း လျှောက်လာခဲ့သော်လည်း လတ်ကမရှိ။ အညောင်းပြေ ဆက်လျှောက်နေရင်းမှ ပိန္နဲပင်ကိုင်းကြားက တစ်စွန်းတစ်စထွက်ပေါ်နေသော လစန္ဒာကို မော့ကြည့်မိသည်။ ရုတ်တရက် ဟိုးအရင်နှစ်များဆီက သီတင်းကျွတ်လပြည့်ညများကို သတိရသွား၏။
လူတစ်ယောက်တွင် အမြင်အာရုံဟူသည်က တကယ်ကို အရေးကြီးလေသည်။ အရောင်စုံလောကကြီးအား ထိတွေ့စမ်းသပ်ခွင့်ရနေရင်းမှ အမှောင်ထုသာ ကြီးစိုးသော လောကတစ်ခုဆီ မထင်မှတ်စွာ ရောက်ရှိသွားခြင်းမှာ တွေးကြည့်ရုံနှင့်ပင် ခြောက်ခြားရသည်၊ တုန်လှုပ်ရသည်။
မတော်တဆ ခွဲစိတ်မှုသာ ချို့ယွင်းခဲ့လျှင်၊ သို့မဟုတ် လတ်သာမတွေ့တွေ့အောင် လိုက်မရှာခဲ့လျှင် သူဆက်လက်၍ တောင့်ခံနိုင်ပါ့မလားပင် မသိ။
ခေါင်ရင်းဘက်အုတ်ခုံပေါ်၌ မီးခွက်နှင့် ဖယောင်းတိုင်များ ချထားသည် တွေ့သဖြင့် သောင်ယံ လိုက်လံထွန်းညှိလိုက်သည်။ မီးခြစ်လည်း ရှိနေပုံထောက် လတ်က ဒီအနီးနားမှာပဲ ဖြစ်ရပေမည်။
"ဟေတုပစ္စယောတိ -
ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
အာရမ္မဏပစ္စယောတိ -
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော"
ခပ်ဝေးဝေးမှ ၀တ်ရွတ်အဖွဲ့၏ ပဋ္ဌာန်းတရားရွတ်ဖတ်သံက လွင့်ပျံလာသည်။ တိတ်ဆိတ်သော ညချမ်း၀ယ် တရားဓမ္မသံ ကြားရသည်က ပိုမိုကာ စိတ်ချမ်းမြေ့ရ၏။
"ဦး"
သောင်ယံလှည့်ကြည့်ရန် နောက်လှည့်လိုက်လျှင် လတ်က လျင်မြန်စွာ မျက်လုံးကို လာပိတ်ထားသည်။
"ဘာလဲ လတ်"
နီးကပ်လာသော လတ်၏ ကိုယ်သင်းရနံ့နှင့်အတူ ဘယ်ဘက်နားပေါ်ရောက်လာသော နောက်ထပ် မွှေးရနံ့တစ်ခု။
"ပိုကြည့်ကောင်းသွားပြီ"
အုပ်ထားသော မျက်လုံးကို ဖယ်ပေးရင်း နားထင်စပ်ကို လာနမ်းသည်။ နှုတ်ခမ်းသားနွေးနွေးနှင့် မွှေးရနံ့ကြောင့် နစ်မျောစွာ ငြိမ်နေလိုက်မိ၏။
"အပင်ပေါ်မှာ တစ်ခုထဲ ကျန်နေတဲ့ စံကားဝါပန်းလေးလေ။ ကိုယ်လျှောက်ကြည့်ရင်းနဲ့ တွေ့လို့ တက်ခူးလာတာ။ ခု ဒီနားလေးပေါ်ရောက်တော့ ပိုလှသွားပြီ"
သောင်ယံပြုံးလိုက်ပြီး လတ်ရင်ခွင်ထဲသို့ တိုး၀င်လိုက်မိသည်။
"အဲ့တာကြောင့် လျှောက်ကြည့်နေတာ မတွေ့တာကိုး။ မှောင်ကြီးထဲကိုနော် သိပ်မစွန့်စားနဲ့"
"ဟုတ်ကဲ့ပါ ကိုယ့်ရဲ့အိမ်ဦးနတ်လေး ခင်ဗျာ။ ဒါနဲ့ အိမ်ပေါ်မှာ ဧည့်သည်တွေ ရောက်နေတာလား"
"အင်း ဖေဖေ့ကို လာကန်တော့ကြတာ။ သီတင်းကျွတ်ဆိုတော့ လူစုံတက်စုံပဲ။ ခုည လက အေးချမ်းတယ်နော်။ အရမ်းတောက်ပနေတာမဟုတ်ဘဲ ယဉ်ယဉ်လေးလင်းနေတာ"
စကားလမ်းကြောင်းလွှဲချင်ဟန်ဖြင့် ဦးက ကောင်းကင်ကို မော့ကြည့်ကာ ဆိုသည်။
"ကောင်းကင်က လမင်းကြီး သာတာထက် ကိုယ့်ဘေးနားက ဒီလမင်းက ပိုသာတာပေါ့။ ကိုယ့်ကောင်းကင်မှာတော့ ဦးက အလင်းလက်ဆုံးပဲ။ ကြယ်ရောင်တွေ ဘယ်လောက်ပဲ တောက်ပါစေ ဦးကသာ အလွှမ်းမိုးနိုင်ဆုံး။ တိမ်တွေဖုံးနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးသားကင်းစင်တဲ့အချိန်ပဲဖြစ်ဖြစ် ဦးရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် အားပြန်ပြည့်ဖို့ လုံလောက်တယ်"
တောက်ပနေသည့် မျက်၀န်းလေးများက ဖယောင်းတိုင်မီးရောင်အောက်တွင် ၀င်း၀င်းလဲ့လဲ့။ အတန်ကြာ ငေးကြည့်နေပြီးမှ သူ့ရင်ခွင်ထဲမှ ခွာကာ မီးခွက်များဆီ လျှောက်သွားသည်။
"ဘယ်စာအုပ်ထဲက ဖတ်ထားပြီး ပြောပြနေတာလဲ"
အပင်များတွင် ချိတ်ထားသည် မီးပုံးများအား မီးညှိရင်းမှ ပြုံးစစဆိုသည်။
"'ဦးကို အသက်ထက်ချစ်ပါသည်' ဆိုတဲ့ စာအုပ်ထဲက"
"ဘိုဘိုတော့ ပိုးနည်းရေးရာမှာ တော်တော်ကျွမ်းကျင်နေလောက်ပြီ"
"သူအကုန်မတတ်သေးပါဘူး။ ကိုယ်က ဆရာစားချန်ထားသေးတာ"
"ဂုရုကြီးပေါ့"
"နောက်ကျရင် သင်တန်းဖွင့်စားမှာ"
မေးကိုမော့ကာ ပြောလိုက်လျှင် ဦးက သစ်ကိုင်းခြောက်ဖြင့် လှမ်းရိုက်သည်။
"သားတို့ရေ လာလို့ရပြီ။ ဧည့်သည်တွေ ပြန်သွားပြီ"
ခေါင်းရင်းပြတင်းပေါက်က ပွင့်လာပြီး အန်တီမေ့ခေါ်သံပါ ထွက်လာသည်။
"ကန်တော့ဖို့ ၀ယ်လာတဲ့ပစ္စည်းတွေ မိုးမစိုဘူးမလား"
"အင်္ကျီတွေတောင် မစိုတာ မစိုလောက်ပါဘူး"
"ဒါဆို ဦးရှေ့မှာစောင့်နေ။ ကိုယ်ယူလာခဲ့မယ်"
အခန်းတွင်းမှ ကန်တော့ပစ္စည်းထုပ်ကို ယူ၍ အပြင်ထွက်လာသောအခါ ဦးက ဗန်းကိုင်ကာ စောင့်ပေးနေသည်။ ထို့ကြောင့် ပစ္စည်းများအား ဗန်းပေါ်စီ၍ တင်ကာ အန်တီမေတို့ ထိုင်နေသည့် ရှေ့မှ စားပွဲပေါ် တင်လိုက်၏။
"ဖေဖေနဲ့ မေမေ့အပေါ်မှာ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိသည်ရှိရင် ခွင့်လွှတ်ပါ"
ပြိုင်တူ ကန်တော့နေကြသော ကလေးနှစ်ယောက်ကိုကြည့်ကာ ဒေါ်နန်းခမ်းမေ မျက်ရည်များ ဝဲလာသည်။ သားသမီးထံမှ တစ်စုံတစ်ရာ ပြန်ရဖို့ မမျှော်လင့်ခဲ့သော်လည်း ယခုလို မြင်ရတော့ ၀မ်းသာမိ၏။
"အစ်ကို ခမ်းတို့ ကံကောင်းပါတယ်။ မတူညီတော့ရော ဘာဖြစ်သေးလဲ"
လေသံမျှသာဖြစ်သော်လည်း အစ်ကိုက နားလည်ဟန် သူ(မ)လက်ကို ခပ်ဖွဖွဖျစ်ကာ ပြုံးသည်။
"ကဲ သားတို့နှစ်ယောက်စလုံးကို ခွင့်လွှတ်ပါတယ်။ ထကြတော့ ထကြတော့။ စွန်ပလွံယို စားရအောင်။ မနေ့က ဖေဖေမြည်းကြည့်ထားသေးတယ် သိပ်မချို၊ သိပ်မချဉ်ဘူး အနေတော်ပဲ"
ပြောပြောဆိုဆို ထသွားသူအားကြည့်ရင် ဒေါ်နန်းခမ်းမေ လိုက်ထောက်ပေးလိုက်သည်။
"မင်းတို့အဖေက လာရင်စားဖို့ ၀ယ်ခြမ်းထားတာ ရေခဲသေတ္တာတောင် မဆံ့တော့ဘူး။ စားလိုက်ကြဦး"
"အဲ့လောက်တောင်လား မေမေ!"
သံပြိုင်ရွတ်သံကြောင့် မေမေက ရယ်သည်။ ထို့ကြောင့် သူတို့လည်း ရောယောင်ကာ ရယ်လိုက်ကြ၏။
မကြာမီ အပြင်ဘက်မှ ဗျောက်အိုးနှင့် မီးပန်းဖောက်သံ၊ ကလေးများ၏ အော်ဟစ်သံများ ဆူညံစွာ ထွက်လာသည်။
မိုးထိထက်တိုင် ဆီမီးရောင်တောက်၍ အားလုံးအတွက် စိတ်မချမ်းသာစရာများနှင့် ကင်းဝေးသည့် ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါပင် ဖြစ်လေ၏။
__ End Extra again __
တစ်ခန်းရပ်ပြဇာတ် -
ကိုလတ် : လိမ္မာတဲ့ အစ်ကိုတို့ရဲ့ ညီမလေးကို မုန့်ဖိုးပေးမယ်။
လီယွန် : ဒါပေါ့ ပေးရမှာပေါ့။ အချစ်ဆုံးမို့လို့ Extra လည်း ရေးပေးထားတယ်။ ပြီးတော့ လာလည်း ကန်တော့ထားတယ်။ လီယွန်လေးကို ဘာပေးမှာလဲ (စိတ်အားထက်သန်နေသော အီမိုဂျီ)
ကိုလတ် : ဖလစ်မှုတစ်သိန်း။
ကိုဦး : ရိုမှုတစ်သိန်း။
လီယွန် : (。ŏ﹏ŏ) (ချောင်မှာကပ်ပြီးငိုနေပုံ)