"2Bခဲတံတစ်ချောင်း 4Hတစ်ချောင်းပေးပါ"
ဒီဆိုင်မှာ ဝယ်နေကျမို့လို့ စာရေးကိရိယာဝယ်တာကအစ ကျွန်မဘာသာ ရွေးယူမနေတော့ဘူး။ ရောင်းနေကျဦးလေးဒါမှမဟုတ် သူ့သားက ကျွန်မနဲ့မျက်မှန်းတန်းမိနေကျမို့ ကျွန်မဘာရချင်ရချင် သူတို့က ရွေးယူပေးနေကျ။ သူများတွေက ကိုယ်တိုင်ရွေးရတာကြိုက်ကြပေမဲ့ ကျွန်မကတော့ များသောအားဖြင့် ကိုယ်တိုင်ရွေးဖို့ပျင်းတာမို့ ကောင်တာနဲ့နီးနီးနားနားကပစ္စည်းဆို ဆိုင်ရှင်ကိုပဲ လှမ်းယူခိုင်းလိုက်တော့တာ။
အိမ်ကထွက်ကတည်းက ဖုန်းကိုပဲ တောက်လျှောက်သုံးလာပြီး ဆိုင်ထဲဝင်တော့လည်း ဖုန်းသုံးမပျက်ခဲ့ဘူး။ အမြဲတမ်းဒီလိုသွားနေကျမို့ထင်တယ်။ ဒီနားတဝိုက်ကို ဒီလိုလျှောက်နေလည်း တစ်ခါတောင်ခလုတ်မတိုက်ဘူး။
မှာစရာရှိတာမှာပြီး လက်ထဲကပိုက်ဆံအရေအတွက်ကို စစ်ကြည့်လိုက်တယ်။ ပြီးတော့ သုံးလက်စဖုန်းကိုပဲဆက်ကြည့်နေလိုက်တယ်။ feedမှာပေါ်လာသမျှ သတင်းတွေကအမြဲစိတ်ဝင်စားဖို့ကောင်းသလို group chatထဲက စကားတွေလည်း ဘယ်တော့မှအမျှင်မပြတ်ကြဘူး။ ကျွန်မတို့သူငယ်ချင်းတွေကအဲ့လိုပဲ။ လူချင်းတွေ့ရင်တွေ့၊ မတွေ့ရင် အွန်လိုင်းကနေ စကားပြောနေတာက ကရားရေလွှတ်။
"ခဲတံ ယူလို့ရပြီဗျ"
အသံချိုချိုလေးတစ်ခုကြားလိုက်ရပြီးတဲ့နောက် ကျွန်မဖုန်းသုံးတာရပ်ပြီး ပိုက်ဆံကိုကောင်တာပေါ်တင်လို့ အရောင်းဝန်ထမ်းကို အမှတ်တမဲ့ကြည့်လိုက်မိတယ်။
'အမေရေ.. ချောလိုက်တာ သူက!!'
စိတ်ထဲတင် အော်ချပစ်လိုက်တာ အကျယ်ကြီးပေါ့။
"ရှင်! ဟုတ်ကဲ့"
အရမ်းတွေ ယဉ်ကျေးမိကုန်ပါပြီ။ အိမ်ကအမေသာ ဒါကိုကြားရင် အော်ရယ်နေဦးမယ်။
ကောင်တာပေါ်ချပေးထားတဲ့ ခဲတံနှစ်ချောင်းကို ယူဖို့ ကျွန်မလုံးဝသတိမရသေးဘဲ သူ့ကိုပဲ ကြည့်နေမိလိုက်တာ။ ရယ်ပြနေတဲ့သွားကြီးကြီးနှစ်ချောင်းက လှလှပပ.. အဲလေ မဟုတ်သေးဘူး သူ့သွားလေးတွေအားလုံးက ညီညီစီစီနဲ့ကို လှတာ။ ကောင်တာပေါ်မှာအမြဲမြင်ရတဲ့ လက်တရမ်းရမ်းနဲ့လာဘ်ခေါ်ကြောင်ရုပ်ကို ကြည့်ပြီး ကျွန်မ စိတ်ထဲကနေပဲ ပြောလိုက်တယ်။
'ဒီဆိုင်က နင့်ကိုမလိုတော့ဘူး လာဘ်ခေါ်ရုပ်လေးက သက်ရှိထင်ရှားရောက်လာပြီ' လို့လေ။
"ဘာထပ်ယူဦးမလဲ"
ထပ်ကြားရပြန်ပြီ သူ့အသံချိုအိအိ လေး။
"ဆေး-- ဟင့်အင်း"
ဒီမျက်နှာချောချောလေးရှေ့မှာ ကျွန်မဆေးလိပ်မဝယ်ချင်ပါဘူး။ ကျွန်မထက် သိသိသာသာအရပ်မြင့်ပြီး မွန်ရည်တဲ့မျက်နှာပေးနဲ့ သူက သေချာပေါက် ကျွန်မထက်အသက်ကြီးနေမယ်ထင်တယ်။ အစ်ကိုပေါ့ အဟင်း။
"ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်"
ဒယ်ဟန်းမင်းဂုရဲ့ ၂၄နာရီစတိုးဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေက customerကို "ဝယ်ယူမှုအတွက်ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားလေး ၂ခါတိတိပြောဖို့ ဥပဒေချပေးရင်ကောင်းမယ်လို့ ဗရုတ်ကျကျတွေးမိသေးတယ်။ တစ်ခါတည်းကြားရတာနဲ့ မလုံလောက်ဘူးခံစားရလို့။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ကျေးဇူးစကားပြန်ဆိုရင်း ကောင်တာပေါ်က ခဲတံတွေယူပြီး ပြန်ထွက်ခဲ့လိုက်တယ်။
ကောင်ချောလေးတွေမြင်ရင် နှစ်ရက်လောက်ရောဂါထလေ့ရှိတဲ့ အကျင့်အတိုင်းပေါ့။ ကျွန်မခြေလှမ်းတွေက မြောက်ကြွကြွ။ ကျောင်းရောက်ရင် သူငယ်ချင်းမတွေကို ပြန်ကြွားရဦးမယ်မလား။
ကိုယ့်အတွေးနဲ့ကိုယ် အူမြူးရင်း သီချင်းတစ်ပုဒ်လောက်ဖွင့်၊ နားကြပ်ကိုကောက်တပ်ရင်း ဘတ်စ်ကားပေါ်တက်လိုက်ခဲ့ပါတော့တယ်။
----
အဆောက်အဦးတစ်ခုရဲ့ အလျားလိုက်ဖြတ်ပိုင်းပုံကိုကြည့်ပြီး ကျွန်မခေါင်းက မီးလောင်တော့မလိုပဲ။ အခိုးတွေထွက်လာတာကိုတောင် ခံစားမိနေပြီလားလို့။
ဟုတ်တယ် ..
ကျွန်မကိုယ်တိုင် ဆွဲထားတဲ့ပုံကို ကျွန်မကိုယ်တိုင်တောင် ပြန်နားမလည်နေတာ။ ဒီပုံကိုစစ်ပေးရမယ့်ဆရာတွေဆို ကျွန်မကိုဂုပ်ကဆွဲပြီး ကိုင်ပေါက်ချင်စိတ်တောင် ဖြစ်လာနိုင်တယ်။
လောလောဆယ်တော့ ဘယ်ဆရာမှ အတန်းမဝင်ကြသေးခင် စာသင်ခန်းအပြင်ထွက်ပြီး တစ်နေရာရာမှာ ဆေးလိပ်ခိုးသောက်ဖို့ အကြံရတယ်။ အဲ့အတွေးလေးနဲ့ လွယ်အိတ်ထဲ လက်နှိုက်လိုက်တော့ ထည့်နေကျနေရာမှာ ဆေးလိပ်ဘူးက ပါမလာဘူး။
အိုးဟိုး ..ဘယ်ပါပါ့မလဲ!
ကျွန်မ ဒီနေ့ ဝယ်မှမဝယ်ခဲ့တာ။
ဆေးလိပ်ဆိုမှ အရောင်းဝန်ထမ်းချောချောလေးအကြောင်း ကျွန်မသူငယ်ချင်းတွေကို ဖောက်သည်မချရသေးဘူးပဲ။ မေ့နေလိုက်တာ။
"မိန်းမတွေ.. ငါ့မှာပြောပြစရာရှိတယ်"
မုန့်ထုပ်တွေဖောက်သားနေကြတဲ့နှစ်ယောက်က ခေါင်းမဖော်ဘဲ ပြန်ထူးကြတယ်။
"ပြော.."
"ဒီနေ့လေ ငါဘာတွေ့ခဲ့တယ်ထင်လဲ"
"နင်ဘာတွေ့လဲ ငါတို့ ဘယ်သိမလဲ"
"ပြောမှာသာပြောစမ်းပါ.. စကားပုလ္လင်ခံပြန်ပြီ"ဆိုတဲ့ အကြည့်တွေကိုလည်း နှစ်ယောက်စလုံးဆီက ရလိုက်တယ်။ ဒါနဲ့ ကျွန်မလည်း ချောင်းတစ်ချက်ဟန့်ပြီး လည်ချောင်းရှင်းလိုက်တယ်။
"ငါတို့လမ်းထဲက 24နာရီစတိုးဆိုင်ကို သိတယ်မလား.. အခုအသစ်ရောက်တဲ့ ဝန်ထမ်းလေးလေ အရမ်းချောတာဟယ် သိလား"
"ဘယ်ယောက်ျားကများ နင့်မျက်စိထဲ မချောလို့လဲ .."
"မိန်းမတွေ စကားပြောဆင်ခြင်စမ်းပါ.. ငါအတည်ပြောနေတာ.. သူ့သွားလေးက ကြီးကြီးလေးနဲ့ ရယ်လိုက်ရင်လေ ကလေးလေးကျလို့.. ဒီအတိုင်းပုံမှန်ရုပ်တည်ဆို ကြည်ကြည်လင်လင်လေးနဲ့ ရိုသေချင်စရာလေးဟာ.. လုံးဝ ကိုကိုtypeပဲ.. လက်မောင်းလေးပြေးတွဲချင်စရာ.. ဟိ"
ကျွန်မစကားဆုံးတော့ နှစ်ယောက်လုံးက မူးဝေတဲ့ရုပ်တွေလုပ်ပြနေကြတာ။ ကျွန်မကလည်း အဲ့လောက်ကတော့ မှုမနေပါဘူး။ ကျွန်မစကားကို ပြီးဆုံးအောင် ဆက်ပြောမှာ။
"အရပ်ကလည်း ရှည်တယ်ဟယ်"
"နင်ပုတာမဟုတ်ဘူးလား"
အားကြီးနဲ့ကြပ်လွှတ်တဲ့သူငယ်ချင်းမရဲ့ လက်မောင်းကို ကျွန်မလည်း အားကြီးနဲ့ပြန်ရိုက်ပစ်လိုက်တယ်။
"အရင်လူတွေလိုပဲ နာမည်မေးခဲ့သေးလား"
အရင်လူတွေဆိုလို့ ကျွန်မက ရည်းစားတွေအရမ်းပွေတယ်မထင်ကြပါနဲ့ဦး။ ချောချောလေးတွေ့လိုက် နာမည်လေးမေးလိုက် ၊ ပြီးရင်သူတို့ကိုအာရုံပျောက်သွားလိုက်နဲ့။ တက္ကသိုလ်မှာသာအတန်းတွေကြီးလာတာ။ စိတ်က အမြဲဆယ်ကျော်သက်လေးလို ဖြတ်ဖြတ်လူးနေတုန်းပါပဲ ဟဲဟဲ။
"ဟင့်အင်း"
"ဒီတစ်ခါကျ လက်နှေးသွားတာလား"
"အေးဆေးပေါ့ဟယ် တစ်ရပ်ကွက်ထဲပဲဟာ ထွက်မပြေးပါဘူး .. တကယ်ကတော့လေ.. လက်နှေးတာတင်မကဘဲ သူနဲ့တွေ့မှ အချိန်လေးက နှေး.....ပြီးတော့ သူ့မျက်နှာကိုသေချာတောင် ကြည့်လိုက်ရသလိုပဲ ဟီးဟီး"
"ဝေါ့!!!"
ကျွန်မရဲ့အနုအရွဒိုင်ယာလော့အဆုံး တကယ်ကြီးအန်ချသလိုလုပ်ပြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့အသံက ပြဲလန်နေအောင်ထွက်လာလေရဲ့။
------
ဖတ်ရှူပေးသူ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ချစ်ခြင်းဖြင့်/
မြခက်