•အတိတ်•
"ရား!! မြန်မြန် နောက်ကျနေပြီ"
စက်ဘီးကို အသင့်အနေအထားနဲ့ အိမ်ထဲက ထွက်မလာသေးတဲ့သူကိုဆော်သြနေတဲ့ သူဟာ seulgi
အိမ်ထဲကနေ ဖိနပ်တစ်ဖက်ကို ခြေတစ်ပေါင်ကျိုး ကောက်စွပ်ရင်း နောက်တစ်ဖက်ကို လက်က ကိုင်ရင်း အူယားဖားယားပြေးထွက်လာသူဟာ Seulgiရဲ့ အချစ်ရဆုံးသော သူငယ်ချင်း။
စက်ဘီးနောက်ခုံပေါ် ၀င်ထိုင်ပြီးသည်နှင့် အရှိန်ယူကာ စထွက်သွားတဲ့ စက်ဘီးတစ်စီး။
မြို့ငယ်လေးရဲ့ လမ်းတွေပေါ် အမှတ်တရတွေ ပြန့်ကျဲထားခဲ့သလို
နေရာတိုင်းမှာ အမှတ်တရတွေ။ရယ်သံတွေ..
ပျော်ရွှင်မှုတွေကို ခပ်ထုတ်ခဲ့ရသည်ထိ သူမတို့ ပျော်ရွှင်ခဲ့ဖူးသည်။
စက်ဘီးထားသည့်နေရာမှာ စက်ဘီးကို အလျင်အမြန်ရပ်ပြီးသည်နှင့် နှစ်ယောက်သား စာသင်ခန်းသို့ လုံးနေအောင် ပြေးကြတော့သည်။
အတန်းချိန်စဖို့ အချိန်အနည်းငယ်သာ ရှိတော့သည်လေ။
-
ကျောင်းရှေ့က တော့ပိုကီဆိုင်မှာ သူမတို့အုပ်စုသာ ရှိတော့သည်။
ငါးအူချောင်းကို အားရပါးရကိုက်နေတဲ့ အချိန် အင်ယော့ တို့အတွဲကတော့ တော့ပိုကီကို တစ်ယောက်ကို တစ်ယောက်ခွံ့ကျွေးနေသည်လေ။
အင်ယော့က အစက သူမနဲ့သိပ်မပေါင်းဖြစ်ပေမယ့် ဂျီအာနဲ့ တွဲဖြစ်ပြီးတဲ့နောက် သုံးယောက်အမြဲ တွဲသွားတွဲလာလုပ်ဖြစ်ကြလေသည်။
အတွဲတွေကို နှာခေါင်းရှုံ့လိုက်ရင်း ကောင်းကင်ပေါ်မော့ကြည့်တော့ တိမ်တစ်ပိုင်းတစ်စ။
ကောင်းကင်ဟာ ပန်းရောင်နဲ့ လိမ္မော်ရောစပ်ထားကာ သိပ်ကိုလှသဖြင့် ဆိုင်အမိုးအောက်ကနေ နောက်ပြန်ထွက်ရင်း ကောင်းကင်ရဲ့ အလှကို တ၀ကြီးကြည့်ရှုမည်အပြု တစ်စုံတစ်ခုနဲ့ ၀င်တိုက်သည်။
"အား..ချီးဘဲ"
ပီပီသသ ဆဲဆိုသံ။
အနောက်ကို လှည့်ကြည့်တော့ ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ရင်း
တစ်ခုခုဖြစ်သွားသလား စစ်ဆေးနေသည့် သူ။
"ငါတောင်းပန်ပါတယ် မမြင်လိုက်လို့ ဘာဖြစ်သွားသေးလဲဟင်"
ထိုတစ်ယောက်ဟာ သူ့ဖုန်းဆီမှ seulgiဆီမျက်နှာလွှဲလာခဲ့တဲ့ အချိန်
ခုနကလို စူပုတ်မနေတော့။အပြုံးလှလှတစ်ခုကို ပြုံးပြရင်း..
"ဘာမှမဖြစ်ပါဘူး နောက်ပြန်လျှောက်လာတဲ့သူကို မမြင်ရလောက်တဲ့ထိ ငါလည်း ဖုန်းထဲမှာ အာရုံစိုက်နေမိတာမို့ ငါလည်းတောင်းပန်ပါတယ်"
မပီမသဖြစ်နေတဲ့ ကိုရီးယားသံကြောင့် ဆူးလ်ဂီ သဘောတကျ ပြုံးလိုက်မိသည်။
"ငါက seulgiပါ"
လက်တစ်ဖက်ကို ထုတ်ကာ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်တော့သူက လက်ကိုကိုင်ရမည့်အစား လက်ဝါးချင်းရိုက်သည်။
"ငါသိပါတယ် နင့်ကို"
"ဟုတ်လား ငါရောဘဲ သိတယ်"
ထိုသူဟာ လေတစ်ချက် အလွင့်မှာ ဝဲကျလာတဲ့ ဆံပင်တွေကိုသပ်တင်ရင်း အနည်းငယ် အံ့ဩနေတဲ့ပုံနဲ့ တကယ်! ဆိုပြီးအသံတိတ် အံ့ဩသည်။
"အင်း ငါ့ကို"
မထင်မှတ်ထားတဲ့ အဖြေကြောင့် သူဟာ စက္ကန့်ပိုင်းလောက်ကြာမှ ရယ်သည်။seulgi လိုက်ရယ်ရင်း
"ဟန် ဆောင်းယွန်း ဟုတ်တယ်မလား"
"အိုး..တကယ်သိတာဘဲ"
"အသစ်ရောက်လာတဲ့ ကျောင်းသူကို မသိရလောက်တဲ့ထိတော့ ငါသူများကို စိတ်မ၀င်စား တာတော့ မဟုတ်လောက်ဘူးထင်ပါတယ်"
လွန်ခဲ့တဲ့ အပတ်က seulgiတို့ အတန်းထဲ အသစ်ရောက်လာတဲ့ သူငယ်ချင်းအသစ်။
လူ၀င်ဆံ့ပြီး ဖော်ရွေတဲ့ seulgiဟာ သူ့ကိုသိတာမဆန်းပါ။
အနောက်ဘက်ကို လှည့်ကြည့်တော့ ဂျီအာ က သူမကိုကြည့်နေသည်။
အကြည့်ချင်းဆုံတဲ့ ခဏမှာ သူမကို ပြုံးပြသည်။
-
"Seulgi ကျောင်းသွားဖို့ ပြင်ဆင်တော့လေ မနက်ပိုင်း အတန်းရှိတယ်မလား"
"ညီမ ဒီနေ့ နေသိပ်မကောင်းလို့"
စောင်ပုံထဲကနေ အားပြတ်နေတဲ့ အသံနဲ့ ပြောလာသဖြင့် ဆောင်းဟာ စိတ်ပူမိသွားသည်။သူ့ကုတင်နားသွားကာ ခေါင်းထိ ခြုံထားတဲ့ စောင်ကို ဖြည်းဖြည်းချင်းလှပ်တော့မှ ပိုဆိုးသည်။
နဖူးကို စမ်းကြည့်တော့ ကိုယ်နွေးနွေးလေးပူနေသည်။
"အဆင်ပြေလား ဆေးခန်းသွားကြရအောင်"
"အာ ရတယ် ရတယ် ခေါင်းဘဲ နည်းနည်းမူးတာမို့ ဆေးသောက်ထားတယ် အိပ်လိုက်ရင် ကောင်းသွားမှာ"
"တစ်ခုခုစားပြီးမှ သောက်တာရောဟုတ်ရဲ့လားseulgi.ငါအပြန် တစ်ခုခု၀ယ်လာပေးရမလား"
"တစ်ကူးတစ်ကကြီးလုပ်မနေပါနဲ့ စီနီယာဆောင်းဟာရယ်။ခေါင်းမူးတာလေးဘဲကို အတန်းနောက်ကျတော့မယ် သွားပါတော့"
စီနီယာဆောင်းဟာကို အတင်းနှင်လွှတ်ပြီးတော့မှ စိတ်ကို လျှော့ချမိသည်။
ခေါင်းက တဆစ်ဆစ် ဒုက္ခပေးနေတာမို့ တစ်ညလုံးလည်း အိပ်လို့ မပျော်ခဲ့။မနေ့က မိုးမိခဲ့တာကြောင့်ဖြစ်တာထင်သည်။
ဒါ့အပြင် ဟိုရက်က ကိစ္စကြောင့် စိတ်က နည်းနည်းလေးမှ နေလို့မကောင်း။ကိုယ့်စိတ်ကိုယ် ပြန်ဆယ်နေပေမယ့် ထင်သလောက် အရာမထင်။
ဒီနေ့က နားလို့ အဆင်ပြေပေမယ့် မနက်ဖြန်တော့ အဆင်ပြေမှာမဟုတ်။အရေးကြီးသည့် အတန်းချိန်ရှိသည်။
အဖက်ဖက်က ထိုးနှက်နေသလို ခံစားရသဖြင့် လက်ညှိုးနဲ့လာထိရင်တောင် ငိုချပစ်နိုင်လောက်တာမို့ လူတွေနဲ့မတွေ့ချင်ပါ။
စီနီယာ..
စီနီယာ့ကို တွေးမိတော့ ပို၀မ်းနည်းလာသည်။
တော်သေးသည်။ဒီအချိန် စီနီယာသာရှိနေရင် ဆူးလ်ဂီ အားနည်းချက်တွေကို စီနီယာ့ရှေ့ ဖွင့်ထုတ် ပြနေမိမှာ။
တော်သေးတယ်..စီနီယာရှိမနေတာ တော်သေးတယ်။
-
"ကဲ လာ အင်္ကျီ၀တ်ကြရအောင်"
ရေချိုးပြီးကာစ ဖြူရှင်းသန့်နေတဲ့ ကလေးမလေးပါးကို တစ်ချက်ဆွဲရင်း အူယားဖွယ်ဆိုမိသည်။
"မမ ဟိုတစ်ခါက မမရော မပါလာဘူးလား"
ဂျူဟျွန်း ကြယ်သီးတစ်လုံးတပ်ပေးနေရင်း စဉ်းစားတော့ ဆူးလ်ဂီ မျက်နှာက ရှင်းရှင်းလင်းလင်းပေါ်လာသည်။
"ဟိုတစ်ခါက မမလား"
"ဟုတ်"
"ဆူဂျင်းလေးက အဲ့မမကို တွေ့ချင်လို့လား"
"အဲ့ မမက ပုံဆွဲတာ တော်တယ်လေ မမရဲ့။မမ ပုံကိုတောင် မီးမီး စာအုပ်ထဲ ဆွဲထားသေးတယ်"
"အမ် ဟုတ်လား"
ချက်ချင်း အခန်းထောင့် က သူ့ လွယ်အိတ်လေးထဲက ပုံဆွဲစာအုပ်တစ်အုပ်ပြေးထုတ်လာသည်။
"ဒီမှာ မမနဲ့ တစ်ပုံစံတည်းဘဲ"
"စကားက အတော်တတ် ပြပါအုံး ကြည့်ရအောင်"
ဆူဂျင်းဆံပင်တွေကို ဆွဲဖွရင်း သူ့စာအုပ်ကို ကြည့်မိတော့ ခဲသားမွမွနဲ့ ရုပ်ပုံ။
မတော်တဲ့နေရာကိုမရှိဘူးဘဲ။
ပုံအောက်ခြေက လက်မှတ်မြင်တော့ ပိုတောင် သဘောကျမိသေးသည်။
လက်မှတ်ကိုလည်း ချစ်ဖို့ကောင်းအောင် ထိုးတတ်လိုက်တာ။
"ဆူဂျင်းလေး မမကို ဒီစာအုပ်လေး ပေးမလား။မမ စာအုပ်အသစ်ထပ်၀ယ်ပေးပြီး မုန့်လည်း ကျွေးမယ်လေ"
-
နေ့လည်စာကို စားချင်စိတ်မရှိသော်လည်း ကြိတ်မှိတ် စားနေမိသည်။
အားမရှိလေ စိတ်က ပိုနေရခက်မည်ကို သိသောကြောင့်ဖြစ်သည်။
Msg ၀င်လာသဖြင့်ကြည့်လိုက်တော့ စီနီယာ့ဆီက။
အပြုံးတစ်ခုနဲ့၀င်ကြည့်တော့
:ဒီနေ့ နေ့လည်စာက ငါ့အကြိုက်ဟင်းဘဲ ဆူးလ်ဂီ။
ငါ့အစား အ၀စားလာခဲ့ 😾 :
အာ..ဒီကြောင်ပုံအီမိုဂျီက ဘာကြီးတုန်း။တကယ်ပါဘဲ။
ဘာဖြစ်ဖြစ် စီနီယာကပါ သူ့အတွက်ကုန်အောင်စားရမယ်လို့ပြောထားသဖြင့် ကုန်အောင်စားမယ်ဟု ဆုံးဖြတ်ချက် ချအပြီး မျက်နှာချင်းဆိုင်ခုံပေါ် လူတစ်ယောက်၀င်ထိုင်သည်။
ထင်မိသည့်အတိုင်းပါ။
ကုန်အောင်စားရမယ် ဆူးလ်ဂီဂန်။
"Annyeong Seulgi"
မတုန့်ပြန်မိပါ။ထမင်းကိုသာ တစ်လုတ်ပြီးတစ်လုပ် သွင်းနေမိသည်။
နောက်ဆုံးအလုတ်ကို သွင်းပြီးပြီးချင်း ထိုင်နေရာမှ ထတော့ သူကပါ ထလာသည်။
ထွက်သွားဖို့ခြေလှမ်းပေမယ့် လက်ကို လှမ်းကိုင်ထားသည်။
ကန်တင်းမှာမို့ ချွေးတွေပြန်လာသည်။
လူအများကြီးရှိနေတယ်။
သိကုန်ရင်..
သိကုန်ကြရင်..
သူ့လက်ကိုဆွဲဖြုတ်ကာ ခြေလှမ်းကိုမြန်မြန်လျှောက်ကာ အပြေးထွက်လာမိသည်။
ကန်တင်းက ထွက်သည်ထိ အနောက်က ပါလာသည့် သူ။
လက်ကို ဆွဲကာ အဆောက်အဦးကြားသို့ဆွဲခေါ်သွားသဖြင့် မငြင်းနိုင်။
"ငါ့လက်က လွတ်မယ်ထင်နေတာလား Kang Seulgi"
ဘေးဘက်က နံရံပေါ်ရုတ်တရက်လက်ထောက်လိုက်သဖြင့် လန့်သွားသောစိတ်ကို မသိသာအောင်ကြိုးစားမိသည်။
ဖြစ်နိုင်ရင် နံရံထဲကိုဘဲ တိုး၀င်သွားချင်မိသည်။
"နင်လုပ်ခဲ့တဲ့ အပြစ်အတွက် ငါက ဒီလောက်နဲ့ အလွတ်ပေးမယ်ထင်နေတာလား"
အပြစ်တွေ။
အပြစ်တွေ။
ပထမ..ရှုပ်ထွေးအောင်
ဒုတိယ..အဖုအထစ်တွေဖြစ်အောင်
တတိယ..
စတုတ္ထ
နောက်ပြီး ...
အားလုံး ..အားလုံး။
မှားခဲ့တာ။သူမှားခဲ့တာ။ တောင်းပန်ချင်ပေမယ့် နှုတ်ဖျားက ဘာမှ ထွက်မလာ။
အင်ယော့ကို တွန်းဖယ်ကာ ပြေးထွက်လာတော့ အက်ယော့စကားက ဆူးလ်ဂီကို ရပ်တန့်စေသည်။
"နင်ဘယ်လိုဘဲ ဟန်ဆောင်နေနေ Kang Seulgi နင်က နင့်သူငယ်ချင်းကို သတ်ခဲ့တဲ့သူဆိုတာ အမှန်တရားဘဲ။နင် လူငယ်ထိန်းသိမ်းရေးစခန်းအထိ ရောက်ခဲ့တယ်ဆိုတာ တစ်ကျောင်းလုံးသိအောင် ငါလုပ်မှာ!"
ဆူးလ်ဂီ ထပ်ပြီး ပြေးထွက်လာမိပြန်သည်။
နံရံအကွယ်က လူတစ်ယောက်ကိုတော့ ဆူးလ်ဂီရော အင်ယော့ရော သတိမပြုမိခဲ့ကြပါ။
"လူငယ်ထိန်းသိမ်းရေးစခန်း အဟား စိတ်၀င်စားစရာဘဲ"
-
•အတိတ်•
နေရာတိုင်းမှာ တစ်စုံတစ်ယောက်ပိုလာသည်။
ကျောင်းသွားတိုင်း seulgiနဲ့ ဂျီအာရဲ့ စက်ဘီးဘေးမှာ နောက်တစ်စီး ပိုလာသည်။
ဂျီအာတို့ ချစ်သူတွေ ဒိတ်လုပ်ကြတဲ့ အခါ seulgi ပျင်းစရာ မလိုတော့ပေ။ဟာသတွေ ပြောတတ်တဲ့ သူတစ်ယောက် ဘေးမှာ ရှိလာသည်။
ဒါတွေကဘဲ ပြဿနာရဲ့ အစဖြစ်လာသည်ထင်သည်။
ဂျီအာနဲ့က ငယ်ငယ်ကတည်းက တူတူရှိခဲ့ကြတာမို့ seulgi ဘေး တစ်စုံတစ်ယောက်ရောက်လာတာအပေါ် မကျေနပ်သယောင်ရှိသည်။seulgi ကတော့ အဲ့လိုမတွေးမိပါ။
ဂျီအာကလည်း သူမအတွက် အရေးပါသလို ဂျီအာ ဘေးမှာ မရှိတဲ့ အချိန် အမြဲ အတူရှိနေပေးတဲ့ဆောင်းယွန်းကိုလည်း တစ်စတစ်စပိုပို ခင်တွယ်မိလာသည်။
ဂျီအာက စွဲလမ်းစိတ် တအားကြီးသလို သူ့စိတ်က အရမ်းနူးညံ့သည်။
Seulgi ပေါ်လည်း တအားခင်တွယ်သည်။
ပထမဆုံး ဖြေရှင်းဖို့ထိ ကြီးမားလာတဲ့ ပြဿနာကတော့ ဂျီအာနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတဲ့ဆီ မသွားဖြစ်ဘဲ ဆောင်းယွန်းဘေး ရှိနေခဲ့တာပါဘဲ။
ရုပ်ရှင်ရုံသွားဖို့ အိမ်ကအထွက်မှာ ရုတ်တရက်ကြီးဆောင်းယွန်း ရောက်လာခဲ့သည်။ရိုးရိုးတန်းတန်းတော့မဟုတ်ပါ။ငိုယိုပြီးတော့ပေါ့။
သူ့မိဘတွေ ကွာရှင်းကြတော့မည်ဖြစ်ကြောင်းသူမကို ဖက်ပြီး ရင်ဖွင့်ရှာသည်။
Seulgi ၀န်ခံပါသည်။ အဲ့အချိန် ဂျီအာ့ကို မေ့သွားခဲ့တယ်ဆိုတာ။
ဆောင်းယွန်း စိတ်အဆင်ပြေအောင် နှစ်သိမ့်ပြီးတော့မှ ဂျီအာနဲ့ချိန်းထားတာကို သတိရတဲ့ အချိန် လေးဆယ့်ငါးမိနစ်တောင် seulgi နောက်ကျသွားခဲ့သည်။
ပြဿနာတွေက အဲ့ရက်မှာ စပြီးရှုပ်ထွေးလာခဲ့တယ်။
ပြဿနာမျိုးစုံနဲ့ စိတ်ကျဉ်းကျပ်စရာတွေ။
ဂျီအာ့အလိုကို ကျေနပ်အောင် ဖြည့်ပေးရင်း တဖြည်းဖြည်း ကိုယ့်ကိုကိုယ် ပျောက်ဆုံးလာသည်။
ဆောင်းယွန်းဘေးမှာရှိတိုင်း ပြဿနာ တက်ရတာတွေ ဖြေရှင်းရတာတွေဟာ seulgi စိတ်နဲ့ မကိုက်ပါ။
တဖြည်းဖြည်းနဲ့ လမ်းတွေလွဲလာသည်။ကွဲကြောင်းတွေ ထင်းလာသည်။ပြတ်ရှရာတွေနဲ့ လေးယောက်လုံး မျက်နှာချင်းဆိုင်ဖို့ထိ မဖြစ်နိုင်တော့တဲ့ အခြေအနေထိ ရောက်လာခဲ့သည်။
ဘယ်က စမှားခဲ့လဲ seulgiလည်းမသိပါ။
ကိစ္စသေးသေးလေးကအစ သ၀န်တိုနေတတ်တဲ့ ဂျီအာ့ကြောင့်ပင်ပန်းရသလို အင်ယော့ဟာလည်း ဂျီအာက သူ့ကို အချိန်မပေးတော့သဖြင့် seulgiကို မဲလာသည်။
အထက်တန်းကျောင်းနှစ်တွေဟာ seulgiအတွက် နွံတွေလိုပါဘဲ။
ဖြေရှင်းဖို့ကြိုးစားမိတိုင်း ပိုပို နစ်၀င်လာသည်။
ရုန်းထွက်ဖို့ ခက်ခက်လာသည်။
ကိုယ့်ကိုကိုယ်လည်း မကယ်နိုင်သလို သူများကိုလည်း မတွေးပေးချင်တော့ပါ။
စီးကရက်ကို မီးညှိဖို့လုပ်တော့ စီနီယာ့ စကားကို ရုတ်တရက်ကြားမိသည်။
ဒုက္ခပါဘဲ။
ဆူးလ်ဂီက သူများလွှမ်းမိုးတာခံရမှာတော့ သိပ်ကြောက်တတ်တဲ့သူနေမယ်။အရင်က ပြဿနာတွေ အပြီး ဘယ်သူ့အတွက်မှ အသက်မရှင်တော့ဘူလို့ တွေးခဲ့တာမို့ စီနီယာ့ကို သဘောကျသည်ဆိုတိုင်း စီနီယာ့ စကားအတိုင်း တသွေမတိမ်း နားထောင်မှာတော့ မဟုတ်ပေ။
ခေါင်မိုးအစွန်မှာ ခြေချထိုင်ရင်း စီးကရက်ကို ရှိုက်ဖွာလိုက်တော့ စိတ်ညစ်စရာတစ်ချို့ ပြုတ်ကျသွားသည့်နှယ်။
စီနီယာကတော့ အားနေသည်ထင် ဒီသုံးရက်လုံး msg တော့ ခဏခဏပို့သည်။ဖုန်းတော့မပြောဖြစ်ပါ။
အခုလည်း ပို့ထားမလား စစ်ကြည့်တော့ ဘာမှ မရှိ။
ဆူးလ်ဂီ အရင် စတင်ကာ msg တစ်ကြောင်း ပို့လိုက်သည်။
ပြီးတော့ ပျင်းတာမို့ သတင်းတစ်ချို့ဖတ်နေတုန်း ကျောင်းရဲ့ homepage ပေါ်သို့ သတင်းအသစ်တစ်ပုဒ် ရောက်လာသည်။
-
ကျောင်းအနောက်ဘက်က ကုန်းမြင့်လေးပေါ် ဖြည်းဖြည်းချင်းတက်လာရင်း ငယ်ဘ၀အကြောင်းစဉ်းစားမိသည်။
ဂျူဟျွန်းကို အဖေက ငယ်ငယ်ကတည်းက ဒီကျောင်းက ကလေး
တွေနဲ့ အကုန် တန်းတူဆက်ဆံသည်။
ထမင်းစားလည်း ကလေးတွေနဲ့ အတူစားရသည်။
အခုချိန်ထိ အဖေ့ကို အဲ့တာကြောင့် မကျေနပ်ပါ။
အမြဲ မိသားစုစုံစုံလင်လင်စားရမယ့် အချိန် ကလေးပေါင်းသောင်းခြောက်ထောင်နဲ့ ထမင်းစားခန်း အကျယ်ကြီးထဲ စားနေရတာလေ။
ကောင်းကင်ပေါ် ကြည့်မိတော့ မိုးရွာမယ့် အရိပ်အယောင်ခံစားမိသည်။
ဒါပေမယ့် ပြန်ဆင်းဖို့တော့ မတွေးမိသေး။
ကုန်းမြင့်ပေါ်က သစ်ပင်ကြီးအောက် ထိုင်ချလိုက်မိသည်။
နေ့လည်စာ စားပြီးရင် ပြန်ဖို့ စီစဉ်ထားသဖြင့် ဒီမှာနေဖို့ အချိန် သိပ်မကျန်တော့။
ဆောင်း၀င်တော့မှာဖြစ်လို့ နောက်တစ်ခေါက် ဒီလာရင် ကလေးတွေအတွက် အင်္ကျီအထူတွေ နိုင်သလောက် ၀ယ်လာပေးရမယ်။
ဂျူဟျွန်း ငယ်ငယ်ကတော့ ကျောင်းမှာ ကလေးတွေ အတော်လေးများပါသည်။
အခုတော့ မွေးစားခံရသည့် သူနဲ့ ကျောင်းပြီးသွားသဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြတဲ့သူတွေနဲ့ လူအရေအတွက်ကတော့ အတော်လေး လျော့သွားသည်။
အခုတော့ကျောင်းမှာ အထက်တန်း ကလေးတောင် သုံးယောက်ဘဲ ကျန်တော့သည်။အလယ်တန်းနဲ့ မူလတန်း ကလေးတွေကတော့ ဆယ်ယောက်ကျော်စီလောက် ရှိသေးသည်။
အဖေကတော့ ဂျူဟျွန်းကို ဒီကျောင်း အပ်ခဲ့ချင်တဲ့ ပုံစံ ပြနေပေမယ့်
အခုထိတော့ အဲ့စိတ်ကူးကို မတွေးမိသေးပါ။
တာ၀န်ကြီးသလို ခံစားရသည်။
ပြီးတော့ မိဘမဲ့ကျောင်းတွေ ရှိနေလို့ လူတွေက ကလေးမွေးတာကို ပေါပေါပဲပဲတွေးပြီး လွယ်လွယ်ကူကူ စွန့်ပစ်နေကြတာလို့လည်း ထူးထူးဆန်းဆန်းတွေးမိသည်။
ဒီအတွေး အဖေ့ကို ပြောမိရင်တော့ ခေါင်းခေါက်ခံရမည်ထင်သည်။
ပြီးတော့ တစ်ခေါက်ဘဲ တွေ့ဖူးပေမယ့် ကလေးတွေက ဆူးလ်ဂီကို အတော်သဘောကျ ကြသဖြင့် ဆူးလ်ဂီကို ထပ်ခေါ်လာဖို့လည်း တွေးမိသည်။
ဆူးလ်ဂီဆိုမှ...
ဖုန်းကို ထုတ်ကြည့်ကာ မနေ့ညက ဆူးလ်ဂီပို့တဲ့ စာတိုကို ပြန်ကြည့်မိသည်။
ဘာသဘောနဲ့ ဒီလို ပို့လာလဲတော့ မသိပေမယ့် ဘာပြောရမှန်းလည်း မသိတာကြောင့် စာမပြန်မိပါ။ပြီးတော့ နည်းနည်းလည်း စိတ်ဆိုးမိသည်။
မိုးတွေ ရွာလာသည်။ပတ်၀န်းကျင်က ချက်ချင်းဆိုသလို အအေးဓာတ်ပိုလာသည်။
ဒီနေရာက ဂျူဟျွန်းသဘောအကျဆုံးနေရာလေးပါ။
နွေရာသီမှာလည်း ဒီနေရာဟာ တက်ကြွဖွယ်
မိုးရာသီမှာလည်း ဒီနေရာဟာ လွမ်းဆွေးဖွယ်
ဆောင်းရာသီမှာလည်း နွေးထွေးဖွယ်
အရုဏ်တက်အချိန်ကနေ ကြယ်တွေ လင်းလက်လာသည်ထိ အလှပဆုံးနေရာဒေသဟာ ဒီရပ်၀န်းဖြစ်သည်။
ဖုန်း၀င်လာပြန်တာမို့ စိတ်က ချက်ချင်းနောက်သွားသည်။
မနက်ကတည်းက အဆက်မပြတ်ခေါ်နေတာ အရိပ်အကဲလည်း မသိပါ။
ဒီတစ်ခေါက် ကျောင်းပြန်ရောက်ရင်တော့ လမ်းခွဲမှ ဖြစ်တော့မည်။
ဖုန်းကိုမကိုင်ဘဲ အသံပါ တစ်ခါတည်း ပိတ်ထားလိုက်သည်။
-
"ဟိုရောက်ရင် ဒါတွေကို ရေခဲသေတ္တာထဲ သေချာထည့်ထားနော်။ဘူးကိုလည်း သေချာသယ်သွား။အများကြီးထည့်ပေးလိုက်တာမို့ သူငယ်ချင်းတွေနဲ့ မျှစားကွယ်။ ပြီးတော့..."
"ပြီးတော့ ဘာထပ်ရှိပြန်တာတုန်း မေ ပြောနေတာကို လေးခေါက်မကတော့ဘူး။သမီးနဲ့ အတူ အဆောင်သာ လိုက်ခဲ့လိုက်တော့"
မေ့ခါးကို ဖက်ရင်း ဆိုတော့ အရန်ဟင်းဘူးတွေကို အိတ်ထဲထည့်နေရာကလေ ကောင်မစုတ်လေးဟုဆိုသည်။
"နောက်တစ်ခေါက်လာရင် ဟိုတစ်ခါ ပါလာတဲ့ သူငယ်ချင်းကိုလည်း ထပ်ခေါ်ခဲ့လေကွယ်။ သူလာတုန်းက အမေတို့က ခရီးလွန်နေတော့ မတွေ့လိုက်ရတာ အားနာလို့"
"ဘာအားနာစရာ ရှိတုန်း မေရယ်။ သမီးကဖြင့် သူ့ကို ညီမ လုပ်မလားဆိုပြီး အိမ်ထောင်စု စာရင်းထဲတောင် ထည့်ထားလိုက်ပြီ"
"အမလေး အတတ်ကလေးကွယ်။သွားခါနီးရင် အဖေ့ကို နှုတ်ဆက်သွားအုံး သူဥယျာဉ်ထဲရောက်နေတာ"
"ဟုတ်ကဲ့ပါ။ဒါဆို နှုတ်ဆက်ရင်းနဲ့ တစ်ခါတည်း သွားတော့မယ်။ အရှေ့ထိ ထွက်မလာနဲ့တော့ မေ။"
-
အဖေ့ကိုနှုတ်ဆက်ပြီး အရန်ဟင်းဘူးအိတ်တစ်ဖက်နဲ့ ဘတ်စ်ကားပေါ် တက်လာသည်ထိ ခရီးလမ်းက သာသာ ယာယာပါ။
ကားပေါ်မှာ လူရှင်းသဖြင့် နှစ်ယောက်ထိုင်ခုံကို တစ်ယောက်ထဲ ထိုင်ရသဖြင့် ပိုတောင် အဆင်ပြေနေသေးသည်။
အိပ်ချိန် နှစ်နာရီကျော်လောက် ရတာမို့ အိပ်ဖို့ လုပ်ပေမယ့် အိပ်မပျော် ။
မိုးတွေက ထပ်ရွာလာသည်။ သည်းသည်းမည်းမည်းပါ။
ဖုန်းကို ပြန်ဖွင့်ကာ ဆူးလ်ဂီပို့ထားသော စာတိုကို နောက်တစ်ခေါက် ထပ်ကြည့်သည်။
မျက်ခုံးနှစ်ဖက်က တွန့်ချိုးမိပြန်တယ်။
အနားမှာရှိရင် အဲ့ကလေးမကို ရိုက်မိမလား မသိပါ။
ဆူးလ်ဂီက ဂျူဟျွန်းအတွက် ပထမဆုံး ရည်းစားများတဲ့အကြောင်းကို အပြစ်တစ်ခုလို မဟုတ်ဘဲ ပုံမှန် ကိစ္စရပ်တစ်ခုလို တွေးထင်တဲ့သူဘဲ။
ဆူးလ်ဂီနဲ့ ရှိရင် သက်သောင့်သက်သာရှိသည်။ဘာမဆို ဖွင့်ထုတ်ပြဖို့ ၀န်မလေးမိအောင်ထိ။
ပြီးတော့ သူက ဂျူဟျွန်း ဘာလုပ်လုပ် ၀င်စွက်ဖက်လေ့မရှိသလို သူ့ကိုလည်း စွက်ဖက်တာ မကြိုက်တဲ့သူ။
ပြောရရင် ဂျူဟျွန်းဘာလုပ်လုပ် သူ အပြစ်မြင်မှာ မဟုတ်သလို သူလုပ်တာကိုလည်း အပြစ်လို့တွေးတာကို မုန်းတဲ့သူမျိုးလေ။
ပို့တဲ့စာကိုဘဲ ကြည့်။သူဆေးလိပ်သောက်တာကို မကြိုက်ကြောင်း ပြောထားတဲ့သူဆီ ငါအခု ဆေးလိပ်သောက်နေတာသိလား ဆိုပြီး
ပြောင်ပြောင်တင်းတင်း စာပို့ထားတာလေ။
မလွယ်ကြောလေး တကယ့်ကို။
သတင်းတွေ လျှောက်ဖတ်နေတုန်း ပုံတစ်ပုံ တက်လာသည်။
လက်ရှိ ကျောင်း homepage မှာ hot အဖြစ်ဆုံး သတင်းပေါ့။
တစ်ကိုယ်လုံး အေးခဲသွားသည်။
ဆူးလ်ဂီက ဘာလို့ ဒီ၀တ်စုံကို ၀တ်ထားရတာလဲ။
ဦးနှောက်ထဲ ဗလာသက်သက်ဖြစ်သွားသလို ဘာလုပ်ရမယ်မှန်းမသိ။
ဖုန်းကို ဆုပ်ကိုင်ထားရင်း ငြိမ်သက်နေမိသည်မှာ ဘယ်လောက်ကြာနေပြီ မသိ။
မြင်ဖူးနေကျမဟုတ်သည့် ၀တ်စုံတစ်ခုနဲ့ ဆူးလ်ဂီ။
ပုံနဲ့ အတူ လူငယ်ထိန်းသိမ်းရေးစခန်း ဆိုသည့် စကားစုလည်းပါ၀င်သည်။
ကျောင်းသားတစ်ဦးကို သေလုသည်အထိ ရိုက်နှက်ခဲ့ ဆိုတဲ့ စကားလုံးရော ပါ၀င်သည်။
ဘာလုပ်ရမယ်မှန်း မသိပါ။
အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ စိုးရိမ်စိတ်က တစ်ရှိန်ထိုး တိုး၀င်လာသည်။
ဆူးလ်ဂီ အဆင်ပြေပါ့မလား။
ဖုန်းဆက်တော့ မကိုင်ပေ။
တစ်ခေါက် မရ..
နှစ်ခေါက် မကိုင်ပေ။
ဆောင်းဟာကို သတိရသွားသဖြင့် ခေါ်ဖို့လုပ်တော့ ဆောင်းဟာနဲ့ မနေ့ညက ဖုန်းပြောဖြစ်တော့ သူ့အမေ ချော်လဲ သဖြင့် ဆေးရုံမှာ ရှိနေကြောင်း ပြောထားသဖြင့် ဒီကိစ္စကို ဆောင်းဟာလည်း သိမှာမဟုတ်။
သတင်းက မနေ့ညလောက်ကတည်းက တင်ထားသဖြင့် စိတ်ပိုပူလာသည်။
နောက်တစ်ခေါက် ထပ်ဖုန်းခေါ်တော့လည်း မကိုင်ပါ။
ကားစီးဖို့ကလည်း တစ်နာရီကျော်လောက် ကျန်သေးသည်။
ဒုက္ခပါဘဲ။
ဘယ်လိုလုပ်ရပါ့။
ဂျူဟျွန်း ဖုန်းကို နောက်တစ်ခေါက် ထပ်ခေါ်လိုက်သည်။
ကိုင်ပါ ဆူးလ်ဂီ.ကျေးဇူးပြုပြီး...
ကျေးဇူးပြုပြီး....
TBC.
Sept 27 2021