မန္တလေးမြို့။
သီတင်းကျွတ် လပြည့်ည။ စနေနေ့။
ည ၁၁ ခွဲ ။
နန်းခေါင်တင် စံအိမ်။
စံအိမ်အတွင်း၌ စံအိမ်သခင်
ဦးမင်းခေါင်တင်၏ ဇနီး
ဒေါ်တင့်တင့်ဝေသည် မီးဖွားခါနီး၍ ဗိုက်နာလှသဖြင့် ချွေးဆီးများပြန်ကာ အော်ဟစ်နေရလေသည်။
"အမလေး နာလိုက်တာ ကိုမင်း ရယ် "
"ဆေးရုံသွားကြရအောင်နော် မိန်းမ"
"ဟင့်အင်း မသွားနိုင်တော့ဘူး။ ကျွန်မ
ကျွန်မသိတယ် ဆရာမကိုသာ မြန်မြန်ခေါ်လိုက်ပါရှင်"
OGနှင့် ချိန်းထားသော ရက်
မရောက်သေးသည့် ကိုယ်၀န်ဆောင် ဇနီးသည်အတွက် စိတ်ပူလှလေပြီ။
ဦးမင်းခေါင်တင်က သူငယ်ချင်း ဒေါက်တာမ ဒေါ်ဆွေဇင်ကို ဖုန်းအမြန်ဆက်ခေါ်လိုက်သည်။ပြီးနောက် ဇနီးသည်အနီးသို့ လျှင်မြန်စွာပြန်ရောက်လာသည်။
"သမီးလေးဖြစ်မှာပါနော် .. ကိုမင်း"
"ဖြစ်မှာပါကွာ ultrasound ရိုက်ထားတာပဲ"
ဦးမင်းခေါင်တင်က ဇနီးကို အားပေးကာ ပြောဆိုနေရသည်။ သားကြီးမွေးကတည်းက သမီးလိုချင်ခဲ့သော
ဇနီးသည်က ဤကိုယ်၀န်ကို သမီးလေး ဖြစ်စေချင်နေ၍ နာမည်ပင် ကြိုစဉ်းစားထားလေပြီ။
"နုခေါင်ထွဋ်တင်" ဟူသတည်း။
***
ည ၁၂ နာရီ။
"အူငဲ အူငဲ အူငဲ"
ဟော ကလေးသံကြားရပြီ။ သမီးလေးများလား။
ဒေါက်တာ ဆွေဇင် ကလေးကိုပွေ့၍ အခန်းအပြင်သို့ထွက်လာသည်။သူမရမျက်နှာမှာ စိတ်မကောင်းခြင်းများစွာဖြင့် ငိုတော့မည်ပုံဖြစ်နေသည်။
"သူငယ်ချင်း
သမီးလေးလားဟင်"
ဒေါက်တာသည် ခေါင်းကိုဖြည်းညင်းစွာ ခါလျှက် မျက်ရည်များကျလာသည်။
"မင်းခေါင်တင် သူငယ်ချင်း ..
တင့်တင့်ရယ်လေ "
သူမ ဆက်မပြောနိုင်ပါ။
ဦးမင်းခေါင်တင် အခန်းအတွင်းသို့ အမြန် ပြေး၀င်ခဲ့လိုက်သည်။
သိပ်လှ၍ သဘောကောင်းလှသော ချစ်ဇနီးမှာ အသက်မရှိတော့ပါတကား။ဦးမင်းခေါင်တင်မှာ
ယူကျုံးမရစွာ ငိုပါလေတော့သည်။
"မိန်းမရယ် မင်းပေးခဲ့တဲ့ နာမည်က
သားအတွက် နောက်ဆုံးအမွေပါပဲကွယ်"
**
စံအိမ်၏ နောက်ဘေး သစ်သားအိမ်ငယ်၌ လည်း
မိန်းမတစ်ယောက်သည် မီးဖွားလုနီးဆဲ ဖြစ်နေလေသည်။
စံအိမ်ထဲ၌ရှိနေသေးသော ဒေါက်တာဆွေဇင်ကိုပင် ကားဒရိုင်ဘာ ဦးမောင်လေးသည် အပြေးလာပင့်ရှာသည်။
"ဆရာမရယ် ကျွန်တော့်မိန်းမကို ကယ်ပါဦး"
"လာလာ မြန်မြန်သွားကြမယ် ကိုမောင်လေး"
စံအိမ်၏ ထမင်းချက်အိမ်တော်ထိန်းဖြစ်သော ဒေါ်ချိုချို
သည် သမီးဦးလေး ကို အောင်မြင်စွာ မွေးဖွားလိုက်ပါသည်။
**
_ ၅နှစ်ခန့်ကြာသော်_
နန်းခေါင်တင် စံအိမ်၏ ထမင်းစားခန်းတွင်ဖြစ်သည်။
"သား ရဲခေါင် ညီလေးကို ထမင်းစားဖို့
သွားခေါ်ချေပါဦး"
"ဟုတ်ကဲ့ဖေဖေ "
ဒေါ်ချိုချိုက ထမင်းခူးထည့်နေရာမှ
"ကျွန်မ သွားခေါ်လိုက်ပါ့မယ်
အကိုကြီး"
"နေပါစေ မချို ၊ သားကိုပဲ လွှတ်လိုက်ပါမယ် လုပ်စရာရှိတာသာ ဆက်လုပ်ပါ"
ရဲခေါင်ထွဋ်တင် သည် တိုက်၏ အနောက်ဘေး တစ်နေရာသို့ ထွက်လာခဲ့သည်။
စံအိမ်အနောက်ဘေး၌ အရိပ်ကောင်းလှသော မန်းကျည်းပင်ကြီး နှစ်ပင်ရှိသည်။
သူ့ညီလေးကို တခြား၌ ရှာစရာမလို။ ထိုအပင်ကြီးများအောက်မှာပင် ရှိနေမည်ကို ရဲခေါင် သိနေပါသည်။
"အား နင်ငါ့ကို လုပ်တယ် ကိုကိုကြီးနဲ့ တိုင်ပြောမယ် ဟီး"
ဟော သူထင်တဲ့အတိုင်းပါပဲ။ ချစ်ရပါသော တစ်ဦးတည်းသော ညီလေးသည်
သူတစ်ပါးအား အနိုင်ကျင့်၍ ပြုံးပျော်နေပါလေသည်။
ကလေးမလေးက သူ့ကို မြင်သော် ဆီး၍ တိုင်လေသည်။
"ကိုကိုကြီး ကိုကိုကြီးရေ"
"ဟင် ဘာဖြစ်ကြတာလဲ"
"အနုပေါ့ အနုလေ ခြူးကလေးကို
ရုပ်ဆိုးမကြီးတဲ့"
ညီတော်မောင်ကမူ သူ့ကို ပြုံးဖြီးဖြီးဖြင့်သာ
"သားပြောတာ ဟုတ်တယ်မလားကိုကို။ သူ့ရုပ်ကိုကြည့်ပါဦး ဆိုးလိုက်တာ"
၁၃နှစ်သား သူက ရန်ပွဲကြီးကို ဖြန်ဖြေရတော့သည်။
"မဟုတ်ပါဘူး ခြူးလေးရယ်။
နုခေါင်က ညီမလေးကို ချစ်လို့စတာပါ
တိတ်တော့နော် မငိုနဲ့။ ငိုတဲ့လူကမှ ပိုပြီး ရုပ်ဆိုးတာ ခြူးလေးရ "
"ဟင် ကိုကို ပြောတာ တကယ်လား"
ခြူးမေခင် လေးသည်
အငိုချက်ချင်းရပ်သွားလေပြီ။
"တကယ်ပေါ့ "
"အလကား အခြူးမ။ ရုပ်ဆိုးမကြီး"
"နင် ငါ့ကို အဲလိုမခေါ်နဲ့နော် အနု"
"ဒါဆို နင်လည်း ငါ့ကို အနုလို့ မခေါ်နဲ့"
ရဲခေါင်ထွဋ်တင် ဒီကလေးနှစ်ယောက်ကို မနိုင်ပါချေလေ။
"ဒါက နင့်နာမည်လေ"
"ငါမှ မကြိုက်တာ"
"ကဲပါ ခြူးလေး ရော နုခေါင်ရော တော်တော့ ။ ဖေဖေက ထမင်းစားရအောင် ခေါ်ခိုင်းလိုက်တာ ။ သွားစို့ နုခေါင်"
နုခေါင်ထွဋ်တင် ။
မိန်းမဆန်လှသည့် အမည်
ရှိသော ကလေးငယ်က မန်းကျည်ပင်ကြီးအောက်၌ ရပ်ကျန်ရစ်ခဲ့သော
ကလေးမလေးကို တစ်ချက်လှမ်းကြည့်၍ စံအိမ်ဘက်သို့
ရဲခေါင်ထွဋ်တင် နှင့်အတူလိုက်ပါသွားလေတော့သည်။