နားထဲမှာ လှိုင်းပုတ်သံသဲ့သဲ့ကြားယောင်မိသလိုရှိတာကြောင့် ပင်လယ်ကြီးကိုသဘောကျတဲ့ရှောင်းကျန့်က ပြုံးမိသွားတယ်။
မျက်လုံးတွေတော့မဖွင့်ချင်သေးဘူး။ ညကအိမ်မက်လည်းကောင်းတယ်။ ဝမ်ရိပေါ်နဲ့သူက သူငယ်ချင်းတွေဖြစ်သွားပြီတဲ့။ ရှောင်းကျန့်က ရင်ဘတ်နားကစောင်ကိုမေးစေ့နားထိဆွဲလိုက်ရင်း ထပ်ပြုံးလိုက်မိတယ်။
ခေါင်းတွေကတော့ သိပ်မကြည်သလို။ အိပ်ရေးမဝလို့ထင်တယ်။ ထပ်အိပ်လိုက်ဦးမယ်။ ဒီလိုမနက်ခင်းတွေကို သိပ်သဘောကျတာပဲ။ စောစောလည်းထစရာမလိုဘူး။
ခန္ဓာကိုယ်ကိုတစ်ဖက်စောင်းလို့ ပိုကွေးပြီးအိပ်ဖို့ပြင်လိုက်တယ်။ လူကတစ်ဖက်ကိုလှည့်ပြီးတာနဲ့ စူးရှရှအလင်းရောင်က မျက်နှာတည့်တည့်ကိုကျတယ်။
မှိတ်ထားတဲ့မျက်ခွံပေါ်ထိ စူးရှနေတဲ့နေရောင်ကြောင့်။ မဖွင့်ရသေးတဲ့ မျက်လုံးတွေကိုဖိမှိတ်ကာ မျက်ခုံးတွေကိုကြုတ်လိုက်တယ်။
အာ...စိတ်ရှုပ်စရာပဲ
ဒါပေမဲ့ အနှောင့်အယှက်ပေးနေတဲ့နေရောင်ကခဏတာလေးပဲဖြစ်တယ်။ အိပ်မရအောင် ထိုးနေတဲ့နေရောင်က ရှောင်းကျန့့်ဆီက ခွာသွားတယ်။
စူးရှနေတဲ့အလင်းရောင်ပျောက်သွားတာကြောင့် ရှောင်းကျန့့်ရဲ့မျက်နှာမှာ ကျေနပ်ရိပ်ကလေးပေါ်လာတယ်။
အင်း...သဘောကျတယ်
ရှောင်းကျန့်က မှိတ်ထားတဲ့မျက်ခွံတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ မျက်စိရှေ့မှာ လိုက်ကာပိတ်ဆွဲထားတဲ့မှန်တံခါးရှိနေတယ်။ တစ်ဖက်ကုတင်ကိုကြည့်တော့ လူမရှိဘူး။ ထပ်ပြီးအကြည့်တွေဝေ့ဝဲကြည့်လိုက်တော့ ကုတင်ခြေရင်းက အဝတ်အိတ်နားကခုံမှာဝမ်ရိပေါ်ကိုတွေ့လိုက်ရတယ်။
ဝမ်ရိပေါ်က တဘက်အဖြူကိုပုခုံးပေါ်တင်လို့ ထိုင်ရာကထလာတယ်။ ဘာလို့မှန်းမသိ ဝမ်ရိပေါ်က သူ့ကို အစောင့်အရှောက်နတ်သားလေးလိုမျိုး စောင့်ကြည့်ပေးနေတယ်လို့ ခံစားရတယ်။
"မောနင်း ရှောင်းကျန့်"
ရှောင်းကျန့်ကို ကြည့်ကာထိုတစ်ခွန်းပြောလို့ ရေချိုးခန်းထဲဝင်သွားတယ်။ ဒါပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့မျက်နှာပေါ်က အပြုံးနုနုကို မြင်လိုက်သေးတယ်။
"အမ်...အာ..မောနင်း"
ရှောင်းကျန့်က ကုတင်ခေါင်းရင်းကိုခေါင်းအုံးခုလို့ကျောမှီလိုက်တယ်။
'ဝမ်ရိပေါ်က ငါ့ကိုမောနင်းလို့ပြောသွားတာပဲ'
ညက ဝမ်ရိပေါ်သူ့ကိုကုန်းပိုးပေးခဲ့တာကို သတိရသွားတယ်။
'တကယ်ပဲ သူငယ်ချင်းတွေဖြစ်သွားပြီထင်တယ်'
.
.
.
.
.
ရိပေါ်က မနက်နိုးတော့ ညကမူးနေအောင်သောက်ထားတဲ့ ကောင်လေးကမနိုးသေးဘူး။ ရိပေါ်က ကုတင်တစ်ဖက်ကနေလက်ပေါ် မေးတင်လို့ ရှောင်းကျန့်ကိုငေးနေလိုက်တယ်။
ဘယ်လောက်ကြာသွားမှန်းမသိ။ ရှောင်းကျန့်က သူရှိဘက်မျက်နှာမူလာတယ်။
မနက်ခင်းထွက်လာတဲ့နေက ရှောင်းကျန့်မျက်နှာပေါ်ဖြာကျလာတယ်။ ကြည်ဝင်းနေတဲ့မျက်နှာနုနုရယ် နှုတ်ခမ်းအောက်က မှဲ့နက်လေးရယ်ကို နေရောင်ဖြာတဲ့အခါမှတော့ ဝမ်ရိပေါ်က မှင်သက်သွားမိတယ်။
ညတုန်းကခိုးနမ်းခဲ့မိတဲ့ မှဲ့နက်လေးက နေရောင်အောက်မှာ အစွမ်းကုန်လှပနေပြီး ဝမ်ရိပေါ်ကိုခိုနားဖို့ ဖိတ်ခေါ်နေပြန်တယ်။ ဟုတ်တယ်...မူးပြီးအိပ်ပျော်နေတဲ့ ရှောင်းကျန့်ကမသိပေမဲ့ သူကအရဲစွန့်ပြီး မှဲ့နက်ကလေးကိုဖိကပ်နမ်းခဲ့တာ။ ၁၈နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ်နဲ့ပေါ့။ အခုလည်း ၁၈နှစ်နဲ့တစ်ရက်ပြည့်မွေးနေ့လက်ဆောင်ကို ထပ်ယူလိုက်ရမလားစဉ်းစားနေမိအောင်ကို ရှောင်းကျန့်ရဲ့ ပါးလှပ်လှပ် မှဲ့နက်လေးက ဆွဲဆောင်လွန်းတယ်။
ဒါပေမဲ့ စုကြုံ့သွားတဲ့ ရှောင်းကျန့်ရဲ့ မျက်ခုံးတွေကြောင့် ဝမ်ရိပေါ်က အတွေးတွေကိုခါထုတ်လို့ နေရောင်ဝင်နေတဲ့လိုက်ကာကို အမြဲဆွဲပိတ်ရတယ်။
'မဖြစ်ဘူး...ရေချိုးမှ'
ရှောင်းကျန့်နိုးတာကို ခဏလောက်ထိုင်စောင့်ပြီး ရေချိုးခန်းထဲအပြေးဝင်ခဲ့တယ်။ ရေချိုးခန်းထဲရောက်မှ အခုန်မြန်နေတဲ့ ရင်ဘတ်ကိုဖိချရတယ်။
ညတုန်းက ရှောင်းကျန့်လက်နဲ့ တဖွဖွထိခဲ့တဲ့ လည်ပင်းဘယ်ဘက်က ပလာစတာအကြည်လေးကိုလက်နဲ့အုပ်ကိုင်လိုက်တယ်။ မှန်ထဲမှာမြင်နေရတဲ့သူ့ပုံရိပ်က နီရဲနေသလိုပဲ။ အတွေးတွေကိုချွန်းအုပ်လို့ မျက်နှာကို ရေအေးအေးထဲစိမ်လိုက်တော့တယ်။
.
.
.
.
.
အိပ်မှုန်စုံမွှားနဲ့ ရှောင်းကျန့်က ရုတ်တရက်ဖုန်းဖွင့်ဖို့သတိရသွားတာကြောင့် ဖုန်းကိုလိုက်ရှာတော့ ကုတင်ဘေးကစားပွဲအသေးလေးပေါ်မှာ ဖုန်းကိုတွေ့တယ်။ ဖုန်းတင်ပဲလားဆိုတော့မဟုတ်။ ပန်းကန်ပြားလေးနဲ့ခံထားတဲ့ ဖန်ခွက်ရှည်ထဲမှာပျားသံပုရည်ရှိနေတယ်။
အာ...ဟုတ်သား။ ငါညကသောက်တာနည်းနည်းများသွားတယ်။ ဟုတ်တယ်...ငါခေါင်းမကြည်ဘူးပဲ။ အင်း...ခေါင်းမူးနေတယ်။
ရှောင်းကျန့်က လိုက်ကာရှည်ရှည်တွေနဲ့ပိတ်ထားတဲ့မှန်တံခါးကိုကြည့်လိုက်တယ်။ မျက်ဝန်းတွေကပြုံးနေခဲ့တယ်။
နောက် ပိတ်ထားတဲ့ရေချိုးခန်းတံခါးကိုကြည့်လိုက်တယ်။ညီနေတဲ့ နှုတ်ခမ်းလေးတွေက ကွေးညွတ်လာတယ်။
စက္ကန့်၃၀လောက်ကြာတဲ့အခါ ရေချိုးခန်းတံခါးကအကြည့်တွေက လက်ထဲမှာကိုင်ထားတဲ့ပျားသံပုရာရည်ခွက်လေးဆီရောက်တယ်။ နှုတ်ခမ်းအောက်က မှဲ့သေးသေးလေးကထင်းနေခဲ့တယ်။
မှဲ့နက်ကလေးကပြောတယ် အစောင့်အရှောက်နတ်သားလေးက ချိုလိုက်တာတဲ့။
_______________
ရှောင်းကျန့်တို့အဖွဲ့က ပရောဂျက်စဖို့အတွက် မာခိုမြို့ထဲရောက်နေတယ်။
မိန်းလမ်းဘေးက ဆိုင်အကြီးကြီးတွေထက် မာခိုမြို့ရဲ့ လမ်းကျဉ်းလေးတွေနဲ့ ဆိုင်သေးသေးလေးတွေက ခံစားချက်တစ်မျိုးကိုပေးစွမ်းတယ်။ ဒါကြောင့် ရှောင်းကျန့်တို့အဖွဲ့က လမ်းကြားလေးတစ်ခုထဲက ဆိုင်လေးတစ်ဆိုင်ကို တမင်ရွေးချယ်ထားတယ်။
"ဖရန့်ကတော့ သနားပါတယ်...အခုလောက်ဆို ရေအောက်ကြမ်းပြင်ကြီးနဲ့ပဲအကြည်စိုက်နေရလောက်ပြီ"
"ဟားဟားဟား...ဟုတ်ပါ့ သူ့ခမျာdowntown လိုက်ပြီးပျော်ချင်တာကို"
ဂျွန်ကပြောတော့ ဖရန့်အကြောင်းသိတဲ့သူတွေကပါထောက်ခံကြတယ်။
ပြောနေတာက ဖရန့်အကြောင်းဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကို တစ်ခါလောက် မာခိုမြို့ထဲလည်ခိုင်းရမယ်လို့တွေးလိုက်တယ်။ သေချာပေါက်သူနဲ့အတူပေါ့။
________________
ရေလယ်ကရပ်ထားတဲ့မော်တော်ဘုတ်ပေါ်မှာ လူ၆ယောက်ရှိနေတယ်။ မောင်းတဲ့သူရယ် ဝမ်ရိပေါ်တို့ကျောင်းသား၅ယောက်ရယ်။
ရိပေါ်ကတော့ ရေတစက်စက်ကျနေတဲ့သူ့ရဲ့ကိုယ်ပေါ်က
ရေငုပ်ဝတ်စုံပြည့်ကို တစ်ခုခြင်းချွတ်နေတယ်။
"အိုက်ရီဂူး...ပင်ပန်းလိုက်တာ။ဒါမှန်းသိ အဏ္ဏဝါဗေဒဆိုတာကြီးကိုမယူခဲ့ပါဘူး"
ရိပေါ်ထက် မော်တော်ဘုတ်ပေါ်ရောက်နှင့်နေတဲ့ဖရန့်ကပြောလာတယ်။
"Seanတို့ ပရောဂျက်ကြီးကိုအားကျလိုက်တာ"
ရှောင်းကျန့်ဆိုတဲ့အသံကြားတော့ ရိပေါ်ကအာရုံစိုက်မိသွားတယ်။
"ဟဲ့...ဘာကွာတာမှတ်လို့။ သူတို့ပရောဂျက်က လူတွေပေါ်အခြေခံပြီးဆန်းစစ်တာ ငါတို့က သမုဒ္ဒရာကြီးကိုအခြေခံပြီးဆန်းစစ်တာ"
"နှစ်ခုစလုံးကသူ့ဟာနဲ့သူ အားစိုက်ထုတ်ရတာချည်းပဲ"
အဖွဲ့ထဲကမိန်းကလေးတစ်ယောက်က ဖရန့်ရဲ့ငြီးငြူ သံကိုအလိုမကျသလိုပြောလာတယ်။
"အားစိုက်ထုတ်ရပေမဲ့လည်း ကွာတယ်လေ။ ငါတို့ကရေအောက်အနက်ကြီးထိဆင်းပြီး ရှာဖွေရတာ"
ဖရန့်ကဆက်ပြောတယ်။
"အခု လူမှုရေးသိပ္ပံကလူတွေများ ဒိတ်လုပ်ပြီး ပရောဂျက်ရေးရုံပဲ။ ဘယ်လောက်ကောင်းလိုက်လဲ"
"အဲ့ဒါဆိုလည်း ကိုယ့်ကိုယ်သာအပြစ်တင်နေလိုက်တော့။ မေဂျာရွေးမှားလေခြင်းဆိုပြီးတော့လေ"
အပျော်မက်တဲ့ဖရန့်အကြောင်းသိသူပီပီ ကျန်သူများကပါဝိုင်းစလာကြသည်။
ဝမ်ရိပေါ်ကတော့ ချက်ချင်းလက်ငင်းကို လူမှုးရေးသိပ္ပံမေဂျာရဲ့ပရောဂျက်အကြောင်းကို အသေးစိတ်သိချင်သွားပြီ။
ဒါမဖြစ်သင့်ဘူး...ဒိတ်လုပ်ပြီး survey ယူမှတော့ ဘယ်လိုလုပ်ပရောဂျက်ကိုအာရုံစိုက်နိုင်မှာလဲ။
"ဒါမှန်းသိ မနေ့က ထစ်ဖနီSeanကိုဖုန်းခေါ်ခဲ့တုန်းက မာခိုကျွန်းမှာဆိုတာပြောလိုက်ပါတယ်ကွာ...အခုတော့ပျင်းစရာ"
ဖရန့်က တစ်ယောက်တည်း ငြီးငြီးငြူ ငြူ နဲ့ လက်ပ်တော့ကြီးပိုက်ကာ ထသွားတယ်။
'ဟမ်..ထစ်ဖနီကဘာလို့ပါလာ...မဟုတ်သေးဘူး'
'ထစ်ဖနီက ရှောင်းကျန့်ကိုဘာလို့ဖုန်းဆက်တာလဲ'
'သေချာပေါက် ထစ်ဖနီက သူ့ကောင်လေးနဲ့ပြတ်သွားပြီလို့ပြောခဲ့တာပါ'
'ဒါဆို ဘာလုပ်ဖို့ဖုန်းဆက်တာလဲ'
'မဟုတ်မှပြန်ဆက်ဖို့များလား'
"Leo..."
"....."
"Leo"
အတန်းဖော်က ဘယ်ကတည်းကခေါ်နေမှန်းမသိ ရိပေါ်ကအတွေးလွန်နေမိတယ်။
"Leo"
"ဟမ်"
"ဆင်းလို့ရပြီ"
"အင်း"
ရိပေါ်က ချွတ်ထားတဲ့ diving suitကိုပြန်ဝတ်လိုက်တယ်။
"Leo...ဘာလုပ်မလို့လဲ"
အောက်စီဂျင်ဗူးတပ်မလို့လုပ်တော့ အစောကတစ်ယောက်ကလာတားပြန်တယ်။
"ဆင်းမလို့လေ"
"အမ်...ဘယ်ကိုဆင်းမှာလဲ"
အတန်းဖော်ရဲ့ နားမလည်ဟန်အမေးကြောင့် ရိပေါ်က အာရုံစုစည်းလို့ အခြေအနေအကဲခတ်လိုက်တော့ ဘုတ်က ကမ်းကပ်ပြီးနေပြီ။ အပေါ်မှာ သူရယ် နောက်တစ်ယောက်ပဲကျန်တော့တယ်။ ကျန်တဲ့သူတွေကလည်း ကမ်းစပ်ကနေ သူ့ကိုစူးစမ်းနေတယ်။
'အား...သူက ကမ်းစပ်ကို diving suitကြီးဝတ်ပြီး ဘာလုပ်တာပါလိမ့်'
'ပြီးတော့ ရေငုပ်မျက်မှန်ကြီးနဲ့အောက်စီဂျင်ဗူးက လက်ထဲမှာ'
's**t'
ဒါပေမဲ့ ဝမ်ရိပေါ်က ဝမ်ရိပေါ်ပါပဲ။
"အဟမ်း"
"ဘယ်ဆင်းရမှာလဲ ဘုတ်ပေါ်ကဆင်းမှာပေါ့"
"......"
"ပြီးတော့ diving suitက ခုနက ငါနဲ့သေးနေတယ်ထင်လို့ အခုပြန်ဝတ်ကြည့်တာ"
"....."
"မနက်ဖြန်အတွက် safety ဖြစ်အောင်လို့"
" ???? "
ပြောပြီးတာနဲ့ ရေငုပ်မျက်မှန်ကအစ suitအဆုံးအကုန်ဆွဲချွတ်ပြီး ခပ်တည်တည်ပြန်ဆင်းခဲ့ရတယ်။
'ရှောင်းကျန့်....ရှောင်းကျန့်'
••••••••••••••••••••••••••••••••••••••••••••••••••