The Promise Of Summer

By TayDiDi

373K 27.6K 1.1K

(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်... More

Intro (U & Z)
Ep 1 (U)
Ep 1 (Z)
Ep 2 (U)
EP 2 (Z)
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep-11 (Z)
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep-14 (z)
Ep 15 (U)
Ep 15 (Z)
Ep 16 (U)
Ep 17 (U)
Ep 17 (Z)
Final (U)
Final (Z)
Extra 1 (U)
Extra-1 (Z)
Extra - 2 (U)
Extra - 2 (Z)
"It's You" New Fic Update
Note!
Love For Kaung Kaung & Toe Toe 🧡
Love For Kaung Kaung & Toe Toe 🧡

Ep 16 (Z)

2.9K 92 0
By TayDiDi

ကောင်းခန့်တို့ အလုပ်စ၀င်ကာစက အစစအရာရာသင်ကြားပေးခဲ့သော ဆရာကြီးဦးမြအောင် မြ၀တီမြို့တွင် ကွယ်လွန်သွားပြီဟု သတင်းရ၍ ကိုသက်လွင်နဲ့ နှစ်ယောက် ခွင့်တင်ပြီး မြ၀တီသို့အမြန်ထွက်လာခဲ့ရသည်...

ဆရာကြီးရဲ့ နာရေးမှာ အမှတ်မထင်ပဲ နိုင်နိုင်နှင့် ပြန်တွေ့ခဲ့ရသည်...နာရေးအိမ်ထဲကို ဆိုင်ကယ်လေးစီးပြီးဝင်လာသော နိုင်နိုင်က အရင်ကထက်အများကြီး ရုပ်ကျသွားခဲ့ပေမဲ့ ကောင်းခန့်ကတော့ မြင်လိုက်တာနဲ့ တန်းမှတ်မိနေဆဲပင်....နိုင်နိုင်တို့ မြ၀တီမှာနေသည်ဟု သိထားပေမဲ့လည်း ခုလိုမျိုးဆုံရလိမ့်မည်ဟုတော့ ထင်မထားခဲ့မိပေ....

ကောင်းခန့် စိတ်လှုပ်ရှားစွာနှင့် အိမ်ပြင်သို့ထွက်ကာ နိုင်နိုင်ရှေ့တွင်သွားရပ်လိုက်တော့ နိုင်နိုင့် ခမျာ နှုတ်ခမ်းများပွင့်ဟ သွားလောက်အောင်ပင် အံ့ဩသွားခဲ့သည်...

"နိုင်နိုင်"

"ကောင်းကောင်း....မင်း...ကောင်းကောင်းလား"

"ဟုတ်ကဲ့ နိုင်နိုင်...ကျွန်တော်ဆရာကြီးဦးမြအောင် ရဲ့ နာရေးကိုလာတာ အရင်က ကျွန်တော်တို့ရဲ့ အလုပ်သင်ဆရာကြီးပါ"

နိုင်နိုင်က စကားများ ဆွံ့အသည်အထိ အံ့အားသင့်ကာ ကောင်းခန့်၏ပုခုံးများကို ဆုပ်ကိုင်၍ ဖြစ်ညှစ်နေသည်...စိတ်ထဲတွင်လည်း ခံစားနေရပုံရသည်....ကောင်းခန့်သည်ပင် မျက်ရည်များလည်ချင်သလိုဖြစ်နေရသည်....

နိုင်နိုင်က ခဏကွာ ဟုပြောကာ နာရေးအိမ်ထဲသို့ ၀င်၍ အိမ်သားများနှင့် နှုတ်ဆက်ပြီးပြန်ထွက်လာကာ ကောင်းခန့်အားခေါ်သည်...

"လာ...ကောင်းကောင်း နိုင်နိုင်တို့အိမ် ခဏလိုက်ခဲ့"

"ဗျာ...ဟို ကျွန်တော်....ဖြစ်ပါ့မလား နိုင်နိုင်"

"လာပါကွာ...မင်း မေချိုက မင်းကိုတွေ့ရင် ၀မ်းသာမှာ"

ကောင်းခန့် ရင်ထဲမှာ လှိုက်ခနဲ ခံစားလိုက်ရသည်...နိုင်နိုင်တို့ မေချိုတို့ကကောင်းခန့်ကို အရင်လိုချစ်နေတုန်းပါပဲလားဟူသည့် အသိက ရင်ကို နင့်စေသည်....

ကိုသက်လွင်ကို အကျိုးအကြောင်းပြောပြီး နိုင်နိုင့် ဆိုင်ကယ်နှင့်ပင် အိမ်သို့လိုက်သွားရသည်...လမ်းတလျှောက်လုံး နိုင်နိုင်က စကားတခွန်းမှမပြော...ကောင်းခန့်မှာကား မေချိုနှင့်တွေ့ရမည့်အရေး စိတ်လှုပ်ရှားနေမိသည်....

နိုင်နိုင်က ရပ်ကွက်တစ်ခုထဲသို့ ချိုးကွေ့ဝင်လိုက်ပြီးနောက် တစ်ထပ်တိုက်ပုလေးရှိသောခြံတစ်ခြံရှေ့၌ ရပ်လိုက်တော့ ကောင်းခန့်က ဆိုင်ကယ်နောက်မှဆင်းလိုက်သည်....နိုင်နိုင်က တံခါးဆင်းဖွင့်၍ ဆိုင်ကယ်ကိုခြံတွင်းသို့တွန်းဝင်တော့ ကောင်းခန့်က နောက်မှလိုက်ဝင်လိုက်ရသည်...

"လာ သား..အိမ်ထဲဝင် .... ချို ရေ...ချို"

"လာပြီ...ကိုနိုင်ပြန်လာတာလဲ မြန်လိုက်တာ...စကားပြောခဲ့ရဲ့လား....ဟင်...ဘုရားရေ"

မေချိုက ပြောပြောဆိုဆို အိမ်နောက်ဘက်အခန်းထဲမှာထွက်လာပြီး ခန်းဆီးလိုက်ကာကို မ၍ ဖယ်လိုက်သောအခါ နိုင်နိုင့် နောက်တွင်ရပ်နေသော ကောင်းခန့်၏ ရှည်လျားလှသောအရပ်ကြီးကို မော့ကြည့်၍ အာမေဍိတ်သံများပင် ထွက်ကာ အံ့ဩသွားလေတော့သည်....

"မေချို"

ကောင်းခန့်က ခေါ်လိုက်တော့ မေချိုက ပါးစပ်ကိုလက်ဝါးနှင့်အုပ်၍ မျက်ရည်များကျလာလေတော့သည်.....ထိုနောက် ကောင်းခန့်လက်မောင်းအား ဆွဲကာ ခုံမှာထိုင်စေပြီး တရစပ်မေးတော့သည်....

"ကောင်းကောင်း...သား....ဘယ်လိုက ဘယ်လို ရောက်လာတာလဲ...နိုင်နိုင်နဲ့ ဘယ်မှာတွေ့လာတာလဲ...ကြည့်ပါဦး အရပ်ကြီးကလည်းရှည်ပြီး ချောလာလိုက်တာ ငါ့သားရယ်..."

"မေချို...ကျွန်တော် တောင်းပန်ပါတယ်....အရင်က ပြောခွင့်မရခဲ့လို့....အခု ပြောပါရစေ...ကျွန်တော် မေချို့ကိုရော နိုင်နိုင်ကိုပါ တောင်းပန်ပါတယ်"

မေချိုက ခေါင်းရမ်းပြီး ကောင်းခန့်အား ဖက်ကာ ငိုပါတော့သည်....နိုင်နိုင်ကလည်း မျက်နှာမကောင်းစွာ ခုံမှာဝင်ထိုင်ပြီး ပြော၏

"တော်ပါတော့ ချိုရယ်...ကလေး စိတ်မကောင်းအောင် ငိုမနေပါနဲ့တော့"

"သား..ကောင်းကောင်း ... အခုဘယ်မှာ ဘာတွေလုပ်နေလဲ...ကိုသက်ဇော်တို့ မနွယ်တို့ရော နေကောင်းကြလား...အိမ်ပြောင်းသွားကြတယ်လို့တော့ကြားတယ်...ကလျာကြီးတို့ ညီမိုးတို့ အိငယ်လေးတို့ရော...မေချို့ကို ပြောပြပါဦး သားရယ်..."

"အားလုံးနေကောင်းကြပါတယ် မေချို...ကျွန်တော်က အခု....."

ကောင်းခန့်က လက်ရှိအခြေအနေနှင့် အိမ်သားများအကြောင်းကို မေချိုသိလိုသမျှပြောပြရလေသည်....

"သား...ဒီမှာညအိပ်မယ်မဟုတ်လား...ရောက်တုန်း နေသွားပါဦး ကောင်းကောင်းရယ်"

"ကျွန်တော် မအိပ်တော့ဘူး မေချို...အလုပ်ကနေခွင့်ယူပြီး လာရတာ အလုပ်ကလူတွေလဲပါတယ်ဆိုတော့ ဒီညကား နဲ့ပဲ ပြန်ဖို့စီစဉ်ပြီးသွားပြီ...နောက်မှပဲလာပါဦးမယ်"

စိတ်ထဲမှာ မေချိုတို့က အရင်ကလို သားသမီးအရင်းကဲ့သို့ လှိုက်လှိုက်လှဲလှဲရှိနေကြသေး၍ ၀မ်းသာရသေးသည်....ချစ်မိတာက အပြစ်ဟုဆိုပါလျှင် ကိုယ်ကိုတိုင်က အပြစ်လုပ်ထားမိသော လူတယောက်အနေနှင့် မေချိုနဲ့ နိုင်နိုင့်ရှေ့မှာ အနေခက်လှပါသော်လည်း....လူကြီးနှစ်ယောက်၏ ကြင်နာမှုစိတ်ရင်းက လှုပ်ခါနေသောရင်ကို ငြိမ်းအေးစေပါသည်...

မေချိုက ကောင်းခန့်၏ နဖူးမှဆံပင်များကို သပ်တင်ပေးရင်း မျက်ရည်များထပ်ကျလာပြန်ကာ စကားဆိုပြန်သည်....

"ကောင်းကောင်းတောင် လူကြီးဖြစ်နေပြီပဲ....မေချိုတို့ကို ခွင့်လွှတ်ပါကွယ် မေချိုတို့....."

မေချိုက ရှိုက်ငိုရင်း စကားမဆက်တော့သဖြင့် ကောင်းခန့်က မေချို့လက်များကို ဆွဲယူကာ ဆုပ်ကိုင်ထားပေးရသည်....နိုင်နိုင်က သက်ပြင်းချကာ ကောင်းခန့်အားစေ့စေ့ကြည့်၍မေးလာသည်..

"ကောင်းကောင်း....သား...တိုးတိုးကို စောင့်နေတုန်းပဲလား"

မထင်မှတ်ထားသောမေးခွန်းဖြစ်နေ၍ ကောင်းခန့် ထိုင်နေရင်း မတ်ခနဲဖြစ်သွားရသည်....

"ကျွန်တော်....ကျွန်တော် တောင်းပန်ပါတယ်နိုင်နိုင်....ကျွန်တော် ဘယ်အချိန်ထိပဲဖြစ်ဖြစ် စောင့်နေမှာပါ...စောင့်နေမယ်လို့လဲ ကတိပေးထားတယ်...တိုးတိုးပြန်လာမှာလို့လဲ ယုံတယ်"

"ဒီလမ်းက ခက်ခဲမှာနော်....မင်း အသေချာသိနေတာတောင်မှ ဆက်လျှောက်ချင်သေးတာလား"

"ကျွန်တော်တို့ လျှောက်ပါရစေ နိုင်နိုင်....လျှောက်ခွင့်ပေးပါ"

ပြောရင်း ကောင်းခန့်အသံများတိမ်ဝင်ကာ မျက်ရည်များကျလာလေသည်....မေချိုကကောင်းခန့်၏ လက်များကိုပြန်လည်ဆုပ်ကိုင်ကာ ဖြစ်ညှစ်နေသည်....

"မင်းတို့ ကွာ...."

"တောင်းပန်ပါတယ် နိုင်နိုင်"

တောင်းပန်ပါတယ် ဟူသည့်စကားကိုသာ ထပ်ခါထပ်ခါ ပြောနေမိတော့သည်... နိုင်နိုင်ခံစားချက်တွေကို နားလည်ပေမဲ့ ကောင်းခန့် အချစ်အတွက် အတ္တကြီးချင်မိသည်...နိုင်နိုင့်ကို ငဲ့ကွက်ရမည်ဆိုပါလျှင် ချစ်ရသောတိုးတိုးအတွက်ကရော သာ၍ပင်ငဲ့ကြည့်ရမည်မဟုတ်ပါလား....အချစ်အတွက်နဲ့ မိုက်ရူးရဲဆန်စွာ ကျေးဇူးကန်းမှုကိုတော့ ခွင့်လွှတ်ပေးဖို့ မမျှော်လင့်ရဲတော့ပေမဲ့ တောင်းပန်မှုကိုတော့ လက်ခံစေချင်သည်.....

နိုင်နိုင်က စားပွဲပေါ်မှ ဆိုင်ကယ်သော့ကို ကောက်ကိုင်လိုက်ပြီး .....

"လာ...မင်းဒီညကားနဲ့ ပြန်ရမှာမဟုတ်လား....နိုင်နိုင် ပြန်လိုက်ပို့ပေးမယ်"

"မေချို ကျွန်တော်သွားမယ်နော်...မေချို နေကောင်းအောင်နေပါ"

မေချို့အား ဖက်၌နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့ကြတော့ အပေါက်ဝတွင် မျက်ရည်များနှင့်ရပ်ကာ ကျန်ခဲ့ရှာသည်....ကောင်းခန့်ရင်မှာလေးလံနေရသည်....တည်းခိုရာနေရာသို့ လိုက်ပို့ပြီး ဆိုင်ကယ်ပြန်မထွက်ခင်မှာ...နိုင်နိုင်က ကောင်းခန့်ပုခုံးအား ဆုပ်ကိုင်၍ ခေါင်းကိုတဆတ်ဆတ်ညိတ်သည်...နိုင့်နိုင့်မျက်လုံးထောင့်တွင် မျက်ရည်တို့ ဝဲခိုနေကြသည်...

"မင်းတို့ နောင်တမရနဲ့ လို့ပဲ နိုင်နိုင်ပြောချင်တယ်"

ထို့နောက်ဆိုင်ကယ်ကို ခပ်မှန်မှန်မောင်း၍ထွက်သွားခဲ့လေသည်...တဖြည်းဖြည်း‌ဝေးသွားသော နိုင်နိုင့်ကျောပြင်အားကြည့်၍ နိုင်နိုင်ပြောသွားသော စကားများ၏ အဓိပ္ပါယ်ကို တွေးရင်းကျန်ခဲ့ရတော့သည်...

................................................................................................................................................................

ချင်းတောင်ပေါ်ရှိ ပရောဂျက်တွင် ကောင်းခန့်နေရာအတွက် လူစားရ၍ ရန်ကုန်သို့ပြန်လာခဲ့ရသည်...ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တောင်ပေါ်တွင် ဓါတ်အားပေးလိုင်းများတည်ဆောက်ရေး ပရောဂျက်အတွက် တာဝန်ပေးခြင်းခံရသဖြင့် သွားရန်ပြင်ဆင်ရသည်...

"မင်းက အရင်က သွားထားဖူးတယ်လေ ပြီးတော့ ထိုင်းစကားလဲ တော်တော်လေး ပြောတတ်နေတော့ မင်းနဲ့ပဲပိုအဆင်ပြေတယ်...ပြီးတဲ့အထိတော့နေပေးကွာနော်...အနည်းဆုံး သုံးလေးနှစ်လောက်တော့ ကြာမယ်ထင်တာပဲ"

ပရောဂျက် ဒါရိုက်တာက ပြောလာသဖြင့် တာဝန်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲလေ ဟုတွေးရသည်...တစ်ခုပဲ...တိုးတိုးပြန်လာရင် မတွေ့ရတော့မှာစိုးရိမ်သည် ထပ်ပြီးလွဲနေရဦးတော့မှာပါလား တိုးတိုးရေ...

"ကိုလေး ဟိုရောက်ရင် နေရာအတည်တကျဖြစ်တာနဲ့ အကြောင်းကြားနော် အိငယ် လိုက်လာပြီးလည်ချင်လို့"

"နင်ပဲ ပတ်စပို့ အရင် ရအောင်လုပ်ထားစမ်းပါဦး"

"နင့်ကိုလေးက သူ့အလုပ်တွေက မြို့ပေါ်မှာမဟုတ်ပါဘူး သမီးရယ်..နင့်လည်း လိုက်ပို့နိုင်မှာမဟုတ်ဘူး"

အမေနဲ့ အိငယ်က ကောင်းခန့်အတွက် အထုတ်ပိုးပြင်ဆင်ပေးနေရင်းက ပြောနေကြသည်....

"သား အမေ ငါးခြောက်ကြော်တွေ ဘာလချောင်ကြော်တွေ ထည့်ပေးလိုက်မယ်နော်...ရောက်ရောက်ချင်း စားရေးသောက်ရေး အဆင်မပြေဖြစ်နေမှာစိုးလို့"

"ရပါတယ် အမေရာ...ကျွန်တော့်ကို ပူမနေနဲ့ အရင်ကလည်း ၅ လလောက် သွားနေဖူးပါတယ် အကုန်အဆင်ပြေတယ် ဟိုမှာ"

"အင်းလေ အမေကလည်း ကိုလေးက ထိုင်းပဲ သွားမှာ အမေရိကားသွားမှာမဟုတ်ဘူး မြန်မာပြည်နဲ့ ပေါင်တကား ပဲ ရှိတယ်"

"ဟဲ့...ဒီကောင်မလေးဟာလေ"

ကောင်းခန့်မှာ အိငယ် အပြောကို ရယ်နေရပါသည်...အိငယ်က ငယ်ငယ်လေးကတည်းက စကားကိုကပ်ဖဲ့၍ ပြောတတ်သည်...အစသန်သော တိုးတိုးနှင့်ဆို အမြဲတကျက်ကျက်နှင့်....

ကဲ...ဘာပဲတွေးတွေး..တိုးတိုးက ပါလိုက်ရမှ...

"ကိုလေး...ကိုလေးသွားရင် ဖုန်းကဟိုမှာ သုံးလို့မရဘူးမဟုတ်လား....အိငယ်ကို အဲ့ဒီ sim card လေးပေးခဲ့လေနော်...ကိုလေး ပြန်လာတော့ ပြန်ပေးမယ်လေ"

"sim card တော့ ပေးခဲ့လို့ရပါတယ်...ဟန်းဆက် ကတော့ ယူသွားရမယ်...ငါဟိုမှာ ထိုင်း sim card ၀ယ်ပြီးသုံးချင်သုံးရမှာ...တောင်ပေါ်ဆိုတော့ လိုင်းကတော့ မိမှာတော့ မဟုတ်ပါဘူးလေ... sim card တစ်ခုကို ၁၅၀၀ နဲ့တောင် ရတော့မှာအခု နိုင်ငံတကာက တယ်လီကွန်းတွေဝင်လာကြပြီ ခဏပဲစောင့်"

"အခုလဲ ၂ သိန်းတန်တွေထွက်နေပါပြီ အဖေက မ၀ယ်ပေးလို့ဟာကို"

အိငယ်က နှုတ်ခမ်းစူပြီးပြောသည်...

အရင်က သိန်း ၃၀ တန် GSM ဖုန်းတွေတုန်းက ၀ယ်မကိုင်နိုင်လို့ လမ်းဘေး PCO ဖုန်းတွေပဲသုံးရပေမဲ့ ...၂၀၁၁ လောက်က ၅သိန်းတန် CDMA card တွေရလာတာမို့ ရုံးက လျှောက်ထားပေး၍ နိုကီရာ ကီးပက်ဖုန်းလေးနဲ့ ကိုင်နေရသည်ကို အိငယ်က လိုချင်၍ တောင်းနေခြင်းဖြစ်သည်...အင်းလေ...ကလေးဆိုတော့လဲ ကျောင်းမှာ ကိုင်ချင်ရှာမှာပေါ့...

ဖုန်းက အိမ်မှာ လုပ်ငန်းသုံးဆိုဆို ဘာဆိုဆို...အဖေ့မှာ တစ်လုံး ကိုညီ့မှာတစ်လုံး ရှိသည်...အမေနဲ့ အိငယ်ကတော့ အိမ်က ကြိုးဖုန်းနဲ့သာ သုံးရရှာသည်...အဖေနဲ့ ကိုညီ့ဖုန်းတောင် ဖုန်းလျှောက်ထားခွင့် မဲပေါက်သောသူဆီမှာ ၂ သိန်းစီ ပိုပေး၍ ၀ယ်ထားရခြင်းဖြစ်သည်....ကောင်းခန့် ရောက်ဖူးသော အိမ်နီးချင်းနိုင်ငံတချို့မှာ လမ်းဘေးဈေးရောင်းသူကအစ ဖုန်းကိုင်နေနိုင်တာတွေ့တော့ ကိုယ့်နိုင်ငံရဲ့ မဖွံ့ဖြိုးမှုကို ရင်နာရသည်....အထက်ဖားအောက်ဖိတွေနှင့် လူတစ်စုသာကွက်၍ ကောင်းစားနေကြသည့် ဘ၀တွေပါလေ....

ကောင်းခန့် ပင်လျှင် ဟိုနိုင်ငံ ဒီနိုင်ငံ နည်းနည်းရောက်ဖူးနေ၍သာ အမြင်နည်းနည်းကျယ်နေရသည်...ကိုယ့်နိုင့်ငံအတွင်းမှာ အများစုက ကိုယ်တိုင် ဖိနှိပ်ခံနေရလို့ နေရမှန်းတောင် မသိရှာ....နွားခြေရာခွက်ထဲက ဖားတွေလို အမြင်ကျဉ်းမှုကို ရင်နာပေမဲ့ ကိုယ်တစ်ယောက်တည်းအားနှင့်လည်း မကူညီပေးတတ်...ဒီလိုနဲ့ပဲ လူငယ်လေးတွေဟာ နိုင်ငံရပ်ခြားတွေကို လွင့်ကုန်ကြရသည်...အင်း...တိုးတိုး တယောက်အပါဝင်ပေါ့လေ......အခုဆို ကောင်းခန့်ပါ ထပ်၍လွင့်ရပြန်ဦးမည်.......

"အဖေနဲ့ ကိုညီက ကျွန်တော် မသွားခင်တော့ ပြန်ရောက်မှာပါနော် အမေ့"

"အေး ပြန်လာမယ်ပြောတာပဲ...နင့်မမကလျာနဲ့ မီးမီးလဲ လာမယ်တဲ့ သူယောက်ကျားကတော့ လာနိုင်မှာမဟုတ်ဘူး ဆေးရုံမှာ ဆရာဝန်မလုံလောက်သေးလို့တဲ့"

ကောင်းခန့်မသွားခင် ၅ ရက်လောက်အလိုတွင် အိမ်၌လူစုံနေကြပေပြီ...ဒီတစ်ခေါက်သွားရမှာက ကြာမှာဆိုတော့ မောင်နှမတွေစုံ၍ အလွမ်းသယ်ကြခြင်းပေါ့....တူမတော် သာလိကာမလေးနဲ့လည်း တွေ့ရ၍ ပျင်းချိန်ပင်မရပါပေ....

"လေးလေးကောင်း...မီးမီး လေးလေးကောင်းအ၀တ်တွေ ကူခေါက်ပေးတယ်နော်...ပြန်လာရင် မီးမီးဖို့ လက်ဆောင်ဝယ်ခဲ့နော်"

"မီးမီးက ကူတာကနည်းနည်း ဖွတာက များများပါကွာ"

"လေးလေးကောင်း...ဒါဘာလေးလဲ...မီးမီးကိုပေးပါလား"

ကောင်းခန့် လက်ဂေ့ခ်ျ အမိုးထဲတွင်ထည့်ထားသော ဘူးလေးထဲမှ KKTT ဟုစာလေးများ ပါသည့်လက်ပတ်ကြိုးအနီရောင်လေးကို တွေ့သွားပြီး ဆွဲထုတ်လာကာ လာတောင်းတော့သည်....

"ဟဲ့ မီးမီး...အဲ့ဒါမယူရဘူး..ပေး ပေး တီတီအိငယ်ကိုပေး..လေးလေးကောင်း အိတ်ထဲပြန်ထည့်ထားရအောင်"

အိငယ်က တွေ့သွားပြီး အတင်းပြန်လုတော့ မီးမီးက မပေးပဲ နောက်သို့ဖွက်ထားကာ အော်နေလေသည်...

"မမရေ...ဒီမှာလာလုပ်ဦး"

"သမီးရေ...အဲ့လို ဇွတ်လုပ်တာ မေမေမကြိုက်ဘူးပြောထားတယ်လေ...အဲ့ဒါလေးလေးကောင်းရဲ့ လက်ပတ်လေး...သမီးယူလို့မရဘူး လူကြီးတွေပဲပတ်လို့ရတာ သမီးလက်လေးက သေးသေးလေးနဲ့ ပတ်လို့မရဘူး...သမီးအတွက် သေးသေးလေး မေမေ၀ယ်ပေးမယ်...ပေး အဲ့ဒါ မေမေ့ကို"

မမကလျာက ရောက်လာပြီး ချော့တောင်းတော့ မီးမီးက သူ့အမေလက်ထဲကို စူပုတ်ပုတ်နှင့်ထည့်ပေးသည်...မမက ကောင်းခန့်လက်ထဲကို ပြန်ထည့်ပေးပြီး...ပြုံး၍ကြင်နာစွာကြည့်ရင်း ပြောသည်.....

"လက်မှာ ပတ်ထားလေ ကောင်းကောင်းရယ်...ဟိုထားဒီထား မလုပ်နဲ့"

"အင်း...ကျွန်တော် တောထဲသွားဘာသွားနဲ့ ဆိုတော့ ပျက်စီးပြီး ကျပျောက်မှစိုးလို့ သိမ်းထားတာ"

ကောင်းခန့်က ခေါင်းငုံ့၍ အသံတိမ်တိမ်နှင့်ပြောတော့ မမက ကောင်းခန့် ခေါင်းမှ ဆံပင်များကို ဆွဲဖွနှစ်သိမ့်ကာ မီးမီးအားကောက်ချီပြီး မီးဖိုချောင်သို့ခေါ်သွားသည်.....နားလည်ပေးလွန်းတဲ့ မိဘ မောင်နှမတွေကြောင့် ပိုပြီးအားတက်ရပါသည်.....

သွားမဲ့နေ့ရောက်တော့ ကိုညီနဲ့ အိငယ်ပဲ လေယဉ်ကွင်းသို့ လိုက်ပို့ကြသည်...အဖေနဲ့ အမေ့ကို အိမ်မှာကန်တော့ခဲ့တော့ အဖေက ခေါင်းတညိတ်ညိတ်နဲ့ ဆုပေးသည်....

"ဟိုမှာ ကျန်းမာရေး ဂရုစိုက်ကွာ အစားအသောက်လဲပုံမှန်စား...သား စိတ်ချမ်းသာအောင်ပဲနေ...လူ့ဘ၀က တိုတိုလေး လောကကြီးကို ကောင်းတာတွေနဲ့ပဲ အကျိုးပြု...ကိုယ့်ကိုကိုယ်လဲ စိတ်ချမ်းသာအောင်နေ...အဖေတို့က ကိုယ်မွေးထားတဲ့ သားသမီး ကောင်းကောင်းဆိုးဆိုး ပစ်ရိုးထုံးစံမရှိဘူး...ကိုယ့်သားသမီး စိတ်ချမ်းသာနေရင် အဖေတို့လဲ စိတ်ချမ်းသာတယ်..နော့"

အဖေ့စကားထဲတွင် အဓိပ္ပါယ်တွေအများကြီးပါမှန်း ကောင်းခန့် သဘောပေါက်ပါသည်...အဖေနဲ့ အမေ့ကိုလည်း ပိုပြီးလေးစားချစ်ခင်မိရသည်....Immigration ဖြတ်ရန် အထဲဝင်ကာနီးမှာကိုညီက စာအိတ်လေးတစ်အိတ် ထုတ်ပေးသည်...အထဲ၌ US ဒေါ်လာ အစိမ်းရောင်တချို့.....

"မင်း ဟိုမှာ လိုအပ်တာသုံးရအောင်လို့...ဟိုဘက်လေယဉ်ကွင်းရောက်တော့ လဲလိုက်ပေါ့"

"ကျေးဇူးပါပဲကွာ"

ကိုညီဟာ အနေအေးပြီး ပါးစပ်ကထုတ်ဖော်မချစ်ပြတတ်ပေမဲ့ မိသားစုအတွက် အားအကိုးရဆုံး သားတစ်ယောက်ဖြစ်သည်...မောင်နှမတွေအတွက်လည်း အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်သူပင်...

"မင်းသွားမှာ လေးလေးထွန်းကိုဖြစ်ဖြစ် အသိပေးခဲ့ရင်ကောင်းမယ်ထင်တယ်"

"အင်း နောက်ကြုံမှ ဖုန်းဆက်လိုက်မယ်"

"ကိုလေး လိုင်းမိရင် ဖုန်းဆက်ဦးနော်"

"အေးပါ..နင်လည်း အမေ့ကို အိမ်မှာ ဂရုစိုက်နော်"

မောင်နှမတွေနှုတ်ဆက်ကြပြီး ပြန်သွားကြသည်...

လေယဉ်ဘီးများ ပြေးလမ်းပေါ်တွင် စတင်ထွက်ခွါကြတော့ စိတ်ထဲမှာ တမျိုးကြီးခံစားနေရသည်...ခါတိုင်းခရီးသွားနေသော အခေါက်များနှင့်မတူ ဘယ်ချိန်မှပြန်လာရမည်မှန်းမသိရသေးသောကြောင့် အကယ်၍....အကယ်၍များ တိုးတိုးပြန်လာခဲ့လျှင် တွေ့ရပါ့မလား ဆိုသည့် အတွေးကြောင့် ရင်ကိုထိုင်းမှိုင်းစေသည် သို့သော်လည်း ဘယ်ရွေ့ဘယ်မျှပင် ‌ဝေးကွာနေရပါစေ တိုးတိုးက သူ့ဆီပြန်ကိုပြန်လာမည်ဟူသော အသိက ခိုင်မာနေဆဲပင်...

တိုးတိုးကလည်း ပြန်လာမည်ဟု ကတိပေးခဲ့သလို ကောင်းခန့်သည်လည်း စောင့်နေမည်ဟု ကတိပေးခဲ့ကြသည်မဟုတ်ပါလား....ယုံကြည်မှုက ထိုင်းမှိုင်းနေသည့်ရင်ကို အနည်းငယ် သက်သာရာရစေသည်....ဒီတစ်နွေမှာလည်း ပိတောက်တွေမရှိတဲ့ နေရာမှာ ရုန်းကန်ရပေဦးတော့မည်...

.............................................................................

<3 DiDi Zaw

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
11.6K 1.1K 8
1940 ခုနှစ် Own Creation Cv by Pinterest
299K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
305K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်