"ခမ်း အဲ့တာဘာလုပ်နေတာလဲ?..."
ထွဋ်ဦးထင် မီးဖိုဆောင်ထဲမယောင်မလည်သွားပြီး ထမင်းကြော်ကြော်နေတဲ့ခမ်းအနားကိုသွားလိုက်သည်။
အနံ့ကိုရကတည်းက ထမင်းကြော်ကြော်နေမှန်းသိသားပဲ တမင်မေးချင်လို့ကိုသွားမေးတာ...
"ထမင်းကြော်ကြော်နေတာ...
ထွဋ်ဦးထင် ဗိုက်ဆာပြီလား..."
ထွဋ်ဦးထင်ဆိုပြီးခေါ်လာတာကြောင့် ထွဋ်ဦးထင်မျက်ခုံး၂ဖက်ထိလုနီးပါးကျုံ့ထားလေသည်။
မနက်ကခေါ်တာ ဒီလိုမျိုးမဟုတ်ပါဘူး...
"အဲ့လိုမခေါ်နဲ့ကွာ အဲ့လိုကြီးခေါ်တာမကြိုက်ဘူး..
မနက်ကခေါ်သလိုခေါ်..."
ထွဋ်ဦးထင်အပြောကို ခမ်းကကြည့်နေရုံမှတပါး ပြောင်းလဲပြီးလည်းပြန်မခေါ်လာ...
"ခေါ်ကွာ မနက်ကခေါ်သလိုမျိုး...
ခေါ်ဆို ခေါ်ပါဆို ခမ်း ခေါ်လို့..."
ခမ်းက ငြိမ်နေတာကြောင့် ထွဋ်ဦးထင် စိတ်မရှည်ဖြစ်ကာ ခြေထောက်၂ဖက်ကိုဆောင့်ပြီးပြောနေသည်။
ထွဋ်ဦးထင်ရဲ့ပုံစံကိုကြည့်ပြီး ခမ်းကနားမလည်သလိုလုပ်ကာ အကြောင်သားကြည့်နေသည်။
"မနက်ခေါ်သလိုမျိုးလေကွာ...
မမှတ်မိတော့ဘူးလား ခမ်း ခေါ်ပါဆို ငါကြားချင်လို့..."
ထွဋ်ဦးထင်ရဲ့ပုံစံကိုကြည့်ပြီး ခမ်းရဲ့နှုတ်ခမ်းတစုံတွန့်ကွေးသွားတာကို ထွဋ်ဦးထင်မြင်လိုက်သည်။ ထွဋ်ဦးထင် ခမ်းကိုသေချာကြည့်နေရင်းက ခမ်းရဲ့အပြုံးက ပိုပြီးပေါ်လွင်လာသည်။ ဒီတခါအပြုံးက ပထမတခါလိုမဟုတ်။ မျက်လုံးများမှိတ်သည်အထိ ပြုံးနေတာ...
ထွဋ်ဦးထင်တယောက် ခမ်းရဲ့အပြုံးမှာမျောပါသွားသည်။ ပြုံးနေရင်း ခမ်းနှုတ်ကထွက်လာသည်က...
"ထွဋ်ဦးထင်က ချစ်ဖို့ကောင်းတယ်..."
ပုံမှန်လူတစ်ယောက်က သူ့ကိုအဲ့လိုလာပြောရင် သူခံချင်ခံလိမ့်မယ်...
သူ့ကိုချစ်ဖို့ကောင်းတယ်ပြောတာကို ထွဋ်ဦးထင်မကြိုက်ပေ။ ဒါပေမယ့် ခမ်းရဲ့နှုတ်ကပြောလာတော့ ထွဋ်ဦးထင်ရဲ့နှုတ်ခမ်းတို့စိမရတော့။ ရင်ဘက်ထဲမှာလည်း ပုရွက်ဆိတ်အကောင်တစ်ရာလောက်ကိုက်နေလိုက်သလို ယားကျိ ယားကျိနဲ့...
ဒါဟာ ဘယ်လိုခံစားမှုမျိုးလဲ?...
"ကိုထွဋ် ကိုထွဋ်..."
ထွဋ်ဦးထင် ခမ်းကိုကြည့်မဝဖြစ်နေစဉ်မှာပဲ ကြားလိုက်ရတဲ့ခေါ်သံကြောင့် အတွေးတွေတောင်လွင့်စင်သွားသည်။
အရေးထဲမှ ဒီကောင်ကဘာကိစ္စရှိလို့ ဒီလောက်အော်ခေါ်နေမှန်းမသိဘူး...
ထွဋ်ဦးထင် ခမ်းရဲ့မျက်နှာကိုတဖန်ပြန်ကြည့်လိုက်တော့ ခမ်းရဲ့မျက်နှာမှာအပြုံးပျောက်ကွယ်သွားလေသည်။
"ကျစ် ညိုမောင် မင်းဘာလို့အော်ခေါ်နေတာလဲ?...
ငါ့အတွက် ထမင်းကြော်ထည့်ပေးထားနော် ငါပြန်လာခဲ့မယ်..."
ခမ်းကိုမှာခဲ့ပြီး ထွဋ်ဦးထင်အပြင်ကိုထွက်လာခဲ့သည်။
"ဘာကိစ္စလဲ? ညိုမောင်..."
"ကိုထွဋ်ခြံထဲသွားမယ်ဆို ကျွန်တော်နဲ့လိုက်ခဲ့လေ..."
"အဲ့တာပြောမလို့လား...
ခဏနေမှအော်ပြောရင်ဘာဖြစ်မို့လို့လဲ?..."
"ဟင် ကိုထွဋ်ကဘာလုပ်နေလို့လဲ?....
ကျွန်တော်ခေါ်လိုက်လို့အနှောင့်အယှက်တခုခုများဖြစ်သွားလား..."
"ဘာမှမဖြစ်ဘူး မင်းသွားတော့...
ငါခဏနေထွက်ခဲ့မယ် ထမင်းမစားရသေးဘူး..."
"ဟုတ် ကိုထွဋ် ကျွန်တော်အိမ်ကစောင့်နေမယ်..."
"အေး..."
ညိုမောင်ထွက်သွားတာနဲ့ ထွဋ်ဦးထင်မီးဖိုဆောင်ထဲမဝင်တော့ဘဲ တန်းလျားခုံမှာထိုင်စောင့်နေလိုက်သည်။ ထွဋ်ဦးထင်ထိုင်ရုံရှိသေး ခမ်းက ထမင်းကြော်ချပေးလာသည်။ ပဲငံပြာရည်နဲ့ကြော်ထားပြီး ပဲပြုတ်လေးနဲ့ဆိုတော့ ထွဋ်ဦးထင်အကြိုက်တွေ့သည်။
"နေ့လယ်ကျ ကိုယ့်ဘာသာလာမှာလား...
ငါတစ်ယောက်လွှတ်ပေးရမလား..."
"ဆိုင်ကယ်နဲ့..."
"ဆိုင်ကယ်နဲ့ကြိုခိုင်းရမှာလား..."
ခမ်းက ခေါင်းညိတ်ပြလေသည်။
"အင်း ငါဆိုင်ကယ်နဲ့တယောက်ကိုကြိုခိုင်းလိုက်မယ်..."
ခမ်းနဲ့အတူမနက်စာအတူစားပြီးနောက် ထွဋ်ဦးထင် ညိုမောင်နဲ့အတူ ခြံထဲကိုထွက်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
နေ့လယ်ဘက်ရောက်တော့ ခမ်းကိုကြိုဖို့ ထွဋ်ဦးထင်တယောက် ကိုတရုတ်ကြီးကိုလွှတ်ပေးလေသည်။ ခမ်းအနေနဲ့ ကိုတရုတ်ကြီးကိုအရမ်းကြီးမစိမ်းတော့တာမို့ ထမင်းချိုင့်ကိုင်ပြီ ကိုတရုတ်ကြီးအနောက်ကနေလိုက်လာခဲ့သည်။
"အရည်ပါတယ် ဖြေးဖြေးမောင်းပေးနော်..."
"အင်းပါ အကိုမောင်းတာ ခမ်းသိတယ်မဟုတ်လား...
ဖြေးဖြေးလေးပဲမောင်းပေးမယ်..."
အပြောနဲ့လက်တွေ့ကကွာခြားက ကိုတရုတ်ကြီးတယောက် ဆိုင်ကယ်ပေါ်ရောက်သည်နှင့် ဝူးခနဲမောင်းလေသည်။ ခမ်း ကိုတရုတ်ကြီးရဲ့ဂျိုင်းပြတ်ဝတ်ထားလို့ပေါ်နေတဲ့ ပခုံးကိုသာခပ်ဖွဖွကိုင်ပြီးစီးလာခဲ့ရသည်။ ခမ်းမျက်လုံးကိုမှိတ်ပြီး ဘုရားစာသာရွတ်လာခဲ့ရသည်။
"တီ! တီ! တီ!..
ကျွီ!.."
ကိုတရုတ်ကြီးက ဆိုင်ကယ်ကိုချက်ချင်းရပ်ပြစ်လိုက်တာကြောင့် ထမင်းချိုင့်ကိုင်းနဲ့နှာခေါင်းနဲ့ရိုက်သွားလေသည်။ မျက်လုံးလည်းမှိတ်ထားတာကြောင့်ဘယ်ရောက်နေမှန်းလဲမသိ။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ခြံထဲကိုရောက်နေပြီဖြစ်သည်။ ကိုတရုတ်ကြီးရဲ့ဆိုင်ကယ်မောင်းတဲ့စကေးကိုစဉ်းစားသာကြည့်ပါတော့...
ချိုင့်နဲ့နှာခေါင်းနဲ့ရိုက်မိတာကြောင့် ခမ်းနှာခေါင်းကိုလက်နဲ့သုတ်လိုက်တော့ သွေးတွေပါလာသည်။
"ခမ်း မင်းရောက်လာပြီလား..."
ထွဋ်ဦးထင် ခမ်းကိုတွေ့တာနဲ့ ခမ်းဆီကိုတန်းလျှောက်သွားလိုက်သည်။
"ဟင် မင်းနှာခေါင်းကသွေးတွေပါလား..."
ခမ်းရဲ့လက်ထဲမှာလည်းသွေးတွေပေနေတာကြောင့် ထွဋ်ဦးထင် ခမ်းလက်ထဲကချိုင့်ကိုယူပြီးတရုတ်ကြီးလက်ထဲကိုထည့်လိုက်သည်။ ပြီးသည်နှင့် ခမ်းလက်ကိုဆွဲပြီး ရေအိုးနားကိုခေါ်လာလိုက်သည်။
"လာ ရေရှူလိုက်..."
ရေတစ်ခွက်ကိုယူပြီး ခမ်းကိုပေးလိုက်သည်။ ထွဋ်ဦးထင်လည်း မာလကာပင်ကိုရှာပြီး မာလကာရွက်ကိုခူးလိုက်သည်။ မာလကာရွက်ကိုချေပြီး ခမ်းကိုပေးလိုက်သည်။
"မာလကာရွက်ရှူလိုက်...
ရာသီဥတုပူလို့လား နှာခေါင်းသွေးလျှံတာ..."
"မဟုတ်ဘူး ချိုင့်နဲ့စောင့်မိတာ..."
"ဟုတ်လား ကျစ် တရုတ်ကြီးဆိုင်ကယ်ကိုအမြန်မောင်းပြန်ပြီလား ဒီကောင်တော့..."
"ချိုင့်နဲ့စောင့်မိတာ ကိုတရုတ်ကြီးကြောင့်မဟုတ်ပါဘူး..."
ခမ်းပြောလိုက်မှသာ ထွဋ်ဦးထင်ဆက်မပြောတော့ပေ။
"လာ ထမင်းသွားစားမယ်..."
ခမ်းရဲ့လက်ကိုဆွဲပြီး ထွဋ်ဦးထင် တဲဆီခေါ်လာခဲ့လိုက်သည်။ ခမ်း လက်ကိုဆွဲထားတဲ့ထွဋ်ဦးထင်ရဲ့လက်ကိုကြည့်ပြီး ပြုံးနေသည်။ ထွဋ်ဦးထင်ရဲ့ကျောပြင်ကိုကြည့်ပြီး ခမ်းအနောက်ကနေပါလာခဲ့သည်။
"တရုတ်ကြီး မင်းဆိုင်ကယ်မောင်းတာဆင်ခြင်ဦး...
စောစောဂစ်ချင်လို့ ထင်ရာမောင်းနေတာလား...
မိကြူ ညည်းယောက်ျားကိုညည်းပြောထား..."
"တရုတ်ကြီး ရှင့်ကိုကျွန်မပြောပေါင်းလည်းမနည်းတော့ဘူးနော်...
အဲ့ဆိုင်ကယ်ကိုသိမ်းလိုက်ရမလား..."
"မိန်းမကလည်း ယောက်ျားကဖြေးဖြေးမောင်းတာပါ...
အဲ့ကိုထွဋ်ကသူမစီးတတ်တိုင်းလျှောက်ပြောနေတာ..."
ထွဋ်ဦးထင်ကြားမှာစိုးလို့ တရုတ်ကြီးမှာ မိန်းမဖြစ်သူကိုတိုးတိုးကပ်ပြောနေသည်။ ထွဋ်ဦးထင်ကတော့ တရုတ်ကြီးကိုမကြူလက်ထဲအပ်ပြီး ခမ်းကိုထမင်းဟင်းထည့်ပေးနေသည်။
ထမင်းစားပြီးနောက် တဲမှာကုပ်ကုပ်လေးထိုင်နေတဲ့ခမ်း...
တယောက်တည်းနေနေတော့ ပျင်းတော့လည်းပျင်းရှာမှာပေါ့...
ထွဋ်ဦးထင် ခမ်းရဲ့ဘေးမှာဝင်လိုက်တော့ ခမ်းကသူ့ကိုသတိမထားမိဘဲအပြင်ကိုကြည့်နေသည်။ ခမ်းအကြည့်ရောက်နေသည့်နေရာကတော့ မကြူရဲ့သား၂ယောက်ဆီကိုပင်။ ကျောင်ူပိတ်ရက်ဖြစ်တာကြောင့် မကြူရဲ့သား၂ယောက်က ရေခဲမုန့်တစ်ယောက်တစ်ခုကိုင်ပြီးစားနေသည်။
ခမ်း ရေခဲမုန့်စားချင်နေတာလား...
"ခမ်း..."
ထွဋ်ဦးထင်လှမ်းခေါ်လိုက်တော့ တွေတွေလေးလှမ်းကြည့်လာတဲ့ခမ်း...
"ဟေ့ တရုတ်ကြီးသား၂ယောက် ဒီကိုလာခဲ့ဦး..."
ထွဋ်ဦးထင်ခေါ်လိုက်တော့ ကောင်လေး၂ယောက်ကသူ့အနားကိုရောက်လာသည်။
"ရေခဲမုန့်၂ခွက်သွားဝယ်ပေးစမ်းပါ..."
"ဦးကြီးထွဋ်စားမလို့လား..."
"အေး ဟုတ်တယ်..."
"ကလေးလည်းမဟုတ်ဘဲနဲ့..."
"ဒီမိကျောင်းသားတွေကတော့ မြန်မြန်သွားဝယ်လာခဲ့...
ပိုတဲ့ပိုက်ဆံမင်းတို့ယူလိုက်..."
"ဟုတ်..."
ပိုတာယူလိုက်ဆိုတော့မှ လှစ်ခနဲပြေးသွားကြသည်။
ခမ်းကတော့ ထွဋ်ဦးထင်ကိုခဏလှည့်ကြည့်ပြီး အပြင်ကိုသာပြန်ကြည့်နေသည်။
"ခမ်း ရေသောက်ဦးမလား..."
"နည်းနည်း..."
ထွဋ်ဦးထင် ခမ်းကိုရေခွက်လှမ်းကမ်းပေးလိုက်သည်။ ထွဋ်ဦးထင်ပေးတဲ့ရေတစ်ခွက်လုံး ခမ်းကုန်သွားသည်။ ဘာစားချင်ပါတယ် ညာစားပါတယ်ဆိုပြီးလည်း ရောက်ကတည်းက ခမ်းတစ်လုံးမှမဟပေ။ သူကျွေးတာကိုစားပြီး ကောင်းကောင်းဆိုးဆိုးအခုချိန်ထိမငြင်းပေ။
ခဏကြာတော့ မကြူရဲ့သား၂ယောက်ပြန်ရောက်လာသည်။ လက်ထဲမှာ ရေခဲမုန့်ခွက်၂ခွက်ကိုကိုင်ထားသည်။
"ဦးကြီးထွဋ် ဒီမှာ..."
ထွဋ်ဦးထင်ကို ရေခဲမုန့်၂ခွက်ကမ်းပေးပြီး ပြေးထွက်သွားကြသည်။
"ခမ်း ရော့..."
ခမ်းကမယူဘဲ သူ့ကိုကြောင်ကြည့်နေသည်။
"မင်းငါ့ကိုစိန်လက်စွပ်ပေးထားမဟုတ်လား...
အဲ့စိန်လက်စွပ်ကဈေးကြီးတယ်လေ မင်းစားချင်တာရှိရင်ပြော ငါဝယ်ကျွေးမယ်..."
အဲ့တော့မှ ခမ်းကရေခဲမုန့်ခွက်ကိုလှမ်းယူသည်။
"ကျေးဇူးတင်ပါတယ် ဦးထွဋ်..."
ဦးထွဋ်လို့ထပ်ခေါ်ပြန်ပြီ...
ခမ်းက အခု သူ့ကို ဦးထွဋ်လို့ထပ်ခေါ်လိုက်တာလား...
အခု ထွဋ်ဦးထင်သိလိုက်ရတာက ခမ်းကသူ့အပေါ်ကိုဂရုစိုက်ပေးရင် ဦးထွဋ်လို့ခေါ်တယ်ဆိုတာပါပဲ...
ရေခဲမုန့်ကိုစားနေတဲ့ခမ်းကိုကြည့်ပြီး ထွဋ်ဦးထင်ကြည့်မဝဖြစ်နေသည်။ ခမ်းဆိုတဲ့ကလေးကြီးလေးအား သူသံယောဇဉ်ဖြစ်နေပြီ...
ခမ်းရောက်ကတည်းက သူမီးဖိုဆောင်မဝင်ရပေ။ အဝတ်အစားဆိုလည်း ခမ်းပဲလျှော်ပေးတာ...
သူ့အတွက်ကြင်ယာဖက်ရှာစရာမလိုပါဘူး ခမ်းလိုညီလေးတစ်ယောက်ရှိနေမယ်ဆို အဆင်ပြေနေပါပြီ...
"ကိုထွဋ်..."
ခေါ်သံကြားလို့ ထွဋ်ဦးထင်လှည့်မကြည့်ဘဲ သိလိုက်ပါပြီ အမျိုးယုတ်ရဲ့ညီမလှသူဇာပင်..
"လှသူဇာ ဘာကိစ္စရှိလို့လဲ?..."
"ကိုထွဋ်ကလည်းကိစ္စရှိမှလာရမှာလားလို့...
ဒီမှာလေ ကိုထွဋ်အတွက်လက်ဖက်သုပ်လေးလာပို့ပေးတာ..."
"အလုပ်ရှာလို့လှသူဇာရယ်..."
"ကိုထွဋ်ကိုစားစေချင်လို့ပါ...
ဟင် သူကဘယ်သူလဲ?ကိုထွဋ်..."
လှသူဇာက ခမ်းကိုလက်ညှုိးထိုးပြောနေသည်။ ရေခဲမုန့်စားနေတဲ့ခမ်းကတော့ လှသူဇာကိုအရေးမလုပ်ပေ။
"ကိုယ့်ညီလေးပါ...
လှသူဇာအလုပ်ရှိသေးတယ်မလား သွားတော့လေ...
လှသူဇာအကိုလိုက်ရှာနေဦးမယ်..."
"ကိုထွဋ်ကပြန်စေချင်နေတာမဟုတ်လား...
သိပါတယ် ကိုထွဋ်ကကျွန်မအပေါ်စိမ်းကားလွန်းတယ်..."
"ကိုယ်လှသူဇာကိုခင်ပါတယ် လှသူဇာအကိုနဲ့တော့စကားမပြောချင်ဘူး..."
"သိပါပြီ...
ဒါနဲ့ ဒီကောင်လေးကိုထွဋ်ညီပါနော်..."
"ဟုတ်ပါတယ်..."
"မဟုတ်ပါဘူး ထွဋ်ဦးထင်နဲ့ဘာမှမတော်ဘူး..."
ထွဋ်ဦးထင်စကားမဆုံးလိုက်ခင် ခမ်းကဝင်ပြောလာသည်။ လှသူဇာမျက်နှာချက်ချင်းပြောင်းသွားပြီး...
"ထင်တော့ထင်သား ယောက်ျားမကျမိန်းမမကျမျက်နှာနဲ့...
နင် ကိုထွဋ်အိမ်ကမသွားသေးဘူးလား..."
"လှသူဇာ မင်းပြန်လိုက်ပါတော့..."
"ကိုထွဋ်ကိုဒီဟာလေးနဲ့အတူတွေ့နေရတာ ကျွန်မလုံးဝမကြိုက်ဘူး..."
"လှသူဇာပြောနေတာ စည်းနည်းနည်းကျော်နေပြီထင်တယ်..."
"ဘာပဲဖြစ်ဖြစ်ပါ...
နင့်ကိုငါစတွေ့ကတည်းကကြည့်ရတာမဟုတ်ဘူး နင်ကြပ်ကြပ်သတိထား...
ကိုထွဋ် ကျွန်မကိုရေခဲမုန့်ကျွေးမယ်မဟုတ်လား ယူသွားမယ်နော်..."
ခမ်းကိုကြိမ်းပြီး ထွဋ်ဦးထင်လက်ထဲက ရေခဲမုန်းခွက်ကိုယူပြီး လှသူဇာထွက်သွားလေသည်။
အမှန်တော့အဲ့ရေခဲမုန့်က ခမ်းတစ်ခုကုန်ရင်ပေးမယ်ဆိုပြီး ရည်မှန်းထားတာ...
အခုတော့ လှသူဇာယူသွားလေပြီ...
ထွဋ်ဦးထင် ခမ်းကိုကြည့်လိုက်တော့ ခမ်းဘာကိုအရေးမထားဘဲ ရေခဲမုန့်ကိုသာစားနေသည်။ ကုန်သွားတာနဲ့ အခွံကိုဘေးနားထားပြီး ထွဋ်ဦးထင်ကိုလှည့်ကြည့်လာသည်။
"လက်ဖက်သုပ်စားဦးမလား..."
"မစားဘူး..."
ချက်ချင်းတုန့်ပြန်လာပြီး ထိုင်နေရာကနေထွက်သွားလေသည်။ ပန်းပင်တွေနားသွားပြီး ပန်းတွေကိုထိုင်ကြည့်နေသည်။
"ဘာဖြစ်သွားတာလဲ?..."
ခမ်းက တခါတလေကျ တကယ်ကိုနားလည်ရခက်တာပဲ....
_________________________________________________________
ဦးထွဋ်ကိုချစ်သလား ခမ်းကိုချစ်သလား
ချယ့်ကိုချစ်လား တစ်ခုပဲဖြေ🤔
20.9.2021
💙Chel💙