╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 13
𝕿𝖍𝖊 𝕭𝖊𝖆𝖚𝖙𝖎𝖋𝖚𝖑 𝕶𝖎𝖒𝖔𝖓𝖔
╚═════ ࿇ ═════╝
မနက် ၁၀ နာရီဖြစ်သည်။ မှန်ပြတင်းပေါက်အတွင်းဘက်ရှိ ကန့်လန့်ကာများကြားထဲမှ လွတ်လပ်နေသော နေရာလွတ်ငယ်ထဲကနေ နေရောင်ခြည်အလင်းတန်းတစ်ခုက ခရစ်စတိုဖာ၏မျက်နှာပေါ်သို့ ဖြာကျနေခဲ့သည်။
ခရစ်စတိုဖာမှာ ဂျရယ်မ်ိုင်ရာ အိပ်ရာမထလာခင် အရင်နိုးလာသည်။ သူ့မျက်လုံးများက သူ့မျက်နှာတည့်တည့်ရှိ မျက်နှာကျက်တစ်နေရာတည်းကို တွေဝေစွာ ကြည့်နေခဲ့၏။
ဂျရယ်မိုင်ရာလည်း ခဏအကြာမှာ နိုးလာခဲ့ပြီး ခရစ်စတိုဖာဘက်ကို မျက်နှာလှည့်လိုက်သည်။
" နိုးနေပြီလား "
" အေး "
" ကိုယ့်မိန်းမရဲ့ အိပ်ယာနိုးတဲ့ပုံလေးကလှသား "
" ငါ မင်းကို သွားကျွတ်အောင် ထိုးပေးရမလား "
" ခစ်ခစ် "
နှစ်ယောက်သားမှာ အိပ်ရာမထသေးဘဲ ကုတင်ပေါ်တွင် မျက်နှာကြက်ကို အတူတူကြည့်နေမိကြသည်။ အတွေးများကိုယ်စီဖြင့် မျက်နှာကြက်ကို စိုက်ကြည့်နေခဲ့ကြလျက်။ ထို့နောက် ၁၅ မိနစ်ကျော်လာသောအချိန်တွင် ခရစ်စတိုဖာဘက်ကနေ စကားစပြောခဲ့သည်။
"ငါ့ကို မင်း အားနည်းတဲ့ကောင်လို့ မြင်နေလား..."
"မမြင်ပါဘူး။ မင်းက သန်မာနေတာပဲလေ။ ဘာလို့မေးတာလဲ။"
"မင်းအမြင်မှာ ငါဆိုတာ သိပ်အားနည်းနေတဲ့မြေခွေးဆိုပြီး အထင်သေးနေတယ်ထင်လို့။"
"အဟက်...ဘယ်တုန်းကမှ မင်းကိုအထင်မသေးခဲ့သလို ဘယ်တော့မှလည်း အထင်သေးမှာ မဟုတ်ဘူး။ ဒါကို ယုံလိုက်။ မင်းကိုယ်မင်း အားနည်းနေတယ်လို့ ထင်လာတိုင်းမှာ ဂျရယ်မိုင်ရာဆိုတဲ့ကောင်ကို မြင်ပေး။"
"ဘာလို့လဲ"
"သူက ကမ္ဘာပေါ်မှာ ကွန်ဖီးဒန့်အရှိဆုံးကောင်လေ"
"အဟက်"
ခရစ်စတိုဖာက လှောင်ရယ်မှုတစ်ခုနှင့်အတူ မျက်မှောင်ကုတ်ကာ ပြုံးလိုက်သည်။
"ဘာလဲ။ မင်းက ကိုယ့်ကိုအထင်သေးတာလား။ မယုံတာလား။"
"ယုံတယ်...ယုံတယ်။ ငါ အမုန်းဆုံးကလည်း မင်းရဲ့သောက်ရမ်း ကွန်ဖီးဒန့်ရှိနေတဲ့ပုံကိုပဲ။"
"ကွန်ဖီးဒန့်ရှိတာ ကျန်းမာနုပျိုတယ်လေ။ အမြဲတမ်း ကွန်ဖီးဒန့်ပြည့်နေလွန်းလို့ တစ်ခါတစ်လေ ဟန်ဆောင်စိတ်ဓာတ်ကျပေးရမလား တွေးမိတယ်။"
"စိတ်ပိန်လိုက်တာ..."
"ဘာလို့လဲ။ ကိုယ့်လို ကွန်ဖီးဒန့်ရှိစမ်းပါ။"
"မင်းမျက်နှာနဲ့အသံကို မြင်ရကြားရတာနဲ့တင် ငါ့ကွန်ဖီးဒန့်တွေက ထွက်ပြေးကုန်ပြီ။"
"သူတို့ကိုထွက်မပြေးစေချင်ရင် ကိုယ့်အချစ်တွေကို လက်ခံလိုက်ပါလား ခစ်ခစ်...ခွီး...."
ခရစ်စတိုဖာ၏တံတောင်ဆစ်က ဂျရယ်မိုင်ရာ့နံကြားနှင့် ချက်ချင်း၀မ်းဆက်ဖြစ်သွားသည်။ တံတောင်နှင့်အထိုးခံလိုက်ရသော်လည်း သူကတော့ မျက်နှာပိုးမသေနေဆဲ။ တခွီးခွီး တခစ်ခစ်ဖြင့် ရယ်မောနေခဲ့သည်။
" ငါငယ်ငယ်က အရမ်းအားနည်းပြီး ကျန်းမာရေးချူချာခဲ့တယ်...အဲဒါကြောင့် ငါ့မိဘတွေက ငါ့ကိုပိုးမွှေးသလို တယုတယထားခဲ့ကြတာ...ခန္ဓာကိုယ်ကလည်း မိန်းကလေးတစ်ယောက်လိုဖြစ်နေခဲ့လို့ အဆင်မပြေခဲ့ဘူး...သူစိမ်းတွေ ထိကပါးရိကပါးလုပ်တာတွေ၊ စကားလုံးတွေနဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာကို ခံခဲ့ရတာတွေ များလာပြီးနောက်ပိုင်း ငါ့ကိုယ်ငါသန်မာကြံ့ခိုင်အောင် ရုန်းကန်နေထိုင်ခဲ့တယ်၊ မလွယ်နေခဲ့ဘူး "
ခရစ်စတိုဖာက သူ့အတိတ်က ခံစားရသမျှကို နာနာကျင်ကျင်ပြောလာလျှင် ဂျရယ်မိုင်ရာ၏အကြည့်များနှင့်မျက်နှာပုံစံက စက္ကန့်ပိုင်းအတွင်း အေးစက်တည်ငြိမ်လာခဲ့သည်။
" မင်းက ဘာမှအားနည်းတဲ့ ယောကျာ်းတစ်ယောက်မဟုတ်ဘူး...အရမ်းသန်မာတယ်။ မိန်းကလေးလို ချောလှနေတာလေးက အဲ့မအေဘေးတွေအတွက် မျက်စိကျစရာဖြစ်နေတာ "
" မင်းလည်းပါနေတာပဲ သူတို့ထက်ဆိုးတယ်"
" ကိုယ်က လိမ္မာပါတယ် ဟဲဟဲ ...ခရစ်ငယ်ငယ် ကလည်း ကိုယ့်ကိုခဏခဏ ငိုပြီးတိုင်ခဲ့ဖူးသေးတယ်။ မင်းကို မိန်းကလေးနဲ့တူတယ်ဆိုပြီး အနိုင်ကျင့်ခံလာရတိုင်းမှာပေါ့...ပြီးရင် ကိုယ်က ဒေါသတွေထွက်ပြီး အဲဒီကောင်တွေနဲ့ သွားသွားချတာ၊ ခုလည်း ငယ်ငယ်ကအကျင့်မပျောက်သေးဘူးပဲ...ကိုယ့်ကိုတိုင်နေတုန်း "
" ဘယ်သူက တိုင်နေလို့လဲ...ငါ့မှတ်ဉာဏ်တွေ ဘယ်လိုပျောက်ခဲ့မှန်းတော့ မသိဘူး။ ငါ့ကိုလှတယ်၊ မိန်းကလေးနဲ့တူတယ်လို့ပြောခံရရင် သောက်ရမ်းပေါက်ကွဲတာကတော့ တကယ်ဟ "
" ခရစ်ရဲ့ကိုကြီးကလွဲရင်ပေါ့ "
ခရစ်စတိုဖာထံမှ အကြည့်စူးစူးများက ဂျရယ်မိုင်ရာ၏နီလာရောင် မျက်ဝန်းညို့ငင်မှုများဆီသို့ရောက်ရှိသွားသည်။
ထိုမျက်လုံးများကနေတစ်ဆင့် ခရစ်စတိုဖာမေးခွန်းထုတ်နေခဲ့သည်က...
" ဘာကိုဆိုလိုချင်တာလဲ "
၎င်းပယင်းမျက်လုံးလေးများသည် နီလာရောင်မျက်ဝန်းပိုင်ရှင် ဂျရယ်ထံမှ ရိုးရှင်းနူးညံ့သော အကြည့်အေးအေးသာမက အပြုံးအေးအေးတစ်ခုကိုပါ လက်ခံရရှိခဲ့၏။ ရုတ်တရက် ဂျရယ်မိုင်ရာတစ်ယောက် ကုတင်ပေါ်ကနေ အမြန်ဆတ်ခနဲ ထသွားပြီး သူ့အဝတ်ဗီရိုဆီသို့ ခြေလှမ်းများ ဦးတည်ခဲ့လျက်။
အဝတ်မပါသောဂျရယ်မိုင်ရာ၏နောက်ကျောပြင် ခန္ဓာကိုယ်အလှတရားကို ခရစ်စတိုဖာ ငေးမောကြည့်နေမိသည်။ ဂျရယ်မိုင်ယာသည် သူ့အရပ်ထက် ၄ လက်မပိုမြင့်သော အဖြူရောင်အဝတ်ဗီဒိုကြီး၏တံခါးနှစ်ဖက်ကို ဆွဲဖွင့်လိုက်၏။
အောက်အကန့်ထဲမှ ခရီးဆောင်အိတ်ကို ဆွဲယူထုတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် ၎င်းအိတ်ကို အသာအယာ လှဲချလိုက်သည်။ အိတ်ထိပ်ရှိ နံပါတ်များစွာထဲ၌ သူမှတ်သားထားသောလျှို့ဝှက်နံပါတ်ကို ထည့်လိုက်သောအခါ အိတ်က ပွင့်သွားသည်။ အိတ်အတွင်းထဲတွင် အနံ ၁ ပေခွဲ၊ အလျား ၂ ပေရှိသည့် ကျွန်းသေတ္တာဘူးတစ်ခုကို ဆွဲယူလိုက်၏။ ထို့နောက် ယင်းသေတ္တာဘူးကို ကုတင်ပေါ်ကိုယူလာပြီး ခရစ်စတိုဖာဆီသို့ လက်ကမ်းပေးသည်။
" ဒီမှာ ဖွင့်ကြည့်လိုက်"
ခရစ်စတိုဖာက သေတ္တာဘူးကို ကြောင်တောင်တောင်လေး ကြည့်နေသည်။ ဂျရယ်မိုင်ရာ၏လက်ထဲမှ ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသောသေတ္တာကို ဆွဲယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါမှာ သူတွေ့လိုက်ရသည်က အံ့သြမှင်သက်စရာ။ ကတ္တီပါအခင်းအနီထက်တွင် ရွှေရောင်ပန်းကနုတ်အပွင့်သေးလေးများနှင့် ဘောင်ခတ်ထားသော ဓာတ်ပုံတစ်ခုပင်။
ဓာတ်ပုံထဲမှာတော့ ချယ်ရီပွင့်ဖတ်များ စီခြယ်ထားသော ကီမိုနိုဝတ်စုံနှင့် မိန်းမငယ်လေးတစ်ဦးအပြင် ပါတီပွဲတက်အနောက်တိုင်းဝတ်စုံဖြင့် ကောင်လေးလည်း အတူယှဥ်တွဲကာ ရပ်နေကြသည်။ ပုံထဲက မိန်းမငယ်လေးကို သေချာစိုက်ကြည့်လိုက်တော့ သူမ၏ဆံပင်များက သူ့လက်ရှိပိုင်ဆိုင်ထားသော ပင်ကိုယ်သဘာဝငွေရောင် ဆံနွယ်လေးများပင်။
နောက်ထပ်အလားတူ ဓာတ်ပုံဘောင်နှင့် ဓာတ်ပုံတစ်ခုရှိနေခဲ့သည်။ ယင်းပုံထဲမှာတော့ချယ်ရီပန်းပင်တွေအောက်တွင် ပြုံးရွှင်နေသောအာရှမျက်နှာပေါက်မိန်းမလှလေး၏ကိုယ်တစ်ဝက်ရိုက်ထားသည့်ပုံပင်။
ပထမတစ်ပုံက ကီမိုနိုမိန်းကလေး၏တစ်ကိုယ်တော်သီးသန့်ပုံဖြစ်၏။
" ဒါ ဘယ်သူတွေလဲ "
အနည်းငယ် စိတ်အားထက်သန်မှုဖြင့် ဂျရယ်မိုင်ရာကို မော့ကြည့်ရင်း မေးလိုက်သည်။
" အဲဒါ ငါ့ကောင်မလေးလေ...ငါ့မွေးနေ့တုန်းက သူကီမိုနိုဝတ်လာပြီး ကိုယ်နဲ့အတူ အလှဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ မွေးနေ့မှာ အဘင်ဆီက လက်ဆောင်ရခဲ့တဲ့ ကင်မရာနဲ့ပေါ့... "
သူပြန်လည်ဖြေကြားလိုက်သည့် အဖြေအပေါ် မျက်မှောင်အနည်းငယ်ကျုံ့သွားသော ခရစ်စတိုဖာကို ဂျရယ်မိုင်ယာသတိထားမိလိုက်သော်လည်း အပြုံးလေးနှင့်သာ စကားဆက်လေသည်။
" သူက မိန်းကလေးလို ချောလှလွန်းလို့ ဂျပန်ရိုးရာ ကီမိုနိုလေးနဲ့သာဆို သိပ်လှမှာပဲ...အဲဒီစကားကို ငါ သူနဲ့တွေ့တိုင်း ခဏခဏပြောခဲ့မိလို့ ငါ့အသက် ၁၅ နှစ်ပြည့်မွေးနေ့မှာ သူဝတ်လာခဲ့တယ် "
ဂျရယ်မိုင်ရာက စကားကို ခဏဖြတ်ပြီး လေသံအနိမ့်ဆုံးဖြင့် ဆက်ပြောလိုက်သည်။
" အဲဒီမွေးနေ့ညမှာ သူနဲ့တွေ့ခဲ့တာ နောက်ဆုံးပေါ့...အယုတ်တမာတစ်ချို့ကြောင့် ကိုယ်မေ့လဲပြီး ပြန်နိုးလာတော့ ဘေးမှာ ကင်မရာတစ်လုံးပဲ ကျန်နေခဲ့တယ်။ ငါ့ရဲ့အချစ်ဆုံးမိန်းကလေးလည်း အဲဒီနေ့မှာပဲ ပျောက်သွားခဲ့တယ် "
ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏အနောက်ဘက်မှာ ဝင်ထိုင်လိုက်ပြီး ခရစ်စတိုဖာ၏ခါးတုတ်တုတ်ကို အသာလေးဖက်လျက် သူ့မေးစေ့အား ခရစ်စတိုဖာ၏ကျောပေါ် တွင် မှီတင်ထားလိုက်သည်။
" ပျောက်ဆုံးသွားတဲ့ ကီမိုနိုနဲ့ နတ်သမီးလေးကို အခုနောက်တစ်ကြိမ် ကိုယ်ဖက်ထားနိုင်နေပြီ။ ဘယ်သူတွေသိခဲ့မှာလဲ...ကိုယ်သူ့ကို ဆုံးရူံးခဲ့ရတဲ့အချိန်မှာ ဒီဓာတ်ပုံထည့်ထားတဲ့သေတ္တာလေးကို နေရာတကာ သယ်သွားခဲ့တာကိုလေ "
" မဟုတ်မှလွဲရော အဲဒါ...အဲဒါ... ငါလို့ဆိုလိုချင်တာလား။ ငါက ဘာလို့အဲဒီအကြောင်းတွေ မမှတ်မိဘဲ မင်းတစ်ယောက်ထဲ မှတ်မိနေရတာလဲ "
ခရစ်စတိုဖာက စကားအထစ်ထစ် အငေါ့အငေါ့နှင့်မေးလာလျှင် ဂျရယ်မိုင်ရာ၏လက်များက သူ့ခါးကို အရင်ကထက်ပင် ပိုမိုဖက်ထားလိုက်သည်။
"ဘာလို့ဆို မင်းရဲ့ဂျရယ်က ဆရာတကာ့ဆရာကြီးလေ...သူတို့အစွမ်းတွေက ကိုယ့်အပေါ်ကြာကြာ မထိရောက်နေလို့ အဲဒီညက ခေါင်းကိုက်ရုံလေးဖြစ်ပြီး မေ့လဲခဲ့တာ...မှတ်ဉာဏ်တွေ လုံးဝမပျောက်သွားခဲ့ဘူး။"
"ဟင် ... ဒါဆိုရင် ငါ့အပေါ် တစ်သက်လုံး မေ့အောင် ... ဟိုမှတ်ဉာဏ်ကွက်ဖျောက်နိုင်တဲ့ spell တစ်ခုသုံးခံထိထားလို့ အတိတ်ကို လုံးဝမမှတ်မိနိုင်နေတာပေါ့။"
" ဟုတ်တယ် ခရစ်..."
"ငါ နဲ့မင်း စစတွေ့တော့ မင်းက ငါ့ကို ရန်သူတစ်ယောက်လို ကြည့်နေခဲ့တာပါ။ မဟုတ်မှလွဲရော မင်း မှတ်မိနေခဲ့လို့ ငါ့ကို တမင်မသတ်ခဲ့တာလား... "
"ဟားဟား...သိပ်ချစ်ဖို့ကောင်းလိုက်တာကွာ..."
မျက်မှောင်ကုတ်ထားလျက် ကလေးတစ်ယောက်ကဲ့သို့ တစ်ခုပြီးတစ်ခုမေးနေသော ခရစ်စတိုဖာကို မြင်ရသည်က ချစ်စရာကောင်းသည့်ကလေးတစ်ယောက်အတိုင်းပင်။
"အွန်း...မင်းကိုရှာမတွေ့ခဲ့တဲ့အဆုံး ငါ့ကိုယ်ငါ မန္တန်တွေနဲ့ ကျိန်စာတိုက်ထားခဲ့တာ။ မင်း မရှိတော့ ချယ်ရီပင်တွေကို မြင်ရတာတောင် မပြုံးနိုင်ခဲ့ဘူး။ ငါ နားလည်လိုက်တယ်။ ငါက မင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုချစ်နေခဲ့မှန်းလေ။ မင်းလည်း ငါ့ကို မေ့မသွားခင်က ငါ့လိုပဲဖြစ်ခဲ့တယ်မလား....ဟားဟား...ငါ အရူးပဲ...အတိတ်မေ့နေတဲ့သူကို မေးနေမိတယ်။
ပြီးတော့ ငါမင်းကို နှစ်ပေါင်းများစွာ လိုက်ရှာပြီးနောက်ပိုင်း ဘယ်လိုမှ မတွေ့ခဲ့တဲ့အဆုံး ... မင်းကိုလွမ်းရလွန်းလို့ အသည်းကွဲတဲ့ဒဏ်တွေကို သည်းမခံနိုင်ခဲ့ဘူး။ ငါ့ကိုယ်ငါ သတ်သေဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။ အဲ့တုန်းက တကယ်ရူးခဲ့တယ်။ ခုထိလည်း ရူးနေမိတုန်းပဲ။ "
ဂျရယ်မိုင်ရာထံမှ ဤတစ်ကြိမ်တွင်ချလိုက်သောသက်ပြင်းလုံးက ခါတိုင်းထက် ပိုကြီးနေခဲ့သည်။
" ကိုယ့်အချစ်ဆုံးတစ်စုံတစ်ယောက်ကို မတွေ့ရတော့တဲ့နောက်ပိုင်း သူအဆင်ပြေပါ့မလား၊ သူကျန်းကျန်းမာမာရှိနေရဲ့လားဆိုပြီး လွမ်းနေရတဲ့ခံစားချက်က ရင်ထဲမှာ အရမ်း၊ အရမ်းကိုပူလောင်သောကဖြစ်ခဲ့ရတယ်။ မင်းက ဘယ်သိခဲ့မလဲ.... "
ခရစ်စတိုဖာ၏ပါးဖွေးဖွေးနှစ်ဖက်မှာ အနီရောင်ရှက်သွေးတန်းတစ်ခုက ဖြာခနဲဖြတ်သန်းသွားသည်။
" ဆုံးရူံးရမှာကြောက်လွန်းတဲ့ ခံစားချက်ကို ခံစားဖူးလား"
ခရစ်စတိုဖာ၏ခါးကို သိုင်းဖက်ထားသည့် ဂျရယ်မိုင်ရာ့လက်များဟာ တင်းကျပ်သည်ထက် တင်းကျပ်လာသည်။
" ဖြစ်နိုင်ရင် မင်းငါ့ကို ပြန်မှတ်မိစေချင်သလို၊ မမှတ်လည်း မမှတ်မိစေချင်ဘူး...ငါကြောက်လည်းကြောက်တယ်။ မင်းကိုဆုံးရူံးမှာရော...ငါ့ကြောင့် မင်း ဘဝတစ်ခုလုံး ထိခိုက်မှာရော... တစ်ခါတလေကျတော့ ငါ ဘာကိုမှမကြောက်လည်း မကြောက်ပြန်ဘူး။ မင်းနဲ့သာ အတူတူနေရမယ်ဆို တစ်ကမ္ဘာလုံးက ငါတို့ကို မကွဲကွဲအောင် နှောင့်ယှက်ကြရင်တောင်... ငါအကုန်သတ်ပြီး မင်းနဲ့အတူတူနေမှာ။ ဒါပေမဲ့ ... စိတ်ကူးမိရုံလေးပါပဲ "
ဂျရယ်မိုင်ရာ၏အသံတွင် ဝမ်းနည်းနာကျင်မှုများ တသီကြီးပါနေခဲ့သည်ကို ခရစ်စတိုဖာ ရိပ်မိသည်။
"မင်း ကိုယ့်ကို မှတ်မိအောင် ပြန်လုပ်နိုင်တဲ့နည်းလမ်းကတော့ မင်းရဲ့အုပ်ထိန်းသူတွေကို မေးရင်ရမှာပေါ့။ မင်းကို သူတို့ဖျောက်ထားတဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် လုပ်ဖို့ဆိုတာ မိစ္ဆာ spell တွေနဲ့ နတ်ဘုရား spell တွေ မတူနေတော့ ခက်ခဲတယ်၊ ငါကြိုးစားပေးကြည့်ချင်ပေမယ့်လည်း မင်းအပေါ်မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှု ဆိုးဆိုးဝါးဝါးဖြစ်လာမှာကို စိုးရိမ်လို့။"
ဤတစ်ကြိမ်မှာတော့ ခရစ်စတိုဖာထံကနေ ဧရာမသက်ပြင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
" ဂျရယ်မိုင်ရာ .. မင်း ငါနဲ့နေရင် ကံဆိုးလိမ့်မယ်။ ဂါဗင်က ငါတို့နှစ်ယောက်နမ်းနေတာကို သက်သေတွေနဲ့ ငါ့အဖေရယ် ဘုရင်ကြီးဆီရယ် သွားပြပြီးလောက်ပြီ...မင်းကို သူတို့တွေ လာသတ်ကြတော့မှာ"
" ငါက ကာကွယ်ပေးသွားမှာ "
" တော်ပါတော့။ ငါ့ကို မမုန်းနိုင်ဘူးလား ဂျရယ်မိုင်ရာ "
" မမုန်းဘူး "
ခရစ်စတိုဖာက သူ့လက်တွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားလေ ပိုတင်းတင်းဖက်ထားလေ။
" အသက်ရှူကြပ်တယ်။ လွှတ်ကွာ "
ခရစ်စတိုဖာက ဂျရယ်မိုင်ရာ၏လက်များကို ဆွဲဖယ်ရှားသော်လည်း မအောင်မြင်ခဲ့ပေ။
"မင်းကို သိစေချင်တယ်...မင်းကို အနစ်နာခံပြီး ဒီလောက်ချစ်နေတဲ့ ငါ့ကို အဲဒီလောက် မမုန်းသင့်ပါဘူး။ အရမ်းရက်စက်နေရာရောက်တယ်လေ "
ခရစ်စတိုဖာ၏နဂါးမျက်စောင်းကြောင့် ဂျရယ်မိုင်ရာလည်း ဆက်မစနောက်တော့ပေ။ ထို့နောက် ကုတင်ပေါ်ကနေဆင်းသွား၏။
" ကဲ ... ရေသွားချိုးပြီ တူတူချိုးဦးမလား"
ခရစ်စတိုဖာ၏စူးရှသည့် မျက်စောင်းထိုးနေပုံကိုသဘောကျသဖြင့် တစ်ခစ်ခစ်ရယ်လျက် ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။ ခရစ်စတိုဖာကမူ သူ့လက်ထဲတွင်ရှိနေသည့် ဓာတ်ပုံနှစ်ခုကို သူ၏လက်ချောင်းထိပ်လေးများဖြင့်ထိတွေ့ရင်း သူတို့၏ငယ်ဘဝကပုံများကို နောက်တစ်ကြိမ် ပြန်ကြည့်နေရင်း အတွေးလွန်မိနေသည်။
' ကီမိုနိုနဲ့ကလေးလေးက ငါတဲ့လား...။ '
' ငါနဲ့ အဲဒီကောင်က ဒီလောက်ထိ ရင်းနှီးနေခဲ့တယ်ပေါ့လေ။ '
' ဒီဓာတ်ပုံထဲကဟာမလေးက ငါဆိုတာတော့ သေချာပါတယ်။ ငါ့အိမ်က ဓာတ်ပုံတွေထဲက ငယ်ရုပ်အတိုင်းပဲ။ '
{အတိတ်က ဖြစ်ရပ်}
အင်္ဂလန်တွင် ဂျပန်လောက် ချယ်ရီပန်းပင်မပေါသော်လည်း ပွင့်သည့်နေရာဒေသတွေမှာတော့ ဝေဝေဆာဆာပွင့်လေ့ရှိကြသည်။ ပုံမှန်အားဖြင့် မတ်လနှောင်းပိုင်ူကနေ မေလလယ်အထိလောက်က ချယ်ရီပန်းများပွင့်ဝေသော အခိုက်အတန့်ကာလတစ်ခုဖြစ်၏။
" Surprise !!!"
" ဝါး...အီတိုလေးက ကီမိုနိုလေးနဲ့ ....အား..ငါသေပြီ။ နှလုံးသားတွေထဲ အချစ်မြှားတွေ အစင်းတစ်ထောင်လောက်စိုက်သွားပြီ "
" ကိုကြီး သဘောကျရဲ့လား ... ကိုကြီးက ဒီလိုလေး ၀တ်လာပါပြောလွန်းလို့ မေမေ့ကို ပူဆာပြီး ဖေဖေမသိအောင် ခိုးဝတ်လာတာလေ ဟီးဟီး "
"အား သဘောကျလွန်းလို့ သေတော့မယ်။အား...ချစ်စရာလေးကွာ၊ ငါ့ခရစ်လေးက ချစ်ဖို့ကောင်းလိုက်တာ မွမွ .... အသည်းယားလွန်းလို့ ငုံထားချင်ပြီ "
" ဒီနေ့ ကိုကြီးရဲ့ကောင်မလေးဖြစ်ပေးမယ်လို့ "
" အယ်.....အဟက်ဟက်...အဲဒါဆို ဒီနေ့ချစ်သူတွေအနေနဲ ဟန်ဆောင်နေကြမယ်ပေါ့လေ... "
" ဟီး...ဟုတ်တယ် ဟုတ်တယ် "
အများအမြင်မှာမူ ၁၅ နှစ်အရွယ် ရွှေရောင်ဆံနွယ်ဘိုကောင်လေးနှင့် ၉ နှစ်အရွယ် ကီမိုနိုဝတ်ထားသောဂျပန်မလေးတို့နှစ်ယောက်သားက ချယ်ရီပင်များအောက်တွင် ပျော်မြူးနေခဲ့ကြသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
"ခရစ်ကလေးကို ဓာတ်ပုံရိုက်ပေးမယ် ဟိုနားလေး သွား...အဲ ဟုတ်ပြီ၊ pose လေးသေချာပေးအုံး၊ အနေအထားကောင်းတယ်။
Ok...1 2 3 4 smile "
' ချလပ်...ချလပ် '
ဂျရယ်မိုင်ရာလေးသည် သူတို့နှစ်ယောက်တွဲဓာတ်ပုံရိုက်ချင်သောကြောင့် လမ်းသွားလမ်းလာများထဲမှ လူတစ်ယောက်ကို သူတို့အားဓာတ်ပုံရိုက်ပေးရန် အကူအညီတောင်းခဲ့သည်။
" ဦလေး ဦးလေး...တစ်ဆိတ်လောက် ခွင့်ပြုပါခင်ဗျ။ သားတို့ကို ခဏလောက် ဓာတ်ပုံရိုက်ပေးပါနော် "
" Ok ကောင်လေး "
အမျိုးသားကြီးသည် ဂျရယ်မိုင်ယာအကူအညီတောင်းသည့်အတိုင်း သူတို့နှစ်ယောက်ကို ဓာတ်ပုံသေချာရိုက်ပေးခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်ဟာ ပျော်ရွှင်မြူးထူးစွာဖြင့် နှစ်ယောက်အတူ လက်ချင်းချိတ်ပြီး လျောက်လည်ခဲ့ကြ၏။
တစ်နေရာအရောက်တွင် အီတိုလေးသည် ဂျရယ်လေး၏နူတ်ခမ်းလေးကို လျှပ်တစ်ပြက်နမ်းလိုက်သည့်အလျောက် ဂျရယ်မိုင်ရာလေးတစ်ယောက် ရင်ခုန်မြန်လွန်းပြီး ကျောက်ရုပ်ဖြစ်သွားတော့သည်။
ကလေးစိတ်ဖြင့်နမ်းခဲ့သော အဖြူထည်အနမ်းတစ်ခုသာ။
ခရစ်စတိုဖာငယ်စဥ်က ဂျရယ်မိုင်ရာကို အလွန်ချသ်ခင်မြတ်နိုးပြီး တခြားသူများကနေ သူ့ကိုမိန်းကလေးဟုမြင်မိသည်ကိုမုန်းသော်ငြားလည်း ဂျရယ်မိုင်ရာကိုတော့ ချွင်းချက်ဖြစ်ခဲ့သည်။ သူ့ကိုကြီးဂျရယ်ကနေ သူ့ကို " ချစ်စရာကောင်မလေး " ဟုခေါ်လျှင် သူ့အနေဖြင့် လွန်စွာသဘောကျခဲ့သည်။
" ဟီးဟီး ချစ်တယ်...ဒါ အီတို့ရဲ့ မွေးနေ့လက်ဆောင်ပဲ။ Happy Birthday ပါ ကိုကြီးဂျရယ် "
" ဒီကလေးလေးကတော့ ရင်ခုန်အောင် သိပ်လုပ်တာပဲ.... ဒီနေ့မွေးနေ့လက်ဆောင်တွေထဲ ကိုကို့ကောင်မလေးပေးတာတွေကို အကြိုက်ဆုံးပဲ "
"ဒါနဲ့ကိုကြီး"
"အွန်း..."
"ဂျပန်က ဟာနဘိ မီးပန်းပွဲတော်ကျင်းပတဲ့အခါ ကိုကြီး တစ်ခါလောက် လာလည်ပါလား။"
"အွန်း...အိမ်ကိုပြောကြည့်ပြီး လာခဲ့မယ်လေ..."
"၀ါး...တကယ်နော်"
"တကယ်ပါ...ကိုကြီး ခရစ်လေးကို ကတိပေးတယ်။"
"ဟီးဟီး..."
----
ရေချိုးခန်းအတွင်းရှိရေပန်းအောက်တွင် ရေစက်များနှင့်အတူတူ ဂျရယ်မိုင်ရာ၏မျက်ရည်စက်များဟာလည်း လိုက်ပါစီးကျနေခဲ့သည်။ ငယ်ဘဝက ပျော်စရာမှတ်ဉာဏ်တွေကို ပြန်မြင်ယောင်လာရင်း အသံများကိုကြားယောင်လာတိုင်းမှာ သူ့ရင်ဘတ်နှလုံးအိမ်တွင် ကာလအတော်ကြာအောင် ခံစားခဲ့ရသောနာကျင်မှုများက တဆစ်ဆစ်ပြန်ပေါ်လာ၏။
အတောမသတ်နိုင်သည့် ယူကျုံးမရပါသောဝမ်းနည်းခြင်းများက သူ့ရင်ထဲတွင် ဆက်လက်ခံစားဖို့ရာ မဆန့်နိုင်တော့သည့်အဆုံး အံကိုကြိတ်ကာ မျိုသိပ်လိုက်ရသည်။
ရေချိုးခန်းနံရံကိုလည်း လက်သီးဖြင့် တရစပ် ထုရိုက်နေခဲ့၏။
ခရစ်စတိုဖာသည်လည်း ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ကာ တွေဝေနေခဲ့လျက်...။
◎ ══════ ❈ ══════ ◎