╔═════ ࿇ ═════╗
ပဏာမနိဒါန်း
╚═════ ࿇ ═════╝
ငြိမ်ဆိမ်နေသောမြက်ပင်များက ဖျတ်ခနဲပြေးလွှားသွားသောအရာကြောင့် ယိမ်းယိုင်လူပ်ရှားသွားသည်။ မြေပြင်ပေါ်ဝယ် မိုးဖွဲလေးများသာ ကျရောက်နေသော မှိုင်းညို့ညို့မိုးသောက်ယံပင်။
မိုးရေစက်တို့ကြောင့် အိုင်ဖြစ်တည်နေသော ဗွက်အိုင်များပေါ် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသောအခါ ဗွက်စဗွက်ငယ်တို့မှာ ဘေးဘက်များသို့ ဖိတ်စင်သွားလေသည်။
ထိုပြေးလွှားနေသောအရာဆီသို့ အစီအရင်မန္တန်နှင့် ဖန်တီးထားသည့်မြှားတစ်စင်းက အရှိန်အဟုန်တစ်ခုဖြင့် ဆိုက်ရောက်ကာ ထိုးဖောက်ဝင်သွားတော့၏။ မကြာခင် ကောင်လေးတစ်ယောက်၏မျက်နှာပေါ်တွင် အောင်ပွဲခံအပြုံးတစ်ခုရှိနေခဲ့သည်။
" မိစ္ဆာကောင်လေး မင်း ဘယ်ပြေးလွတ်မလဲ။ ပျော်လိုက်တာ။ မင်းကိုဖမ်းမိတာ ငါ့အဖေဆီ သွားသက်သေပြရမယ်။ အဲဒါဆိုရင် အဖေက ငါ့ကို ပညာအသစ်တွေ သင်ပေးတော့မှာ ဟားဟား "
၁၃ နှစ်အရွယ်သာရှိသေးသောကောင်ကလေးက မြေခွေးဖြူလေးကိုကြည့်၍ တဟားဟားလှောင်ရယ်နေခဲ့၏။ ထို့နောက် မြားပစ်ခံထိထားသဖြင့် မထနိုင်တော့သည့် ထိုလူတစ်ပိုင်း၊မိစ္ဆာတစ်ပိုင်းရောနှောသည့်မြေခွေးဖြူသတ္တဝါငယ်လေးကို လှောင်အိမ်ထဲသို့ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။
" ဟောဒီက အစ်ကိုကြီး ... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကိုချမ်းသာပေးပါ။ ကျွန်တော် ဘယ်လူသားကိုမှ
အန္တရာယ်မပေးပါဘူး ... ယုံကြည်ပေးပါလား ... "
" ဘယ်ရမလဲကွ ... မင်းလိုကောင်ကို ယုံမယ်ထင်နေလား။ မင်းကို အသေသတ်ပစ်မှာ ... "
" မလုပ်ပါနဲ့ ... ကျွန်တော် မသေချင်သေးဘူး ...မသတ်ပါနဲ့ ... မသတ်ပါနဲ့"
အမြီးကိုးချောင်းမြေခွေးမိစ္ဆာလေးက မိစ္ဆာနှိမ်နင်းသူကောင်လေးကို မျက်ရည်ရွဲနစ်နေသောအကြည့်များဖြင့် ခခယယ ငိုယိုတောင်းပန်ရှာသည်။ ကြောက်အားကြီးလွန်းနေသ၍ ကျင်ငယ်ရေတွေတောင် ထွက်နေသည်။
သူ၏သနားကမားမျက်လုံးလေးများက မိစ္ဆာနှိမ်နင်းသူဆရာပေါက်စလေးကို မျက်ရည်ရွဲရွဲလေးဖြင့် အဆက်မပြတ်တောင်းပန်နေခဲ့သည့်အခါ ကောင်လေးလည်း ကလေးတို့၏ဖြူစင်သောစိတ်ကလေးကြောင့် သနားကရုဏာသက်သွား၏။
" အင်းးး ငါမင်းကို ယုံကြည်ပြီး လွှတ်ပေးလိုက်မယ်။ အေးနော်...မင်း ငါ့လက်ကလွတ်သွားပြီးလည်း လူသားတွေကို ဒုက္ခပေးဖို့ မလုပ်နဲ့။ လုပ်ရင် ငါလာသတ်မှာ ... သွားတော့"
"လွှတ်ပေးတာကိုကျေးဇူးတင်ပေမဲ့ အခုတော့မထနိုင်တော့ဘူး... ဒဏ်ရာကြောင့် အရမ်းနာနေတယ် "
မြေခွေးဖြူလေးက အသံတုန်ယင်စွာပြောလာသည်။ ထိုအခါ ကောင်လေးက သူ့မျက်ခုံးများက အပေါ်သို့ မြောက်တက်သွားလျက် နံကြားခါးထောက်ကာ မြေခွေးဖြူလေးကိုကြည့်နေ၏။
" ဟေ ဟုတ်သား။ ခက်တာပဲ။ ငါဖြေဆေးမန္တန် မသင်ရသေးတော့မသိဘူး။ ဖြေဆေးကျောက်လည်း မရှိတော့.... စိတ်မကောင်းပါဘူး။ မင်း သေတော့မှာ"
ကောင်လေး၏ညှာတာခြင်းမရှိသောစကားလုံးများကြောင့် မြေခွေးမိစ္ဆာလေးဟာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။ သူ့ငိုသံကြောင့် ချယ်ရီပန်းပင်များထက်တွင် နားနေကြသည့်ငှက်အုပ်များပင် အလန့်တကြား ဖြစ်သွားကြလျက်။ သို့ဖြစ်လျှင် သူ့ငိုသံက ငှက်များလန့်ဖျတ်ကာ ထပျံကြရသည်အထိ ကျယ်လောင်ခဲ့သည်။
" အေးပါ၊ အေးပါ။ ငိုတာရပ်။ ငါ့အိမ်ပြန်ပြီး အဖေ့ဆီက ဖြေဆေးကျောက် သွားခိုးပေးမယ်။ ကျောက်ကိုတော့ ငါကောင်းကောင်းသုံးတတ်တယ်။ မန္တန်သာ မတတ်တာ။ ကဲ ... ငါ မင်းကိုလုံခြုံတဲ့နေရာခေါ်သွားပေးမယ်။ အဲဒီမှာသာ စောင့်နေ ..."
ကောင်လေးလည်း အမြီးကိုးချောင်း မြေခွေးဖြူမိစ္ဆာလေးကို သူတစ်ယောက်တည်း ဆော့ကစားလေ့ရှိသောနေရာ တစ်ခုသို့ အလျင်အမြန်ခေါ်သွားပေး၏။
" မသေချင်သေးဘူးဆိုရင် မသေနဲ့အုံးနော်။ ငါ ဟိုမှာ အဖေလစ်တာကို စောင့်ပြီးသွားခိုးရမှာ။ ကြာကောင်းကြာနိုင် တယ်။ တော်ကြာစောင့်ရင်း အသက်ထွက်နေမှ ဒုက္ခ။ အခု သွားလိုက်အုံးမယ် "
မိစ္ဆာနှိမ်နင်းသူကောင်လေးလည်း အိမ်အမြန်ပြန်ပြီး သူ့အဖေအလစ်ကို အချိန်ကောင်းစောင့်ကာ ဖြေဆေးကျောက်ကို ကြိုးစားခိုးယူ၏။ သူ့ခန္ဓာကိုယ်ကိုလည်း အိမ်သားများ မြင်သွားမှာစိုးရိမ်သဖြင့် ဖျောက်ထားရသေးသည်။
ထို့နောက် မြေခွေးမိစ္ဆာဖြူလေးအတွက် မီးဖိုချောင်ထဲမှ စားသောက်ဖွယ်ရာများလည်း ခိုးသယ်၏။ ပြီးလျှင် ဒဏ်ရာရာနေသော မြေခွေးဖြူလေးထံ ဒုန်းစိုင်းပြေးတော့သည်။
" ကျောက်ရလာပြီဟေ့ "
မြေခွေးဖြူလေးက ကောင်လေး၏အသံကို ကြားလိုက်လျှင် ချက်ချင်းနိုးထလာပြီး ဝမ်းသာသောအကြည့်ဖြင့် ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရယ်"
ခရမ်းစွဲနှင့်စိမ်းပြာရောင်ရောစပ်နေသောကျောက်ရိုင်းတုံးက ဘဲဥပုံလည်ဆွဲပြားကြီးသဏ္ဍာန်အဖြစ် ဖန်တီးထားခံရသည်။ ထိုလည်ဆွဲပြားမှော်ဝင်ဆေးကျောက်အား မြေခွေးဖြူလေး ဒဏ်ရာရနေသော ပေါင်အလယ်သားတစ်ဝိုက်ပေါ် ၌ထားပြီးကုသပေးခဲ့သည်။ မကြာမှီတွင် မြေခွေးဖြူလေး၏ဒဏ်ရာက တဖြည်းဖြည်းသွေးတိတ်သွားပြီး အလုံးစုံပျောက်ကင်းသွား၏။
" ရော့ မင်းအတွက် မုန့်တွေအစုံသယ်လာတာ ... စားလိုက်၊ မင်းလည်းငတ်နေမှာပဲ "
" အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုကြီးရယ်။ အစ်ကိုကြီးက အရမ်းစိတ်ကောင်းရှိတာပဲ "
" မင်းကငါ့ကို အစ်ကိုကြီး အစ်ကိုကြီးနဲ့။ မင်းအသက်က ဘယ်လောက်မို့လဲ။ မင်းရဲ့ လူပုံစံပြောင်းပြလေ ... "
" ကျွန်တော်က ဟောဒီက အစ်ကိုကြီးထက်ငယ်မယ်ထင်လို့ပါ။ ဒါ ကျွန်တော့်ရဲ့လူပုံစံပဲ ... "
အမြှီးကိုးချောင်းမြေခွေးဖြူလေး၏လူပုံစံက ချစ်စဖွယ် ၇ နှစ်သားလေးပင်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်က အခင်ဆုံးသူငယ်ချင်းများဖြစ်သွားကြ၏။ အမြဲတမ်းနီးပါး လူသူကင်းမဲ့သောအချိန်အခါများတွင် ချိန်းဆိုဖြစ်ကြကာ နှစ်ယောက်သားဆော့ကစားလေ့ရှိခဲ့ကြသည်။ သူတို့၏ဘဝအကြောင်းနှင့် တစ်နေ့တာအကြောင်းများ နှီးနှောဖလှယ်ကာ စကားပြောကြသည်။
လူသားနှင့်မိစ္ဆာဆိုသော်ငြား အဖြူထည်စိတ်ရှိကြသည့် ချစ်စရာကလေးများသာ။ ထို့ကြောင့် သူတို့၏ဘဝအမှန်များကို မေ့ထားနိုင်ကြပြီး အချစ်ဆုံးသူငယ်ချင်းများအဖြစ် တစ်သက်လုံး နေထိုင်သွားကြဖို့အထိ ကတိပေးထားခဲ့ကြ
သည်။
❅❅❅❅
ထိန်ထိန်သာနေသော လဝန်းပြည့်ကြီး၏ပုံရိပ်သည် ချယ်ရီပန်းပွင့်ကလေးများကြွေကျနေရာ ရေပြင်ထက်ဝယ် ဝင့်ကြွားစွာ တည်ရှိနေလျက်။
ကောင်ငယ်လေးနှင့်မြေခွေးဖြူလေးတို့က လှေဆိပ်ကမ်းတံတားလေးထက်တွင် ထိုလပြည့်ဝန်းကြီးနှင့် ရေပြင်၏အလှတရားကိုငေးမောလျက် ကြည့်ရှုခံစားနေခဲ့ကြကာ စကားစမြည်ပြောနေခဲ့ကြ၏။ မြေခွေးဖြူလေးက မြေခွေးအသွင်ပြောင်းထားသောကြောင့် သူ၏ကိုယ်အလည်ပိုင်းသည် မိစ္ဆာနှိမ်နင်းသူကောင်လေးအတွက် ခေါင်းအုံးအဖြစ်အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် မိစ္ဆာနှိမ်နင်းသူကောင်လေးက မြေခွေးလေး၏အမွှေးဖြူဖြူနုနုလေးပေါ် ခေါင်းအုံးသဖွယ် အမှီပြုရင်း လဲလျောင်းနေခဲ့၏။ မြေခွေးလေး၏ တင်ပါးလေးကိုလည်း ပွတ်သပ်ပေးနေခဲ့သည်။
" ကိုကြီး ဂျရယ် ..."
" အွန်း "
" ကိုကြီးကို ဆုံးရူံးရမှာသိပ်ကြောက်တာပဲ ... "
" ဘာလို့လဲ ... ခရစ်လေးရဲ့ "
(မှတ်သားရန်။ ။ Jere - ဂျရယ်၊ Chris - ခရစ်)
" ကိုကြီးက ဒီကမ္ဘာမှာ ကျွန်တော့်လို မိစ္ဆာတစ်ကောင်အပေါ် လက်ခံနားလည်ပေးနိုင်တဲ့ တစ်ယောက်သောသူလေ။
ကျွန်တော့်အတွက်တော့ ကိုကြီးဂျရယ်က အဖိုးတန်ရတနာလေးလိုပဲ "
" အဟက်ဟက် ... ဒီမြေခွေးပေါက်စလေးကတော့ အလိုတွေပြောလေ။ ကိုယ့်မှာ မိစ္ဆာတွေတောင် မဖမ်းချင်တဲ့စိတ်တွေပေါ်လာမိတယ်။ မင်းလေးလို စိတ်ကောင်းရှိတဲ့မိစ္ဆာတွေရှိနေအုံးမယ်ဆိုတဲ့အသိကြောင့် မှားယွင်းပြီး မသတ်မိချင်ဘူး "
" ကျွန်တော်တို့မိစ္ဆာတွေဆိုတာ စကြာဝဠာတစ်ခုလုံးက နတ်ဘုရားတွေ မုန်းတာလည်းခံရတယ်။ ကိုကြီးတို့လို နတ်ဘုရားတစ်ပိုင်း လူတစ်ပိုင်း မိစ္ဆာနှိမ်နင်းဆရာတွေ မုန်းတာလည်း ခံရသေးတယ်။ လောကကြီးက မတရားလိုက်တာ။ ကျွန်တော် မိစ္ဆာမဖြစ်ချင်တော့ဘူးဗျာ။ ဘာလို့များ ရုပ်ညံ့တဲ့မိစ္ဆာတစ်ကောင်အနေနဲ့ မွေးဖွားလာခဲ့တာပါလိမ့် ..."
" ကဲကဲ စိတ်မကောင်းမဖြစ်နေနဲ့။ ကိုကြီးက မင်းကို အမြဲတမ်းကာကွယ်ပေးသွားမှာ။ ခရစ်လေး ဘာမှကြောက်စရာမလိုဘူး... ဟုတ်ပြီလား ... "
" ဟီးဟီး "
ကောင်လေးက ရယ်မောနေသော မြေခွေးလေး၏ခေါင်းကို ဖွဖွကလေး နမ်းလိုက်သည်။ ကလေးနှစ်ယောက်မှာ သူတို့၏ကမ္ဘာလေးထဲတွင်သာယာနေခဲ့ကြ၏။ သို့သော် နောက်ကွယ်၌ သူတို့အား သေချာချောင်းကြည့်နေခဲ့ကြသော အုပ်စုတစ်စု ရှိနေခဲ့သည်။
" ဟား ... ချယ်ရီပန်းလေးတွေ ကြွေကျလာပြီ ကိုကြီး "
" ဟုတ်ပါ့ "
ကောင်လေးက လှသွေးစုံလင်သည့် ချယ်ရီပန်းပွင့်လေးများကို တစ်ပွင့်ချင်းစီ သူ၏လက်နှစ်ဖက်ဖြင့်အပြည့်ကောက်ယူပြီး မြေခွေးဖြူလေး၏ခေါင်းပေါ် သို့ ဖြန့်ကျဲပေးလိုက်သည်။ ကလေးနှစ်ယောက်မှာ တခစ်ခစ်ဖြင့် ရယ်နေခဲ့ကြသည်။ ထို့နောက် ကောင်လေးက သူ၏နှာခေါင်းနှင့် မြေခွေးဖြူလေး၏နှာဖျားထိပ်လေးကို ထိတွေ့နေခဲ့လျက်။
ရုတ်တရက် ကောင်လေးမှာ အပြင်းအထန် ဦးခေါင်းကိုက်ခဲသည့် ဝေဒနာကို စတင်ခံစားလာရ၏။ ထို့နောက် မြေခွေးဖြူလေးလည်း မခံမရပ်နိုင်အောင် ခေါင်းကိုက်လာ၏။ မိနစ်ပိုင်းအတွင်း နှစ်ဦးသားမှာ တံတားပေါ်တွင် သတိမေ့လဲသွားကြသည်။ မြေခွေးဖြူလေးက မိစ္ဆာတစ်ချို့၏သယ်ဆောင်ခြင်းကို ခံခဲ့ရသောကြောင့် သူ၏ကိုကြီးဂျရယ်ကို
နူတ်ဆက်စကား ပြောခွင့်မသာတော့ပေ။
ထိုကောင်လေးတစ်ယောက်တည်းသာ ချယ်ရီပန်းပွင့်လေးများနှင့်အတူ ကျန်ရစ်နေခဲ့ရင်း ... ။
❅❅❅❅
"ကျွန်တော်မျိုးတို့ အကုန်ဆောင်ရွက်ပြီးပါပြီအရှင် "
" အင်း သူ့ကိုထားခဲ့။ ငါ အခန်းထဲ သယ်သွားလိုက်မယ် "
" အမိန့်အတိုင်းပါ အရှင် "
မိစ္ဆာဖခင်က အိပ်ပျော်နေသော သူ့သားငယ်လေးကို ကြင်နာစွာထွေးပွေ့ပြီး သူ့အခန်းထဲ ခေါ်ဆောင်သွားတော့သည်။
Little Chris in fox version
(Made with AI)
•------☆------••------☆------•
IF က ဇာတ်လမ်းအစမှာမြန်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းစိတ်ရှည်ရှည်နဲ့သာ ဆက်ဖတ်သွားမယ်ဆိုရင် MC character ကနေ Side Character အထိ ကြေကွဲစရာဇာတ်လမ်းလေးတွေနဲ့ အရိုတလိုင်း၊ အဆွေးတစ်လိုင်းနဲ့ ငြိမ့်ငြိမ့်လေးစီးမျောခံစားရပါလိမ့်မယ်။ ဆက်ရှည်ရှည်နဲ့အဆုံးထိ ဖတ်ပေးကြမယ်ဆိုရင် ဝမ်းသာပီတိဖြစ်မိမှာပါ 💖🫶
သွယ်ဝိုက် (သို့) တစ်စိတ်တစ်ပိုင်း ခိုးချတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲခိုးချခိုးချ ခိုးချရင် ဖင်နူလက်နူပဲ။
╔═════ ࿇ ═════╗
𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬
╚═════ ࿇ ═════╝
•------☆------••------☆------•