ဝိုင် ( Y )
Part 53
Unicode
"ဖိုးဖိုး , မီးမီး ပြီးပြီ "
မြေးဝိုင် ကျောင်းကိစ္စပြီး၍ ပြန်လာတော့မည်ဆိုသောကြောင့် ဧည့်ခန်းထဲတွင်ထိုင်ကာ လေဆိပ်သွားကြိုရန်အသင့်စောင့်နေတုန်း ရတီလေးကပါဘေးနားရောက်လာကာပြောလာသည် ။
"ဖိုးဖိုး မြေးမလေးက ကိုကို့ ကိုသွားကြိုရတော့မယ်ဆိုတော့ မြန်တာကွာ "
"ဟီး "
ပါးချိုင့်လေးတွေချိုင့်ဝင်သည်အထိ ပြုံးရယ်ကာသဘောကျနေသော ကလေးမလေးကြောင့်လည်း ဦးခန့်ညား စိတ်ချမ်းသာပြီးအသက်ရှည်နေရတာဖြစ်သည် ။ မောင်နှမ နှစ်ယောက်အိမ်ရောက်လာထဲက မြေးဖြစ်သူကလည်း အရင်လိုအေးစက်စက်မဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့သည်လေ ။ အမြဲတိတ်ဆိတ်နေသောအိမ်လေးသည်လည်း ရယ်မောသံလေးတွေနှင့်ပြည့်နှက်လာခဲ့သည် ။
"ဘဘကြီး , ကိုရွှေ က ဝမ်းလျောနေတယ် ၊ အဲ့တာအခု အိပ်ယာထဲမှာ "
"ဟေ..ဟုတ်လား ၊ မောင်ရွှေကတော့အစားအသောက်ဆင်မှမဆင်ခြင်ပဲကိုး ၊ အေးအေး ဆေးသောက်လို့မသက်သာရင် ဆရာဝန်ခေါ်ပေးလိုက် "
"ဟုတ်ကဲ့ ဘဘကြီး ၊ မောင်နှစ်သစ် ကိုသွားကြိုဖို့ဘယ်လိုလုပ်မလဲ "
"ရပါတယ် ၊ မြေးသွေး ကိုပဲလိုက်ပို့ခိုင်းလိုက်တော့မယ် "
"ဟုတ်ကဲ့ ကျွန်မ အပေါ်ထပ်မှာသွားခေါ်လိုက်မယ်နော် "
"ကျွန်တော်ကအဆင်သင့်ပဲ ၊ ဖိုးဖိုးတို့ပြီးရင်သွားကြမယ် "
ဒေါ်ထား ဧည့်ခန်းထဲမှလှည့်ထွက်ယုံရှိသေးသည် သွေး ကအပေါက်ဝတွင်မတ်တပ်ရပ်နေကာစကားပြောလာသည် ။
"ဟုတ်ပြီ ၊ ဒါဆိုလည်း သွားကြရအောင် လေယာဥ်ဆိုက်ချိန်တောင် နီးနေပြီ "
သွေး , မနေ့က ချာတိတ်ထံ ဖုန်းဆက်၍ အကျိုးအကြောင်း မေးပြီးထဲက ဒီနေ့ပြန်လာမည်ဟုသိလိုက်ရသည် ။ ပြန်သွားသည့် သုံးရက်အတွင်းပင် ဒီချာတိတ်လေးအား သတိရတတ်နေသည့် ကိုယ့်စိတ်ကြောင့်လည်း မလုံမလဲဖြစ်နေမိသည် ။ မနက်က ဦးရွှေ တစ်ယောက်ဝမ်းပျက် နေသည်ကိုမြင်လိုက်သဖြင့် ကိုယ်တိုင်ပင်သွားကြိုရန် ဆုံးဖြတ်လိုက်တော့သည် ။
🌾🌾🌾
"စိမ့် ကလာရှိုးကိုတန်းမပြန်ဘူးလား "
"မပြန်ဖြစ်သေးဘူး သစ် ၊ ရန်ကုန်မှာပဲ နေပြီး လေးလေးမိတ်ဆွေ Company မှာအလုပ်ဝင်ဖြစ်မယ်ထင်တယ် "
"ဪ..ကောင်းသားပဲ ၊ ဒါဖြင့် ကျွန်တော့် ကိုခွင့်ပြုပါဦး ၊ နောက်မှဆုံတာပေါ့ "
"Okay..See you "
လေဆိပ်ထဲ ဝင်ဝင်လာခြင်းပင် တစ်ယောက်နဲ့တစ်ယောက် လူမြင်ကွင်းမရှောင် ဖက်ထားကြသည့် လူနှစ်ဦးကြောင့် သွေး ချောင်းဟန့်လိုက်သည် ။
"အဟမ်း "
စိမ့် ၏ အကျင့်ဖြစ်သော လက်နှစ်ဖက်ဆန့်တန်းကာ ဖက်ပြီးနှုတ်ဆက်တတ်သည်မို့ ဝိုင် ပြန်၍ နှုတ်ဆက်နေတုန်း ယဥ်ပါးနေပြီဖြစ်သော ကိုယ်သင်းရနံ့နှင့်အတူ ဦးသွေး တို့ရောက်လာကြတာကို ဝိုင် မြင်လိုက်သဖြင့် နှုတ်ဆက်နေရာမှလူချင်းခွါလိုက်ကြသည် ။ ဦး မျက်နှာကိုကြည့်လိုက်တော့လည်း အလိုကျဟန်မတူသော ပုတ်သိုးသိုးအနေအထားဖြစ်နေသောကြောင့် ဝိုင် စိတ်ထဲရယ်ချင်သွားရသည် ။
"ဖိုးဖိုး ပါလိုက်လာတာလား ၊ ကျွန်တော့် ဘာသာပြန်လာလို့ရတာကို ပင်ပန်းခံလို့ ဖိုးဖိုးရယ်.."
"ရပါတယ် မြေးဝိုင်ရယ် ၊ ဖိုး လည်းအပြင်မထွက်တာကြာတော့ ထွက်လာခဲ့တာ ၊ သူလေးကဘယ်သူလဲကွဲ့ "
"မဂ်လာပါ ဖိုးဖိုး ၊ သမီးက သစ် ရဲ့သူငယ်ချင်းစိမ့် ပါ ဟိုမှာကျောင်းတက်တဲ့တစ်လျှောက်လုံး သစ် ကပဲကူညီပေးတာလေ ၊ သစ် က တကယ်တော်တာ ဖိုးဖိုး ရဲ့ "
ဝိုင် ပင် မိတ်မဆက်ပေးလိုက်ရပဲ စိမ့် ကတော့ သွက်သွက်လက်လက်ပင် ဖိုးဖိုးအားစကားများပြောကာမိတ်ဆက်နေတော့သည် ။ အနားရောက်လာထဲကစကားတခွန်းမှမပြောပဲ စိုက်ကြည့်နေတာကတော့ ဦး ပင် ။
"ကဲ ဒါဖြင့်လည်း ပြန်ကြမယ်လေ ၊ မြေးမလေး လည်း အကူအညီလိုရင်ပြော ဟုတ်ပြီလား "
ဖိုးဖိုးကတော့ သဘောကောင်းသူပီပီ စိမ့် ကိုပါဖော်ဖော်ရွေရွေနှုတ်ဆက်ပြီး Car Parking ရှိရာသို့ လေးယောက်သားလျှောက်လာခဲ့လိုက်ကြတော့သည် ။
"ကျွန်တော် မောင်းပေးမယ်လေ ဦး "
ပါလာသည့် ပစ္စည်းများအား ကားနောက်ဖုံးဖွင့်ကာ ထည့်ပြီးနောက် ဝိုင် , ဦး ထံမှ ကားသော့တောင်းကာပြောလိုက်သည် ။
"ချာတိတ် ကလိုင်စင် ရှိလို့လား "
ချာတိတ်တဲ့ ဦး က နေပြန်ကောင်းလာထဲက အခေါ်အဝေါ်ပါပြောင်းသွားခဲ့တာ ။ ဝိုင့် အတွက်တော့ ဘယ်လိုပင်ဖြစ်နေဖြစ်နေ ကျေနပ်မိပါတယ် ။ ဦး ရဲ့ မှတ်ဉာဏ်တွေအမြန်ဆုံး ပြန်ရရှိဖို့ကိုလည်း အခုကစပြီး ကြိုးစားရတော့မည် ။
"ဒီမှာကြည့် "
Wallet ထဲမှထုတ်ပြလာသည့် International License လေးကြောင့် သွေး ခေါင်းညိတ်ကာပင် ကားသော့အားပေးလိုက်တော့သည် ။
....ကမ္ဘာမြေမှာခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွှေလယ်ထယ်ဝါစွာဆင်စွယ်နန်းအိမ်
ကြူထရံတွေကာရံကာဓနိမိုးအိမ်နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်....
ဖိုးဖိုး နှင့် ရတီလေးကတော့ နောက်ထိုင်ခုံတွင် ကားထဲမှ လွင့်ပျံလာသော ဓိရာမိုရ်၏အိမ်သီချင်းလေး အားနားဆင်လျှက်ပါလာသလို ။ ဦး ကလည်း Lover Seat မှာထိုင်၍ပင်ရှေ့ကား နောက်ကားပါကူညီ၍ကြည့်ပေးနေသေးသည် ။ ဤသို့ဖြင့် ကျွမ်းကျင်စွာ မောင်းနှင်လာသည့် ကားလေးသည်လည်း အချိန်ေခတ္တမျှကြာပြီးနောက် ရွှေတောင်ကြားထဲရှိ ဦးတို့အိမ်သို့ရောက်ရှိလာခဲ့သည် ။
"ကိုကို , မီးမီး တို့နဲ့ပဲ နေတော့မှာမလား ၊ အရင်လိုမခွဲသွားတော့ဘူး မှတ်လား "
ဝိုင် , အခန်းထဲတွင် Luggage အားနေရာချနေရင်း ရတီလေးက စေ့ထားသော တံခါးလေးအားတွန်းဖွင့်ကာဝင်လာရင်း ကုတင်ဘေးတွင်ထိုင်ကာပြောလာသည် ။
"ဒါပေါ့ ကိုကို က ညီမလေးတို့ကို ဘယ်တော့မှမခွဲသွားတော့ဘူး ၊ အခုကသာ ဖိုးဖိုးတို့ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း ကိုကို ကကြိုးစားပေးတာ ၊ ကိုကိုလည်း ဝါဿနာပါတဲ့ပညာရပ်တစ်ခုဖြစ်နေလို့လေ ။ ညီမလေး လည်း ဖိုးဖိုးတို့ ဦးဦး တို့စကားနားထောင်ရမယ်နော် ကြားလား "
ရတီလေး၏ ဆံပင်အိအိလေးတွေအား ဝိုင် သပ်ကာပြောလိုက်သည် ။
"ဟုတ်ကဲ့ပါ ကိုကိုရဲ့ ၊ မီးမီး နားလည်ပါတယ်..ညကျရင်အရင်လို ပုံပြင်ပြောပြနော် "
အရင်လို ကလေးဆန်စွာ ချွဲနေသေးသည့် ရတီလေးကြောင့် ဝိုင် လည်း ခေါင်းသာညိတ်လိုက်တော့သည် ။
သွေး , အလုပ်ကိစ္စ ဖုန်းပြောပြီးရာမှ အခန်းထဲမှပြန်ထွက်လာတော့ မျက်နှာချင်းဆိုင်အခန်းရှေ့တွင် စကားပြောနေကြသည့် မောင်နှမလေးနှစ်ယောက်ကို ကြည့်ရင်း ကိုယ်ပါစိတ်ထဲတွင်ကြည်နူးမိသွားရသည် ။
" ဒေါက်..ဒေါက်.."
ဦးခန့်ညား စာကြည့်ခန်းထဲတွင်ထိုင်ကာ စာဖတ်နေတုန်း တံခါးခေါက်ကာ ဝင်လာသည့် သူအားကြည့်လိုက်တော့ ဝိုင် ဖြစ်နေသည် ။
"ဘာပြောစရာရှိလို့လဲ မြေး "
"ဖိုးဖိုး ကိုကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ "
"မလိုပါဘူး မြေးရယ် ၊ စိတ်ထဲမထားပါနဲ့ ၊ ဖိုးဖိုးကသာ မြေးသွေး ကြောင့်အားနာနေရတာ "
"ဦး ပြန်မှတ်မိလာအောင် ကျွန်တော် ကြိုးစားမှာပါ ဖိုးဖိုး "
"အေးပါကွယ် "
ဦးခန့်ညား ခေါင်းလေးညိတ်ကာနားထောင်နေတုန်း စာကြည့်စားပွဲပေါ်သို့တင်ပေးလာသော ဘူးလေးတစ်ဘူး ..။
"ဘာများလဲ မြေးရဲ့ "
"ကျွန်တော် စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ဖိုးဖိုး ကိုကန်တော့ချင်လို့ ဝယ်လာခဲ့တာပါ ၊ မငြင်းပါနဲ့နော် "
ဖွင့်ကာကြည့်လိုက်တော့ တန်ဖိုးမနည်းသည့် နာရီတစ်လုံး ဖြစ်နေသည် ။ အသက်ငယ်ပေမယ့် ရိုးသားပြီးကြိုးစားချင်စိတ်ရှိသည့် ဒီကောင်လေးကို မြေးသွေး စတင်သဘောကျထဲက သဘောတူနေခဲ့မိတာ ။ အခုလည်း ကျောင်းသွားတက်သည့် လေးနှစ်တွင် ပထမ နှစ်နှစ်သာ ကိုယ်တွေဘက်က ပိုက်ဆံစိုက်ထုတ်ပေးခဲ့ရပြီး ကျန်သည့် စာသင်နှစ်တွေတွင် ပညာသင်စုရကာ သူ့ဘာသာကြိုးစားပြီး နေနေခဲ့သည်လေ ။ မိမိအား ထိုင်ကာ လက်အုပ်ချီကန်တော့နေသည့် ကောင်လေး ကို ဦးခန့်ညား ဆုမွန်ကောင်းသာတောင်းပေးလိုက်တော့သည်...။
.
.
To be continued...