ဖလော်ရီဒါရဲ့ နံနက်ခင်းကသာယာနေသလားမပြောတတ်ပေမဲ့ ရိပေါ်လေးအတွက်တော့ အိပ်ရေးမဝတဲ့နေ့တွေဖြစ်တယ်။
သေချာပေါက်နှစ်ယောက်မရှိတဲ့ အိမ်ရှေ့အိမ်က ၇နှစ်သားမူလတန်းကျောင်းသားကြီးရဲ့ကျောင်းသွားခါနီး ဂျစ်တိုက်ငိုယိုသံတွေပါပဲ။
အလယ်ကခြားနေတဲ့ ကွန်ကရစ်လမ်းကြောင့်သာ အနည်းငယ်ခံသာတော့တယ်။ အဲ့လိုဆူညံတဲ့သူတွေနဲ့ အိမ်ချင်းကပ်ရပ်သာနေရမယ်ဆို ရိပေါ်လေးကမာမီတို့ကို ဖလော်ရီဒါကနေ ချက်ချင်းပြောင်းခိုင်းပစ်မှာ။
အခုတော့ ရိပေါ်ကကုတင်ပေါ်ကနေဆင်းလို့ မမှီတဲ့ပြတင်းပေါက်ကိုခုံခုတက်တယ်။ မြင်နေကျမြင်ကွင်းဖြစ်တဲ့ အိမ်ရှေ့အိမ်ကကျောင်းသားကြီး ငိုနေတာကိုမျက်မှောင်ကြုတ်လို့ကြည့်နေတယ်။
အိမ်ရှေ့အိမ်ကကျောင်းသားကြီးက ခြံထဲမှာရှိတဲ့ဒန်းလေးကို ပတ်ပြေးတယ်။ မျက်ရည်လည်းမထွက်ဘဲအော်ငိုသေးတယ်။ အမေဖြစ်သူက လွယ်အိတ်သေးသေးလေးကိုကိုင်လို့ ကျောင်းသားကြီးကိုလိုက်ဖမ်းတယ်။ ပြေးရတာမောလာတဲ့အခါ ထိုကျောင်းသားကြီးက ပိုင်မုန့်ဝယ်ကျွေးဖို့ပူဆာရင်း လွယ်အိတ်လေးပိုက်လို့ကျောင်းသွားတယ်။
ဒါဟာ ကျောင်းဖွင့်ရက်တွေတိုင်းဖြစ်နေကျ မနက်ခင်းတွေဖြစ်တယ်။ ကျန်တဲ့အိမ်နီးချင်းတွေတောင် နေသားကျပြီးမထူးဆန်းတော့ဘူး။
ဒါပေမဲ့ ရိပေါ်လေးကတော့ထူးဆန်းနေသေးသည့်အတိုင်း မနက်တိုင်းထိုမြင်ကွင်းကို အခန်းပြတင်းပေါက်ကနေခုံခုလို့ ကြည့်နေမြဲဖြစ်တယ်။
'ဆူညံတာတွေကို ရိပေါ်တကယ်မကြိုက်ဘူး'
.
.
.
.
_____________________
ရိပေါ်လေးရဲ့ ကျောင်းတက်နေ့ရက်တွေစတင်လာတဲ့နေ့အထိ ရိပေါ်လေးက ပြတင်းပေါက်ကိုခုံခုတက်လို့ အိမ်ရှေ့အိမ်က မြင်ကွင်းကို မနက်တိုင်းအချိန်မှန် ကြည့်ဖြစ်နေတုန်း။
ဘာရယ်မဟုတ်ဘူး ဒီနှစ်ဆို ၈နှစ်ပြည့်ပြီဖြစ်လို့ နောက်တစ်တန်းကြီးသွားတဲ့ အိမ်ရှေ့အိမ်က တစ်ယောက်က အမြင်ကပ်စရာကောင်းလို့။
မာမီကတော့ အိမ်ရှေ့အိမ်က ကလေးလေးက ဝမ်ရိပေါ်ထက်၂နှစ်ကြီးပေမဲ့ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းကြောင်းတစ်ခါကပြောဖူးသည်။
ဝမ်ရိပေါ်ကတော့ ဘယ်နားကချစ်စရာကောင်းမှန်းစဉ်းစားကြည့်လို့မရဘူး။ သူကတော့ ဒီတိုင်း ဆူဆူညံညံကျောင်းသားကြီးလို့ပဲမြင်တယ်။
ဝမ်း...
တူး...
သရီး...
ရိပေါ်လေး လက်ချောင်းသေးသေးလေး သုံးချောင်းထောင်လို့ ရေရွတ်လို့အပြီး အိမ်ရှေ့အိမ်တံခါးပေါက်ကနေ ကျောပိုးအိတ်အပြာရောင်လေးလွယ်လို့ ပြေးထွက်လာတဲ့ကျောင်းသားကြီး။
ရိပေါ်လေးရဲ့နှုတ်ခမ်းလေးတွေက ပိုင်ရှင်တောင်မသိပါဘဲ နှစ်လိုဖွယ်ကော့တက်သွားတယ်။
ဒီလိုမျိုး ဒီနေရာမှာရပ်ပြီး နံပါတ်စဉ်ရေရတာက ရိပေါ်လေးအတွက်သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ မနက်ခင်းကစားနည်းဖြစ်လာတာတော်တော်ကြာပြီ။
"ရှောင်းလူကြီးရေ သားကျောင်းနောက်ကျတော့မယ်"
အတန်းကြီးလာတဲ့ ကျောင်းသားကြီးက ကျောင်းသွားရတာပျော်လာပြီ။ ရိပေါ်လေးနောက်ပိုင်းမြင်တွေ့နေကျ ကျောင်းသားကြီးက မငိုတော့ဘူး။
"ကျောင်းနောက်ကျပါတော့မယ်ဆို...မားမားနဲ့က အပြန်ကျရင်လည်း တွေ့ရဦးမှာပဲကို"
စကားတတ်တဲ့ ၈နှစ်သားကလေးက ရပ်ထားတဲ့ကားနားကနေအော်လေတော့ အိမ်ကထဲ အလျင်စလိုထွက်လာတဲ့ ရှောင်းပါပါး။
"လမ်းမှာ ပိုင်မုန့်လည်းဝင်စားရဦးမှာကို"
"key lime pieလုပ်တဲ့သူကိုပဲ မွေးစားဖို့ပေးလိုက်တော့မယ်"
"Key lime pie!! Key lime pie!!"
သူ့အဖေရဲ့စနောက်စကားကို အာရုံမရဘဲ ပိုင်မုန့်စားဖို့အရေးသာအာရုံရောက်နေတဲ့ ဆူဆူညံညံကျောင်းသားကြီး။
ဟုတ်တယ်...ထိုကျောင်းသားကြီးပြောတဲ့ ပိုင်မုန့်ဆိုတာ key lime pieကိုဆိုလိုတာဖြစ်တယ်။
key lime pieဆိုတာ ဖလော်ရီဒါရဲ့ State food ဖြစ်တယ်။ ပိုင်ကိတ်အဝိုင်းကိုမှ ခရင်မ်အုပ်ပြီးအပေါ်မှာသံပုရာသီးလေးတွေပါတာမျိုး။
ရိပေါ်လေးအရင်တစ်လကပဲ Key lime pieဆိုတာကိုစားကြည့်ခဲ့တယ်။ ဆူဆူညံညံ ကျောင်းသားကြီးကဘာလို့ကြိုက်မှန်းမသိပေမဲ့ ထိုပိုင်ကိတ်ကရိပေါ်လေးအကြိုက်မဟုတ်။ ချိုချိုချဉ်ချဉ်ကိုမှ အနည်းငယ်ခါးသက်သက်အရသာရောထားပြန်တာမျိုး။
ပိုင်မုန့်စားဖို့နောက်ကျမှာစိုးကာ ဆူအောင့်အောင့်နဲ့ ကားပေါ်တက်သွားတဲ့ ထိုကျောင်းသားကြီးကို ပြတင်းပေါက်က ကလေးလေးတစ်ယောက်က မမှိတ်မသုန်ကြည့်နေမြဲ။
ရိပေါ် ခေါင်းလုံးလုံးလေးထဲမှာတွေးမိနေတာကတော့ 'ကျောင်းသွားရတာအဲ့လောက်တောင်ပဲ ပျော်စရာကောင်းသွားပြီလား' ဆိုတာကိုပင်။
ရိပေါ်က ဆူဆူညံညံတွေမကြိုက်ပေမဲ့ တစ်ကယ်ကိုသိချင်တဲ့အတွက် မာမီနဲ့ဒယ်ဒီကို သူစိတ်ပြောင်းသွားကြောင်းပြောခဲ့တယ်။
အေးတိအေးစက်နဲ့ အရွယ်နဲ့မလိုက်အောင်တည်လွန်းတဲ့သားဖြစ်သူရဲ့ဆန္ဒကြောင့် မိဘနှစ်ပါးက ပရိုက်ဗိတ် တီချယ်နဲ့အိမ်ခေါ်လို့သာ ပရီစကူးကိုသင်စေခဲ့တယ်။
အင်ထရိုဗက် အဖြစ်အစပျိုးနေတဲ့ကလေးငယ်ကို လမ်းကြောင်းပြောင်းပေးရမယ်မှန်းသိပေမဲ့လည်း ကိုယ်တိုင်ကအချိန်မပေးနိုင်တာကြောင့် ရိပေါ်ရဲ့မိဘတွေကထိုသို့သာစီစဉ်ခဲ့လေတယ်။
သို့သော်လည်း ရိပေါ်အသက်၆နှစ်ပြည့်တဲ့တစ်ရက်မှာတော့
ရိပေါ်လေးရဲ့ စကားကြောင့် မိဘနှစ်ပါးကအံ့သြရပြန်တယ်။
"ဒယ်ဒီ.....သားကိုကျောင်းအပ်ပေး" တဲ့လေ။
.
.
.
____________________
ပထမဆုံးကျောင်းတက်ရက်က ဘယ်လိုခံစားနေရလဲဆိုတာတော့ရိပေါ်လေးမသိဘူး။ ဒီအတိုင်းဘာမှမခံစားရတာလည်း ဖြစ်နိုင်တယ်။
အိမ်ရှေ့လာရပ်တဲ့ စကူးဘတ်စ်ပေါ်ကိုတက်လို့ နှစ်နေရာတွဲလျက်လွတ်တဲ့ထိုင်ခုံဆီသွားလိုက်တယ်။
ကျောပိုးအိတ်ကိုချွတ်လို့ ဘေးကလွတ်နေတဲ့နေရာဆီထားလိုက်တယ်။ သူကတော့ ပြတင်းပေါက်ဘက်ကခုံမှာထိုင်လို့အပြင်ဘက်ကိုမျက်နှာမူလိုက်တယ်။ ဒန်းရှိတဲ့ အိမ်လေးကတော့တိတ်ဆိတ်လို့။
ဆူဆူညံညံကျောင်းသားကြီးကတော့ ကျောင်းသွားလိုက်တာကြာပြီ။
စကူးဘတ်စ်ပေါ်မှာ ကျောင်းသားအနည်းငယ်နဲ့ နေရာလွတ်အများကြီးရှိပေမယ့် သူငယ်ချင်းမလိုချင်တဲ့ရိပေါ်က ဘေးမှာနေရာလွတ်လည်းမထားခဲ့ပါဘူး။
အာရှသားဖြစ်ပေမဲ့လို့ အနောက်နိုင်ငံမှာပဲမွေးပြီး အနောက်နိုင်ငံမှာပဲကြီးတဲ့ ရိပေါ်ဟာ၅နှစ်သားကတည်းကနေ ကိစ္စတော်တော်များများကို လူကြီးလေးလိုပြုမူနေတတ်ပြီ။
ဒါကြောင့်လည်း မိဘနှစ်ပါးမှာအလုပ်ဖြောင့်ဖြောင့်လုပ်နိုင်သည်ပင်။
ရိပေါ်တို့နေတဲ့နေရာရဲ့ သိပ်မနီးမဝေးမှာ ကိုယ်ပိုင်မူလတန်းကျောင်းလေးရှိတယ်။
ဘတ်စ်ကားအဝါလေးက ကျောင်းရှေ့ရပ်လေတော့ အလျှို လျှိုဆင်းလာကြတဲ့ ကျောင်းသားပေါက်စလေးတွေ။
"ကလေးက Leo Wangလား"
ရိပေါ်လေးရဲ့ကျောင်းဝတ်စုံပေါ်က နံမည်ကတ်ပြားလေးကိုကြည့်လို့ ဆရာမလေးက မေးတယ်။
ရိပေါ်က ခေါင်းပဲငြိမ့်ပြခဲ့တယ်။
ကျောင်းအပ်နောက်ကျလို့ ကျောင်းဖွင့်ပြီးတစ်ပတ်အကြာမှကျောင်းရောက်လာတဲ့ရိပေါ်ကို အပေါက်မှာစောင့်နေတဲ့ ဆရာမလေးတွေထဲကတစ်ယောက်က ဆီးကြိုလို့ တက်ရမဲ့အတန်းဆီခေါ်သွားပေးတယ်။
ကျောင်းတက်ပြီး တစ်ပတ်အကြာမှာ ရိပေါ်လေးသိချင်နေတဲ့မေးခွန်းအတွက်အဖြေရလာတယ်။
'ကျောင်းတက်ရတာ လုံးဝပျော်စရာမကောင်းဘူး'
.
.
.
.
.
ကျောင်းကစားကွင်းထဲမှာ ကစားစရာမျိုးစုံနဲ့ဆော့ကစားနေတဲ့ တစ်ကျောင်းလုံးက ကျာင်းသားတွေရှိတယ်။
ရိပေါ်လေးကတော့ အဝါရောင်မေပယ်ပင်အောက်ကခုံတန်းလေးပေါ်မှာ ထိုင်လျက်နေတယ်။
လူရှင်းတဲ့အခန်းထဲမှာသာနေလိုတဲ့ ရိပေါ်လေးကို အတန်းပိုင်ဆရာမလေးက ကျောင်းကစားကွင်းထဲဆွဲခေါ်လာခြင်းပင်။
အခုတော့ ရိပေါ်လေးတစ်ယောက်တည်း။ အတန်းပိုင်ဆရာမကတော့ ခပ်လှမ်းလှမ်းမှာ ချော်လဲလို့ငိုနေတဲ့ကလေးတစ်ယောက်ကို ချော့နေတယ်။
'အခုပဲအခန်းပြန်ပြေးရမလား'
ရိပေါ်လေးကခုံတန်းပေါ်ကနေဆင်းမလို့ပြင်လိုက်တယ်။
'ဆူဆူညံညံ ကျောင်းသားကြီး'
ခုံတန်းပေါ်ကဆင်းမလို့ပြင်နေတဲ့ရိပေါ်လေးက ခုံတန်းပေါ်မှာအကျအနနေရာပြန်ယူတယ်။
အဝါရောင်တန်းလေးပေါ်မှာ အနီရောင်ခုံလေးနှစ်ခု ဟိုဘက်ဒီဘက်ပါတဲ့ see-sawရှိတယ်။ ထိုsee-sawရဲ့ တစ်ဖက်မှာ အိမ်ရှေ့အိမ်ကဆူဆူညံညံကျောင်းသားကြီးက ထိုင်လျက်သားရှိနေတယ်။
တစ်ဖက်က အပေါ်မြှောက်တက်လျက်ရှိတဲ့ နေရာလွတ်ကိုကြည့်လို့ ဆူပုတ်နေပြန်တယ်။
နောက် လျှောစီးနေတဲ့ ကျောင်းသားသုံးယောက်ကို လှည့်ခေါ်တယ်။ သူ့သူငယ်ချင်းတွေထင်ပါရဲ့။
ထိုသုံးယောက်ကရောက်မလာတော့ see-sawပေါ်မှာတစ်ယောက်တည်း ဆူပုတ်ပုတ်နဲ့ဆက်ထိုင်နေရဲ့။
ရိပေါ်လေးကတော့ တစ်ဖက်ကနေရာလွတ်မှာ ဘယ်ကျောင်းသားကများဝင်ထိုင်လိမ့်မလဲဆိုတာကို စောင့်ကြည့်နေမိတယ်။
ကျောင်းတက်ခေါင်းလောင်းသံသာမြည်သွားတယ်။ ဆူဆူညံညံ ကျောင်းသားကြီးကတော့ ထိုsee-sawကို မစီးလိုက်ရပါဘူး။ တစ်ဖက်မှာအတူဆော့ပေးမဲ့သူ မရှိတာကြောင့်။
.
.
.
.
ဒီနေ့တော့ ရိပေါ်လေးက အားလပ်ချိန်ပေးတာနဲ့ ကစားကွင်းထဲကိုတန်းသွားတယ်။
အနီရောင်ခုံလေးပါတဲ့ see-sawရဲ့တစ်ဖက်မှာဝင်ထိုင်လိုက်တယ်။
ခဏအကြာမှာ ကျောင်းသားတွေအများကြီးထဲကမှ အခန်းထဲကပြေးထွက်လာတဲ့ အိမ်ရှေ့အိမ်က ဆူဆူညံညံကျောင်းသားကြီးကို တွေ့လိုက်ရတယ်။
ဒါပေမဲ့ see-sawတစ်ဖက်မှာထိုင်နေတဲ့ ရိပေါ်လေးကိုတွေ့တော့ ကျောင်းသားကြီးက ပြေးလာရာကနေ ရပ်သွားတယ်။
ရိပေါ်လေးကလည်း ထိုကျောင်းသားကြီးဘာဆက်လုပ်မလဲ သိချင်နေတယ်။
ထိုခဏမှာပဲ ကောင်လေးတစ်ယောက်က လွတ်နေတဲ့ see-sawနေရာကို ခြေဖျားလေးထောက်လို့ဝင်ထိုင်လိုက်တယ်။
ရိပေါ်လေးဝိတ်ကပိုများတာကြောင့် အောက်ကိုနိမ့်မသွားတဲ့ see-sawလေး။
အိမ်ရှေ့အိမ်က ဆူဆူညံညံကျောင်းသားကြီးက ထိုနေရာကနေလှည့်လို့ သူငယ်ချင်းတွေရှိတဲ့ လျှောလေးဆီပြေးသွားတယ်။
ရိပေါ်လေးက ရုတ်တစ်ရက် see-sawတစ်ဖက်ကနေ ဆင်းလိုက်တဲ့အခါ တစ်ဖက်ကောင်လေးက မြေပြင်ကိုအရှိန်နဲ့ကျသလိုဖြစ်သွားတယ်။ လန့်သွားတဲ့ကောင်လေးဆီက အချိန်အနည်းငယ်ကြာတဲ့အခါ ငိုသံထွက်လာတော့တယ်။
ရိပေါ်လေးကတော့ အခန်းထဲပြန်ရောက်နေခဲ့ပြီ။
'ကျောင်းတက်ရတာ ပျော်စရာမကောင်းဘူး'
'အားလပ်ချိန်က ပိုပြီးတော့တောင်ပျော်စရာ မကောင်းဘူး'
.
.
.
.
__________________
တစ်ခုသော နွေဦးမနက်ခင်းလေးကတော့ သာယာမြဲ။
ရိပေါ်လေးတစ်ယောက် အချိန်မှန်နိုးလာတယ်။ထုံးစံအတိုင်း မျက်နှာမသစ်ရသေးခင် ပြတင်းတံခါးဆီအရင်ပြေးတယ်။
ရွှေ့စရာမလိုတော့တဲ့ခုံလေးကအဆင်သင့်။ ရိပေါ်လေးရဲ့တစ်နေ့တာမှာပျင်းစရာမကောင်းတဲ့အချိန်ဆိုလို့ ဒီအချိန်လေးပဲရှိတယ်လို့ရိပေါ်လေးကထင်တယ်။
ဝမ်း...
တူး...
သရီး...
ရိပေါ်လေးက လက်ချောင်းကလေးတွေထောင်ပြီး ရေတွက်လိုက်တယ်။ ဒါပေမဲ့ သူ့မြင်ကွင်းထဲမှာ တံခါးပိတ်ထားတဲ့မျက်နှာချင်းဆိုင်က အိမ်လေးတစ်လုံးသာရှိနေတယ်။ မလှုပ်မရှက် ဒန်းလေးကလည်း ငြိမ်သက်နေတယ်။
'မထသေးဘူးလား'
ရိပေါ်လေးကနောက်တစ်ခေါက် ပြန်ရေလိုက်တယ်။
ဝမ်း...
တူး...
သရီး...
အပြာရောင်ကျောပိုးအိတ်နဲ့ကျောင်းသားကြီးက ပြေးမထွက်လာဘူး။
'ဒီနေ့ ပိုင်မုန့််မစားတာမို့လို့များလား'
ရိပေါ်လေးကခုံပေါ်ကဆင်းလို့ ကုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ နာရီအသေးလေးကိုယူကြည့်တယ်။
'၈နာရီတောင်ထိုးနေပြီ မဟုတ်ဘူးလား'
ရိပေါ်လေးက ပြတင်းဆီနောက်တစ်ခါရောက်သွားတယ်။
'အစက ပြန်ရေပေးမယ်'
ဝမ်း...
တူး...
သရီး...
မပြောင်းမလဲ ထိုမြင်ကွင်းကိုပဲမြင်တဲ့အခါ ရိပေါ်လေးက စိတ်မကြည်ချင်တော့ဘူး။
'ပိုင်မုန့်မစားရမှာစိုးလို့ အစောကြီးများသွားလိုက်တာလား'
'ပျော်စရာမကောင်းလိုက်တာ'
.
.
.
ရိပေါ်လေးဒီနေ့ကျောင်းလာပေမဲ့ စာမသင်ချင်ဘူး။ လွယ်အိတ်ဘေးက ဗူးအကြည်လေးထဲမှာထည့်ထားတဲ့ ပိုင်မုန့်အစိတ်ကလေးကိုသာကြည့်နေတယ်။
'break time ကဘယ်တော့မှရောက်မှာလဲ'
လျှပ်စစ်ခေါင်းလောင်းသံကြားတော့ ရိပေါ်လေးက ပိုင်မုန့်ဗူးလေးကိုင်ပြီး ကစားကွင်းကို ခြေထောက်လုံးလုံးလေးတွေနဲ့အမြန်လှမ်းတယ်။
ဒါပေမဲ့လည်း ရိပေါ်လေးထင်သလို ဆူဆူညံညံ ကျောင်းသားကြီးက see-sawပေါ်မှာရှိမနေခဲ့ဘူး။
အရင်နေ့တွေရဲ့ ကျောင်းအားလပ်ချိန်ဟာပျော်စရာမကောင်းခဲ့ဘူးဆိုရင် ဒီနေ့ရဲ့ကျောင်းအားလပ်ချိန်ကတော့ ရိပေါ်လေးမလိုချင်ဆုံးပဲဖြစ်တယ်။
.
.
.
မေပယ်ပင် ဝါဝါရယ်၊
ခုံတန်းရှည်လေးပေါ်က စိတ်မကြည်မလင်နဲ့ကလေးလေးရယ်၊
ပိုင်ရှင်မဲ့တဲ့ ပိုင်မုန့်စိတ်လေးရယ်က
သတိမပြုမိခဲ့တဲ့ ဖလော်ရီဒါရဲ့ အဝါရောင်နွေဦးပုံပြင်လေးဖြစ်တယ်။
••••••••••••••••••••••••••••••••••••••••••••••••••