* နောက်ဆုံးတော့
ခင်ဗျားဘဲ ငါ့ကို ထားသွားပြန်တာဘဲ
ငါက အရူးတစ်ယောက်လို ကျန်ခဲ့ရပြန်တယ် *
ဒီတစ်ခါတော့ နန်းတော်မှာ ၁၈ နှစ်အရွယ်ရဲ့ အိမ်ရှေ့စံလေးရဲ့ နာကျင်စွာ ရှိုက်ငိုနေသံ ကြားလိမ့်မယ် ။
* ခင်ဗျားက ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဘဲ *
အိမ်ရှေ့သံဟာ အကြာကြီး ငိုနေခဲ့တယ် ။
.
.
.
.
.
.
ရုတ်တရက်
ခွေးတွေ ဆွဲဆွဲငင်ငင် အူလာကြတယ်။
လေပြင်းတွေက တဝေါဝေါတိုက်လာတယ် ။
သစ်ရွက်ခြောက်တွေ အများကြီးဟာ လေဗွေပုံစံလို ကြွေနေတယ် ။ လေထဲကနေ ခြူသံတွေ ကြားတယ်။
လေတွေ ပိုပြင်းလာတယ် ။
မြေကြီးပေါ်က သွေးတွေက တစ်စက်ချင်းကြွလာကြတယ် ။ သူတို့ စုဝေးသွားကြတယ် ။
အလုံးလိုက်ပြတ်နေတဲ့ အဲ့ဒီခေါင်းကလဲ လေပေါ်မြောက်လာတယ် ။ သွေးတွေနဲ့အတူ စုဝေးသွားပြီး ခန္ဓာကိုယ်နဲ့ ပြတ်ဆက်သွားတယ် ။
အိမ်ရှေ့စံ ခေါင်းဖြတ်လိုက်တဲ့သူမဟာ ပြတ်ဆက်သွားပြီး လေပေါ်မြောက်သွားတယ် ။
တကျွတ်ကျွတ် အသံမြည်အောင် အရိုးတွေချိုးရင်း သွားကြီးကြီးတွေနဲ့ နှုတ်ခမ်းအတိပြုံးရယ်ပြလာတယ်။
" ဟား ဟား ဟား
ကောင်လေး ... မင်းငယ်ပါသေးတယ် "
အဲ့ဒီမိန်းမက အသံနက်ကြီးနဲ့ရယ်တယ် ။
အိမ်ရှေ့စံ သိလိုက်တာ အဲ့ဒီမိန်းမက လူမဟုတ်ဘူးဆိုတာဘဲ... ။
မျက်လုံးပြူးပြူးတွေ ၊ မျက်စံနက်နက်တွေက မျက်လုံးတစ်ခုလုံး အမဲရောင် ဖြစ်သည်အထိ ကြီးလာတယ်။
*အဲ့ဒီမိန်းမက ဘာကြီးလဲ *
သူမရဲ့ လက်တွေ လေပေါ် မြောက်လိုက်တဲ့အခါ အမည်းရောင် အခိုးအငွေ့တွေက အဲ့ဒီလူရဲ့ ကိုယ်ပေါ် ဖြန့်သွားတယ် ။
တစ်ကိုယ်လုံးကို အနက်ရောင်တွေ ဝှိုက်နေပြီး အဲ့ဒီလူဟာ လေပေါ် မြောက်တက်သွားတယ် ။
သူမက တစ်ခုခုက အသည်းအသန်ကြိုးစားနေပုံရတယ် ။ *အသက်ပြန်သွင်းချင်နေသလိုမျိုး *
ဒါပေမဲ့ မအောင်မြင် ... ။
သူမက အသံနက်ကြီးနဲ့ အော်ငိုတယ် ။
အိမ်ရှေ့စံက ကျောက်စိမ်းဓါးကို ကျစ်ကျစ်ပါအောက်ကိုင်ရင်း မြင်ကွင်းကို မျက်တောင်မခတ်ကြည့်နေတယ်။
အဲ့ဒီလူ ပြန်ပြုတ်ကျလာတယ် ။
ဒါပေမဲ့ အဲ့ဒီလူဟာ အဲ့ဒီလူမဟုတ် ... ။ တစ်ခြားတစ်ယောက်ရဲ့ ပုံစံ ပြောင်းသွားတယ် ။
"နင် သူ့ကို သတ်တာ!"
"နင် သူ့ကို သတ်လိုက်တာ !!! အား !!!!"
ကြည့်ရတာ ထိုသူက သေသွားပြီထင်ပါတယ် ။
ထိုသူက သူရဲ့ အဲ့ဒီလူ ဟုတ်မနေပါ ... ။
*ဒါဖြင့် အဲ့ဒီလူ ဘယ်မှာလဲ !?*
အနီရောင် မိန်းမက သွေးမျက်ရည်တွေ ကျလျက် အိမ်ရှေ့စံနား တိုးကပ်လာတယ် ။
သူမ တစ်လှမ်းတိုးလာတိုင်း အိမ်ရှေ့စံက ထိုင်လျက်သား နောက်ကို ဆုတ်နေမိတယ် ။
သူမရဲ့ လက်သည်းရှည်ရှည်တွေက လက်ချောင်းရဲ့ အရှည်ထက်ပိုတယ် ။
" နင့်ကို သတ်မယ် !"
"နင့်ကို သတ်ပစ်မယ် !"
အားနဲ့ လွဲလိုက်တဲ့ သူမရဲ့ လက်တွေဟာ အိမ်ရှေ့စံမျက်နှာပေါ်ကျလုဆဲဆဲ အိမ်ရှေ့စံ မျက်လုံးတွေ မှိတ်ချလိုက်တယ် ။
*ဘာတွေ ဖြစ်နေတာလဲ ... ? အဲ့ဒီလူက ဘယ်ရောက်နေတာလဲ... ? အခု သူသေရတော့မှာလား ?*
မေးခွန်းတွေ များနေရင်းပင် သူသိပ်ကြောက်နေတယ်။
"ချွမ်း!"
"အား !"
အသံနက်ကြီး ကြားပြန်တယ် ။ ဒီတစ်ခါတော့ အဲ့ဒီမိန်းမရဲ့ နာကျင်စွာ စူးစူးရှရှ အော်နေတဲ့အသံ ... ။
အိမ်ရှေ့စံ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တယ် ။
အဲ့ဒီ မိန်းမရဲ့ ကိုယ်က ရွှေရောင် ဓါးပျံတစ်ချောင်းကြောင့် နှစ်ပိုင်းဖြတ်သွားတယ် ။
အဲ့ဒီဓါးပျံက ခေါင်မိုးထက်က သူတစ်ယောက်ရဲ့ လက်ထဲကို ပြန်ရောက်သွားတယ် ။
ခေါင်မိုးထက်ကသူက ရွှေရောင်နဲ့ အနားသတ်ထားတဲ့ ဝတ်ရုံကြီးကို ခမ်းနားစွာ ဝတ်ဆင်ထားတဲ့ အဲ့ဒီလူ...။
အဲ့ဒီလူဟာ ကျက်သရေအရှိန်ဝါကြီးစွာ ရပ်နေတယ်။
နောက်တော့ လေထဲ လှပစွာ ကူးခတ်လာပြီး သူရှေ့မှောက် ရောက်လာတယ် ။ သူ့အား နူးညံ့စွာ ထွေးဖက်လိုက်တယ် ။
"တော်ပါသေးရဲ့ ... ကလေးရယ် "
" ကိုယ် အချိန်မမှီမှာ စိုးရိမ်နေခဲ့တာ ... တစ်နေရာရာကများ ထိခိုက်သွားသေးသလားဟင် ... ကလေး "
သူ့ရဲ့ စိုးရိမ်နေသလို အေးမြတဲ့အသံသာ အိမ်ရှေ့စံ နားထဲ စီးဝင်သွားတယ် ။ အဲ့ဒီလူက သူရဲ့ အဲ့ဒီလူလား ...။
" ခင်ဗျား ... "
" အင်း ကိုယ်ပါ "
အဲ့ဒီလူဟာ အိမ်ရှေ့စံကို မျက်လုံးချင်းစုံကြည့်တယ်။
သေချာပါတယ် ။ အိမ်ရှေ့စံဟာ လုံခြုံသွားသလို ခံစားလိုက်ရတယ် ။
" ငါ ဘာတွေဖြစ်ခဲ့သလဲ မသိဘူး ခင်ဗျားရယ် "
" ငါ နားမလည်တာတွေ အများကြီးဘဲ "
" ပြီးတော့ ခမည်းတော် ... သူ ... သူ "
အိမ်ရှေ့စံရဲ့ မျက်ဝန်းတို့က ငွေ့ရည်ဖွဲ့လာပြန်တယ်။
" မငိုပါနဲ့တော့ ကလေးရယ် "
" ကိုယ် အားလုံးကို ရှင်းပြပါ့မယ် "
" ဒီညတော့ ကလေး ပင်ပန်းနေမှာမို့ နားလိုက်ပါ
မနက်ဖြန် မနက်ကျ ကိုယ်က ကလေး နားမလည်တာ အားလုံးကို ရှင်းပြပါ့မယ် "
အဲ့ဒီလူဟာ အိမ်ရှေ့စံရဲ့ နဖူးကို လက်ညိုးကလေးနဲ့ ထိလိုက်တယ် ။ အိမ်ရှေ့စံဟာ တဖြည်းဖြည်းငိုက်လာခဲ့ပြီး နောက်ဆုံးမှာတော့ အိပ်ပျော်သွားခဲ့တယ် ။
_________
ဒီတစ်ခါ ကိုယ်ပြောမှာ ...
အိပ်ယာဝင် ပုံပြင်တွေ အကြောင်းပါ ကလေးငယ် ။
ဝမ်းနည်းစရာ ကောင်းလှပေမဲ့ ...
အိပ်ယာဝင်ချိန်တိုင်း ကိုယ်အတူ ရှိနေပေးပါမယ် ။
_________
.
.
.
.
.
.
.
.
.
.
_________
* တိုင်းပြည်ရဲ့ ကျိန်စာ *
လေပြေတွေ တဖြူးဖြူးတိုက်ခတ်တဲ့ အဲ့ဒီညနေခင်းတစ်ခုမှာ တောင်ဝှေးတစ်ချောင်းကို ကိုင်ထားတဲ့ အဖိုးတစ်ယောက်က နန်းရင်ပြင်မှာ ရပ်နေတယ် ။
အဲ့ဒီအဖိုးအိုဟာ ချန်ပညာရှိလို့ ကြားတဲ့အခါ ဘုရင်နဲ့မိဖုရားဟာ အပြေးအလွှားကြိုဆိုကြတယ် ။
အဖိုးအိုကို စနစ်တကျ ကြိုဆိုပြီး ဧည့်သည်ဆောင်မှာ နေစေတော့ အဖိုးအိုက မနေဘဲ ဘုရင်အဆက်ဆက်ရဲ့ ကမ္မည်းတိုင်ရှိရာကို ဦးတည်သွားတယ် ။
ဘုရင် ၊ မိဖုရားတို့ကလဲ အနောက်က လိုက်လာတယ်။
အဖိုးအိုက တစ်ခုခုကို တွက်ချက်နေပြီး မျက်ခုံးတွေလဲ တွန့်ချိူးတယ် ၊ အသာအယာလဲ ပြုံးတယ် ၊ ဝမ်းနည်းဟန်လဲ ပြတယ် ။
နောက်ဆုံး အဖိုးအိုကပြုံးရင်း အဆုံးသတ်တယ် ။
"ဒီတိုင်းပြည်ဟာ နောင်နှစ်ပေါင်း ၂၂ နှစ်ကြာရင် မိစ္ဆာတွေရဲ့ နှောက်ယှက်မှုကို ခံရလိမ့်မယ် "
ဘုရင်နဲ့ မိဖုရားက အံသြသွားတယ် ။
" မိစ္ဆာသတ်လို့သေကြေမယ်
ရင်ကွဲနာကျလို့ သေကြေမယ် "
အဖိုးအိုက မိဖုရားဗိုက်ကို ကြည့်လိုက်တယ် ။
" ၄ နှစ် အကြာမှာ ရင်သွေးငယ် လွယ်ရမယ် "
" ဒီကလေးရဲ့ ချစ်ရသူဟာ ကယ်တင်မှုတွေ လုပ်ဆောင်ဖို့ ဒီကလေးထက် စောပြီး ရောက်လာခဲ့တယ် "
" လပြည့်နေ့ ကြာပန်းတွေ ဝေဆာအောင် ပွင့်နေတဲ့ အချိန် ၇ နှစ်အရွယ် ကလေးတစ်ယောက် ရေကန်နားမှာ ရှိနေလိမ့်မယ် ... အဲ့ဒီကလေးကို မွေးစားပါ"
" ငါ့ဆီ ပညာသင်ပို့ပါ "
" စစ်မှန်တဲ့ ချစ်ခြင်းကို လက်ခံပါ "
" နေ့ညမပြတ် ကုသိုလ်ပြုပါ "
" ဝဋ်ကြွေးပါရင် ကျေအောင် ဆပ်ရပါတယ် "
အဖိုးအိုဟာ ဒီအတိုင်း ပြောပြီး ထွက်သွားခဲ့တယ် ။
ဘုရင် မိဖုရားဟာ အလုံးစုံတော့ နားမလည်ပေမဲ့ သေချာတာကတော့ ၂၂ နှစ်ကြရင် တိုင်းပြည်က မိစ္ဆာနှောက်ယှက်ခံရမယ် ။
ကလေးတစ်ယောက်ရောက်မယ် ။
အဲ့ဒီကလေးက ကယ်တင်ပေးလိမ့်မယ် ။ အဲ့ဒီကလေးက ၄နှစ်အကြာ သူ့တို့ မွေးဖွားလာမဲ့ကလေးရဲ့ ချစ်သူဖြစ်လိမ့်မယ် ။
ဘုရင်နဲ့ ဖိဖုရားတို့ တွေးခဲ့ကြတာက ၄နှစ်အကြာ သူတို့မွေးလာနဲ့ကလေးက မိန်းကလေး ဖြစ်မယ်လို့ ... ။
အဲ့တာကြောင့် လပြည့်နေ အဲ့ဒီနေရာမှာ တွေ့တဲ့ ၇နှစ်အရွယ် ကလေးကို မင်းသားကြီး ... သားတော်ကြီး အဖြစ် မွေးစားလိုက်ကြတယ် ။
___________
အဲ့ဒီကလေး ...
၇နှစ်အရွယ် အဲ့ဒီကလေးဟာ နန်းတော်မှာ မွေးစားခံ့လိုက်ရတယ် ။ သူက အဖွားအိုကို လုပ်ကျွေးနေတဲ့ ကောင်လေးတစ်ယောက်သာ ... ။
အဖွားဆုံးသွားပြီးနောက် ဒီရေကန်ကြီးဆီ တစ်ယောက်ထဲ ထိုင်နေရင်း ရှင်ဘုရင်က သူ့ကို မွေးစားလိုက်ခြင်းဖြစ်တယ် ။
ဘုရင်နဲ့ မယ်တော်က သူ့ကို သားအရင်းလို ချစ်ကြတယ် ။ အဲ့ဒီနေ့ရက်တွေက သူက ပျော်ရွင်နေရင်း၊ ကျေးဇူးဆပ်ရမယ်လို့ အသည်းအသန် တွေးထားတယ်။
၄ နှစ်လုံး သူဟာ မင်းသား အဆောင်အယောင်နဲ့ ပျော်ပျော်ရွင်ရွင် ပညာသင်ရင်း နန်းတာ်မှာနေခဲ့တယ် ။
___________
" အူငန်း !"
မယ်တော်ကြီးရဲ့ နန်းတော်ဆောင်ဆီက ကလေးငိုသံကြားတဲ့အခါ ခမည်းတော်နဲ့သူ ပျော်ရွင်စွာ မျက်လုံးချင်း ဆုံလိုက်ကြတယ် ။
" မွေးပြီ သားရဲ့ ...
သားမယ်တော် မွေးပြီ "
စိတ်လှုပ်ရှားနေတဲ့အခါ လက်တွေက ထားစရာ မဲ့ပါတယ် ။ အဲ့ဒီကလေး သိပ်စိတ်လှုပ်ရှားနေခဲ့တယ် ။
" ဘာလေးမွေးတာလဲ "
ဖြတ်သွားတဲ့ နန်းတွင်းသူတစ်ယောက်ကို ခမည်းတော် မေးလိုက်တော့ ...
" ယောက်ျားလေးပါ အရှင် "
"ဟေ ... ဟုတ်လား ကောင်းတယ်ကွ ကောင်းတယ်"
ခမည်းတော်က အားရစွာ ဆိုလာတယ် ။
"သားကြီးရေ ... သားတော့ ညီလေးတစ်ယောက်ရသွားပြီ ... ညီလေးကို အများကြီး ချစ်ပြီး ကာကွယ်ရမယ်နော် ... သိလားသား "
" ညီလေး "
အဲ့ဒီကလေးငယ်ဟာ ထိုနာမည်လေးကို ရေရွတ်လိုက်တယ် ။ သူ့မျက်လုံးထဲ ပျော်ရွင်စွာ ကစားနေမဲ့ ကလေးလေးတစ်ယောက်ကို မြင်တယ် ။
"အရမ်း ချစ်ဖို့ ကောင်းမှာဘဲနော်"
"ဒါပေါ့ ... သားရဲ့ ... ဒါပေါ့ "
အဲ့ဒီကလေး ပြုံးလိုက်တယ် ။
အဲ့ဒီကလေးဟာ သူ မွေးဖွားလာမဲ့အချိန်မှာ ဆုတောင်းစာလေးတွေ ရွတ်ဆိုနေခဲ့ပြီး သူ့လာခြင်းကို မျှော်နေတဲ့ ကလေးလဲ ဖြစ်ခဲ့တယ် ။
__________
"ချစ်ဖို့ကောင်းလိုက်တာ ... "
" တတုံးတစ်ခဲကြီးနော် ...
ကျောက်စိမ်းပန်းပုရုပ်လေးလိုဘဲ .. "
" ကြီးလာရင် မင်းသားလေးက ချောမှာ "
" ဟုတ်ပါ့ တကယ့်ကို ကြွေရုပ်လေးအတိုင်း ..."
နန်းတွင်းသူတွေက မွေးခါစကလေးလေးကို ကြည့်ပြီးမျိုးစုံ ချီးမွမ်းနေကြတယ် ။
အဲ့ဒီကလေးက မယ့်မယ်လက်ထဲက ကျောက်စိမ်းပန်းပုလို ကလေးကိုသာ နှစ်လိုစွာ ငေးကြည့်နေတယ် ။
ခမည်းတော်က ဒါကိုမြင်တော့ သားကြီးရေ ချီကြည့်မလား မေးတယ် ။ အဲ့ဒီကလေး ခေါင်းငြိမ့်လိုက်တယ်။
ဝဝကစ်ကစ် အဲ့ဒီကလေးက သူ့လက်ထဲ ရောက်လာတော့ အလေးချိန်လဲ သိပ်မစီးတော့သလို .... ။ သိပ်ဖက်ထားလို့ ကောင်းတာဘဲ ။
မပေါက်သေးတဲ့ သွားကလေးတွေကြောင့် သွားဖုံးတွေဟာ ရဲလို့နေတယ် ။ အဲ့ဒီသွားဖုံးကလေးတွေနဲ့ ခစ်ခစ်လူးအောင် ရယ်တယ် ။
"ညီလေးက သားကို သဘောကျတယ်နဲ့တူတယ်
ကြည့်ပါဦး ... သား လက်ပေါ် ရောက်တာနဲ့ ရယ်နေတာ.."
မယ်တော်ကပြောတယ် ။
အဲ့ဒီကလေးက ကလေးကိုသာ မျက်လုံးမလွဲနိုင်ဖြစ်နေတယ် ။ ခမည်းတော်က သူရဲ့ ပုခုံးပေါ် လက်တင်ရင်း ..
" သားက ညီလေးကို
အမြဲတမ်းကာကွယ်စောင့်ရှောက်ရမယ်နော် သား "
" ခစ် ခစ် "
ကလေးပေါက်က ရယ်တယ် ။
အဲ့ဒီကလေးက ဆုံးဖြတ်ခဲ့တယ် ။
" စိတ်ချပါ ခမည်းတော် "
* သားအသက်နဲ့ လဲပြီးစောင့်ရှောက်ပါ့မယ် *
အဲ့ဒီအချိန် အဲ့ဒီကလေးရဲ့ မျက်လုံးတွေက စစ်မှန်လွန်းနေခဲ့တာမို့ ခမည်းတော်က ယုံကြည်သွားခဲ့တယ် ။
___________
အဲ့ဒီယုံကြည်မှုနဲ့အတူ အခွင့်အရေးပါ ရခဲ့တယ် ။
ဒီ ၁၁ သားကလေးက
ကလေးပေါက်လေးရဲ့ အထိန်းတော် ဖြစ်ခဲ့ဖူးတယ် ။
ရေချိုးပေးလဲ ... သူ ၊ ထမင်းကြွေးလဲ ... သူ ၊ အိပ်ပျော်အောင် ချော့သိပ်ရတာလဲ ... သူ ၊ တစ်ချိန်လုံး ချီထားရတာလဲ သူ ... ။
တာဝန်တွေဟာ ဝတ္တရားအရ မဟုတ်ဘဲ စေတနာကြောင့် ဖြစ်လာတဲ့အခါ ပိုပျော်စရာကောင်းလာတယ် ။
ဒီ ကလေးလေးရဲ့ ထမင်းလုပ်တိုင်းကို သူကိုယ်တိုင် ဝါးကျွေးခဲ့ဖူးတယ် ။
ဒီကလေးလေး ချိုးရေကို အကောင်းဆုံးဖြစ်အောင် သူကိုယ်တိုင် စပ်ချိုးပေးခဲ့ဖူးတယ်။
ဒီ ကလေးလေး အိပ်ပျော်အောင် ရင်ခွင်မှာထည့်လို့ နန်းတော် တခွင် လျှောက်ပတ်ခဲ့ဖူးတယ် ။ သီချင်းတွေ ဆိုပြခဲ့ဖူးတယ် ။
ကလေးလေးရဲ့ အသားနုနုကလေးတွေ မနာအောင် သူကိုယ်တိုင် ဂရုစိုက်ပေးခဲ့ဖူးတယ် ။ မှက် ၊ ခြင် ၊ ယင် ဆိုတာ မသမ်းစေရ ... ။
၁၁ နှစ်သားထိန်းတဲ့ ကလေးပေါက်လေးဟာ လူတကာ ချစ်ချင်စရာ အမွှေးလုံး ၊ အသန့်လုံးကြီးလို ဖြစ်သွားခဲ့ဖူးတယ် ။
တစ်ဦးက စေတနာ ၊ တစ်ဦးက မေတ္တာတဲ့ ... ။
သူရဲ့ စေတနာဟာ မေတ္တာကို ဦးတည်သွားခဲ့တယ် ။
ဒီကလေး ဒူးထောက်သွားတတ်ချိန်က
ပထမဆုံးလှမ်းလာခဲ့တာ သူ့ဆီကို ဖြစ်တယ် ။
လမ်းလျှောက်တတ်ချိန် ပထမဆုံးလာတာလဲ သူ့ဆီကို ၊ ပြေးတတ်ချိန်မှာလဲ ပထမဆုံးပြေးလာတာ သူ့ဆီကိုဘဲ ... ။
ဒီကလေးဟာ ပထမဆုံးခေါ်တာကအစ သူရဲ့ အမည်နာမလေးကို ဖြစ်တာမို့ သူ သိပ်ပျော်ခဲ့တယ် ။
ဒီကလေးလေး ပထမဆုံး နမ်းတာကလဲ သူရဲ့ ပါးတစ်ဖက်ကို ဖြစ်ပြီး ဒီကလေးလေး အကြောင်းမရှိ ပထမဆုံးငိုတာက သူ့ထွက်သွားမဲ့နေ့လေးမှာ ဖြစ်တယ်။
ခမည်းတော်ဟာ သူ့ကို ယုံကြည်တယ် ။
အဲ့ဒီ ယုံကြည်မှုက သူဟာ အိမ်ရှေ့စံနေရာကို သူမလုယူပါဘူးဆိုတာ အထိ သွားတယ် ။
သူတော့ ခမည်းတော်ကို ကျေးဇူးဆပ်ရဦးမယ် ။
သူအသက် ၁၅ နှစ်မှာ ချန်ပညာရှိဆီ ပညာသင်သွားရမယ်တဲ့ ... ။ သူ ကျေးဇူးဆပ်ရမယ် ။ သူသွားရမယ်။
ခမည်းတော်က သူ့ကို နောင်ခါ အိမ်ရှေ့စံနားရှိနေပြီး တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်သူအဖြစ် ရည်ရွယ်တယ် ။
နီးရဖို့ ဝေးတယ်လို့ဘဲ သတ်မှတ်ပါမယ် ကလေးငယ် ။
ကိုယ်က မင်းအတွက် အသုံးဝင်သူ ဖြစ်ချင်ပါတယ် ... ။
__________
အဲ့ဒီလူက အိမ်ရှေ့စံ အသက်၄ နှစ်မှာ ထွက်သွားတယ်။
အိမ်ရှေ့စံ ဖျားတယ် ။ တစ်လလောက်ဖျားတယ် ။
ဘယ်သူမှ သတိမထားမိလိုက်ဘဲ အိမ်ရှေ့စံဟာ အပြင်းဖျားတာကြောင့် လူတစ်ယောက်ကို မေ့သွားခဲ့တယ်။
____________
ပညာတွေ သင်ရင်း ကလေးငယ်ကို လွမ်းတဲ့အခါ
မိုင်ပေါင်းရာချီဝေးတာကို မင်းကို တွေ့ဖို့ ကိုယ် ခိုးလာခဲ့ဖူးပါတယ် ကလေးငယ် ... ။
မင်း သတိမထားမိလို့ပါ ...
မင်း ပျော်ရွင်စွာ ကစားနေတဲ့အခါ ၊ မင်း စာအံနေတဲ့အခါ ၊ မင်း ပြုံးရယ်နေတဲ့ အခါတစ်ချို့မှာ ကိုယ်ရှိနေပါတယ် ။
အဲ့ဒီတုန်းက မင်းက တကယ်ဘဲ ကိုယ် ငေးကြည့်နေခဲ့ရတဲ့ ချစ်စရာ ကောင်းလွန်းတဲ့ ကြွေရုပ်ကလေး ဖြစ်ခဲ့ဖူးတယ် ။
.
.
.
ဆရာမ ဆုံးမတယ် ။
"မေတ္တာဓါတ်ဟာ အေးချမ်းသလောက် ... ချစ်ခြင်း၊ မုန်းခြင်း တွေဟာ ပူလောင်ပြီး သံသရာကို အဆုံးမဲ့စေပါသတဲ့ ...
သံသရာက လွတ်မြောက်နိုင်ဖို့ဆို ချစ်ခြင်း၊ မုန်းခြင်းတွေ ကင်းနိုင်ရမယ် "
ဆရာက ကိုယ့်ကို မချစ်ဖို့ ဆုံးမခဲ့ဖူးတယ် ။
ဒါပေမဲ့လေ သံသရာက လွတ်ဖို့ရာ ကံမပါဘူးထင်ရဲ့ ။
အိမ်အပြန်လမ်းက မင်းပုံရိပ်တွေကြောင့်...
နန်းဆောင် တံခါးဝမှာ ပြုံးရယ်နေတဲ့ မင်းကြောင့်...
မက်မွန်ပင်အောက် ဖြူဖြူစင်စင် အိပ်ပျော်နေတဲ့ မင်းကလေးကြောင့် ... ဆရာ့ ဆုံးမစကားဟာ လေသံသက်သက် ဖြစ်ခဲ့ရဖူးတယ် ။
ကိုယ် ချစ်ခဲ့တယ် ။
ကိုယ် အချစ်ဦးက ၇နှစ်အရွယ် ကလေးငယ် ... ။
__________
သုံးနှစ်ကြာ ...
ကိုယ် နန်းတော်ကို တရားဝင်ပြန်လာခဲ့တယ် ။
ဆရာက ခေါင်းမာလွန်းတဲ့ ကိုယ့်ကို
ပြန်မလွတ်ချင်ပေမဲ့ ပြန်လွတ်ခဲ့ရတယ် ။
ကိုယ်ခေါင်းမာရတာက မင်းကြောင့် ... ။
ဆရာ ခေါင်းမာတာကို
မမှီဘူးလို့တော့ ဘယ်ထင်မိပါ့မလဲ။
ခွင့်က ( ၂ ) ရက်တဲ့ ... ။
ကလေးငယ်ရေ ... ဆရာ ရက်စက်တယ် ။
.
.
.
ကိုယ်ပြန်လာတာနဲ့ အပြေးလေးရောက်လာခဲ့တာက မင်းကို တွေ့နေကျ မက်မွန်ပင်ကြီးဆီကို ... ။
ကလေးငယ်ရယ် မင်းဆော့လိုက်တာ .. ။
မက်မွန်ပင်ကြီးဆီ တက်ပြီး ပွင့်ဖတ်တွေကို ချွေလိုတယ်တဲ့ ... ။
နောက်တစ်ခါ ဒီပွင့်ဖတ်တွေ မင်းဦးခေါင်းထက် ကိုယ်အများကြီး ချွေချပေးမယ် ။
မင်း ပျော်ပျော်ရွင်ရွင် ကစားပေါ့ ... ။
.
.
.
ကလေးငယ် ... ကိုယ့်ကို ... မမှတ်မိဘူး... ။
ကိုယ့်လက်ပေါ်မှာကြီးတဲ့ ကလေးငယ်က ကိုယ့်ကို မမှတ်မိဘူးတဲ့ ... ။ စိတ်မကောင်းပေမဲ့ ငယ်သေးလို့ဘဲ ကိုယ်တွေးပါ့မယ် ။
"ပြန်မလာတာတောင် ကောင်းဦးမယ်"
ဆူ့ပုတ်ပုတ်နဲ့ ဆိုတဲ့စကားဟာ ကိုယ့်ကို ထပ်ပြီးဝမ်းနည်းစေပါတယ် ။
ဒါပေမဲ့ ကလေးမို့ ကိုယ်ခွင့်လွှတ်ပါတယ် ။
ကလေးငယ်ရေ ... တစ်ခုတော့ သိလိုက်တယ် ။
ကိုယ်ချစ်တဲ့မင်း ... ကိုယ့်ကို ပြန်မချစ်တာလဲ ဖြစ်နိုင်တယ် ။ ပြန်မချစ်နိုင်တာကိုလဲ မျှော်လင့်ထားရမယ် ။
___________
၂နှစ်ခြားတစ်ခါ ကိုယ် ပြန်လာဖြစ်ပေမဲ့ ...
အထူးတလည် တွေ့ဆုံရန်လိုသည်ဟု မထင်ပါ ...။
မျက်လုံးတွေမှိတ်ရင် မင်းမျက်နှာကို ကိုယ် အမြဲမြင်တဲ့အပြင် ...နှလုံးသားထဲမှာ မင်းအမြဲရှိနေပါတယ်။ ကိုယ်က မင်းမသိအောင်လဲ ခဏခဏ ခိုးလာဖြစ်ပါတယ်။
အထူးတလည် တွေ့ဆုံရန်လိုသည်ဟု မထင်ပါ ။
မင်း ကိုယ့်ကို မြင်တွေ့ချင်မတွေ့ချင်မှာ မသေချာတာမို့ ကိုယ်တစ်ယောက်ဘဲ မြင်နေရရင်သာ ကျေနပ်ပါတယ်။
အထူးတလည် တွေ့ဆုံရန်မလိုပါ ။
ပထမတစ်ခေါက်ကလို မင်းဆီက ဝမ်းနည်းစရာစကားနာမျိုး မကြားချင်ပါ ။ ခံနိုင်ရည်မရှိပါ ။
အဝေးကသာ ကြည့်ရင်း ... ကျေနပ်ပါတယ် ။
____________
နောက်ဆုံးတစ်ခေါက် ပြန်လာချိန်မှာတော့
မင်းက ကိုယ့်ကို တွေ့ချင်ပါသတဲ့ ... ။
မျှော်သူ ခေါ်ရင်
ပြေးလာရတာက မျှော်ရသူရဲ့ ထုံးစံ...။
ကိုယ် မင်းရှေ့မှောက် ဦးညွတ်ခဲ့တယ် ။
*ဓါးချင်းယှဥ်ကြမယ် ...
ပညာရှိချန်ရဲ့ တပည့်က ငါ့ကိုမယှဥ်နိုင်ရင် ဒီပညာတွေ သင်ဖို့ ထပ်သွားစရာ မလိုတော့ဘူး*
ကလေးငယ်ဟာ မရင့်ကျင့်ပါ ။
မင်း ကိုယ့်ကို ဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ ။
.
.
.
ပြိုင်ဘက်ကို အထင်လဲ မကြီးသင့် ...
အထင်လဲ မသေးသင့်ကြောင်း ဆရာ ဆုံးမခဲ့တယ်။
ကိုယ်မင်းကို အထင်သေးခဲ့တယ် ။
မင်းရဲ့ အဆိပ်လှူးထားတဲ့ဓါးက ကိုယ့်အားအဆိပ်သင့်နေပြီ ။ မင်းရဲ့ ဓါးကလဲ ကိုယ့်လည်ပင်းထက်မှာ ... ။
*မထင်ထားခဲ့မိပါ ...
ကိုယ့်အား သတ်ချင်နေခဲ့သလား ... ကလေးငယ် *
ကြိုးပမ်းစရာ မလိုပါ ။ ငယ်သေးလွန်းတဲ့ မင်းရဲ့လက် သွေးစွန်းသွားမှာကို စိုးရိမ်တယ် ။ ကိုယ် မင်းမလိုရင် သေခြင်းနဲ့လဲ ပျောက်ကွယ်ပေးနိုင်ပါရဲ့ ... ။
.
.
.
"အစ်ကို မဟုတ်ဘူး ... မွေးစားထားတာဘဲကို ... သူကို သားအပိုင် သား ကိုယ်ရံတော် အဖြစ်လိုချင်တယ် "
မင်း ကိုယ့်ကို အနားခေါ်ချင်နေခဲ့တယ် ။
ဘာရယ်ကြောင့်မှန်း ကိုယ်မသိခဲ့ ...
တစ်ဆိတ် .. ဒီကလေး ထီးနန်းလုမှာ စိုးနေခဲ့တာလား။
ကိုယ် တိတ်တဆိတ် ဝမ်းနည်းခဲ့ရတယ် ... ။
.
.
.
တကယ်တော့ ကိုယ်ဟာ....
ဝမ်းနည်းစရာဇာတ်လမ်းတွေနဲ့ ကိုယ့်ဟာကိုယ် ပြဇာတ်ရေးနေသူသာ ဖြစ်ကြောင်း မင်း ကိုယ့်ပေါင်ပေါ် လှဲအိပ်လိုက်ချိန်မှာ နားလည်သွားတယ်။
* မျက်စိရှေ့က ခဏခဏ ပျောက်မသွားစမ်းပါနဲ့*
တကယ်တော့ မင်းလေးက ကိုယ်ထွက်သွားမှာကို မကြိုက်ခဲ့တာဘဲ ... ။
* ငါ ဖမ်းဆုပ်ရခက်တာမျိုး မုန်းတယ် *
မဟုတ်ပါဘူး ... ။
မင်း မမြင်ရပေမဲ့ ကိုယ်က မင်းရဲ့ အရိပ်ကလေးပါ။
မင်းအနားမှာ အမြဲတမ်းကိုယ်ရှိနေပါတယ် ။ ကိုယ် ကြည့်နေပါတယ် ။ ကိုယ် စောင့်ရှောက်နေပါတယ် ။
* ငါလို့ ပြောစမ်းပါ *
အမိန့်တာမျိုးတော့ မလုပ်စမ်းနဲ့ ကလေးငယ် ... ။
ပေးလိုသူဟာ
ဒီ့ထက် ပိုပေးလိုတဲ့အခါ ပေးရခက်သွားတတ်တယ် ။
__________
" ငါ့ကို အိပ်ယာလာနိုးစမ်းပါ "
" ငါနဲ့အတူတူ ထမင်းစားပေးစမ်းပါ "
" ငါ့နဲ့ အတူတူ ဓါးရေးလေ့ကျင့်ပေးစမ်းပါ "
" ငါ့ကို စာတွေ ကျက်ကူစမ်းပါ "
.
.
.
ကလေးငယ် ...
မင်းကို အိပ်ယာက အချိုသာဆုံးလေသံနဲ့ အသာအယာ နိုးထစေချင်တာ ...မင်းနဲ့အတူ ကောင်းမွန်တဲ့ စားဖွယ်တွေကို အတူဝေမျှချင်တာ ...
မင်းကို ဓါးရေးသင်ပေးချင်တာ ...
မင်းနဲ့အတူ စာပေတွေ အံချင်တာက ...
မင်း အမိန့်မဟုတ်လဲ ...ကိုယ် လုပ်ခဲ့ဖူးတဲ့ အရာတွေပါ။ အမြဲ အလိုက်တသိ လုပ်ပေးချင်တဲ့အရာတွေပါ။
" ငါ့ မျက်စိအောက်မှာ နေစမ်းပါ"
မင်း မျက်စိအောက်က ကိုယ် ခဏခဏ ပျောက်ကွယ်သွားမိပါသလား မသိပေမဲ့ ... မင်းဆိုတာကတော့ ကိုယ့်ရဲ့ ဒုတိယ မျက်ကြည်လွှာ ... ။
ကိုယ့် မျက်စိအောက်က မင်းတော့
ဘယ်တုန်းကမှ မပျောက်သွားခဲ့ဖူးပါ ... ။
.
.
.
အိမ်ရှေ့စံ သက်တော် ... ၁၆ ။
ကိုယ်ရဲ့ အသက် ... ၂၇ ။
ကလေးငယ် ...
ဒါက ကိုယ်မင်းကို အမြတ်တနိုးခေါ်တဲ့ နာမည်လေး.. ။
ကိုယ့်က ကိုယ့်ထက် အသက် ၁၁ နှစ်ငယ်တဲ့ ကလေးတစ်ယောက်ကို ချစ်မြတ်နိုးမိခဲ့တယ် ။
အဲ့ဒီအချိန် အဲ့ဒီအချစ်တွေမှာ ရမ္မက်တွေ မပါသေးခဲ့ဘူး ။ မျက်နှာဖူးရုံသာ ကျေနပ်ခဲ့တယ် ။
ကိုယ် တန်ဖိုးထားရလွန်းလို့
ချစ်တယ်လို့တောင် ဖွင့်မပြောရက်ခဲ့တဲ့အထိ ... ။
ဒါပေမဲ့ ကလေးငယ်ဟာ ဆိုးတယ် ။
" ငါ့ကို နမ်းစမ်းပါ "
" ငါ ခင်ဗျားကို ချစ်တယ် "
" ငါ့ကို ပြန်ချစ်စမ်းပါ "
ဒီလိုတွေ မင်း တောင်းဆိုလာတဲ့အခါ မျက်ခုံးနှစ်ဖက် ထိမတတ် တွန့်ချိုးမိတာ အမှန်ဘဲ ။
* ကလေးငယ် ... မင်း သိပ်ဆိုးတယ် *
အသက်မပြည့်သေးတဲ့မင်းက ကိုယ်နဲ့ အဲ့လို အရာတွေ လုပ်ချင်တယ်တဲ့ ... ကိုယ့်အား နမ်းခဲ့တယ် ။
ဒီလိုတော့ ကိုယ် စိတ်ဆိုးတယ် ။
မင်းဘက်ကချည်း စတင်နေတာက ကိုယ့်နှလုံးသားကို အစွမ်းအစ မဲ့စေတယ် ။
ကိုယ့် လှမ်းလာမဲ့အချိန်... မင်းလဲ အသက်ပြည့်တဲ့ အချိန်ကို စောင့်ပါဦးလား ... အချိန်တွေ အများကြီး ကိုယ်တို့မှာ ရှိပါသေးတယ် ။
ဝန်ခံပါတယ် ။ အဲ့ဒီညက နှလုံးသားအား မင်းဆိုတဲ့ ကြွကြွက်ကလေး တတိတိကိုက်နေသလို ခံစားလိုက်ရတာမို့ ထိန်းချုပ်ချင်လို့ ကိုယ် စစ်ထွက်သွားခဲ့တယ် ။
မှန်ပါတယ် ။ မင်းလဲ ကိုယ့်ကို ချစ်နေပြီဆိုတာ ကိုယ်အစောကြီး ရိပ်မိခဲ့ပါတယ် ။ မသိယောင်ဆောင်ရတာလဲ အကြောင်းအရင်း ရှိလို့ဘဲပေါ့ ... ။
ဒီချစ်ခရီးကို နှင်ဖို့ ...ကိုယ် ခမည်းတော် ၊ မယ်တော်တို့နဲ့ ရင်ဆိုင်ရဦးမယ် ။ တိုင်းပြည်ရဲ့ အမှောင်တစ်ချို့ကို ဖြတ်ရဦးမယ် ။
ရှည်လျားပြီး ခက်ခဲတဲ့ ခရီး ဖြစ်လိမ့်မယ် ။
_________
"မင်းသားကြီး ...
အိမ်ရှေ့စံ ... စစ်ထွက်တာ လိုက်လာခဲ့ပါတယ်"
"ဘယ်လို !?"
သူ ချက်ချင်း ထရပ်လိုက်မိတယ် ။
သူ့ကို ရှောင်ကာမှ ဒီအထိ လိုက်ချလာတယ် ။
ဒီကလေး စစ်ပွဲရဲ့ အန္တရာယ်ကို မသိပါလား ... ။တကယ်ကို ဆိုးလွန်းတဲ့ကလေးပါဘဲ ။ စိတ်ပူအောင် လုပ်လွန်းတယ် ။
.
.
.
"ခင်ဗျားနဲ့ တစ်ခန်းထဲနေမှာ ... "
စကားပြောလာတဲ့ ကလေးကို သူမကြည်မလင်နဲ့ ဘုကြည့်ကြည့်လိုက်တယ် ။
ကလေးစုတ်က လုပ်ချင်တာတွေ လုပ်လာခဲ့ရတာမို့ ပြုံးစိစိနဲ့ရယ် ... ။
ဗျူဟာတွေ ဆွေးနွေးနေတုန်း မျက်လုံးတစ်ဖက် မှိတ်ပြရတာနဲ့ အသားကို မထိတထိလာလုပ်ရတာနဲ့ တကယ်ကိုမှ အငြိမ်မနေတဲ့ ကလေးပါဘဲ ... ။
သူတော့ မနည်းထိန်းချုပ်နေရတယ်။
ဒီကလေးရဲ့ ဒီလိုပုံစံက သူ့နှလုံးသားရဲ့ အရည်ပျော်မှတ်ဖြစ်တယ် ။ သူ့အား အစွမ်းကုန် ပြုစားလွန်းပါတယ် ။
_________
အဲ့ဒီညက ကလေးငယ်ရဲ့ အနမ်းတွေထဲ သူရုန်းထွက်နေရင်းကနေ သာယာသွားမိတယ် ။
ကလေးရယ် ...မင်း အသက်မပြည့်သေးလို့သာ တော်ရေ့ာ့တယ် ။ မဟုတ်ရင် ကိုယ်တော့ ထိန်းချုပ်ရခက်မယ် ။
" ငါ ခင်ဗျားကို သိပ်ချစ်တယ် "
" ငါရဲ့ လေးနက်မှုတွေကို
မျက်လုံးထဲ မြင်အောင်ကြည့်ပါ "
"ငါ ခက်ဗျားကို သိပ်ချစ်တယ် "
ငါလဲ မင်းကို သိပ်ချစ်ပါတယ် ။
ပထမဆုံးအနေနဲ့ ကိုယ်ပြန်ဖက်လိုက်မိတယ် ။
အရမ်းကြီး ရင့်ကျင့်မနေရရင် ကောင်းမှာဘဲ ။
တစ်ခါတစ်လေ မိုက်ရူးရဲဆန်စွာ အချစ်ကို လွတ်လွတ်လပ်လပ် ကိုးကွယ်နေတဲ့ မင်းကို အားကျတယ် ။
ဒါပေမဲ့ ကိုယ်ကတော့ ထိန်းချုပ်မှရမယ် ။
ကိုယ်တို့ နှစ်ယောက်မှာ တစ်ယောက်က ကလေးဆန်နေရင် တစ်ယောက်ကတော့ လူကြီးဆန်ဆန်တွေးခေါ်မှရမယ် ။
အဲ့တာမှ အကြာကြီး အတူ ရှိနေနိုင်မှာ ဖြစ်တယ်။
__________
စစ်ပွဲငယ်မို့လိုသာ တော်ရော့တယ် ။
အိမ်ရှေ့စံက စစ်တိုက်မှာလား ... သူ့အား ချွေယူဖို့လာတာလား မခွဲခြားနိုင်အောင် ရှိခဲ့တယ်။
စစ်ပွဲဟာ နိုင်တော့မယ် ။ ရှုံးမဲမဲသူဟာ ပိုဆိုးတယ် ။
အငြိမ်မနေတဲ့ အိမ်ရှေ့စံကို စိတ်ပူရတယ် ။
" ပြန်ပါတော့ "
သူပြောတဲ့အခါ ကလေးငယ်က ကြူကြူပါအောင် ရန်လုပ်ပြီး ထွက်သွားတယ် ။
ဘာဘဲဖြစ်ဖြစ် အိမ်ပြန်ရောက်ရင် ပြီးတာပါဘဲ ... ။
_________
သုံးပန့်အဖြစ် အဖမ်းခံရတယ် ။
သူ့ကိုယ်သူသာ အပြစ်တင်လိုက်တယ် ။
အိမ်ရှေ့စံကို တစ်ယောက်ထဲ လွတ်မိတာ သူ့အမှား ၊ သူ့အပြစ် ... ။ သူရဲ့ မဆင်မခြင် လုပ်ရပ်သာဖြစ်တယ် ။
ကလေးငယ်တစ်ခုခု ဖြစ်ရင် သူကိုယ်သူခွင့်လွတ်နိုင်မှာ မဟုတ် ... ။ သတင်းကြားပြီးကတည်းက တားဆီသူတွေရှိလျက် ဓါးဆွဲပြီး သူထွက်လာခဲ့တယ် ။
နည်းနည်းလေးတောင် အချိန်မဆွဲနိုင်ပါ ။ ကလေးငယ်ဟာ ရန်သူတွေကြား ကြောက်နေတော့မယ် ။
နာအောင် လုပ်လျှင်ဖြင့် ၊ ထိခိုက်အောင် လုပ်လျှင်ဖြင့် ၊ သတ်လိုက်လျှင် မှဖြင့် ... ရင်ထဲ မီးကျည်ခဲတစ်ခု ခံနေသလိုပါဘဲ ... ။
.
.
.
" အိမ်ရှေ့စံ "
ညိုးငယ်သော မျက်နှာဖြင့် မင်း လှည့်ကြည့်လာတဲ့အခါ ကိုယ်ရင်တွေ ပူလောင်လွန်းရတယ် ။
ပြောစမ်းပါ ... သူ့တို့ မင်းကို ဘာလုပ်ကြသလဲ ...။
" ငါ ကြောက်တယ် "
" သူတို့ ငါ့ကို နှိပ်စက်ကြတယ် "
တောက် ! ရာရာစစ ... မင်းကိုများ ... သူတို့က ... အားလုံးကို ဖျက်စီးပစ်မယ် ။
မျိုးမစစ်တွေ ဘယ်လောက်တောင် နှိပ်စက်ထားသည်မသိ ... ကလေးငယ်ဟာ လမ်းတောင် မလျှောက်နိုင်တော့သည်အထိ ကြောက်နေရှာတယ် ။
ကလေးငယ်ကို သယ်ပိုးပြီး ကယ်ထွက်လာခဲ့တယ် ။
လုံခြုံတဲ့နေရာမှာ ထားခဲ့တယ် ။ ဒါပေမဲ့ ကိုယ်တော့ သူတို့ကို ခွင့်မလွတ်နိုင် ... ။
မင်းကို ထိခိုက်အောင် လုပ်ခဲ့တာကြောင့် စခန်းတစ်ခုလုံးကို မီးရှို့ခဲ့တယ် ။ ဆရာက မုန်းစကို မရှည်အောင် ဆုံးမခဲ့ဖူးပါတယ် ။ မင်းနဲ့ ပတ်သက်ရင် ကိုယ့်ဆင်ခြေတုံတရားဟာ နည်းပါးသွားတတ်တယ် ။
.
.
.
ဒဏ်ရာ နည်းနည်းပါးပါးရလာပေမဲ့ မင်းဆံချည်တစ်မှမျှင် ထိခိုက်တာလောက်တောင် ကိုယ်မခံစားရခဲ့ ... ။
ရန်သူတစ်ယောက်လိုက်လာတယ် ။ ကလေးငယ်ကို ဓါးနဲ့ရွယ်တယ် ။ ကိုယ်ရှိနေသ၍ မင်းမှာ အသက်အပိုပါပါတယ် ။
ကျောက ဓါးချက်ကြောင့် ကိုယ်မေ့မြောသွားခဲ့တယ် ။
ဒုက္ခပါဘဲ ... မင်းတစ်ယောက် ဘယ်လိုဖြစ်နေသလဲ ကလေးငယ်ရယ် .... ။
___________
ပြန်သတိရလာတော့ နန်းတော်ရောက်နေပြီ ။
ကိုယ့်ဘေးမှာ လက်ကလေးတင်လို့ ငိုက်နေတဲ့ မင်းကြောင့် ရင်ထဲ စိမ့်စမ်းရေလေး ဖြတ်ဆင်းသွားသလို..။
* တော်ပါသေးရဲ့ ကလေးရယ် *
___________
" သားကြီး ဒါက ခမည်းတော်ကို စိတ်ပျက်စေတယ်"
စစ်ပွဲငယ်သွားကြစဥ် သူတို့ရဲ့ နေထိုင်ပုံဟာ လူပြောစရာ များခဲ့တယ်နဲ့ တူပါတယ် ။ ခမည်းတော် နားကို ရောက်သွားခဲ့တယ် ။
ခမည်းတော်ဟာ ကိုယ့်ကို ခေါ်ပြီး မေးမြန်းတယ်။
" သား တောင်းပန်ပါတယ် "
ခမည်းတော် ခဗျာ စိတ်လဲ မဆိုးရက် ၊ တားလဲ မတားနိုင်ရှာ ... မယ်တော်ကတော့ စိတ်ဆိုးစွာ မင်းကလေးကို ကြင်ယာတော် မြောက်ပေးတော့မယ်တဲ့ ... ။
*ကိုယ် ဘယ်လို တားဆီးနိုင်မှာလဲ ?"
__________
မင်းကိုယ့်ကို ဒီအကြောင်းပြောခဲ့တယ် ။
ကိုယ် မတားဆီးနိုင်တာ ခွင့်လွတ်ပါ ။
အဲ့ဒီအစား မင်းငြင်းပေးပါ ကလေးငယ်ရယ် ... ။
မယ်တော်ရဲ့ ကျေးဇူးကြောင့် ကိုယ်က သူမ လက်နဲ့ရေးတာကို ခြေနဲ့ မဖျက်နိုင်ဘူး ။ အဲ့တာကြောင့် မင်းငြင်းပေးပါ ။
စိတ်ထဲက အကြိမ်ကြိမ်ပြောနေမိပေမဲ့ ပါးစပ်ကမထွက်ခဲ့ ...မင်း စိတ်ဆိုးပြီး ကိုယ့်ကို နှင်ထုတ်ခဲ့တယ်။
ကိုယ် ဒီအတိုင်းဘဲ ထွက်လာခဲ့ရတယ် ။
မင်း လက်မထပ်ရင် ကောင်းမှာပါဘဲ ... ။
___________
ကိုယ်တစ်ပတ်လုံးလုံး ပျောက်နေရတာ မဟုတ်ပါ။
မင်း မမြင်နိုင်တဲ့နေရာမှာ ကိုယ်ရှိနေပါတယ် ။
မင်းကိုလဲ အမြဲ ကိုယ်ကြည့်နေပါတယ် ။
မင်း စိတ်ဆိုးသွားပြီး
ကိုယ့်အား နှင်ခဲ့လို့ ကိုယ်လာမတွေ့ရဲတာပါ ... ။
____________
ကြင်ယာတော် တွေ့မဲ့နေ့ ...
ကိုယ့်အသည်းတွေ ပူလောင်နေခဲ့တယ် ။
လာတွေ့တဲ့ ကြင်ယာတော်က
ချောချောကလေး ၊ ထက်လဲ ထက်မြက်မဲ့ပုံ ... ။
မင်း သဘောကျသွားခဲ့ရင် ...
မင်းများ လက်ထပ်ဖို့ သဘောတူခဲ့ရင် ... ကစတယ်။
ကိုယ့်နှလုံးကို ပူလောင်စေခြင်းတွေ စတင်စေတယ် ။
ခြေလှမ်းတွေ လှမ်းလာချင်စိတ်ကို အများကြီး ထိန်းချုပ်ထားရတယ် ။
သူမနဲ့ မင်း စကားပြောနေတယ် ။
သူမက ပြုံးရယ်လာတယ် ။ မင်းလက်ကို ကိုင်လာတယ်။ သူမ ထထွက်သွားတယ် ။ မင်းပြေးလိုက်သွားတယ် ။ သူမကို ဖက်လိုက်တယ် ။ သူမ မင်းရဲ့ နားနား စကားတိုးတိုး ကပ်ပြောတယ် ။
လက်သီးကျစ်ကျစ်ဆုပ်ပြီး ကြည့်နေရတယ် ။
ကိုယ် မကြိုက်ဘူး !
သူစိမ်းသရံနဲ့ နီးနီးကပ်ကပ်မနေစမ်းနဲ့ !
ပြန်လျှောက်လာတဲ့မင်းက အပျော်လွန်ပြီး ကိုယ့်ကိုတောင် မမြင် ... ။ လက်ကို အတင်းဆွဲပြီး ခေါ်လာခဲ့တယ်။
"မင်း သူ့ကို သဘောကျသွားပြီလား "
အိမ်ရှေ့စံ တိတ်နေတယ် ။
"မင်း ငါ့ကို ချစ်တယ်ဆို ... "
အိမ်ရှေ့စံ မော့ကြည့်လာတယ် ။
"ခင်ဗျားရော ငါ့ကို ချစ်လား "
" ငါ ... "
ကိုယ် ချစ်တယ် ၊ အရမ်း ချစ်တယ် ။
ဒါပေမဲ့ ပြောထွက်ရမှာကို ကြောက်နေတယ် ။
ဒီအတိုင်း အများကြီး ပေါ့သွားမှာ စိုးတယ် ။
"ကြည့်ပါလား မချစ်ဘဲနဲ့ ...
ငါ ဘယ်လောက် သနားစရာကောင်းလဲ .. "
" ... "
"သူမကိုဘဲ လက်ထပ်တော့မယ် "
ဟင့်အင်း ! မဖြစ်ဘူး.!
လက်မထပ်ရဘူး ... !!!
" ငါတို့ ဝေးကြ .. အွန့်!"
သူ အိမ်ရှေ့စံကို နမ်းလိုက်မိတယ် ။
" ငါ မင်းကို ချစ်တယ် အိမ်ရှေ့စံ"
အိမ်ရှေ့စံ မျက်လုံးတွေက ဝိုင်းစက်နေတယ် ။
" ထားလိုက်ပါတော့ ...အရေးမပါတော့ဘူး
ငါ သူမကို လက်ထပ်ဖို့ ကတိပေးလိုက်ပြီ
အိမ်ရှေ့စံကို အတင်းကာရော သူ ဖက်လိုက်တယ် ။
" လက်မထပ်ပါနဲ့ ..."
" ... "
" ငါ မင်းကို မဆုံးရှုံးချင်ဘူး ...
အဲ့တာကြောင့် လက်မထပ်ပါနဲ့..."
"ခင်ဗျား ငါ့ကို ချစ်တာ သေချာလား "
" အင်း ... သေချာတယ် ... အရမ်း "
သူ အသည်းအသန် ခေါင်းငြိမ့်မိတယ် ။
အခုဘဲ ဖြစ်ဖြစ် မင်း သေချာသိမှ ဖြစ်မယ် ။
"ဒါပေမဲ့ ငါ မချစ်တော့ဘူး
ဒီတော့ ခင်ဗျားပြောသလိုဘဲ သားအဖလို ... "
မဟုတ်ဘူး ! အဲ့တာ လျှောက်ပြောတာ !
မင်းကို ဘယ်တုန်းကမှ သားလို သဘောမထားခဲ့ဖူးဘူး။
" မရဘူး ... ! "
" ... "
"ငါ လွမ်းတယ် ...
မင်းကို မမြင်ရရင် လွမ်းတယ် ... သတိရတယ် "
"မျက်စိအောက်က အပျောက်မခံချင်ဘူး ... မင်းကို ကာကွယ်ပေးချင်တယ် ... မင်း ထိခိုက်မှာစိုးရိမ်ပူပန်တယ် ... ငါရဲ့ အရာအားလုံးကို မင်းဆီမှာ အပ်နှံချင်တယ်"
" မင်းနဲ့အတူတူ အိုမင်းသွားချင်တယ် "
ဒါ ကိုယ့်ခံစားချက် အစစ်တွေ ... ။ မဖွဲ့နွဲ့နိုင်ပေမဲ့ မင်း သေချာသိသွားဖို့ မျှော်လင့်ပါတယ်။
အိမ်ရှေ့စံက ပြုံးတယ် ။
"ခင်ဗျား ... ငါနဲ့အတူတူရော အိပ်ချင်လား "
" အင်း "
အိပ်ချင်တယ် ။ မင်းရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်လေးကိုထိတွေ့ချင်တယ် ။ မင်းရဲ့ နှုတ်ခမ်းကို ထုံကျင်လာသည်အထိ နမ်းချင်တယ် ။
" ဟီး ... ဟီး
ခင်ဗျား ငါ့ကို ချစ်သွားပြီဘဲ ... "
ချစ်တယ် ။ အရမ်း ချစ်တယ် ။
အခုမှ မဟုတ်ဘူး ။ မင်း သွားတွေ အစုံမပေါက်ခင် ကတည်းက ချစ်ခဲ့တာ ... ။
"ခုနက နောက်နေတာပါ ... သူမကို လက်မထပ်ဘူး ပြောပြီးသား ... ဖက်တာလဲ ဟန်ဆောင်တာပါ "
"တကယ်လား "
" တကယ်ပေါ့ ...
ငါက ခင်ဗျား မဟုတ်တဲ့သူကို ရွေးစရာလား "
ဒါပေါ့ ... ကိုယ်လဲ မင်းမဟုတ်တဲ့ တစ်ယောက်ကို ထည့်တောင် မစဥ်းစားဖူးဘူး ။ စိတ်ကူးယဥ်ပြီးတွေးတောင် မကြည့်ဖူးဘူး ။
ကိုယ် မင်းကိုဘဲ ချစ်တာ ... ။
" ငါ မင်းကို ချစ်တယ် "
" အရမ်း ချစ်တယ် "
မင်းကို နမ်းခဲ့တယ် ။
ချစ်စကားတွေ တဖွဖွဆိုရင်း နမ်းခဲ့တယ် ။
အဲ့ဒီအချိန်က ကိုယ်ရင်ထဲ မက်မွန်ပန်းတွေ ပွင့်နေခဲ့တယ် ။ မက်မွန်ပွင့်ဖတ်တွေကြားထဲ မင်းတစ်ယောက် ပျော်ပျော်ရွင်ရွင် ကစားနေလေရဲ့ ... ။
________
တကယ်တော့ သာယာတဲ့ ချစ်သူဘဝဆိုတာ ကိုယ့်အတွက် ကလေးထိန်းရသလိုပါဘဲ ... ။
မင်းကို အလိုလိုက်ရတာနဲ့ မင်းလိုချင်တာ ဖြည့်ဆည်းပေးရတာနဲ့ ... ကိုယ် သိပ်ပျော်ပါတယ် ။
အရာအားလုံး မင်းဘက်က သတ္တိရှိရှိ စခဲ့တာမို့ ကျန်တာ အားလုံး ကိုယ်ဖြည့်ဆည်းပါ့မယ် ။
_________
၂၀နှစ်ပြည့်ပြီ ။
ဘိုးဘေး ကမ္မည်းတိုင်က အချက်ပြတယ် ။
မကြာခင် မိစ္ဆာတွေ တိုင်းပြည်ကို နှောက်ယှက်ကြတော့မယ် ။ ကိုယ်ဟာ အဲ့ဒီအတွက် လေ့ကျင့်ခဲ့ရတဲ့ သူတစ်ယောက် ... ။
အိမ်ရှေ့စံကို အကွက်ချလို့ မသိအောင် စီစဥ်ခဲ့တယ်။
ကိုယ်သွားခဲ့ရတာက သံတမန် ခရီးစဥ် မဟုတ်ပါ ။
မင်းနဲ့ ယှဥ်ပြိုင်တုန်းက ကိုယ်ရှုံးခဲ့အတွက် ချန်ပညာရှိဆီ မင်းမသိအောင် တစ်ဖက်လှည့်နဲ့ သွားခြင်းသာ ဖြစ်ပါတယ် ။
ဒီအစီအစဥ်ကို ခမည်းတော် ကိုယ် နှစ်ယောက်သာ သိပါတယ် ။
မင်းရဲ့ လုံခြုံရေးအတွက် အားလုံးကို ဖုံးကွယ်ခဲ့ရတယ်။
ထို့အတွက်ကြောင့် မင်းထွက်ပြေးမယ် ပြောတဲ့အခါ ကိုယ် ယတိပြတ် ငြင်းခဲ့ခြင်းဖြစ်ပါတယ် ။
မင်းကို မရွေးချယ်ရတဲ့ အကြောင်းဟာ မင်းရဲ့ အသက်လုံခြုံမှုကို ရွေးချယ်လိုက်ရတာကြောင့် ဖြစ်တယ် ။
" မင်း ငါ့ကို မပိုင်ပါဘူး "
* သို့သော် ငါရဲ့ နှလုံးသားကို ပိုင်ပါတယ် *
* ထပ်ပြီး ငါရဲ့ ဝိဥာဥ်ကိုလဲ ပိုင်ပြန်ပါသေးတယ်*
တစ်ဖက်ရန်သူဟာ မိစ္ဆာဖြစ်နေတဲ့အခါ ရွေးချယ်ရမဲ့ လမ်းထဲမှာ သေလမ်းလဲ ပါဝင်နေပြန်ပါသတဲ့ ... ။
ကိုယ်တော့ မင်းနဲ့ မခွဲချင်သေးတာမို့ ကြိုးစားရဦးမယ်။
.
.
.
အဲ့ဒီညက ကိုယ့်ကို စောင့်နေခဲ့တဲ့ မင်းကို ကိုယ် တစ်ညလုံး ငေးကြည့်နေပါတယ် ။
ခွဲခွာရမယ် သိရတဲ့အခါ မငိုပါနဲ့ ကလေးငယ် ...
ပြန်ဆုံဖို့ကိုဘဲ ဆုတောင်းပါ ... မိုးနတ်မင်းက သဘောကောင်းပါတယ် ။
__________
နှစ်နှစ် တိတိ ကိုယ်ဟာ လေ့ကျင့်နေရတယ် ။
အိမ်ပြန်ခွင့် မပြုခဲ့ ... ။
အချစ်အကြောင်းကို ရှုပ်ရှုပ်ရှက်ရှက် ဆိုပြီး မခံစားတတ်တဲ့ ဆရာက သူ့အမြင် ကိုယ့်အပေါ် မလွန်ပါဘူးပေါ့ ... ။
တကယ်ဆို ကိုယ် လွမ်းနေတာ သူသိသိကြီး ...။
ဆရာတော့ ဘဝအဆက်ဆက် တစ်ယောက်ထဲ ဖြစ်တော့မယ် ။
ကိုယ် ထင်တာလေး ပြောပြတာပါ ကလေးရယ် ...။
___________
ဆရာဟာ ဆုံးမဖူးတယ် ။
လူတွေရဲ့ ကံကြမ္မာကို ပြင်ရခက်တယ်တဲ့ ... ။
ဝဋ်ကြွေးတွေကလဲ ဆပ်လိုက်မှဘဲ ကျေလည်ပြီးမြောက်တာမျိုးတဲ့ ... ။
အစက ကိုယ် နားမလည်ခဲ့ ... ။
နှစ်နှစ်ပြည့်တော့ သန်းခေါင်းရံ အချိန်တစ်ခုမှာ ဆရာက ပြန်လွတ်ခဲ့တယ် ၊၊ ရွှေရောင် ဓါးတစ်ချောင်းကို ပေးလိုက်သေးတယ် ။
ဒီဓါးမှာ ဓါးမောင်နှံရှိပါသတဲ့ ... ။
သူရဲ့ ကြင်ဖက်ဟာ ကျောက်စိမ်းဓါးတိုလေး တစ်လက်ဖြစ်ပါသတဲ့ ... ။ ဒီဓါးရှိသူကို မိစ္ဆာမသတ်နိုင်။
မိစ္ဆာကို သတ်ဖို့လဲ သာမာန်ဓါးနဲ့မရ စနစ်တကျ စီမံထားတဲ့ ဓါးဖြစ်မှ ရပါသတဲ့ ... ။
.
.
.
ဝဋ်ကြွေးတွေဟာ ဆပ်လိုက်မှဘဲ ပြီးသွားတာမျိုး ... ။
ဒီစကားကို ကိုယ် နားလည်ပြီ ထင်ပါတယ် ။
ဆရာဟာ ကိုယ့်ကို နှစ်ရက်နောက်ကျပြီးမှ ပြန်လွှတ်ခဲ့တယ် ။
ကိုယ်ပြန်လာတဲ့အချိန်မှာ ခမည်းတော်ရဲ့ ဝိဥာဥ်ဟာ မိစ္ဆာ ထိန်းချုပ်ခံရပြီး ၊ မယ်တော်ဟာ အသက်ဓါတ် နှုတ်ယူခံထားရပြီး ဖြစ်ခဲ့တယ် ။
.
.
.
ကိုယ်မင်းကို လိုက်ရှာခဲ့တယ် ။
မင်းတစ်ယောက်တော့ မသောက်သင့်တဲ့ အရက်ကို သောက်ပြီး မက်မွန်ပင်အောက် လှဲအိပ်နေခဲ့တယ် ။
ကိုယ် တောင်းပန်ပါတယ် ။
နောက်ကျသွားခဲ့မိလို့ မျက်နှာပင် မပြဝံ့ပါ ။
ကလေးငယ်ရဲ့ မိဘနှစ်ပါး ...
ကြွေလွင့်သွားတာကို ကိုယ်ဘယ်လို ဆိုရပါမလဲ ... ။
" တောင်းပန်ပါတယ် "
" ကိုယ် တောင်းပန်ပါတယ် "
မင်းကျောပြင်ကို ဖွဖွဖက်လို့ ကိုယ်တောင်းပန်နေမိတယ် ။
"ကိုယ် အများကြီး ထိခိုက်နာကျင်စေမိပြီ "
"ဝမ်းမနည်းပါနဲ့ ... မငိုပါနဲ့ ... အရာအားလုံး ကိုယ့်အပြစ်သာဖို့လိုက်ပါ ကလေးငယ် "
ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့်ပါ ။
အရာအားလုံး ကိုယ့်ကိုသာ အပြစ်တင်ပါ ... ။
မင်းရဲ့ နဖူးကို နမ်းခဲ့တယ် ။ ငိုထားတာကြောင့် မင်းမျက်တောင်ကလေးတွေ စိုစွတ်နေသေးတယ် ။
သေးသေးကွေးကွေးကိုယ်ကလေးကို ချီပြီး အဆောင်က အိပ်ယာထက်မှာ ချလို့ စောင်သေချာခြုံပေးတယ်။
လာခဲ့တဲ့ မိစ္ဆာနှစ်ကောင်မှာလဲ တစ်ကောင်ဟာ ကိုယ့်ရုပ်ကို ပုံတူကူးထားခဲ့တယ် ။
လာတဲ့ ကိစ္စကလဲ လက်ထပ်ပွဲတဲ့ ...။ မင်းကိုတော့ ခံစားရစေတော့မှာဘဲ ... ။
ကိုယ် ရှင်းပြချင်နေပေမဲ့ အရာအားလုံးပြီးဆုံးသွားတဲ့အထိ ခဏ စောင့်ပါ ။ မင်းပိုင်တာ မှန်သမျှ မင်းလက်ထဲ ပြန်ရောက်ရစေ့မယ် ။
" ပင်ပန်းနေပြီမို့
ကောင်းကောင်း အနားယူပါ ကလေးငယ်"
"ကိုယ်က ကလေးငယ်ကို ချစ်မြတ်နိုးသည်ထက် အများကြီးကို ပိုရပါတယ် "
အိမ်ရှေ့စံရဲ့ လက်ချောင်းလေးတွေကို မြတ်နိုးစွာ နမ်းပြီး ကိုယ် ထွက်လာခဲ့တယ် ။
*ခဏဘဲ ဆက်စောင့်ပေးပါ *
__________
မိစ္ဆာနှစ်ကောင်ဟာ နန်းတော်ထဲ ပိုင်စိုးပိုင်နင်းရောက်နေတယ် ။ နန်းမြို့တော်မှာဆို ဘယ်လောက်တောင် ပြန့်နေလိုက်မလဲ ။
ကိစ္စသေးမဟုတ်ပါ ။
ကြိုးစားပြီး ဖြေရှင်းယူခဲ့ရပါတယ် ... ။
ခမည်းတော်ရဲ့ မိဖုရားငယ်မြောက်မဲ့ကိစ္စ ။
အစကတည်းက ခမည်းတော်ဟာ သေလူဖြစ်ပြီးသားပါ။ ဒီကိစ္စကို ကိုယ် သိနေပေမဲ့ မင်းမသိပါ ။
ကိုယ် ဒီတစ်ခုတော့ ရှင်းပြဖို့ ရောက်လာခဲ့ပါတယ်။
" ငါ ခင်ဗျားကို မုန်းတယ် "
" နောက်ကို ငါ့မျက်စိရှေ့ပေါ်မလာပါနဲ့ "
မင်း မျက်နှာဟာ သိပ်ပင်ပန်းနေတယ် ။ များမကြာမှီကာလမှာ မယ်တော်ဟာလဲ ကံကုန်တော့မယ် ။ ဒီကိစ္စသာ ထပ်သိသွားရင် မင်းထပ်ပြီးပင်ပန်းနေမယ် ။
* လောလောဆယ် မသိသေးတာဘဲ ကောင်းပါတယ်*
__________
မယ်တော် ကံတော် ကုန်တဲ့သတင်း ... ။
ကိုယ်လဲ သိပ်ကြေကွဲရပါတယ် ။
မင်းတစ်ယောက်လဲ ငိုကြွေးနေတော့မယ် ။
ကိုယ် ပြန်လာပါ့မယ် ။ ကိုယ့်မှာ သူတို့ ဝိဥာဥ်တွေကို ကောင်းကောင်းပို့ဆောင်ရမဲ့ တာဝန်ရှိသေးတယ် ။
ဒါပေမဲ့ လက်ရှိမြို့ထဲမှလဲ အခြေအနေဆိုးတယ် ။
ချက်ချင်းမလာနိုင်တာကြောင့် နှောင့်နှေးသွားခဲ့တယ်။
.
.
.
အဲ့ဒီ ပျက်ကွက်မှုကြောင့် ...
ရေစည်ထဲက မင်းရဲ့ သွေးတွေကို မြင်တဲ့ အခါ ...
ဖြုလျော့နေတဲ့ မင်းနှုတ်ခမ်းကို တွေ့တဲ့အခါ ...
မင်းရဲ့ အေးစက်နေတဲ့ ကိုယ်လေးကို ထိတွေ့မိတဲ့အခါ...
"မင်း ဘာလုပ်လိုက်တာလဲ !! "
ကိုယ် အဆုံးအစမဲ့ တုန်လှုပ်သွားခဲ့တယ် ။
မင်း လက်ကောက်ဝတ်ကို အသည်းအသန် ဖိရင်း ကိုယ် အော်ဟစ်နေမိတယ် ။
" တစ်ယောက်ယောက် !!
သမားတော်ခေါ်ပြီး အမြန်လာခဲ့စမ်း !!
နောက်ကျသွားရင် အားလုံးကို သတ်ပစ်မယ်"
နောက်ကျသွားခဲ့ရင် ကိုယ် အားလုံးကို သတ်ပစ်မိတော့မှာ .... ဒေါသကြောင့် ငရဲရောက်မယ်ဆို ...မင်းမရှိတဲ့နေရာအစား ငရဲကိုသာ ရွေးချယ်လိုက်မိမှာ ... ။
အဲ့တာကြောင့် ...
" မသွားပါနဲ့ !
ကျေးဇူးပြုပြီး မသွားလိုက်ပါနဲ့ ကလေးရယ် "
မင်းမရှိဘဲ ကိုယ်ဘယ်လိုနေရမလဲ ... !?
" မင်းတစ်ယောက်ထဲ ကျန်တော့တာမို့ ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ "
ကိုယ် ငိုကြွေးနေမိတယ် ။
မင်းတစ်ခုခုဖြစ်သွားရင် မိစ္ဆာတင်မက လူတွေပါ သေကြေကြလိမ့်မယ် ။ သူတို့ မင်းကို ပစ်ထားကြတယ် ။
.
.
.
သမားတော်ခေါင်းငြိမ့်မှ ကိုယ်အသက်ရှုမိတော့တယ်။
ဒီအခြေအနေ အထိရောက်မှတော့ အဆုံးထိ ရှင်းပြီးမှကိုယ် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် ။
___________
ဒီနေ့က မင်း ၁၈ နှစ်ပြည့်မွေးနေ့ ...
နန်းမြို့တော် ၊ ရွာတွေဆီက မိစ္ဆာတွေ ကုန်ပြီ ။
မနက်ဖြန်ခါဆို နန်းတွင်းကို ရှင်းလင်းရတော့မယ်။
နန်းတော် အုတ်ရိုးတွေကတစ်ဆင့် လူတွေကြား မကြည်မလင်ဖြစ်နေတဲ့ မင်းမျက်နှာကို မြင်တဲ့အခါ * ခဏဘဲ စောင့်ပါ * လို့ အကြိမ်ကြိမ် ပြောနေမိတယ်။
မင်းတစ်ယောက်ထဲ ငိုယ်တို့အတူ ရှိနေကျ မက်မွန်ပင်အောက်ထွက်လာခဲ့တယ် ။ ကိုယ် မင်းနောက်လိုက်လာခဲ့တယ် ။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကို့ မင်းမုန်းနေပေမဲ့ အဖြစ်မှန်တွေသာသိရင် မင်းတစ်ယောက် ကိုယ့်ရင်ခွင်ထဲ တိုးဝင်လာမှာကို သိတယ် ။
ကိုယ် မင်းနား ကပ်ထိုင်လိုက်တယ် ။
စကားစမလာတဲ့ မင်းကြောင့် ရောက်တတ်ရာရာစကားနဲ့ စရတယ် ။ အခြေအနေနဲ့ ကိုက်ညီတာမျိုးပေါ့ ။
"ကိုယ့်ကို မုန်းလား "
"အင်း ... အရမ်းမုန်းတယ် "
ဖြေရှင်းနိုင်မယ်မှန်းသိတောင် ဒီစကား မင်းဆီက ကြားရတဲ့အခါ သိပ် နားခါးပါတယ် ။
" ခင်ဗျားတို့ လာရာကို ပြန်ထွက်သွားပေးနိုင်မလား
ခင်ဗျားရော ... အဲ့ဒီမိန်းမရော အတူတူ ... "
အဲ့နှစ်ယောက်လုံးကို ရှင်းထုတ်ပေးပါ့မယ် ။
ကိုယ်တစ်ယောက်တော့ မင်းအနားမှာဘဲ နေပါရစေ...။
.
.
.
အိမ်ရှေ့စံက ကြွေအိုးကို အကုန်မော့လိုက်တယ်။
" ငါ သွားတော့မယ် "
ခဏလေး နေပါဦး ။
ကိုယ် အခုတလော ကိစ္စတွေ များထွေကြောင့် ပင်ပန်းနေတာမို့ မင်းမျက်နှာလေး ခဏကြည့်ပါစေဦး ... ။
မင်းလက်ကို ဆွဲချလိုက်တော့ ကိုယ့်ပေါင်ပေါ် ထိုက်လျက်သား ကျလာတဲ့ မင်း ... ။
ကိုယ်နဲ့ နီးကပ်နေတဲ့ မင်းက အရက်ကြောင့် ပါးလေးတွေ ရဲနေတဲ့ အပြင် ၊ ထွေနေတဲ့ မျက်ဝန်းတွေက ကိုယ့်အား စိုက်ကြည့်နေတယ် ။
ဒီအကြည့်တွေကို မင်းကစလွဲသွားပေမဲ့ ကိုယ်တော့ မလွဲနိုင်ခဲ့ ... လရောင်နဲ့ အပြိုင်လှနေတဲ့ မင်းဟာ ကိုယ့်ရဲ့ ဆန္ဒရိုင်းတစ်ခုကို နိုးကြားစေတယ် ။
ကိုယ် မင်းကို နမ်းချင်တယ် ။
မင်းရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ချင်တယ် ။
ဒီလိုက စတင်ပြီး ... မင်းနဲ့အတူတူ ဒီတစ်ညတော့ အဆုံးသွားလိုက်ချင်တယ် ။
လက်တွေက မင်းရဲ့ ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့နေရာတိုင်းကို ခံစားနေမိတယ် ။ နှာခေါင်းကလဲ တိုးဝှေ့နမ်းရှိုက်ရင်း... ။
" ဘာလုပ်တာလဲ!?"
" ကိုယ့်ကို ခွင့်ပြုပါ ..."
မင်း မသာယာမှန်း သိပါတယ် ။
မင်း သာယာအောင် ကြိုးပမ်းပါရစေ ... ။
နှုတ်ခမ်းကို စနမ်းတယ် ။
အိမ်ရှေ့စံဟာ ရုန်းကန်နေခဲ့တယ် ။
သို့သော် အမူးသမားလေး မရုန်းကန်နိုင် ... ။
လသာတဲ့ည ...
မက်မွန်တွေ ကြွေခိုက်မှာ
ကိုယ် မင်းကို ခြွေယူခဲ့တယ် ။
ကြွေသွားတဲ့ ပန်းလေးပေမဲ့
ကိုယ် အသက်ထက်ဆုံး တန်ဖိုးထားပါရစေ ... ။
.
.
.
မမျှော်လင့်ပေမဲ့ ခရီးမဆုံးခင် မင်းတစ်ယောက် လိုက်ပါခဲ့တယ် ။ ကိုယ့်အား တောင်းဆိုနေခဲ့တယ်။
လူဆိုသည်မှာ လောဘသားတဲ့ ... ရလေလိုလေ ။
" ချစ်ပါ ... ကျေးဇူးပြုပြီး ကိုယ့်ကို ပြန်ချစ်ပေးပါ "
"ခင်ဗျားရော ... အဲ့တာဆို ခင်ဗျားကရော "
" အချစ်ဦးပါ...ကိုယ့်အတွက်...ပြီးတော့ ... "
" ကိုယ် အချစ်ရဆုံးသူပါ ကလေးငယ်
ကိုယ် မင်းကို သိပ်ချစ်မြတ်နိုးတယ် ... "
ကလေးက ဒီစကားကို ခဏခဏ ကြားချင်သူ...
ကိုယ်က ခဏခဏပြောရင် ပေါ့သွားမှာ စိုးတဲ့သူ ... ။
အဲ့ဒီအစား အပြုအမူတွေနဲ့ သက်သေပြပါ့မယ် ။
မင်းတစ်ယောက် ဒီဘဝတော့ အချစ်ခံရရင်း နေသွားရပါစေမယ် ။
_______________
.
.
.
.
.
.
.
.
.
.
_______________
သူရဲ့ ပုံပြင်အဆုံးမှာ အိမ်ရှေ့မင်းသားလေးက ငိုတယ်။
သူ သိသားဘဲ ... ။
ဒီကလေး သိရင် ဝမ်းနည်းရမယ်ဆိုတာ ... ။
ဒါပေမဲ့ ဒါနောက်ဆုံး ဝမ်းနည်းရခြင်းဖြစ်မှာပါ ။
မင်းအတွက် ဝမ်းနည်းစရာတွေ ကုန်ဆုံးပါပြီ ... ။
တိုင်းပြည်ကို နှောက်ယှက်နေတဲ့ မိစ္ဆာတွေကိုလဲ တစ်ကောင်မကျန် ရှင်းလင်းခဲ့ပြီ ။ ရှင်ဘုရင် ပလ္လင်ထက်မှာ မင်း အေးချမ်းစွာ အုပ်ချုပ်နိုင်ပြီ ။
" ခမည်းတော်နဲ့မယ်တော်တို့ရော ... "
" သူတို့ ဝိဥာဥ်တွေ ငြိမ်းချမ်းသွားကြပါပြီ "
" အဟင့် !"
ကလေးလေးက သူ့ကိုဖက်လို့ အားရအောင်ငိုလာတယ်။ ကျောကို ပုတ်လို့ ချော့လိုက်တယ် ။
ရှေ့ဆက် ဒီလောကကြီးမှာ တစ်ယောက်ကို တစ်ယောက် အားကိုးအားထားပြုရာ ကိုယ်တို့ နှစ်ယောက်ဘဲ ကျန်မယ် ။
အပြန်အလှန် အဖော်ပြုရင်း နေသွားကြရအောင်နော် ... ။
___________
ဒီလိုနဲ့ အိမ်ရှေ့စံလေးက ... အသက် ၁၈ နှစ်မှာ မင်းကျင့်တရား ဆယ်ပါးနဲ့အညီ အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့တယ်။
အဲ့ဒီလူကတော့ ဘုရင်ရဲ့ အနားမှာ အမြဲတမ်းရှိနေပြီး ရှင်ဘုရင်လဲ လမ်းကြောင်းကို တည့်မတ်ပြုပြင်ပေးတဲ့ မင်းဆရာ တစ်ယောက် ဖြစ်လာသတဲ့ကွယ် ... ။
သူတို့ အုပ်ချုပ်ချိန်မှာ .....
တိုင်းပြည်ဟာလဲ သာယာပြီးစည်ပင်ဝပြောခဲ့ပါသတဲ့ ...။
___________
___________
"ချလွင် .... "
လေပြင်းတစ်ချက်ကြောင့် အလှဆင်ထားတဲ့ ခြူကလေးဟာ လှုပ်ခါသွားတယ် ။ သာယာတဲ့အသံဟာ လေထုထဲ ကူးခတ်သွားလာရင်း ... ။
မက်မွန်ပင်ကြီး မိုးထားတဲ့ အဆောင်ငယ်အောက်မှာ ရှင်ဘုရင်ဆိုသူက မင်းဆရာရဲ့ ပေါင်ပေါ်ခေါင်းအုံးလို့နေတယ် ။
"ဒါဖြင့်ရင် ခင်ဗျားက ငါ့ကို သွားမရှိခင်ကတည်းက ကြိုက်တာပေါ့လေ ... "
အဲ့ဒီလူက ပြုံးတယ် ။
ရှင်ဘုရင်လေး ဆူပူတ်သွားတယ် ။
"ခင်ဗျား မူနိုင်လိုက်တာဗျာ "
"ငါ့ဖြင့် ခင်ဗျား ငါ့မကြိုက်ပါဘူးဆိုပြီး တစ်ယောက်ထဲ ပြဇာတ်တွေရေးလို့ ... ချစ်လာအောင် ကြိုးစားလိုက်ရတာ ...
နောက်ဆုံးတော့လဲ ဒီအသီးအိုကြီးက ငါ့ဆီ ကြွေမဲ့ဟာဘဲ ဖြစ်နေတာပါလား "
" ... "
" မကျေနပ်ဘူးလို့ ... ခင်ဗျားကြီးရဲ့ ...
ရယ်ဘဲ ရယ်မနေနဲ့ ... "
"ခင်ဗျားလေးနဲ့လဲ ခက်ပြီ ... ဒါဖြင့်
ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ မိန့်ပါဦး ... "
ရှင်ဘုရင်လေးက စဥ်းစားတယ် ။
သူ မကျေနပ်တာမို့ တစ်ဘဝစာ တစ်ခုခုတော့ တောင်းဆိုရမယ် ။
" နောက်ဆို ခင်ဗျား ငါ့ကိုနိုးရင် သုံကြိမ်တိတိ နမ်းပြီးမှနိုး ... ငါနိုးရင်လဲ သုံးကြိမ်ပြန်နမ်း ပြီးမှ မျက်နှာသစ်"
အဲ့ဒီလူက မျက်လုံးပြူးပြတယ် ။
" အဲ့မဟုတ်ဘူး ... ငါးကြိမ် ... ငါးကြိမ် "
" နောက်ပြီး ... ထမင်းစားတိုင်းလဲ ခွံကြွေးရမယ် ... ရေချိူးတိုင်းလဲ ခင်ဗျား ငါ့ကို ချိုးပေးရမယ် ... ပြီးရင် ငါ့ကို ... "
ရှင်ဘုရင်လေးက လက်ချောင်းကလေးတွေ ချိုးရေနေရင်း မျက်လုံးကို အပေါ် ကို့လို့ စဥ်းစားနေတယ် ။
" ငါ လမ်းမလျှောက်ချင်တိုင်း ပိုးပေးရမယ် ... ပြီးတော့ ရှိသေးတယ် ... ငါ အလုပ်လုပ်တာ တော်ရင်လဲ ... နမ်း ... ပါးကို မဟုတ်ဘဲ နှုတ်ခမ်းကို ... "
"ကဲ ... တော်ပြီလား ...ဒီလောက်ဘဲလား ... ရှိသေးလား ... ဟင် အာဘွားကြိုက်တဲ့ ကိုယ်တော်လေး"
ရှင်ဘုရင်လေးက အဲ့ဒီလူရဲ့ လက်မောင်းကို ဆွဲကိုင်လှုပ်ရင်း ...
" ငါ ကျေနပ်သေးတာ မဟုတ်ဘူးရယ် ...
ဒါပေမဲ့ ငါ ဘာလုပ်ခိုင်းရမယ်မှန်း စဥ်းစားမရလို့ ... "
ပြောရင်း ရှင်ဘုရင်လေးက ဆူပုတ်နေသေးတယ် ။
" ဒါ ဖြင့် ကိုယ် ပြောကြည့်မယ်လေ "
" ပြောကြည့် ...
လျော့ပေါ့ပြောရင် ပိုလုပ်ခိုင်းမှာနော်"
"အင်းပါ ... ဒီလိုလုပ် ... "
"... "
"ဟောဒီက ကလေးကို ကိုယ်က သွားမပေါက်ခင်ကတည်းက ချစ်ခဲ့တာ ဆိုတော့ ... ကိုယ် ကတိပေးပါတယ် ... မင်းသွားတွေ မရှိတော့တဲ့ အချိန်ထိ ကိုယ် မင်းတစ်ယောက်ကိုဘဲ ဆက်ချစ်သွားပါ့မယ်"
ရှင်ဘုရင်လေးက ခဏတော့ စဥ်းစားနေပြီး နောက်တော့ တဖြည်းဖြည်း ပြုံးလာရာနေ အကြီးကြီး ပြုံးလာတယ် ။
ပြီးတော့ သူ့ ဗိုက်ကလေးကို မျက်နှာ အပ်ပြီး ရှက်သွားတာကိုလဲ နားရွှက်နီနီကလေးတွေက တစ်ဆင့် သက်သေပြနေတာ ... ။
ခဏ တိတ်ဆိတ်သွားပြီးမှ ...
"ခင်ဗျားဗျာ ... "
ငိုသံပါတာကြောင့် သူ လန့်သွားတယ် ။
"ဘာဖြစ်လို့လဲ ကလေး !? "
" ခင်ဗျား ခြွေလွန်းတယ် ...
ငါဖြင့် နှလုံးသားတွေ အရည်ပျော်ကုန်ပြီလားလို့ ... "
" ဟောဗျာ ... "
" နမ်းစမ်းပါဦး ...
ဟောဒီ စကားတတ်တဲ့ နှုတ်ခမ်းလေးနဲ့ ... "
သူ ငုံနမ်းလိုက်တယ် ။
အဲ့ဒီကနေဆင့် သစ်ကိုင်းပေါ် နားနေတဲ့ ဌက်ကလေးက သူ့မျက်လုံးတွေ မှိတ်ပြီး အဝေးကို ပျံသန်းသွားပါသတဲ့ .... ။
__________________________________________________________________________________
____________