ရာသီကြွေပြောင်း
ချိန်ခါနှောင်းလည်း
မဟောင်းဘယ်သို့မေ့ပါနိုင်။
***********
ကြမ်းပြင်၌ ပြုတ်ကျနေသော ခပ်ဖျော့ဖျော့ အညိုရောင်စာအုပ်လေးအား ကောက်ယူလိုက်ပြီး စာမျက်နှာတစ်ရွက်အား လှန်ကြည့်မိတော့ အထက်ပါ စာသားတို့ကို သူ တွေ့လိုက်ရသည်။
တစ်ဆက်တည်းမှာပင် ရင်းနှီးနေသော လက်ရေးဟန်ကြောင့် အသိစိတ်အရ အတိတ်က အကြောင်းအရာ တစ်စုံတစ်ခုကို ခပ်ရေးရေး သတိရမိသွားသည်။
"ဆရာလေးရဲ့ စာအုပ်များလား... ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေရတာလဲ"
နှုတ်မှ မိမိဘာသာ တွေးဆဆ ရေရွတ်လိုက်ရင်း စာရွက်များအား ဆက်မလှန်ဖြစ်တော့ပါ။ စာအုပ်ကို ပြန်ပိတ်လိုက်ပြီး ဆရာလေးဆီသို့ သွားရင်း အနှီစာအုပ်လေးကိုပါ တစ်ပါတည်း ယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
ညနေစောင်းချိန်ဖြစ်တာကြောင့် ဆရာလေးအား ထွေထွေထူးထူး ရှာစရာမလို။ အနောက်ဘက် တောတန်းရှိ သရက်ပင်ကြီးအောက်၌ ထုံးစံအတိုင်းပင် တယောတစ်လက် ဘေးတွင်ထား၍ တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့ရသည်။
သူ လာတာမြင်တော့ ဆရာလေးက ပြုံးပြပြီး တယောလေးအား ပေါင်ပေါ်ပြောင်းတင်လိုက်သည်။
"လာ ထိုင်... လပြည့်"
နံဘေးနေရာကို ပုတ်ပြပြီး နေရာပေး အထိုင်ခိုင်းတော့ သူလည်း အရင်ဆုံး ဝင်ထိုင်လိုက်ပါသည်။
"ဆရာလေး...ကျွန်တော် ဒီတစ်ခေါက်လာတာ ဆရာလေးနဲ့ တိုင်ပင်စရာ ကိစ္စလေးတစ်ခုရှိလို့"
"ဘာကိစ္စလဲ လပြည့်... ပြောလေ"
"ကျွန်တော်..."
လပြည့်တစ်ယောက် စကားချီပြီး ဆက်ရဖို့ ဟန့်နေသည်။ ဒါကို ဆရာလေးက မြင်တော့ ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ရယ်သွမ်းသွေးရင်း ဆိုသည်။
"ဘာတွေတုန့်နေတာတုန်း ဖိုးလပြည့်ရ... ပြောစရာရှိတာကို ပြောလေကွာ"
ဆရာလေးစကားကြောင့် သူ ခဏနေတော့ လိုရင်းကို စကားဆက်လိုက်သည်။
"ဟို... ကျွန်တော်...၊ အိမ်ထောင်ပြုရင် ကောင်းမလားလို့"
သူတို့နှစ်ဦးကြားမှာ ခေတ္တမျှ အသံတိတ်သွားသည်။ ဆရာလေးက ခဏနေတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ဆိုသည်။
"မင်းအရွယ်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်ပဲလေ၊ တကယ်တမ်းဆို လွန်တောင်နေပြီ၊ ကောင်းတာပေါ့ လပြည့်ရ၊ တစ်ခုတော့ရှိတယ်... တစ်ဖက်က ကိုယ်တကယ် နှစ်သက်မြတ်နိုးရတဲ့လူတော့ ဖြစ်ပစေပေါ့"
"ဟုတ်ကဲ့"
"ကဲ ဆက်ပါဦး... မင်းရည်ရွယ်ထားတဲ့သူအကြောင်း"
"သူက ကျွန်တော် တာဝန်ကျနေတဲ့ ဆေးရုံက သူနာပြုတစ်ယောက်၊ စိတ်ထားကောင်းပြီး ကျွန်တော့်အပေါ်မှာ နွေးနွေးထွေးထွေးရှိတယ်၊ သူတို့မိသားစုက ရှမ်းတရုတ်စပ်တွေ၊ တောင်ကြီးမှာပဲ နေကြတယ်"
"အင်း... မင်းကိုယ်တိုင် ရွေးချယ်ပြီးသားဆိုတော့ ငါ့အနေနဲ့ အပြစ်ပြောစရာ ရှိမှာမဟုတ်ပါဘူး၊ မင်းကိုငါယုံပါတယ် လပြည့်"
"ကျွန်တော် မရွေးချယ်ရသေးဘူး ဆရာလေး၊ မဟုတ်ဘူး... မဆုံးဖြတ်ရသေးတာလို့ပြောရင် ပိုမှန်မယ်"
"မင်းဟာက ဘယ်နှယ့်စကားတုန်း... မင်းတို့ချင်း မေတ္တာမျှနေတာ မဟုတ်ဘူးလား"
"မဟုတ်သေးဘူး ဆရာလေးရ၊ ကျွန်တော့်ဘက်က အခုမှ ရည်ရွယ်တုန်းပဲ ရှိသေးတယ်"
"ဖိုးလပြည့်... အခုမှ ရည်ရွယ်တုန်းပဲလည်း ဆိုသေးတယ်၊ အိမ်ထောင်ပြုမလို့ဆိုတာက"
"အပိုင်တွက်တယ်လို့တော့ မဟုတ်ပါဘူး ဆရာလေးရာ၊ သူ့ဘက်ကလည်း ကျွန်တော့်ကို မေတ္တာရှိနေတယ်လို့ ကျွန်တော်ယူဆတယ်၊ ကျွန်တော့်ဘက်ကသာ..."
"မင်းက ဘာဖြစ်လို့လဲ"
"အမှန်အတိုင်း ပြောရရင် ကျွန်တော် အိမ်ထောင်မပြုရဲဘူး ဆရာလေး"
"ဘယ်လို"
"ဟုတ်တယ် ကျွန်တော် အိမ်ထောင်ပြုလိုက်ဖို့ သတ္တိနည်းနေတယ်၊ အိမ်ထောင်တစ်ခုကို ကျွန်တော် အဆုံးထိ တာဝန်ယူနိုင်ပါ့မလားဆိုတာ မသေချာဘူး၊ ကျွန်တော့်ဘက်က တာဝန်ယူနိုင်တယ်ပဲထား... ကျွန်တော့်အိမ်ထောင်ဘက်ကရော တာဝန်ယူနိုင်ပါ့မလား ကျွန်တော် အာမမခံနိုင်ဘူး၊ မတော်တဆ တစ်ခုခုချွတ်ယွင်းသွားရင် ကျွန်တော် ခံနိုင်ရည်ရှိမယ်မထင်ဘူး ဆရာလေး၊ ခဲမှန်ဖူးတဲ့ စာသူငယ်လိုမျိုးပေါ့... ကျွန်တော့်လိုမျိုး ကလေးတွေ နောက်ထပ်မွေးဖွားလာမှာ မလိုလားဘူး၊ အိမ်ထောင်ပြုရမှာကို ကျွန်တော်ကြောက်တယ်"
ဆရာလေး၏ မျက်နှာက တွေခနဲ ဖြစ်သွားတာကို သူ သတိထားမိသည်။
လေထုက အတန်ကြာ တိတ်ဆိတ်သွားသည်။ ပျက်ယွင်းသွားသော ဆရာလေး၏ မျက်နှာရိပ်ကို ကြည့်၍ သူ့စကားတွင် အမှားတစ်ခုခု ပါသွားလေသလားဟု စဥ်းစားနေစဥ်မှာပင် ဆရာလေးက စကားဆိုလာသည်။
"တစ်ချိန်တုန်းက ငါ့ကို လူတစ်ယောက်က မင်းလိုမျိုး ပြောခဲ့ဖူးတယ်၊ လက်ထပ်ရမှာ သူသိပ်ကြောက်တယ်တဲ့၊ အဲဒီ့တုန်းက ငါလည်း ငယ်သေးတော့ သူ့အကြောက်တရားကို သေသေချာချာ မမြင်ခဲ့မိဘူး၊ သူ့ကိုလည်း ကောင်းမွန်တဲ့ အကြံဉာဏ်တွေ မပေးနိုင်ခဲ့ဘူး"
ဆရာလေးက အဝေးတစ်နေရာသို့ အကြည့်ကို ရွှေ့လိုက်ပြီး မေးခွန်းတစ်ခုကို ထုတ်လိုက်သည်။
"လပြည့်... လက်ထပ်ခြင်းကို အဓိကတွန်းအားဖြစ်စေတာက ဘာဖြစ်မလဲ မင်းသိလား"
ဆရာလေး၏ မေးခွန်းကို ပြန်ဖြေဖို့ စဥ်းစားတွေးတောနေဆဲမှာပင် ဆရာလေးက သူ့ဟာသူ အဖြေပေးသည်။
"အချစ်ပေါ့...၊ စိတ်ပညာရှင် စတန်းဘာ့ဂ်က အချစ်မှာ တာဝန်ယူမှု.. ရင်းနှီးမှုနဲ့ ရမ္မက်ဆိုပြီး အင်္ဂါရပ်သုံးခုပါတယ်လို့ဆိုတယ်၊ အဲဒီ့အချစ်ကို မေတ္တာသာ ထပ်ပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်လှလိုက်မလဲလို့ မင်းထင်သလဲ၊ မေတ္တာက အေးချမ်းတယ်... သုခဆိုတဲ့အရာကို ပေးတယ်၊ အချစ်ပါနေတာကြောင့် ဒုက္ခတော့ ဘယ်ကင်းလိမ့်မလဲကွာ၊ ဒါပေမဲ့ သုခဖြစ်စေ ဒုက္ခဖြစ်စေ မျှဝေခံစားပေးမယ့်သူရှိရင် လူကို ပီတိဖြစ်စေတာပဲ၊ အိမ်ထောင်တစ်ခုမှာ အချစ်ရော မေတ္တာရော အချိုးကျကျ ပါမယ်ဆိုရင် ဘာအကြောင်းနဲ့မှ ပျက်စီးစရာ အကြောင်းမရှိပါဘူး၊ မင်းကိုယ်မင်း ပြန်တွေးကြည့်... မင်းလက်တွဲဖော်ကို အချစ်ရော မေတ္တာပါ ပေးနိုင်သလားလို့၊ အကယ်၍ ပေးနိုင်တာ သေချာတယ်ဆိုရင် ဘာကိုမှ တွေးမနေဘဲ ရဲရဲကြီးသာ ဖွင့်ပြောလိုက်"
သူရယ်လိုက်မိသည်။
"ကျွန်တော့်အဖြစ်က ဟိုစကားပုံနဲ့တောင် ဆင်တူနေပြီ၊ မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ နှုတ်ခမ်းနာနဲ့မတည့်ဘူးဆိုတာမျိုး ဖြစ်နေပြီ"
ဆရာလေးကတော့ ပြုံးရုံသာပြုံးသည်။
"မဟုတ်တာပဲကွာ၊ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာ... ကိုယ့်ကို မေတ္တာရှိနေတာ သိပေမဲ့ တစ်ဖက်လူအပေါ် အခွင့်အရေးမယူတာ... အဲဒီ့အချက်တွေက မင်းဟာ ယောင်္ကျားကောင်းတစ်ယောက်ဆိုတာကို သက်သေပြနေတာပဲ"
သူ ခေါင်းညိတ်ပြီး ပြုံးလိုက်မိသည်။
ထို့နောက် ဆရာလေး၏ စကားများကို ခေါင်းထဲမှာ မှတ်သားထားလိုက်ပြီး ဆရာလေးကို ကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ဆရာလေး၏ ကိုယ်ပေါ်၌ သူ ငယ်စဥ်တုန်းကလို ပျိုမျစ်မှုတို့ မရှိတော့။ ဆရာလေး၏ ဆံနွယ်နက်နက်တို့သည် မီးခိုးရောင်အဖြစ် လွင့်ပါးကုန်ကြလေပြီ။ မျက်ဝန်းတို့တွင်လည်း ကြက်ခြေခတ်ရာများ တစ်စထက်တစ်စ ပိုများလာသည်။ ဒီတစ်ခေါက်လာတာ အရင်တစ်ခေါက်ကထက် ပိုပြီးအရွယ်ကျသွားသည်ဟု သူ မြင်မိသည်။
"ဆရာလေး... ကျန်းမာရေးကို ဂရုစိုက်နော်၊ ဆေးတွေ မှန်မှန်သောက်တယ်မလား"
"သောက်ပါတယ်ကွာ"
"ကိုယ်လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေး၊ ဆီးချိုသွေးချိုဆိုတာက သက်သာတယ်ဆိုတိုင်း ပေါ့နေလို့ရတာမဟုတ်ဘူး၊ ဆရာလေးကို အင်ဆူလင်နဲ့ကုဖို့ ကျွန်တော်စဥ်းစားနေတာ"
"သောက်ဆေးနဲ့လည်း ငါကျန်းမာနေပါပြီ ဖိုးလပြည့်ရာ... မင်းက မဖြူ ထက်တောင် ပိုစိုးရိမ်တတ်ရန်ကော"
"ကျွန်တော်က ဆရာလေးကို စိတ်ချတာမဟုတ်ဘူးဗျ၊ ကျွန်တော်နဲ့ လိုက်နေဆိုတော့လည်း ဆရာလေးက မနေချင်"
"ဒါကတော့ ဒီနေရာကိုရော ကလေးတွေကိုရော သံယောဇဥ်တွယ်မိနေတာကိုး၊ မိသားစုလို ဖြစ်နေတဲ့နေရာကို ငါဘယ်လိုထားခဲ့မတုန်း"
သူ ဘာမှပြန်မပြောဘဲ ဆရာလေးကိုသာ ကြည့်နေမိသည်။ ဆရာလေးက သူ့ပခုံးတစ်ဖက်ကို ကိုင်ရင်း
"ကဲပါ လပြည့်ရာ... ဒီနေရာက ငါတို့ရဲ့အိမ်ပဲ၊ မင်းလည်း အချိန်မရွေး ပြန်လာလို့ရတယ်၊ ပြီးတော့ ကလေးလူကြီးမရွေး အကုန်လုံးက ငါ့ကို ဂရုစိုက်ကြပါတယ်၊ ဘာမှစိတ်ပူစရာမလိုဘူး"
"ဂရုစိုက်လို့သာပဲ..."
သူ၏ ရွဲ့တဲ့တဲ့ အပြောက အရွယ်နှင့်မမျှ ကလေးဆန်သွားလိမ့်မည်ထင်သည်။ သူသည် ဘယ်လောက်ပင် လူကြီးတစ်ယောက် ဖြစ်ပါစေဦး... ဆရာလေးရှေ့ ရောက်လျှင်တော့ ကလေးငယ်တစ်ဦးလို ပြုမူမိစမြဲပင်။ မိဘဟူ၍ လက်ညှိုးထိုးပြစရာမရှိသော သူ့၌ ဤဆရာကသာ အမိ ဤဆရာကသာ အဖပင် မဟုတ်လော။ ထို့အပြင် သူ့အား ဤဘဝ ဤအခြေအနေသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သော ကျေးဇူးရှင်ဟု ဆိုပါလျှင်လည်း မမှားပါချေ။
"ဒါဆရာလေးရဲ့ စာအုပ်မလား၊ ကျွန်တော် ကြမ်းပြင်ပေါ်မှာ တွေ့လို့ ကောက်လာတာ၊ ဆရာလေးပစ္စည်းက ဘာလို့ အိမ်ထဲမှာ ရှိမနေဘဲ အပြင်မှာ ရောက်နေရတာလဲ"
လပြည့်တစ်ယောက် ဆရာလေးဆီ အလာတုန်းက ကောက်လာခဲ့သည့် စာအုပ်ကို ဆရာလေးရဲ့ မျက်နှာနားမှာ ထောင်ပြလိုက်သည်။ တစ်ချိန်လုံး ထိုစာအုပ်အား သူ့လက်ထဲတွင် ကိုင်ထားပေမဲ့ ဆရာလေးသည် မျက်စိပြာနေတာကြောင့်လော ဘာလောမသိ။ သတိထားမှတ်မိဟန်မတူပေ။ ယခု သူ ထုတ်ပြလိုက်တော့မှ ပြာပြာသလဲ ဆွဲယူကြည့်ရှာသည်။
"မှန်းစမ်း... ဟုတ်ပါရဲ့၊ ငါရှာနေတာ... သူ့ကို ပျောက်သွားလို့ ငါ နေရာအနှံ့ ရှာနေခဲ့တာ"
ဆရာလေးက စာအုပ်ကို ကိုင်ကာ နှုတ်မှ တဖွဖွဆိုသည်။
"နောက်သေသေချာချာ သိမ်းထားပေါ့... ကလေးတစ်ယောက်ယောက် ယူဆော့တာဖြစ်မယ်၊ ကလေးတွေကို ဆရာလေးအိမ်ထဲ နောက်အဝင်မခံနဲ့တော့၊ သူတို့အတွက် ကစားစရာနေရာ ဒီဂေဟာမှာ မရှားဘူး"
"တော်သေးတာပေါ့ တော်သေးတာပေါ့"
ဆရာလေး၏ မျက်နှာက သိသိသာသာပင် ရွှင်ပျလာတာကို သူ တွေ့ရသည်။ သူပြောလိုက်တဲ့ စကားတွေကိုလည်း အသေအချာ ကြားလိုက်မည်မထင်။ နှစ်ရှည်လများ မတွေ့ရတာကြာနေတဲ့ သူငယ်ချင်းတစ်ဦးနဲ့ ပြန်ဆုံရလို့ ဝမ်းသာနေသည့်ပုံပေါ်နေသည်။
ထိုစာအုပ်သည် သူရှိစဥ် ဟိုးကတည်းကပင် ဆရာလေး တန်ဖိုးထား အထိမခံသည့် စာအုပ်ပင်။ ကလေးသဘာဝ စပ်စုလိုစိတ်ကြောင့် ငယ်ငယ်တုန်းက သူ ထိုစာအုပ်လေးအား ခိုးယူကြည့်ခဲ့ဖူးသည်။ ထိုစဥ်က ဆရာလေး မိသွားပြီး သူ့အား တစ်ခါမျှ စိတ်မဆိုးသဖူး အကြီးအကျယ် စိတ်ဆိုးဖူးသည်။ ထို့ကြောင့် အနှီအညိုရောင်မျက်နှာဖုံးနှင့် စာအုပ်အား သူ မှတ်မှတ်ရရရှိနေခြင်း ဖြစ်ပါသည်။
ငယ်ရွယ်စဥ်ကတည်းက ပြင်းပြင်းပျပျ သိချင်နေသည့် စပ်စုလိုစိတ်က သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။
"ဆရာလေး... အဲ့စာအုပ်လေးက ကျွန်တော်ငယ်ငယ်လေးတုန်းကတည်းက ဆရာလေးဆီမှာ ရှိတဲ့ စာအုပ်မလား၊ ကျွန်တော် အရင်က ဆရာလေး ကဗျာရေးမှန်း မသိခဲ့ဘူး"
"မင်း... ဖတ်ကြည့်တာလား"
ဆရာလေးရဲ့မျက်နှာ ကွက်ခနဲ ပျက်သွားတာကို မြင်လိုက်ရတော့ သူ စကားကို အမြန်ဆယ်လိုက်သည်။
"အာ... မဟုတ်ပါဘူး၊ ကျွန်တော်က ဒီအတိုင်း ကြမ်းပြင်ပေါ်မှာ တွေ့တော့ ဘာစာအုပ်လဲဆိုပြီး ကောက်ဖွင့်ကြည့်လိုက်တာ၊ ဆရာလေးရဲ့ လက်ရေးနဲ့ ကဗျာတစ်ပုဒ်ကို တွေ့လိုက်တယ်လေ၊ ကျန်တာတွေ လျှောက်မဖတ်ပါဘူး၊ 'မဟောင်းဘယ်သို့မေ့ပါနိုင်' ဆိုတဲ့ စာသားလေးပါတဲ့ ကဗျာလေးတစ်ပုဒ်ပဲ တွေ့လိုက်တာ"
"ဪ... အေး အေး ပြန်ရှာတွေ့လို့ ကျေးဇူးပဲကွာ"
"မလိုပါဘူး ဆရာလေးရ"
ဆရာလေးက စကားထပ်မဆိုတော့ဘဲ ခပ်ပြုံးပြုံးသာ တုန့်ပြန်သည်။
"ဆရာလေး... ကျွန်တော် သိချင်တာ... အဲ့စာအုပ်က ဘယ်သူ့အကြောင်း ရေးထားတဲ့စာအုပ်လဲဟင်၊ ကျွန်တော်ငယ်ငယ်တုန်းက ခိုးဖတ်ဖို့လုပ်တော့ ဆရာလေး ကျွန်တော့်ကို အကြီးအကျယ် စိတ်ဆိုးလိုက်တာလေ... စကားမပြောဘဲ နေတာကို အကြာကြီးပဲ၊ အဲ့တုန်းက ဆရာလေး စိတ်ဆိုးမှာစိုးလို့ ထပ်မစပ်စုတော့တာ၊ အခု ကဗျာတစ်ပုဒ် ဖတ်လိုက်ရတော့ ကျွန်တော် ပြန်ပြီးသိချင်သွားပြန်ပြီ"
ဆရာလေးက ဟင်းခနဲ ပြုံးသည်။
"ဒါက လူတစ်ယောက်အကြောင်းကို ရေးထားတာ မဟုတ်ဘူး... လူတစ်ယောက် တည်ရှိနေတာ...၊ မင်းတွေ့လိုက်တဲ့ ကဗျာတွေက မနေနိုင်တော့လို့ ငါလက်ဆော့မိထားတာတွေ"
"အဲဒီ့လူက ဆရာလေးအတွက် မေ့လို့မရနိုင်တဲ့လူပေါ့"
"မေ့လို့မရတဲ့လူဆိုတာထက် မေ့လို့မရနိုင်တဲ့ဘဝလို့ပြောရင် ပိုမှန်မယ်၊ သူက ဘဝတစ်ခုတော့မဟုတ်ဘူး... သူနဲ့အတူရှိခဲ့ဖူးတဲ့ ငါ့ရဲ့ဘဝပေါ့"
"သူက အခုဘယ်မှာလဲ"
"မပြောတတ်ဘူး၊ တစ်နေရာရာမှာ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပျံသန်းနေမှာပေါ့"
ဆရာလေးစကားတွေရဲ့ အဓိပ္ပါယ်ကို သူ ဘာသာပြန်ဆိုနေဆဲမှာပင် ဆရာလေးက ကောင်းကင်ကို မော့ကြည့်ကာ စကားလမ်းကြောင်းလွှဲသည်။
"ကဲ... မိုးတွေတောင် အတော်တက်လာပြီ၊ ရွာတော့မယ်ထင်တယ်၊ ဒါနဲ့ မင်း ဒီကို ပြန်ရောက်လာတာအတော်ပဲ၊ မနက်ဖြန်ကျရင် ငါ့ကို မင်္ဂလာပွဲတစ်ခုကို လိုက်ပို့ပေးဦး"
"ဘယ်သူ့မင်္ဂလာပွဲလဲ ဆရာလေး"
"ငါ့သူငယ်ချင်း ဟန်သာ့ရဲ့သမီးမင်္ဂလာပွဲ"
"ဪ... ဆရာလေးသူငယ်ချင်း ဦးဟန်သာဆိုတော့ သူ့သမီးက အခုတလော နာမည်ရနေတဲ့ အဆိုတော်လေးမလား၊ သူတို့မိသားစုကတော့ သားသမိနှစ်ယောက်စလုံး အနုပညာဘက်မှာ ထွန်းထွန်းပေါက်ပေါက်ရှိကြတယ်နော်"
"အင်း ဟုတ်တယ်... သူ့အမေကလည်း ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ရတာကို သိပ်ဝါသနာကြီးတာလေ"
"ဆရာလေးနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေများ သားသမီးတွေတောင်ရလို့ မြေးတွေမြစ်တွေတောင် ရတော့မယ့်သဘောမှာရှိတယ်၊ ဆရာလေးကရော... ဘယ်အချိန်အထိ အခုလို တစ်ယောက်တည်း နေနေမှာလဲ"
"ဟကောင် ဖိုးလပြည့်ရ... ဒီအသက်အရွယ်ကြီးရောက်မှ တစ်ယောက်တည်းမနေလို့ ဘယ်သူ့ဆီသွားနေရမလဲ"
"ကျွန်တော်တို့ ဆိုက်ထဲက ဆရာမကြီးတစ်ယောက်ဆို ဆရာလေးထက်တောင် အသက်ကြီးနေပြီ၊ ဟိုတလောကမှ အိမ်ထောင်ပြုသွားတယ်၊ ဆရာလေးရော မမေ့နိုင်တဲ့ဘဝဆိုတာကို ကြိုးစားမေ့ပြီး ဘဝအသစ်တစ်ခု မထူထောင်ချင်ဘူးလား"
"ဘဝအသစ်တစ်ခုထူထောင်ချင်တာဆိုရင် အခုအချိန်မှာ သေချင်တာပဲ ရှိတော့တယ်ကွာ"
"ဆရာလေး... ဘာလို့အဲ့လိုစကားမျိုးပြောတာလဲ"
သူ အော်လိုက်တော့ ဆရာလေးက ရယ်သည်။
"အလကားနောက်တာပါကွာ"
ဆရာလေးက ရယ်နိုင်ပေမဲ့ သူကတော့ မရယ်နိုင်။ အခုတလော အရင်ကထက်ပိုပြီး တရှောင်ရှောင်ဖြစ်လာတာကြောင့် သူ့မှာ အားလပ်ရက်ရတိုင်း ဆရာလေးကို စိတ်မချသဖြင့် မကြာခဏ ဂေဟာကို ပြန်လာရတာပင်။ သူစိတ်ဆိုးတာကို ကြည့်၍ ရယ်နေသော ဆရာလေးကတော့ သူ့ရင်ထဲက ပူပန်မှုတွေ၏ အတိမ်အနက်ကို သိနိုင်မည်မထင်။
ဆရာလေးက ခဏနေတော့ အရယ်သတ်ကာ ငြိမ်သွားသည်။ ပြီးနောက် "ဖိုးလပြည့်"ဟု သူ့နာမည်ကို ခေါ်လိုက်ပြီး တယောကို ထောက်၍ အားပြုကာ ထိုင်နေရာမှ ထသည်။
ဆရာလေး ပြောမည့် စကားကို နားထောင်ဖို့ သူ ငြိမ်ပြီး စောင့်နေမိပါသည်။
"ငါခုနက ပြောခဲ့သလိုပဲ... အိမ်ထောင်ပြုတဲ့အခါ မြဲဖို့အတွက် အချစ်နဲ့မေတ္တာ အချိုးကျကျ ပါရမယ်လို့"
ဆရာလေးက ခုံတန်းပေါ်မှ စာအုပ်ကို ကောက်ယူလိုက်သည်။ ပြီးမှ စကားဆက်သည်။
"ငါ့မှာ သူများတွေကို ပေးဖို့အတွက် မေတ္တာတစ်ခုပဲ ကျန်တော့တယ်၊ အချစ်တွေက အကုန်လုံး သူယူသွားလို့လေ"
အုံ့မှိုင်းလာတဲ့ တိမ်ညိုတွေက ကောင်းကင်ကြီးကိုတောင် ပြိုကျတော့စေမယောင်။ တရွေ့ရွေ့ထွက်ခွာသွားသော ကျောပြင်ကို ကြည့်၍ လပြည့်တစ်ယောက် သက်ပြင်းကိုသာ လေးလေးပင်ပင် ချမိပါတော့သည်။
°°°°°°°
ဖိုးလပြည့်နှင့် စကားပြောပြီးလို့ ဂေဟာ၏ အနောက်ဘက်ထောင့်ရှိ သူ၏အိမ်ကလေးထဲသို့ ပြန်ဝင်အပြီး သိပ်မကြာခင်မှာပင် မိုးက သည်းကြီးမည်းကြီး အော်ဟစ်ကာ ရွာချသည်။
အိမ်လေးထဲတွင် တယောတစ်လက်နှင့် သူသည် မျက်နှာချင်းဆိုင် ထိုင်နေမိသည်။ စားပွဲပေါ်တွင် စာအုပ်လေးက ပူပူနွေးနွေး လက်ဖက်ရည်ခွက်တစ်ခုသဖွယ် တည်ရှိနေသည်။ တိတ်ဆိတ်နေသော သူ့ကမ္ဘာက မိုးသံလေသံကြောင့် ဆူညံလို့နေပါ၏။
အတန်ကြာအထိ ငြိမ်သက်စွာ ထိုင်နေပြီးနောက် အိပ်စက်ရာ အခန်းလေးအတွင်းသို့ မျက်မှန်ကို ဝင်ယူလိုက်သည်။ အကူကိရိယာကို တပ်ဆင်လိုက်ပါမှ ဝေဝေဝါးဝါး လောကကြီးက အနည်းငယ်တော့ ပုံရိပ်ယောင်တွေ လွင့်ပြယ်သွားစေသည်။
ထို့နောက် ဘုရားစင်ပေါ်ရှိ ဘောပင်လေးကို ယူအပြီး နေရာ၌ ပြန်အထိုင်တွင် အချိန်ကိုက်ဆိုသလိုပင် အလင်းတုတို့ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ညနေစောင်းအချိန် မီးကပျက်တော့ အရာအားလုံးဟာ မှောင်မှည်းငြိမ်သက်လို့သွားချေသည်။
ဘောပင်အား စားပွဲပေါ်သို့ မှန်းဆ၍ ပြန်ချထားလိုက်သည်။ အချိန်တန်ရင် ပြန်လာမည့် မီးအား သူသည် အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ရင်း သည်အတိုင်း စောင့်နေမိသည်။ စာအုပ်ထဲတွင် ချရေးမည့် စာလုံးတို့က ပုံပေါ်တော့မည် မဟုတ်တော့။
မိုးရွာတဲ့ နေ့တွေဟာ သူ့အတွက်တော့ လွမ်းဆွေးကြေကွဲဖွယ်ပင်အတိပင်။ အထူးသဖြင့် သည်ကနေ့လို နေ့မျိုးဟာ အထူးကြေကွဲဖွယ်ဟု ဆိုရမည်။
သည်ကနေ့သည် ဇွန်လ၏ နှစ်ဆယ့်ခြောက်ရက်မြောက်နေ့...။
တစ်စုံတစ်ယောက် မွေးဖွားခဲ့တဲ့နေ့... ပြီးတော့ တစ်စုံတစ်ယောက် သေဆုံးခဲ့တဲ့နေ့။
အပြင်မှာ မသီကုံးဖြစ်သည့် စာလုံးတွေအား အတွေးထဲတွင် ပုံဖော်နေမိသည်။
စာ၏ အစတွင် သူသည် ထုံးစံအတိုင်း ချစ်ရတဲ့ငှက်လေးရေနှင့် အစပျိုးဖြစ်မည်ထင်သည်။ စာအုပ်ထဲတွင် စာမျက်နှာလွတ် ဘယ်နှစ်မျက်နှာလောက်ကျန်သေးမည်နည်းဆိုတာကိုတော့ သူ ရေရေရာရာမမှတ်မိ။ လုပ်နေကျ အလုပ်က ဒီလိုနေ့တိုင်းမှာ သူဟာ ရူးနှမ်းနှမ်း စာတစ်စောင်ကို ထိုအညိုရောင် စာအုပ်လေးထဲမှာ ရေးတတ်စမြဲပင်။ နှစ်ပတ်လည်ပေါင်း မြောက်များစွာ ဖြတ်သန်းခဲ့ပြီးပြီမို့ စာရွက်လွတ် အနည်းငယ်သာ ရှိတော့မည်ဟု သူ ခန့်မှန်းကြည့်မိသည်။
သူ့အတွေးရေယာဥ်သည် မိုးစက်တွေကြားထဲမှာ လွင့်မျောပျော်ဝင်သွားပါသည်။
.
.
.
.
.
ချစ်ရတဲ့ ငှက်ကလေးရေ...
အခုအချိန်ဆို မင်းရှာဖွေနေတဲ့ ပျော်ရွှင်ခြင်းကို ရှာတွေ့နေလေမလား။
ချစ်ခြင်းမေတ္တာကိုတော့ ရှာမတွေ့ပါစေနဲ့ဦးလို့ ငါကြိတ်ဆုတောင်းနေမိတယ်။ မင်းသာသိရင်တော့ အတော်အတ္တကြီးတဲ့လူလို့ ငါ့ကို ခနဲ့မှာ ကြိမ်းသေတယ်။
အချိန်က ဒဏ်ရာတွေကို ကုစားပေးမှာပါဆိုတဲ့ စကားက ငါ့အတွက်တော့ မမှန်ခဲ့ဘူး။ အချိန်တွေ ဘယ်လောက်ကြာကြာ ငါ့မှာ ဒီဒဏ်ရာတွေကို ပိုက်ပြီး နေသာသလို ဖြေနေရတယ်။ ငါ့အနားမှာ အလင်းတွေပျောက်သွားတိုင်း မင်းအရိပ်များလားလို့ အခုထက်ထိ ထင်နေတုန်း။။
သုံးဆယ့်တစ်နှစ်ရှိပြီ
မင်းငါ့ကိုထားခဲ့တာ... ရက်ရက်စက်စက်။
ပြောရမယ့် စကားတွေ အများကြီးရှိတယ်။
ပေးရမယ့် အချစ်တွေ အများကြီးရှိတယ်။
ချစ်တယ်... ငါမင်းကိုသိပ်ချစ်ပါတယ် အံ့မဟော်။
ဒီစကားကို ငါတို့နောက်တစ်ကြိမ် တွေ့တဲ့အခါကျ သေချာပေါက် အကြိမ်ထောင်သောင်းမက ပြောပါ့မယ်။
ဒါ့ကြောင့် စောင့်နေပေးပါ။
ဒီနှစ်အတောအတွင်းမှာ ငါ့ခန္ဓာကိုယ်က အရမ်းအိုလွယ်တာပဲ။ အခုနေ ငါတို့တွေ့ကြမယ်ဆိုရင် မင်း ငါ့ကိုမှတ်မိမယ်မထင်ဘူး။
ငါ့အမြင်အာရုံတွေမကောင်းတော့ဘူး။
ဒါပေမဲ့ မင်းအပြုံးတွေကိုတော့ အခုထက်ထိ မြင်နေရတုန်းပဲ။
ငါ့အကြားအာရုံတွေ မကောင်းတော့ဘူး။
ဒါပေမဲ့ မင်းရယ်သံတွေကိုတော့ အခုထက်ထိ ကြားနေရတုန်းပဲ။
ယိုယွင်းနေတဲ့ အဲဒီ့ခန္ဓာကိုယ်ကို သယ်ရင်း တရားမှတ်နေရတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ငါမလိုအပ်တော့ဘူး။ ငါ့သံသရာကို မင်းခြေရင်းမှာပဲ အပ်နှင်းချင်တာမို့။
ငါနှလုံးသွင်းတဲ့တရားက ငါ့ကိုယ်ငါ နေသာအောင် ဖြေသိမ့်ခြင်းတစ်မျိုးပါပဲ...
ငါတို့
အတူရယ်ဖူးတယ်။
အတူငိုဖူးတယ်။
အတူမအိုခဲ့ကြရုံပါပဲ။
*****************
.
.
.
.
.
"ထင်တဲ့အတိုင်းပဲ... မီးပျက်နေတာကို မှောင်ထဲမှာ ငုတ်တုပ်ထိုင်နေတယ်"
မိုးသံတွေကြားထဲမှ အိမ်ထဲဝင်လာသော ဖိုးလပြည့်၏ ပြစ်တင်ဆူပူသံ။ မှိတ်ထားသော မျက်လုံးတို့ကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်တော့ မီးအိမ်ငယ်ဆီမှ ခပ်စူးစူး အလင်းတန်းကို အရင်ဆုံးမြင်ရသည်။
"ဒီပုံစံအတိုင်းဆို မဖြစ်ပါဘူး၊ မနက်ဖြန် ကျွန်တော်နဲ့ ဟိုကို လိုက်ကိုလိုက်ခဲ့ရမယ်၊ တစ်ယောက်တည်း ဖြစ်သလိုနေနေတာ... ကျွန်တော် ဆရာလေးကို ဘယ်လိုမှ စိတ်ချပြီး မထားခဲ့နိုင်ဘူး"
"မနက်ဖြန် မင်္ဂလာပွဲကို သွားရမယ်လေ ဖိုးလပြည့်ရ"
"ဟုတ်သားပဲ... ဒါဆို သန်ဘက်ခါမှ ပြန်မယ်"
"သန်ဘက်ခါကျ ဂေဟာမှာ ဝါဆိုသင်္ကန်းကပ်အလှူရှိတယ်"
"ဒါဆိုလည်း နောက်တစ်နေ့ထပ်နေမယ်ဗျာ၊ အကုန်မပြီးမချင်း စောင့်ခေါ်သွားမယ်"
"မင်းတော့ တစ်မိုးတွင်းလုံး မပြန်ရဖြစ်နေမယ် ဟားဟား"
"ဖြစ်ဖြစ်ဗျာ... ခွင့်ရက်ရှည်ယူပြီးတော့ကို စောင့်မှာ၊ ဒီတစ်ခါတော့ ငြင်းလို့ရမယ်မကြံနဲ့"
ဖိုးလပြည့်၏ စကားအဆုံးမှာ လင်းသန့်မောင်တစ်ယောက် ခေါင်းကိုမော့ကာ အူလှိုက်သည်းလှိုက် ရယ်မောပစ်လိုက်သည်။
ဟုတ်တယ်။
ငါတို့ အတူရယ်ဖူးတယ်။
အတူငိုဖူးတယ်။
အတူမအိုခဲ့ကြရုံပါပဲ။
------------------ပြီးပါပြီ------------------
Author's Note -
မင်္ဂလာပါ...
မတွေ့ရတာ အတော့်ကို ကြာခဲ့ပြီ။
ဒါလေးက ရင်ကွဲငှက်ငယ်ရဲ့ နောက်ဆုံးသော update notification လေးပါ။ အချိန်အတော်ကြာခဲ့ပြီဆိုတော့ မှတ်တောင်မှတ်မိကြရဲ့လားမသိ။
Note တွေဘာညာ မရေးချင်ပေမဲ့ ပထမဆုံး အမှတ်တရမို့ အမှတ်တရပိုဖြစ်အောင် ရေးလိုက်ပါတယ်။ တကယ်က နိဂုံးအပိုင်းကို ဇာတ်သိမ်းပြီးတာနဲ့ ရေးဖို့ဟာ စိတ်ပျက်ဝမ်းနည်းဖွယ် ကိစ္စတွေကြောင့် စာရေးဖို့ ဘယ်လိုမှ အာရုံမလာတာကြောင့် ရပ်နေခဲ့တာပါ။
အခုတော့ ဒီနေ့မှာ မပြီးမဖြစ် အပြီးရေးပြီး သန်းခေါင်ယံအမီ တင်လိုက်တယ်။ ဒီနေ့က June 26 ဆိုတဲ့အတိုင်း ကိုယ်တို့ရဲ့ အံ့မဟော်မွေးနေ့ပေါ့။ သူ့မွေးနေ့မှာပဲ ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်ပါပြီ။
စာဖတ်သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို အဆုံးထိ ရေးနိုင်ခဲ့တာ စာဖတ်သူတွေကြောင့်ပါပဲ။ very first try ဖြစ်တာမို့လို့ စာလုံးပေါင်းသတ်ပုံကစလို့ လိုအပ်ချက်တွေ အတော်ရှိမှာပါ။ ဒါပေမဲ့လည်း အပြစ်မမြင်ဘဲ ဖတ်ပေးကြလို့ ကျေးဇူးအရမ်းတင်ရပါတယ်။
နောက်ဆုံးအနေနဲ့ ဇာတ်လမ်းကို ဝေဖန်ချင်တာပဲဖြစ်ဖြစ်၊ ဇာတ်ကောင်တွေကို ပြောချင်တာပဲဖြစ်ဖြစ် ဒီနိဂုံးအပိုင်းလေးမှာ အမှတ်တရအနေနဲ့ အပြုသဘောဆောင်တဲ့ comment လေးတွေ ရေးသွားနိုင်ပါတယ်။ ကိုယ်လည်း အမှတ်တရအဖြစ် သိမ်းထားချင်လို့ပါ။
ချစ်ခြင်းများစွာဖြင့်
အာယ