Chapter 41
ချန်းကော၏ မျက်လုံးများက ကျွန်တော့်လက်ထဲက ဖုန်းဆီမှတစ်ဆင့် Cecil ပေးထားသော ဖုန်းကီးချိန်းဆီသို့ ရောက်သွားလေသည် ။
" ချစ်စရာလေးပဲ... "
" အင်း... လက်ဆောင်ရထားတာ... "
" မိန်းမတစ်ယောက်ယောက်ဆီက ရတာလား... "
ချန်းကော၏ ပါးစပ်ကသာ ကီးချိန်းကို ချစ်စရာလေးဟု ပြောနေသော်လည်း သူ၏ အမူအရာက ထိုကီးချိန်းကို ဝါးစားတော့မတတ်ပင် ။
" အင်း ... ဒီလိုပါပဲ... "
ကျွန်တော် ပြီးပြီးရော စကားကို ဖြတ်ပစ်လိုက်သည် ။
ကျွန်တော် ခုံကနေ အမြန်ဆုံးထလိုက်သည် ။
Mcqueen အခုလောက်ဆို ကျွန်တော့်ကို စောင့်နေလေတော့မည် ။
" ဒီနေ့ ပြဇာတ် လိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်... "
ချန်းကောကို နှုတ်ဆက်ပြီး ပြန်လိုက်တော့မည်ဟု ကြံလိုက်သည် ။
" ကိုယ်တို့ ညစာသွားစားရအောင်လေ... "
" အာ... ဆောရီး ... ကျွန်တော် လိုက်လို့ မရတော့ဘူး... သူငယ်ချင်းနဲ့ သွားတွေ့ဖို့ ရှိလို့... "
ယခုအထိ သူနှင့်တွေ့ပေးနေရသည်ကပင် တော်လောက်ပြီ လုံလောက်ပြီဟု ကျွန်တော် တွေးလိုက်သောကြောင့် ချက်ချင်း ငြင်းလိုက်မိသည် ။
" ကိုယ် အခုထိ နေ့လည်စာတောင် မစားရသေးဘူးလေ... "
ခင်ဗျားဘာသာ မစားရသေးတာ ကျွန်တော်နဲ့ ဘာဆိုင်လဲဟု အော်ပစ်လိုက်ချင်သော်လည်း စိတ်ကိုသာ ထိန်းလိုက်ရသည် ။
" ကျွန်တော် ညစာစားဖို့ ချိန်းထားပြီးသားလို့ ပြောထားတယ်လေ ချန်းကော... "
ကျွန်တော် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားသော်လည်း အသံက ခပ်ပြတ်ပြတ် ဖြစ်နေသည် ။
" ကိုယ်လည်း ဗိုက်ဆာနေပြီလို့ ပြောနေတယ်လေ... "
ချန်းကောက ကျွန်တော့် ပုခုံးများကို သူ့လက်ဖြင့် ဖိကိုင်လိုက်ပြီး အနားနား ကပ်ကာ တိုးတိုးပြောလေသည် ။
" ငါ အခု အရမ်းဆာနေပြီ... မဟုတ်ရင် မင်းကို စားလိုက်ရမလား... "
ကျွန်တော် စိတ်ပျက်စွာဖြင့် ပြဇာတ်ရုံအပြင်ဘက်သို့ လျှောက်ထွက်လာမိသည် ။
ချန်းကောကလည်း ကျွန်တော့်ဘေးမှ တောက်လျှောက်ပါလာလေသည် ။
မကြာမီ၌ပင် ချန်းကော ကားရပ်ထားသော နေရာနားသို့ ရောက်လာလေသည် ။
" ကားပေါ်တက်... "
ချန်းကောက သူ့ကားသော့ကို ရီမုဖြင့် လှမ်းဖွင့်လိုက်ရင်း ကျွန်တော့်ကို သူ့ကားပေါ် ခေါ်လေသည် ။
" မလိုက်တော့ဘူး ... ကျွန်တော် ရထားပဲ စီးသွားမယ်... "
" ဝင်စမ်းပါ... ကိုယ်လည်း တရုတ်တန်းဘက်ကို ပြန်မှာပဲ... မင်း Union Square ဟိုတယ်ဘက် သွားမလို့ မဟုတ်လား... "
ချန်းကောက ကျွန်တော် စာပို့သည်ကို ခိုးကြည့်ခဲ့သည်ထင်သည် ။
ကျွန်တော် Union Square သွားမည်ကိုပင် သိနေလေသည် မဟုတ်လား ။
" ရတယ် ကျွန်တော့်ဘာသာ သွားလို့ရတယ်... "
" တစ်လမ်းထဲပဲ ဟာကို... တက်စမ်းပါ... "
ချန်းကောက သူ့ကိုယ်သူ ယုံကြည်မှုရှိစွာဖြင့် ကားထဲသို့ ဝင်ထိုင်ပြီး ကျွန်တော် တက်လာမည်ကို စောင့်နေလေသည် ။
သူ့ကိုယ်သူ အထင်ကြီးနေသော ယောက်ျား တစ်ယောက်ကို မြင်ရသည်မှာ ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာ ကောင်းလှသည် ။
သို့သော်လည်း ဒီနေ့သည် ချန်းကော ဆီတွင် အလုပ်စဝင်သော ပထမဆုံး နေ့မို့ ဒီ့ထက်ပို၍ ပဋိပက္ခ မဖြစ်ချင်တော့ ။
ထို့ကြောင့်ပင် စိတ်ကိုလျှော့ပြီး ကားတံခါးကို ဖွင့်ကာ အရှေ့ခန်းတွင် ဝင်ထိုင်လိုက်ရလေသည် ။
" Union Square အထိ ပို့စရာ မလိုဘူး... အဲ့လမ်းထိပ်ဆို ရပြီ ... "
ကျွန်တော် ခါးပတ်ပတ်ရင်း ပြောလိုက်သည် ။
ချန်းကောက ကျွန်တော့်ကို ဘာမှပြန်မပြောဘဲ ကားကိုသာ မောင်းနေလေသည် ။
ထိုအချိန်၌ပင် ချန်းကောဆီသို့ ဖုန်းဝင်လာလေသည် ။
" ဟဲလို ... အင်း... ကျွန်တော် အကုန်ယူလာမယ် ... အင်း... မနက်ဖြန် ဟောင်ကောင် အချိန် ၁၁ နာရီလောက်ကို အဲ့ကို ရောက်မယ်... အိုကေ... ယွမ် ငါးသိန်းတော့ အခုထုတ်ထားတယ်... ရတယ်... စိတ်ပူစရာမလိုဘူး... "
ချန်းကော ဖုန်းထဲက စကားများက မသင်္ကာစရာ ကောင်းလှသည်ဟု ကျွန်တော်တွေးမိလေသည် ။
" ခုနက ဘာပြောလိုက်တာ... ?"
ချန်ကောက ကျွန်တော့်ဘက် ပြန်လှည့်ပြီး မေးလေသည် ။
" ကျန်းကော... ခင်ဗျား ငွေမဲကို ငွေဖြူလုပ်နေတာလား... "
" မင်းက ဒီလောက်တော့ မအဘူးပဲ... ငါက မင်း ကြားရင်တောင် နားမလည်လောက်ဘူး ထင်ထားတာ ... မင်းက လည်သားပဲ... အင်း... ဟုတ်တယ်... အဲ့လို သဘောမျိုးပဲ... "
" ဒါက တရားဝင်မှ မဟုတ်တာ... "
ကျွန်တော် အထိတ်တလန့်ပြောလိုက်သည် ။
" ဒါပေမယ့် အဲ့ဒါက နောက်လက စပြီး မင်းလုပ်ရမယ့်အလုပ်ပဲ... "
ချန်းကောက ဘာမှ အရေးမကြီးသည့်နှယ် အေးအေးဆေး ပြောနေလေသည် ။
ကျွန်တော် စိတ်ညစ်သွားမိသည် ။
" ကျွန်တော့်ကို အဲ့လောက် အရေးကြီးတာတွေ လုပ်ခိုင်းတယ်ဆိုတော့ ကျွန်တော့်ကို ယုံကြည်မှု ရှိလို့လား... "
" ယုံကြည်မှု... ဟုတ်လား... ကိုယ် မင်းကို အများကြီး ယုံတာပေါ့ ယော့ဝန်းရဲ့... "
ချန်းကော စကားက ကျွန်တော့်ကို ထင်ယောင်ထင်မှား တွေးမိစေလေသည် ။
သူ ကျွန်တော့်အပေါ်ထားသော ယုံကြည်မှုကပင် ကျွန်တော့် အတွက် အားနည်းချက် ဖြစ်နေလိမ့်မည် ထင်သည် ။
ဟိုတစ်ခါက ဂေးဘားတွင် အလုပ်လုပ်ဖို့ တွေးခဲ့ဖူးသော လိပ်စာကဒ်ကို ချန်းကောများ ယူသွားသလားဟု ကျွန်တော် မေးလိုက်ချင်သည် ။
သို့သော် ကျွန်တော့်တွင် ထိုသို့ မေးဖို့ရာ သတ္တိလုံးဝမရှိပါပေ ။
" ဒါနဲ့ မင်း ကိုယ့်ကို ဒီနောက်ပိုင်း အတိုးပေးတာ အရင်လောက် ရက်မစိပ်တော့ပြန်ဘူး... ကြည့်ရတာ မင်းအပိုဝင်ငွေရှာတဲ့ အလုပ်က မင်းကို ပိုက်ဆံ သိပ်မပေးတော့ဘူး ထင်တယ်... ဟုတ်လား ... "
ချန်းကောသာ ကျွန်တော် Porn ရိုက်ပြီး မိမိကိုယ်ကို ရောင်းစားနေမှန်းသိလျှင် မည်သို့ တုန့်ပြန်မည်ကို ကျွန်တော် မတွေးရဲ ။
သို့သော် ကံကောင်းစွာပင် ကျွန်တော့်တွင် ချန်းကောကို ကျွန်တော့် အလုပ်အကြောင်း အသေးစိတ် ပြောပြဖို့တာဝန်မရှိပါ ။
" ကျွန်တော် အဲ့အလုပ်ထွက်လိုက်ပြီ... "
" အိုး... တကယ်လား... "
" ကျွန်တော့်ကို အဲ့ စာအုပ်ဆိုင် ဆိုင်အရှေ့မှာပဲ ရပ်ပေး... "
ဆိုင်ထဲတွင် Mcqueen က ကျွန်တော့် ကို စောင့်နေလောက်ပြီ ထင်သည် ။
ကျွန်တော် ကားရပ်သွားတော့ ကားပေါ်က ခပ်သွက်သွက် ဆင်းလိုက်သည် ။
ချန်းကောကပါ ကားပေါ်က လိုက်ဆင်းလေသည် ။
ကျွန်တော် ချန်းကောကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်မိသည် ။
" ချန်းကော... ခင်ဗျားက ကားပေါ်က လိုက်ဆင်းပြီး ဘာလုပ်မလို့လဲ... "
" အော်... ကိုယ်လည်း နည်းနည်းပါးပါး ဝယ်စရာလေး ရှိလို့... "
ခွေးသားကြီး ။ ဒါတမင်လုပ်နေတာပဲ ။
ကျွန်တော် စိတ်ထဲမှနေ၍ ချန်းကောကို ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပစ်လိုက်မိသည် ။
ချန်းကောက ကျွန်တော့်နောက်က ထပ်ကြပ်မကွာ လိုက်လာလေသည် ။
" မင်း သူငယ်ချင်း ဆိုတာ ဟိုတစ်ခါ စားသောက်ဆိုင်ကို လာတုန်းက ငါနဲ့တွေ့တဲ့ ဟို ဂေး Porn တွေရိုက်တဲ့ တစ်ယောက်လား... "
" မဟုတ်ဘူး... ကျွန်တော် ပြောလိုက်မယ်နော်... ချန်းကော... ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ... ကျွန်တော့် ကိစ္စကို မရှုပ်ပါနဲ့... "
ကျွန်တော် ချန်းကောကို စိတ်ပေါက်ပေါက်ဖြင့် အသံကျယ်ကျယ် ပြန်အော်လိုက်သည် ။
သို့သော် ကံမကောင်းစွာပင် ဆိုင်အပြင်၌ မတ်တပ်ရပ်ပြီး ကျွန်တော့်ကို စောင့်နေသော Mcqueen နှင့် တန်းတိုးလေသည် ။
ကျွန်တော် Mcqueen ကို အားနာစွာ ကြည့်ရင်း တောင်းပန်လိုက်ရသည် ။
" စောင့်နေရလို့ တောင်းပန်ပါတယ် နော် Mcqueen... ကားလမ်းတွေပိတ်နေလို့ပါ... "
" အင်း... ရပါတယ်... "
Mcqueen က ချန်းကောကို လှမ်းကြည့်ရင်း မနှစ်မြို့ပုံဖြင့် မျက်မှောင်ကျုံ့ကာ ခေါင်းညိတ်ရင်း ဖြည်းဖြည်း ဆိုလေသည် ။
" ကိုယ်တို့ စားသောက်ဆိုင်မှာ တွေ့ဖူးတယ်လေ... ကိုယ့်နာမည်က ချန်းလျှို့ပါ... "
ချန်းကောက ကျွန်တော်လည်း မိတ်မဆက်ပေးပါဘဲ သူ့ကိုယ်သူ အတင်းမိတ်ဆက်ပြီး အရှေ့တိုးလာကာ Mcqueen ကို လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းလေသည် ။
မသိလျှင် လူကြီးလူကောင်း တစ်ယောက်ပုံနှယ် ။
ကျွန်တော် စိတ်ညစ်ညူးစွာ နှာခေါင်းရှုံ့မိသည် ။
" Glenn Mcqeen ပါ... "
Mcqueen က အားဖျော့စွာပြန်ဖြေရင်း လက်ကမ်းပေးလိုက်တော့ ချန်းကောက လက်ကို အကြမ်းပတမ်းဆွဲ၍ လှိုက်လှဲလေဟန်ဖြင့် နှုတ်ဆက်လေသည် ။
" ဒါနဲ့ စောင့်ရတာ တော်တော်ကြာသွားပြီထင်တယ်နော်... "
ချန်းကောအသံက လှောင်သံကလေး မသိမသာ စွက်နေသလိုပင် ။
" အင်း... နည်းနည်းပါ... "
" အမှန်တော့ ကားလမ်းက အဲ့လောက် မပိတ်ပါဘူး... ပြဇာတ်က ပြီးတဲ့အချိန် နောက်ကျနေလို့... ယော့ဝန်းကလည်း အဲ့ပြဇာတ်ကို ကြိုက်တယ်လေ... ဟဲဟဲ... "
အား... ။ မုန်းစရာကောင်းလိုက်တဲ့ ချန်းကော ။
ကျွန်တော် ချန်းကောကို စိတ်တိုစွာဖြင့် စိုက်ကြည့်လိုက်မိသည် ။
Mcqueen မျက်နှာကို ကြည့်လိုက်တော့ မျက်နှာပျက်နေသည်ကို မြင်နေရသည် ။
ဖြစ်နိုင်လျှင် ချန်းကော ပါးစပ်ကြီး ပိတ်သွားစေရန် အိမ်သာသုံးစက္ကူတွေသာ ဆို့ထားလိုက်ချင်တော့သည် ။
" အော်... "
Mcqueen က အားအင်ဖျော့စွာတစ်ခွန်းသာ ဆိုသည် ။
" ဒါက ကျွန်တော့် လိပ်စာကဒ်ပါ... ရှီကျောင်ဘက်ကို ရောက်ရင် ဖုန်းဆက်လိုက်လေ... ကျွန်တော် စားသောက်ဖို့ အခန်းကောင်း ပေးပါ့မယ်... "
ချန်းကော က သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားနေပုံဖြင့် Mcqueen လက်ထဲသို့ သူ့ Business Card ထည့်ပေးရင်း Mcqueen ဆီကပါ Business card ကို စောင့်နေပုံ လုပ်နေလေသည် ။
ကျွန်တော့်နှလုံးသားထဲတွင် နာကျင်လာရသည် ။
ဒါက ချန်းကော Mcqueen ကို တမင် ချွတ်တာပဲ...။
Mcqueen က Porn Industry ကမှန်း သိသိကြီးနှင့် Mcqueen ဆီက Business Card ကို တောင်းနေသည် ။
" ဆောရီးပါ... ကျွန်တော်က အလုပ်ကဒ်ကို ဆောင်ထားလေ့ မရှိလို့ပါ... "
Mcqueen အသံက ခုနကထက်ပင် ပို၍ ဖျော့တော့သွားသလိုပင် ။
ကျွန်တော် အပြစ်ရှိသူတစ်ယောက်လို ခံစားရပြီး Mcqueen ကို အားနာစိတ်ဖြင့် ကြည့်မိသည် ။
ချန်းကောက ပုံမှန်နှင့် မတူဘဲ လိုအပ်သည်ထက် ပို၍ ရွှင်လန်းတက်ကြွပြနေသည် ။
ချန်းကော အကြည့်များက Mcqueen လို Porn Industry က လူတစ်ယောက် အနေဖြင့် ကျွန်တော့်နား ရှိမနေသင့်ကြောင်း သွယ်ဝိုက်သတိပေးနေသလိုပင် ။
" အိုး... စိတ်မကောင်းစရာပဲ... ခင်ဗျားက သိပ်စိတ်ဝင်စားစရာကောင်းတဲ့လူလို့ Mcqueen က ပြောပြထားလို့ ကျွန်တော်က ခင်ဗျားအကြောင်းကို အရမ်းသိချင်နေတာ... ခုလိုဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ ... "
ထိုခွေးသားကြီးက ဝယ်စရာ ရှိသည်ဟု ကျွန်တော့်ကို ပြောခဲ့သော်လည်း အမှန်တော့ ဘာမှ မဝယ်ဘဲ Mcqueen ကိုသာ ခနဲ့တဲ့တဲ့ စကားဆိုနေတော့သည် ။
" ကျွန်တော် အဲ့စားသောက်ဆိုင် လာဖြစ်ရင် ခင်ဗျားကို ဖုန်းဆက်လိုက်ပါ့မယ်... "
Mcqueen က အသက်မပါသည့် လေသံဖြင့် ပြောလေသည် ။
" ဆက်ဖြစ်အောင်သာ ဆက်လိုက်ပါဗျ .."
ချန်းကောက ကျွန်တော့်ဘက် လှည့်လာပြီး ကျွန်တော့်ပုခုံးများကို ဆုပ်ကိုင်လာသည် ။
" မနက်ဖြန် ဆယ်နာရီ ရုံးကို အရောက်လာနော်... နောက်မကျစေနဲ့... ကိုယ် ရုံးဖုန်းကို လှမ်းဆက်လိုက်မယ်... "
ကျွန်တော် ဘာမှ ပြန်မဖြေဘဲ ခေါင်းသာ ငုံ့ထားလိုက်သည် ။
ခင်ဗျား သောက်လက်ကြီးကို ကျွန်တော့်ပုခုံးပေါ်ကနေ ဖယ်လိုက်စမ်းပါ ဟု အော်လိုက်ချင်သော စိတ်ကို ထိန်းထားရသည် ။
" နောက်အပတ်မှ တွေ့မယ်နော် ယော့ဝန်း... "
" အင်း... ကောင်းပြီ... "
ချန်းကောက သူလုပ်ချင်တာတွေ လုပ်ပြီးသည်နှင့် အောင်နိုင်သူပမာ ကားပေါ် မြောက်ကြွမြောက်ကြွ တက်သွားပြီး ကားမောင်းထွက်သွားလေတော့သည် ။
ယခုတော့ ကျွန်တော်နှင့် Mcqueen နှစ်ယောက်သာ ရှိနေတော့သည် ။
ကျွန်တော် Mcqueen ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း မျက်နှာပူနေမိသည် ။
ကျွန်တော် Mcqueen ကို မရည်ရွယ်ပါဘဲ လိမ်ညာခဲ့မိလေပြီ မဟုတ်လား ။
" ဟို... ဟိုလေ... ပြဇာတ်ဆိုတာက ချန်းကောက ပြဇာတ် လတ်မှတ် အလကား ရထားတယ် ဆိုလို့... "
ကျွန်တော် အထစ်ထစ် အ အအ နှင့် ကြိုးစားရှင်းပြနေမိသည် ။
" ဒါက မင်းနောက်ကျရတဲ့ အကြောင်းပြချက်လား... "
Mcqueen ၏ အသံက ကြောက်စရာကောင်းလောက်အောင် အေးစက်စက်ဖြစ်နေလေသည် ။
ကျွန်တော့်ကိုယ်ကျွန်တော် ညစာစားဖို့ ချိန်းထားသည်ကို နောက်ကျသောခံစားမှုထက် ကြီးမားသော အမျိုးအမည်မသိ အပြစ်တစ်ခုကို Mcqueen အပေါ် လုပ်ထားသည်ဟု ခံစားနေမိရသည် ။
" ပြဇာတ်က မျှော်လင့်ထားတာထက် ပိုကြာနေလို့ ...ပြီးတော့ ကားလမ်းကလည်း ပိတ်နေလို့... ဘာပဲ ဖြစ်ဖြစ် စာပို့တာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်... "
ကျွန်တော် ခေါင်းကိုသာ ငုံ့ထားပြီး ဖြေရှင်းချက် အသည်းအသန် ပေးနေမိသည် ။
" ဒီညစာကို ကျွန်တော် ကျွေးပါ့မယ်... Mcqueen ဘာစားချင်လဲ ... "
Mcqueen က ကျွန်တော့်ပုခုံးပေါ်လက်တင်ပြီး ခုနက ချန်းကော လက်တင်သွားသော နေရာကို အရင်ခါပစ်လိုက်သည် ။
ပြီးမှ သူ့လက်ကို ပြန်တင်ပြီး ပြောလေသည် ။
" ညစာနဲ့ ပတ်သတ်ပြီးတော့ စိတ်မပူစမ်းပါနဲ့... "
Mcqueen က ကျွန်တော့်ကို စူးစူးရဲရဲ စိုက်ကြည့်လေသည် ။
" အရင်ဆုံး တခြား ဆာနေတာကို ကိုယ်အရင်ဖြည့်ချင်တယ်... ကိုယ့်နောက်က လိုက်ခဲ့... "
Mcqueen က ပြောပြီးသည်နှင့် တစ်ဖက်ကို လှည့်သွားပြီး လမ်းလျှောက်ထွက်သွားလေသည် ။
( နင် ဆာနေတာ ဘာလဲ ငါသိတယ်နော် Mcqueen... 😆 )
ကျွန်တော့်မှာ တစ်ယောက်ထဲ အပြစ်ရှိသလို ရပ်ရင်း Mcqueen ကျောပြင်ကို ကြည့်နေမိလေသည် ။
ထို့နောက်တွင်မူ ခပ်သွက်သွက် လမ်းလျှောက်ရင်း Mcqueen အနောက်ကို လိုက်သွားမိတော့သည် ။