《Poyun》ဖော့ယွင် (မြန်မာဘာသာပြ...

By jinghastriplesun

211K 31.5K 3.7K

Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery... More

မိတ်ဆက်
အပိုင်း(၁)-ငါနဲ့အတူငရဲကိုလိုက်ခဲ့
အပိုင်း(၂) - ယန်ရှယ်
အပိုင်း(၃)-ကုန်တင်ကားကိုတမင်ဝင်တိုက်ခြင်း
အပိုင်း(၅)နာမည်က ချူစင်၊ သက်ညှာမှုရဲ့'စင်'
အပိုင်း(၆)-ဟို.....ခေါင်းဆောင်ကျန်း
အပိုင်း(၇)-လွန်ခဲ့သောသုံးနှစ်ကအသက်စတေးသွားသူ ကျန်းထင်
အပိုင်း(၈)- ကျန်းထင်ကိုယ်တိုင်ဖြစ်နေနိုင်တာပဲ
အပိုင်း(၉)- ဆေးသုံးထားတယ်လို့အဖြေထွက်လား?
အပိုင်း(၁၀)-ဒီနေ့ဘာလို့အရမ်းတက်ကြွနေတာလဲ?
အပိုင်း(၁၁)-အသားကျသွားလိမ့်မယ်
အပိုင်း(၁၂)-လူသတ်သမားရဲ့လှည့်စားမှု
အပိုင်း(၁၃)-ဘာဖြစ်လို့ရဲအရာရှိလုပ်တာလဲ?
အပိုင်း(၁၄)-ပျစ်ချွဲချွဲအသားစပေါ် အလောင်းခွဲစိတ်ခြင်း
အပိုင်း(၁၅)-မင်းကအရမ်းနုတာပဲ
အပိုင်း(၁၆)-သေစရာလိုမှာမဟုတ်ဘူး
အပိုင်း(၁၇)-Will you still love me when I'm no longer beautiful?
အပိုင်း(၁၈)-အချိန်တစ်နာရီပဲပေး
အပိုင်း(၁၉)-ယန်ရှယ်သေနတ်ခလုတ်ကိုဖိလိုက်ချေပြီ
အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်
အပိုင်း(၂၁)- ဒရာမာကွင်းမွေးဖွားခြင်း
အပိုင်း(၂၂)-အထန်ကိုယ်တော်
အပိုင်း(၂၃)-မထော်မနန်းပြုတ်ကျခြင်း
အပိုင်း(၂၄)-အမှုလိုက်ရာ၌ ခေါင်းဆောင်ကျန်း​၏ တည်ငြိမ်မှု
အပိုင်း(၂၅)- ငါကြည့်ချင်တဲ့အချိန်ကြည့်လို့ရတယ်
အပိုင်း(၂၆)-ကျန်းထင်ကိုသူ့ဘေးဆွဲစိလိုက်သည်
အပိုင်း(၂၇)-အကူအညီအတွက်အချက်ပြခြင်း
အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား
𝚟𝚒𝚍𝚎𝚘 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 (𝚜𝚘𝚗𝚐𝚜,𝚊𝚞𝚍𝚒𝚘 𝚍𝚛𝚊𝚖𝚊 𝚌𝚞𝚝𝚜,𝚎𝚝𝚌...)
အပိုင်း(၂၉)-မျက်နှာချင်းဆိုင်
အပိုင်း(၃၀)-ချွေးမလက်ဖက်ရည်သောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့
အပိုင်း(၃၁)-ဒုခေါင်းဆောင်ယန် သောင်းကျန်းတော့မည်
အပိုင်း(၃၂)-ယန်ရှယ်သာလျှင် အချောဆုံး
အပိုင်း(၃၃)-ဖူးKလို့တလေးတစားခေါ်ကြတယ်
အပိုင်း(၃၄)-အမေ့ခံနာမည်လေးတစ်ခုရှိတယ်၊ 'ထင်ယွင်' တဲ့
အပိုင်း(၃၅)-ငါ့ရဲ့အပြစ်ကင်းစင်မှုကို တခြားလူ ဆုံးဖြတ်ပေးစရာမလိုဘူး
အပိုင်း(၃၆)-ဓားခုတ်ကောင်သည် ပုစဉ်းကိုချောင်းနေသည်နှင့် ငှက်ဝါကိုသတိမမူမိ
အပိုင်း(၃၇)-မင်းဘယ်လောက်လိုက်နိုင်မှာမလို့လဲ?
အပိုင်း(၃၈)-သိမ်မွေ့ခြင်းနောက်ကွယ်က ပုံစံအစစ်အမှန်
အပိုင်း(၃၉)-ငါအသက်ရှင်မှဖြစ်မယ်
အပိုင်း(၄၀)-ရွေးချယ်စရာမရှိဘူး၊ ငါရဲ့ငွေသုံးနိုင်မှုအပေါ်မှာပဲမူတည်တယ်
အပိုင်း(၄၁)-မင်းငါ့ကိုလိုက်ပို့ပေးလို့ရမလား
အပိုင်း(၄၂)-မတရားမှုတွေပြည့်နှက်နေတဲ့လောကကြီးဟာ တရားနေပြန်တယ်
အပိုင်း(၄၃)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ (၁)
အပိုင်း(၄၄)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ(၂)
အပိုင်း(၄၅)-ကျန်းထင်က တအားချောတာ၊ မှုခင်းရဲအလှပဂေးလေး
အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်
အပိုင်း(၄၇)-ရဲမေအလှလေးအတွက် ပေါက်စီရော?
အပိုင်း(၄၈)- အရင်းရှင်ကြီးနှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏ ခုခံမှု
အပိုင်း(၄၉)-ထူးဆန်းသော ခံစားချက်
အပိုင်း(၅၀)-ငါက အရင်းရှင်ကြီးရဲ့ တောက်တိုမည်ရ လုပ်ပေးရုံတင်ပါ
အပိုင်း(၅၁)- မင်း ငါ့ကိုယုံလား?
အပိုင်း(၅၂)-နလန်ထူခါစ
အပိုင်း(၅၃)-လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား
အပိုင်း(၅၄)-သဲလွန်စအားလုံး ချိတ်ဆက်သွားပေပြီ
အပိုင်း(၅၅)-အပြစ်ရှိတဲ့လူတွေကို အပြစ်ပေးပြီး အပြစ်မဲ့တဲ့လူတွေ လွတ်မြောက်ရမယ်
အပိုင်း(၅၆)-သူတကယ်ကွပ်မျက်ချင်တဲ့လူက ငါပဲ
အပိုင်း(၅၇)- ငါတစ်ချိန်လုံး သိနေခဲ့တယ်
အပိုင်း(၅၈)-ကျွန်တော်....ကျွန်တော်ကသူ့သူငယ်ချင်း
အပိုင်း(၅၉)-ရေသန့်
အပိုင်း (၆၀)-နှလုံးခုန်နေတာကို ခံစားရလား?
အပိုင်း(၆၁)- အိမ်ကလူ ခိုးရာလိုက်ပြေးသွားလို့!
အပိုင်း(၆၂)-မင်းကို အရမ်းတွေ့ချင်လာတာ
အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?
အပိုင်း(၆၄)-အသက်ကိုတန်ဖိုးမထားဘူး
အပိုင်း(၆၅)-တအားတူတယ်
အပိုင်း(၆၆)-Darwin​၏သီအိုရီမှာ လိင်တူဆက်ဆံရေးအတွက် မဟုတ်
အပိုင်း(၆၇)-အဓိပ္ပာယ်ပါသော အပြုံး
အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ
အပိုင်း(၆၉)- မင်းနှမကြီးကို သဝန်တိုနေလိုက်!

အပိုင်း(၄)-အတွဲလို့အထင်ခံရမှာမကြောက်ဘူးလား

2.9K 509 48
By jinghastriplesun

"ငါတို့ကိုအတွဲလို့ထင်သွားစေချင်လို့လား, ရပါတယ် ငါ ဆယ်မိနစ်လောက်ဂေးပေးမယ်"
--------------------------------------------------------------

လမ်းအဝင်ဝသည် 'အိပ်စက်ခြင်းကင်းမဲ့နန်းတော်'KTVဘားနှင့် မီတာလေးငါးရာခန့်ဝေးလေသည်။ယန်ရှယ်က သူ​၏ အလွန်ပွန်းပဲ့နေသော Grand Cherokee ကားကြီးကို နေရာလွတ်ရှာ၍ထိုးထားလိုက်သည်။ထို့နောက် ယာဉ်ကြောထိန်းသိမ်းရေးအရာရှိကိုသတင်းပို့ကာ ဆယ်မိနစ်ခန့်သွားရသောသူလာခဲ့သည့်မူလနေရာကို ပြန်သွားလိုက်လေသည်။

"မင်းမှာဘာပြဿနာရှိလို့လဲ"

ယန်ရှယ်က ကျန်းထင်ဘေးတွင်ဝင်ထိုင်ကာ မေးငေါ့၍ မေးလိုက်ပါ​၏။

"မင်းကောင်မလေးရော ဘယ်မလဲ? သူကမင်းကို တစ်ယောက်ထဲ ဒီတိုင်း လွှတ်လိုက်တယ်ပေါ့လေ"

အချိန်အတော်ကြာ အိပ်ရာထဲလှဲနေခဲ့ရ၍ အားအင်ကုန်ခန်းနေသဖြင့် ကျန်းထင်​၏အသားအရေမှာ ဖြူဖပ်ဖြူရော်ဖြစ်နေ​၏။ ထိုစကားကိုကြားလိုက်ရချိန်တွင် ကျန်းထင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။

"ငါ ဘာမှလုပ်စရာမရှိရင် ဟိုနားဒီနား လမ်းလျှောက်ဖို့ ဆရာဝန်ကမှာထားလို့ပါ ယန်မိန့်ကအပြင်သွားလိုက်တာနဲ့ ငါ့ဖာသာပဲ ထွက်လာလိုက်တာ"

ယန်ရှယ်သည် သူ့ကိုကူညီပေးရန် လက်ရွယ်လိုက်သော်လည်း ကျန်းထင်က မလိုအပ်လေသဖြင့် လေထဲ၌သာ ရပ်သွားရ​၏။ ထို့ကြောင့်သူက လက်မြှောက်၍ ဆေးလိပ်ကိုသာမီးညှိလိုက်လေသည်။

"စိတ်မရှိဘူးမလား"

ကျန်းထင်ကပြန်မေးလိုက်​၏။

"ငါရောတစ်လိပ်လောက်သောက်လို့ရမလား"

ယန်ရှယ်မှာ အလွန်အံ့ဩသွားရသည်။ သူ့ပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်တတ်သည့်လူမှာ ရှားလှပါသည်။ သို့ရာတွင် ကျန်းထင်မှာ ထိုလူနည်းစုထဲမှ ဖြစ်လိမ့်မည်ဟုထင်ထားခဲ့ရာ သူ့ခမျာ ဆေးလိပ်ပေါ်သို့ လက်ချောင်းများပင်မရောက်နိုင်ဘဲ ကြောင်လျက်သားရှိနေ​၏။ ဖြစ်နိုင်သည်မှာ သူ​၏ ယဉ်ကျေးသိမ်မွေ့ပြီး ပညာရှိဟန် ပြောဆိုပုံအမူအရာတို့ကြောင့် အထင်မှားခဲ့ခြင်းဖြစ်ပေမည်။

"ကျေးဇူး"

ကျန်းထင်က ဆေးလိပ်ကိုယူ၍ မီးညှိလိုက်လေသည်။ အသက်တစ်ဝကြီးရှူ၍ ဆိုလိုက်​၏။

"ခုနက အရာရှိယန်ရဲ့ကျေးဇူးကြောင့်ပါ။ ငါတကယ်တောင်းပန်ပါတယ်။ ကားပြင်ဖို့ ကျသင့်ငွေကို..."

ယန်ရှယ်က ဖြတ်ပြောလိုက်​၏။

"ရတယ် အဲ့ဒါဌာနကကားပဲ။ ငါပြန်သွားပြီး အပျက်အစီးကို အစီအရင်ခံလိုက်ရင် အဆင်ပြေသွားလိမ့်မယ်"

ကျန်းထင်က ဆေးလိပ်မှ ထုတ်လွှတ်လိုက်သော ပါးလျလျအခိုးအငွေ့ကိုဖြတ်၍ ကျန်းနင်အများပြည်သူလုံခြုံရေးကားမှာ ဤမျှအဆင့်မြင့်မည်ဟု မထင်ခဲ့လေသော အကြည့်ဖြင့်  သူ့ကို ကြည့်လာသည်။ ယန်ရှယ်မှာ ရယ်မိသွားသော်လည်း မရှင်းပြချင်တော့။

"အမှုမှာ သံသယဖြစ်စရာတချို့ရှိနေလို့ ငါအခင်းဖြစ်တဲ့နေရာကို သွားစုံစမ်းလိုက်ဦးမယ် ငါမင်းကို အိမ်ပြန်ပို့ပေးမယ်လေ မင်းခုနတုန်းက ဘယ်လိုဖြစ်ပြီး လမ်းအလယ်ခေါင်မှာ တောင့်တောင့်ကြီးရပ်နေတာလဲ မင်းရွေ့ဖို့ကိုကြောက်နေတာလား"

ကျန်းထင် ခေတ္တ တုံ့ဆိုင်းသွား​၏။

"ငါ....ယာဉ်တိုက်မှုကြောင့် မူးဝေသွားရုံပါ PTSD ဖြစ်တာနေမယ်"

(T/N PTSD = Posttraumatic stress disorder
အဖြစ်အပျက်တစ်ခုကြောင့် Trauma ရထားတဲ့လူတစ်ယောက်က အဲ့လိုဆင်တူအဖြစ်အပျက်မျိုးနဲ့ ပြန်ကြုံတွေ့ရတဲ့ အခါမှာ စိတ်လွတ်သွားတာတို့ စိတ်မတည်မငြိမ်ဖြစ်သွားတာမျိုး ဖြစ်တဲ့လက္ခဏာပါ)

"အိုး, ဒါနဲ့တောင် တစ်ယောက်တည်းထွက်လာရဲသေးတယ်နော်"

ကျန်းထင်ကပြန်ဖြေလိုက်​၏။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဟာငါ လမ်းလျှောက်နိုင်ဖို့ကြိုးစားရမှာပဲ မဟုတ်ရင် မသန်မစွမ်းနဲ့တူသွားတော့မှာပေါ့"

သူက ဖြည်းညင်းစွာလျှောက်နေ​၏။ ယန်ရှယ်ကလည်း သူ့ကို မြန်မြန်လျှောက်ဖို့ တွန်းအားမပေး။နှစ်ယောက်လုံး လူသွားလမ်းတစ်လျှောက် တရွေ့ရွေ့သာလျှောက်လာကြပြီး သူတို့နှင့်မလှမ်းမကမ်းတွင် 'အိပ်စက်ခြင်းကင်းမဲ့နန်းတော်'KTVမှ နီယွန်ရောင်မီးတို့က ထိန်ထိန်လင်းနေလေသည်။ ယန်ရှယ်က သူ​၏ ပျောက်ကွယ်လုနီးနီး ဆေးလိပ်ဖင်ဖြင့် ထိုနေရာကို ညွှန်ပြကာ နောက်လိုက်ပေ​၏။

"မင်းရဲ့ ဥစ္စာပေါ ရုပ်ချော ကောင်မလေးက ငါတို့လို ပုံသေလစာနဲ့ လူတွေထက်တော့ အများကြီးသာတာပေါ့ကွာ မင်းမသန်မစွမ်းဖြစ်သွားမှာ ပူစရာမလိုပါဘူး"

ကျန်းထင်က မည်သို့တုံ့ပြန်ရမှန်းမသိလေသဖြင့် ခေါင်းသာယမ်းလိုက်ပါ​၏ သူပြန်ပြောမည်အပြု ယန်ရှယ်က အခွင့်အရေးကိုအသုံးချ၍ သဘာဝကျကျမေးလိုက်လေသည်

"မင်းတို့နှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ"

ဒုခေါင်းဆောင်ယန်​၏ သတင်းနှိုက်သည့်အရည်အချင်းမှာ ဟန်ပြမဟုတ်။ ဤအခြေအနေရောက်ရန် တစ်လျှောက်လုံး စောင့်စားခဲ့ပုံပေါ်သည်။

"ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့ကောင်တီမြို့လေးကို စွန့်ခွာပြီး ကုန်ကျိုးမှာ နှစ်နှစ်လောက် အလုပ်လာလုပ်ကြတယ် ငွေတော်တော်လေးလည်းစုမိရော ငါဇာတိမြို့ကိုပြန်သွားလိုက်တယ် အဲ့ဒီနောက်သူလည်း ကုန်ကျိုးကနေ ကျန်းနင်ကိုပြောင်းလာပြီး ဒီKTVဖွင့်လိုက်တယ် စဉ်းစားကြည့်ရင် သူကငါ့ထက် လက်ရဲဇက်ရဲရှိတော့ စီးပွားရေးကလည်း ကောင်းသထက်ကောင်းလာတယ် လွန်ခဲ့တဲ့သုံးနှစ် သူ့ကိုကျန်းနန်မှာလာကူညီပေးဖို့ပြောတဲ့အချိန် ငါယာဉ်တိုက်မှုဖြစ်သွားတာပဲ"

"ဘယ်လိုဖြစ်ပြီးတော့လဲ"

"မိုးရွာနေတုန်း ကားအမြန်မောင်းလို့, အဲ့ဒီကိစ္စကြောင့် ငါအသက်ဆုံးရှုံးတော့မလို့ပဲ"

ကျန်းထင်ကသက်ပြင်းချလိုက်ပါ​၏။

"သူကငါ့ကောင်မလေးဖြစ်ပေမဲ့ ငါ့ရဲ့အခုအခြေအနေနဲ့ သူငါ့နားမှာ ရှိမနေသင့်တော့ဘူးမလား"

မမျှော်လင့်ဘဲ ယန်ရှယ်က ချက်ချင်းထောက်ခံလာ​၏။

"ဒါပေါ့, အမှန်ပဲ အနာဂတ်မှာ မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ရှေ့ဆက်ကြမလဲ အတင်းအောင့်အီးပြီးပဲ နေသွားကြမလို့လား?"

"ငါ မကြာခင် လမ်းခွဲတော့မှာပါ"

ကျန်းထင်ကပြုံးလျက် ဆက်ပြောလိုက်သည်။

"ငါဒီမှာလည်းအကြာကြီးနေလို့မဖြစ်ဘူး အဲ့ဒါကြောင့် ငါ့ရဲ့ဇာတိကောင်တီမြို့လေးမှာပဲကျန်နေတဲ့နေ့ရက်တွေကိုကုန်ဆုံးတော့မယ်"

ယခုအခါ KTVသည် အခင်းဖြစ်ပွားရာနေရာဖြစ်ပြီး ဆိုင်ပိတ်ရန် ညွှန်ကြားခံထားရသဖြင့် အဝင်တံခါးမှာ သော့မခတ်ထားဘဲ လူသူကင်းမဲ့လို့နေ​၏။ ၎င်းတို့နှစ်ယောက်မှာ စကားတပြောပြောနှင့် တံခါးကိုဖြတ်လာကြသည်။ ကျန်းထင် ခေါင်းမော့လိုက်သည်နှင့် ဘားခုံရှေ့တွင် သူ့ကိုမျှော်လင့်စောင့်စားနေသော ယန်မိန့်အား တွေ့လိုက်ရပေသည်။

"အစ်ကို ကျန်း!"

ကျန်းထင်က တုံ့ပြန်လိုက်​၏။

"အာ, ငါ....."

ယန်မိန့်​၏ မျက်ဝန်းတို့မှာ ပျော်ရွှင်မှုတို့ပြည့်နှက်သွားရသည်။

"အမလေး, လန့်သွားတာပဲ! အစ်ကိုကျန်း ,ရှင်ဘယ်တွေသွားနေတာလဲ?ဘာလို့ကျွန်မကိုပြောမသွားတာလဲ? အပြင်မှာ ကားတွေဒီလောက်ရှုပ်နေတာကို ဘာလို့လျှောက်သွားနေတာလဲ?"

ကျန်းထင် စွန့်အ သွားရသည်။

"ကျွန်မရှင့်ကို နေ့တစ်ဝက်လုံးစောင့်နေတာ ဘာလို့ကျွန်မဖုန်းခေါ်တာမကိုင်တာလဲ? ရှောင်ကျန်းရော? ဘာလို့ရှောင်ကျန်းနဲ့မသွားတာလဲ?ရှင်တစ်ခုခုဖြစ်ရင်ကျွန်မဘယ်လိုနေရမလဲ?မြန်မြန် ဒီမှာထိုင် အခုအရမ်းနောက်ကျနေပြီ စားရောစားပြီးပြီလား?ဟေး, မန်နေဂျာ, ဒီကိုလာဦး! စားဖိုဆောင်ကို ငါခုနက မှာထားတဲ့ နို့ကြက်ဥပေါင်းလုပ်ခဲ့တော့လို့ပြောလိုက်!"

ကျန်းထင် အမှန်တကယ်ပင် ပြောစရာစကားတို့ ပျောက်ရှသွားရသည်။

ယန်ရှယ်ကလည်း တစ်ခွန်းမှဝင်မပြောဘဲ မျက်ခုံးပင့်၍သာပြုံးစိစိဖြစ်နေသည်။

ယန်မိန့်က သူ့ကို လှည့်ပတ်ကြည့်ရှုနေသဖြင့် ကျန်းထင်မှာ မတက်သာတော့ဘဲ လမ်းပေါ်တွင် ယန်ရှယ်နှင့်တွေ့ခဲ့သည့် ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြရတော့သည်။ ထို့နောက်ချက်ချင်းပင် ယန်မိန့်က အရာရှိယန်ကို အထပ်ထပ်အခါခါ ကျေးဇူးတင်လေ​၏။ သူမက ကျန်းထင်ကို ညစာစားရန် ခေါ်လိုက်ပြီး အိမ်ရှင်ပီသစွာ ယန်ရှယ်ကိုပါ အတင်းဝင်စားစေတော့သည်။

"မလိုပါဘူး ငါကအခင်းဖြစ်တဲ့နေရာကို လာစစ်ဆေးရုံပဲ ခဏနေရင် မြို့တော်ရုံးချုပ်ကိုပြန်တော့မှာ"

ယန်ရှယ်ကပြုံး၍ပြောလိုက်လေသည်။

"မင်းလုပ်စရာရှိတာဆက်လုပ်ပါ ဝန်ထမ်းတစ်ယောက်ကိုသာ ငါ့ကို အနောက်စားဖိုဆောင် လိုက်ပို့ပို့ပြောပေး"

ယန်မိန့်က သူမ​၏ ပိုက်ဆံအိတ်နှင့် ဖိနပ်တို့ကို ချက်ချင်းချလိုက်သည်။

"ဘာများအလုပ်ရှုပ်နေလို့လဲ? လာ, လာ! ကျွန်မကိုယ်တိုင်လိုက်ပို့ပေးမယ် ဒီနေရာကို တိပ်တွေနဲ့ ချိတ်ပိတ်ပြီးနောက်မှာ အနောက်စားဖိုဆောင်ကိုပါ ကျွန်မဝန်ထမ်းကို ချိတ်ပိတ်ခိုင်းလိုက်တယ် ဒါရဲတွေနဲ့ပူးပေါင်းတာပဲမဟုတ်လား ဒီအမှုနဲ့ပက်သက်ပြီး သက်ဆိုင်ရာကသာသိခွင့်ရတဲ့ အချက်အလက်တွေ ပေါက်ကြားသွားမှာစိုးလို့ ဝန်ထမ်းတွေကို အပြင်မှာလျှောက်မပြောဖို့ ကျွန်မထပ်ခါထပ်ခါသတိပေးထားပါတယ်"   

ယန်ရှယ်က ဖိနပ်အစွပ်နှင့် လက်အိတ်တို့ကို ဝတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"မင်းအဲ့လိုလုပ်ဖို့မလိုပါဘူး မင်းကိုယ်တိုင်လည်း အဲ့ဒီအချက်အလက်တွေကို သိတာမှမဟုတ်ဘဲ"

ယန်မိန့်က စားဖိုဆောင်တံခါးဝ၌ရပ်ရင်း အောင်နိုင်သူအပြုံးနှင့်ပြုံးလိုက်ပေသည်။

မိတ်ကပ်ထူထူလိမ်းထားခြင်းက သူမအသက်ကို ခန့်မှန်းရန် ခက်ခဲစေသော်လည်း သူမ​၏ ဟန်ပန်နှင့် ဝတ်စားပုံတို့မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။ သူ​မ၏ဆံပင်အခွေလေးများပေါ်တွင် ရေမွှေးအနည်းငယ်ပါ စွတ်ထားသေးသည်။  အိမ်နေရင်းပင် ဤသို့တောက်တောက်ပြောင်ပြောင် ဝတ်ဆင်တတ်သည့် မိန်းကလေးမျိုး ယန်ရှယ် တစ်ခါမျှ မတွေ့ဖူးသေး။ ဖြစ်နိုင်သည်မှာ ကျန်းထင်ပြန်လာမည်ကို သူမကြိုသိနေ၍ဖြစ်ပေမည်။

အခြေအနေတစ်ခုလုံးမှာ အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ယန်ရှယ် ခံစားလိုက်ရ​၏။

ဤအမျိုးသမီးမှာ အလွန်ထက်မြက်ပြီး  မည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည်ကိုကောင်းကောင်းသိသူဖြစ်သည် ။သူမကိစ္စတစ်ခုကိုကိုင်တွယ်ပြီဆိုလျှင် ဘဝဇာတ်ခုံမျိုးစုံမှသင်ယူခဲ့ရသော အထင်ကြီးလောက်စရာစွမ်းရည်များနှင့် သူတစ်ပါးလက်ခံနိုင်လောက်အောင် ပါးပါးနပ်နပ်ပြန်ပြောနိုင်စွမ်းရှိပေသည်။သူမ​၏ကြင်ဖက်မှာတော့ သူမပြောစကားအရ မြို့ငယ်လေးမှလာသူဖြစ်သည် ။သူ​၏တစ်ခုတည်းသောအရည်အချင်းမှာ ချောမောလှသောမျက်နှာလေးပိုင်ဆိုင်နေခြင်းသာဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း နှစ်ပေါင်းများစွာ အိပ်ရာထဲလှဲနေခဲ့ရ၍ ချည့်နဲ့နေသေး​၏ အားအင်လည်းနည်းနည်းမျှရှိပုံမပေါ်။

သူဘယ်လိုကြည့်ကြည့် ၎င်းတို့နှစ်ယောက်မှာ ဖူးစာပါသောအတွဲမဟုတ်။ သို့သော် ယန်မိန့်ကတော့ ထိုသူဘာပဲလုပ်လုပ် လေးစားသော မျက်ဝန်များနှင့် လိုက်ကြည့်နေတတ်သည်။

ယန်ရှယ်တစ်ယောက် ရေခဲသေတ္တာဆီ အကြည့်ရောက်သွား​၏ ရုတ်တရက် ကျန်းထင်ကိုဆေးလိပ်ကမ်းပေးလိုက်သည့် အခိုက်အတန့်လေးကို သတိရသွားလေသည်_သူလက်ခံခဲ့သည်လေ။ သူ့ခေါင်းကိုအနည်းငယ်ငုံ့လိုက်ချိန်၌ မြင်တွေ့ခဲ့ရသည့် လေးကိုင်းသဏ္ဌာန်ညွတ်ကျနေသော လည်တိုင်လေး​၏ အရိပ်သည်ပင် ကျက်သရေရှိလှပေသည် ထို့နောက် လက်ထဲ၌ မီးညှိထားသောဆေးလိပ်ကို ကိုင်ရင်း လေထဲသို့ တဖြည်းဖြည်းမှုတ်ထုတ်လိုက်လေသည်။

ဤသည်မှာ အခြားသူတစ်ဦးက ဆေးလိပ်တောင်းသောက်သည့်ပုံရိပ်ကလေးကို ပထမဆုံး ပြန်လည်မြင်ယောင်မိခြင်းပင်။

ယန်ရှယ်က ရေခဲ့သေတ္တာကာ သာမန်ကာလျှံကာ မေးလိုက်သည်။

"မင်းကောင်လေးနဲ့တော်တော်အဆင်ပြေတဲ့ပုံပဲနော်"

ယန်မိန့်ကအသိအမှတ်ပြုသည့်အနေဖြင့်ပြုံးပြလာသည်။

"မင်းတို့ဘယ်လိုတွေ့တာလဲ"

"လွန်ခဲ့တဲ့နှစ်တွေတုံးက အလုပ်ရှာဖို့ ကျွန်မတို့ကောင်တီမြို့လေးကနေထွက်လာခဲ့တယ် ကုန်ကျိုးမှာ နှစ်နှစ်လောက်အလုပ်လုပ်ပြီးတော့ သူကဇာတိမြို့ကိုပြန်သွားတယ် နောက်တော့ကျွန်မကျန်းနင်ကိုပြောင်းလာပြီး ဒီမှာဘားဖွင့်တယ် ကျွန်မစီးပွားရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အဆင်ပြေလာတော့ သူ့ကိုဒီမှာလာကူညီပေးဖို့ခေါ်လိုက်တယ် သူဒီကိုလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ"

ယန်မိန့်က နောင်တရနေသည့်အမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။

"စဉ်းစားကြည့်တော့လည်း သူဒီလိုဖြစ်သွားတာ ကျွန်မမှာတာဝန်ရှိတယ်လေ"

ယန်ရှယ်က ခေါင်းယမ်းလျက်သက်ပြင်းချကာ ရေခဲသေတ္တာတံခါးကိုပိတ်လိုက်လေသည် ထို့နောက် စားဖိုဆောင်ကိုဖြတ်၍ နောက်ဖေးတံခါးဆီသို့လျှောက်သွားလိုက်​၏။

"ရှင်......"

"အာ, ငါလမ်းကိုတစ်ချက်သွားစစ်ကြည့်မလို့ပါ မင်းလိုက်လာစရာမလိုပါဘူး"

ယန်ရှဲ့က နောက်ကိုလှည့်မကြည့်ဘဲ လက်ကိုဝေ့ယမ်းရင်းပြောလိုက်ပေသည်

"လုပ်စရာရှိတာသွားလုပ်ပါ"

ညစ်ပတ်ပေတေလှသော လမ်းကျဉ်းလေးတွင် လူများများစားစားမရှိ။
KTVပိတ်ထားသည်မှာလည်း  ရက်အနည်းငယ်ရှိပြီဖြစ်ရာ ပို၍ပင်ခြောက်ကပ်နေသည်။ ယမန်နေ့က တစ်နေရာလုံးကို ခြေရာခံသူများကိုယ်တိုင် အမှိုက်ပုံးပင်ဇောက်ထိုးမိုးမျှော်ဖြစ်သည်အထိ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေစစ်ဆေးပြီးဖြစ်၍ ထပ်မံစစ်ဆေးရမည့်နေရာဟူ၍ မကျန်တော့ပေ။  

ယန်ရှယ်က စောင့်ကြည့်ဗီဒီယိုတွင်သေဆုံးသူသွားခဲ့သော လမ်းအတိုင်းလျှောက်ရင်း ဖုန်းခေါ်လိုက်​သည်။

"ဟယ်လို, မာရှန် မင်းတို့ပြန်ရောက်ပြီလား? အင်တာနက်ဖွင့်ပြီး ငါ့ကိုလူတစ်ယောက်အကြောင်းစုံစမ်းပေး"

တစ်ဖက်တွင် အရာရှိများအချိန်ပိုဆင်းနေသောကြောင့် ဆူညံလျက်ရှိသည်။ မာရှန့်က အသံကုန်မြှင့်၍ အော်ပြောလိုက်လေသည်။

"ကောင်းပြီ_ဘယ်သူလဲ?!"

"လုချိန်ကျန်း"

ယန်ရှယ်က ဖြေလိုက်သည်။

"မနေ့က အခင်းဖြစ်တဲ့နေရာမှာတွေ့တဲ့ ဝှီးချဲပေါ်ကလူ ။ သူ့ရဲ့ဇာတိ,ဘွဲ့ရခဲ့တဲ့ကျောင်း,အလုပ်အကိုင်, ဖြစ်နိုင်ရင် သူငှားနေခဲ့ဖူးတဲ့ အခန်းမှတ်တမ်းတွေပါ လိုချင်တယ်"

"ဘာလို့လဲ?သံသယရှိလို့လား?"

"အခုတော့မပြောနိုင်သေးဘူး သူ့အကြောင်းသာအရင်စုံစမ်းခဲ့"

မာရှန်၏ အကောင်းဆုံးစွမ်းရည်မှာ အလုပ်တစ်ခုကိုအမြန်ဆုံးပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းပင်။
ယန်ရှယ် လမ်းကျဉ်းလေးမှထွက်လာပြီး တောင်ဘက်ရှိအတားအဆီးတစ်လျှောက် သဲလွန်စရှာနေဆဲမှာပင် ဖုန်းလက်ခံသူထံမှ အသံထွက်လာ​၏။

"ရပြီ_လုချိန်ကျန်း  သူ့ဇာတိက မနေ့ကမှတ်တမ်းထဲကနဲ့ကိုက်ညီတယ် သူကကောလိပ်ဘွဲ့တစ်ခုရပြီး ကုန်ကျိုးမှာ ယန်မိန့်နဲ့အတူ နိုက်ကလပ်တစ်ခုရဲ့ လူရမ်းကားရှင်းလင်းသူအနေနဲ့ နှစ်အနည်းငယ်အလုပ်လုပ်ခဲ့တယ်"

ယန်ရှယ်က မထင်မှတ်ထားသော အတွင်းရေးကြောင့် အံ့အားသင့်စွာနှင့် နေရာတွင်ရပ်လိုက်ပေသည်။

"မင်း အဲ့ဒါလူတစ်ယောက်တည်းဆိုတာသေချာလား"

"သန်းခေါင်စာရင်းထဲကအတိုင်းပဲ"

".......ပြီးတော့ဘာဆက်ဖြစ်လဲ"

ယန်ရှယ်ကဆက်မေးလိုက်​၏။

"အဲ့ဒါပြီးတော့ နိုက်ကလပ်မှာ ယန်မိန့်က လောင်းကစားကိစ္စ နဲ့ ရန်ဖြစ်တဲ့ကိစ္စတစ်ခုနှစ်ခုမှာ ဝင်ပါမိတယ် မင်းအတိအကျသိချင်ရင် ငါတို့ကုန်ကျိုးက မှတ်တမ်းကိုကြည့်မှပဲရမယ် ဘယ်လိုပဲဖြစ်ဖြစ် သူအရမ်းကံကောင်းပါတယ် သူ့ကို ထိခိုက်အောင်တမင်တကာ စွဲဆိုထားတဲ့အမှုကမအောင်မြင်ခဲ့ဘူး အဲ့လိုနဲ့ လောင်းကစားသမားတွေနဲ့ အလိုတူအလိုပါဆိုပြီး အချုပ်ထဲအထည့်ခံထားရာကနေပြန်လွတ်လာတယ်
ကြည့်ရအောင်.....အိုး! မဆိုးပါဘူး နည်းနည်းတော့ ထိုးကျွေးခဲ့ရမှာပဲ ကုန်ကျိုးမှာ အာမခံနဲ့ လွတ်ဖို့ဆိုတာလွယ်မှမလွယ်တာ"

ယန်ရှယ်ကမေးလိုက်သည်။

"လုချိန်ကျန်းကရော?"

"သူကတော့ ဟိုတစ်ယောက် သူတစ်ပါးကို ထိခိုက်စေမှုနဲ့ အဖမ်းခံနေရတဲ့အချိန် ဇာတိမြို့ကိုပြန်သွားတယ် ငါ့အထင် သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပုံလည်း မပေါ်ပါဘူး"

ယန်ရှယ်က ဆေးလိပ်နောက်တစ်လိပ်ကို မီးညှိလိုက်​၏။   ယမန်နေ့ညက သေဆုံးသူသွားခဲ့သောလမ်းတစ်လျှောက် ခြေရာခံရင်း လူသွားစင်္ကြံပေါ်မှ အကွက်အပြောက်အဆင်တို့ကိုစိုက်ကြည့်ကာ အတွေးနက်နေလေသည်။

"ငါတို့ သူ့ရဲ့ဇာတိမှတ်တမ်းကို စစ်ဆေးပြီး အဲ့ဒီမြို့မှာရှိတဲ့ လုချိန်ကျန်းနဲ့ပက်သက်သမျှကို ဖော်ထုတ်ရမယ် ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်က ယာဉ်တိုက်မှုကတော့ သူထွက်ဆိုတာနဲ့ကိုက်ညီတယ် ယန်မိန့်ကတော့ အချုပ်ကလွတ်ပြီး ကျန်းနင်မှာ ဒီKTV လာဖွင့်တယ် သူကမြေပိုင်ရှင်နဲ့တောင် စာချုပ်အငြင်းပွားမှုနဲ့ပက်သက်ပြီး အမှုဖြစ်လိုက်သေးတယ် ပြီးတော့ မထင်မှတ်ထားဘဲ ခပ်မြန်မြန် နိုင်သွားတယ်
ချီးပဲ,အစ်ကိုယန်! တကယ်လို့ဒီအမျိုးသမီးမှာသာ နောက်ကွယ်က ထောက်ပံ့နေတဲ့လူမရှိရင် သေချာပေါက်သူက အောင်မြင်တဲ့ဘဝမှာနေထိုင်ဖို့ ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့လူပဲ မဟုတ်ရင် ဘယ်လိုလုပ် ကပ်ဆိုးတွေကနေ အကြိမ်တိုင်းလွတ်မြောက်နိုင်ပါ့မလဲ"

​ကောင်းကင်တစ်ခွင် တဖြည်းဖြည်း မှောင်ရိပ်သန်းလို့လာချေပြီ။ လမ်းမီးတိုင်တို့လည်း လင်းထိန်နေပြီ။ယန်ရှယ်က  အာကာပြင်သို့ အကြည့်ပို့လိုက်ပါ​၏။ ရုတ်တရက် မနီးမဝေးရှိ ရေဆိုးပိုက်နားတွင် သေးငယ်လှသောတစ်စုံတစ်ခုက တလက်လက်ဖြစ်နေသည်ကို မြင်လိုက်ရ​သည်။

အစပိုင်းတွင် ယန်ရှယ် ဂရုမထားမိချေ။ သို့ရာတွင် ခဏအကြာ၌ ရှေ့တန်းတွင် ဆယ်စုနှစ်တစ်ခုစာမျှစုံစမ်းစစ်ဆေးရေးတာဝန်ထမ်းဆောင်ခဲ့သော အသိအာရုံက သူ့စိတ်ကို လှုံ့ဆော်လိုက်လေသည်။

"အစ်ကိုယန်?"

".......ခဏ"

ယန်ရှယ်က ထိုနေရာသို့လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် လူသွားစင်္ကြံနှင့်လမ်းမကြီးတို့ဆုံရာထောင့်၌ အညစ်အကြေးများကြားတွင် လင်းလက်နေသော ပစ္စည်းသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။

ဇစ်ကလေးတစ်ခု ဖြစ်၏။

ယန်ရှယ်က လက်နှစ်ချောင်းဖြင့် ကောက်လိုက်ပြီး သားရေတစ်ဝက်ဖုံးထားသောသတ္တုပိုင်းလေးကို မျက်လုံးအနည်းငယ်မှေး၍ စူးစိုက်ကြည့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ အစ်ကိုယန်?အခင်းဖြစ်တဲ့နေရာမှာ တစ်ခုခုတွေ့လို့လား"

"ကျန်းနင်မှာရှိတဲ့ ယန်မိန့်ရဲ့ အမှုတွဲတွေ ပြန်စုံစမ်း
နောက်ပြီး စစ်ဆေးရေးအရာရှိတွေကို တစ်ယောက်မှ ရုံးမဆင်းခိုင်းနဲ့ဦး"

ယန်ရှယ်က ဇစ်ကို သက်သေစုဆောင်းရေးအိတ်ထဲထည့်လိုက်ပြီး မတ်တတ်ပြန်ရပ်၍ ဆက်ပြောလိုက်သည်။

"နောက်နာရီဝက်လောက်နေရင် ငါမြို့တော်ရုံးချုပ်ကို ပြန်လာမယ် အခင်းဖြစ်တဲ့နေရာမှာ အရေးကြီးတဲ့ ပစ္စည်းတစ်ခုတွေ့တယ် ဒီဟာကိုသာ အတည်ပြုလို့ရရင် အမှုဖော်ထုတ်ဖို့အတွက် သဲလွန်စတစ်ခုရပြီ"

"ဟုတ်ပြီ!"

ထို့နောက် ဖုန်းချလိုက်​၏ ယန်ရှယ်က ပြန်ရန် နောက်လှည့်လိုက်စဉ် ရုတ်တရက် ရပ်တန့်မိသွား​၏။

အနောက်လမ်းကြားအနီးတွင် ကျန်းထင်မှာ လက်ထဲ၌ ပါဆယ်ထုပ်ထားသောအစားအစာအိတ်ကိုကိုင်လျက် လမ်းမီးတိုင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေ​၏။

တစ်ခဏမျှ အကြည့်ချင်းဆုံမိသွားလေသည်။ ဖြတ်သွားသော ကားသံမှာလည်း တဖြည်းဖြည်း ဝေးသွားခဲ့ပြီ။ မီးတိုင်အောက်ရှိ ပိုးဖလံတို့ကလည်း ကျီကျီကျာကျာ အော်မြည်နေ​၏။

ကျန်းထင်က ယန်ရှယ်ထံ လျှောက်သွားလိုက်ပြီး ပလက်စတစ်အိတ်နွေးနွေးကိုပေးလိုက်ကာ နူးညံ့စွာဆို​၏။

"အရာရှိယန်, ညစာနောက်မကျပါစေနဲ့"

သူ သက်သေစုဆောင်းရေးအိတ်ထဲမှ ဇစ်ဆီသို့ အကြည့်ရောက်သွားစဉ် ယန်ရှယ်၏ လက်ထိပ်နှင့်မတော်တဆ ထိမိရာ ချက်ချင်းပင် လက်ရုတ်လိုက်ပါ​၏။

နှစ်ယောက်ကြား အကွာအဝေးမှာ ခြေလှမ်းဝက်မျှသာရှိပြီး မျက်နှာချင်းဆိုင်ရပ်နေကြသည်။ ယန်ရှယ်က ကျန်းထင်​၏ကြည်လင်လှသော မျက်ဝန်းထဲ၌ သူ့ပုံရိပ်ကို ပြန်မြင်နေရသည် မကြာမီ အောက်မေးရိုးကြွက်သားတို့မှာ မရည်ရွယ်ဘဲ ရုတ်တရက်တင်းမာသွားသည်ကို သတိပြုမိလိုက်သည်။ မျက်နှာထားမှာလည်း ရန်သူတစ်ယောက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခက်ထန်သွားလေသည်။

တစ်စုံတစ်ခုက လွန်စွာထူးဆန်းနေသည်။

သူ့ရှေ့ရှိ ယောက်ျား​၏မျက်နှာမှာ အကြောင်းအရာတစ်ချို့ကို ဖုံးကွယ်ထားပုံပေါ်သော်လည်း သူ့အတွက်တော့ အလွန်အားနည်းနေသေးသည်။ ခြိမ်းခြောက်ခံထားရ၍ တုန်လှုပ်နေသည်နှင့်ပင်တူ​၏။

".......သိပါပြီ"

ယန်ရှယ်က ခေတ္တရပ်လိုက်ပြီး အမှောင်ထဲသို့ ခြေတစ်လှမ်းဆုတ်ကာ သူ့မျက်နှာ၌ပေါ်နေသော အမူအရာကို ဖုံးကွယ်ထားလိုက်ပါ​၏။ ထို့နောက် ခေါင်းငြိမ့်၍ပြောလိုက်လေသည်။

"ကျေးဇူး"

ကျန်းထင်က သူ့ကိုအရေးမစိုက်သည့်ပုံဖြင့်ကြည့်ကာ မလှုပ်မရပ်နှင့် တစ်ခွန်းမျှမပြောဘဲ ပြုံးလျက်သာ ခေါင်းငြိမ့်လိုက်​သည်။ သူ​၏ မျက်ဝန်းတို့မှာ လမ်းမီးတိုင်အောက်မှ လှည့်ထွက်သွားသော ယန်ရှယ်နောက်သာ လိုက်ကြည့်နေမိသည်။

ထို့နောက် လမ်းကြားထဲမှ ဒေါက်ဖိနပ်သံ ထွက်ပေါ်​၏။ သူမက လမ်းဆုံး၌ပျောက်ကွယ်သွားသော ယန်ရှယ်ကိုကြည့်ရင်း ကျန်းထင်နောက်၌ရပ်လိုက်လေသည်။ ထို့နောက် ကျန်းထင်ကို စိုးရိမ်စွာကြည့်ရင်း မေးလာ​၏။

"ရှင်ဒီအမှုကိုကူပြီးဖြေရှင်းပေးချင်လို့လား"

ကျန်းထင်မျက်နှာထက်ရှိ ပျော့ပျောင်း၍ရေပြင်ကဲ့သို့တည်ငြိမ်နေသောအငွေ့အသက်တို့မှာ တမုတ်ဟုတ်ချင်း ကွယ်ပျောက်သွား​၏။ သူက လေးပင်စွာပြောလိုက်လေသည်။

"ဒီအမှုမပြီးမချင်း ရဲတွေကငါတို့ကိုစောင့်ကြည့်နေဦးမှာပဲ နှစ်လလောက်သူတို့စောင့်ကြည့်တာခံချင်လို့လား"

".......အဲ့ဒါဆို-"

ယန်မိန့်က ဆက်မမေးခင် အနည်းငယ်တွန့်ဆုတ်သွား​ရသည်။

"အဲ့ဒါဆို ရှင်ဘယ်လို စုံစမ်းမယ်လို့စိတ်ကူးလဲ"

ကျန်းထင်က မျက်လွှာချလိုက်ပြီး ချက်ချင်းပြန်မဖြေခဲ့။ သူ့အတွေးထဲ၌ သေချာစဉ်းစားနေပုံပေါ်သည်။

ပုခုံးပေါ် ၌ ပဝါပါးတစ်ခု လွှမ်းခြုံထားသော ယန်မိန့်က လမ်းမီးတိုင်မှ ဝါကြင့်ကြင့် မီးရောင်လားရာကို ခေါင်းမော့၍ကြည့်လိုက်လေသည်။ မီးရောင်မှာ ကျန်းထင်​၏ ဆံပင်နှင့် ပါးပြင်တစ်ဖက်ပေါ်ဖြာကျနေရာ အသားအရေပေါ်တွင် ရွှေဝါရောင်အလွှာပါးတစ်ထပ် ဖုံးနေသည်နှင့်ပင် ဆင်တူ​၏။

နှစ်တွေလတွေ မည်မျှပင် ကြာညောင်းသွားပါစေ ယန်မိန့်​၏ မျက်လုံးထဲတွင်တော့ ကျန်းထင်မှာ ပထမဆုံးတွေ့ခဲ့သည့်အချိန်ကနှင့် ပြောင်းလဲခြင်းမရှိ။ ခက်ခဲလှသော နှစ်များဖြစ်စေ သေခါနီးအခြေအနေနှင့်ကြုံတွေ့ခဲ့ရသည်ဖြစ်စေ မည်သည့်အရာမျှ သူ​​၏ နလန်ထူနိုင်စွမ်းကို တားဆီးနိုင်ခြင်းမရှိပေ။

"ဇစ်"

ကျန်းထင်က ရေရွတ်လိုက်သည်။

ယန်မိန့်က သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေလေသည်

ကျန်းထင်က ပြန်ကြည့်၍ ရုတ်တရက် အမေးရှိ​၏။

"မင်းမှာ တစ်ပတ်နွမ်းပစ္စည်းဆိုင်ကိုရောင်းဖို့ တစ်ခုခုများမရှိဘူးလား"

ယန်မိန့်က ပြန်မေးလိုက်ပါ​၏။

"တစ်ပတ်နွမ်းပစ္စည်းဆိုင်?"
........................................................

"Fendi?"

(T/N luxury brand တစ်ခုပါ)

မာရှန်က အံ့ဩစွာနှင့် ပြောလိုက်သည်။ သူက သက်သေစုဆောင်းရေးအိတ်ထဲမှ ဇစ်ကိုထုတ်ကာ မီးရောင်အောက်၌ သေချာကြည့်နေလေသည်။

ယန်ရှယ်က ပါဆယ်ထုပ်လာသော ငါးရှဉ့်ကင်ထမင်းကို အငမ်းမရမျိုချကာ ဗလုံးဗထွေးပြောလိုက်​၏။

"အမ်??"

ဇစ်​၏အပေါ်ပိုင်းမှာ အနက်ရောင် သိုးသားရေနှင့် အုပ်ထားပြီး အဝါရောင်အနားသပ်များနှင့် အလှဆင်ထားလေသည်။ အောက်ပိုင်းတွင် Fendi Logoကို ရွှေနှင့်ထွင်းထား​၏။ ပစ္စည်းတစ်ခုလုံးမှာ အသစ်စက်စက်ဟုထင်ရသော်လည်း ဇစ်တပ်သည့်အပိုင်းမှာ ချောင်နေ​သည်။ ကြမ်းကြမ်းတမ်းတမ်းဆွဲထား၍ သို့မဟုတ် တစ်ခုခုနှင့်ငြိပြီး အားသုံးဖြုတ်ထား၍ ဖြစ်နိုင်သည် ။

မာရှန်က အနည်းငယ် နားမလည်နိုင်ဘဲ ဖြစ်သွားရသည်။

"ဒီဟာကိုဘယ်လိုအတည်ပြုရမှာလဲ"

လက်တစ်ဖက်ဖြင့် ဆီပေနေသော တူကိုကိုင်ရင်း ယန်ရှယ်က စားပွဲပေါ်မှ ဖုန်းကို တွန်းပို့ကာ မာရှန့်အား Fendi official websiteကို ကြည့်စေလိုက်သည်။

"ဟမ်?"

"အနက်ရောင်သားရေဖုံးထားပြီး အဝါရောင်အနားသပ်ပါတဲ့ ဇစ်။ အဲ့ဒါက အမျိုးသားတွေအတွက် ရာသီအလိုက်ထုတ်တဲ့ အိတ်တွေမှာပဲပါတာ မြင်ပြီလား? ဒီတစ်ခုပဲ"

ယန်ရှယ်က ပုံတစ်ပုံကို တူနှင့် ထောက်ပြလိုက်သည်။
ထို့နောက်ဆက်ပြောလိုက်​၏။

"ဒါက မကြာသေးခင်ကမှ ရာသီအလိုက်ထုတ်တဲ့ပစ္စည်း။အကန့်အသတ်နဲ့ပဲဝယ်လို့ရတယ် ပိုအရေးကြီးတာက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ဘယ်ဆိုင်မဆို ဝယ်သူတွေရဲ့ မှတ်တမ်းရှိတယ် အပြည်ပြည်ဆိုင်ရာငွေကြေးစင်တာက စတိုးမှာ စောင့်ကြည့်မှတ်တမ်းတွေတောင်းခဲ့ဖို့ ငါအမိန့်ပေးပြီးပြီ"

မာရှန်က အော်လိုက်လေသည်။

"ငယိုး! အဲ့လိုရှိသေးတယ်လား"

"အဲ့ဒါကအလုပ်မဖြစ်လည်း အပျော်ခရီးသွားတယ်လို့ပဲ မှတ်လိုက်ရုံပေါ့ တကယ်လို့ငါခန့်မှန်းတာမှားခဲ့တယ်ဆိုရင်တောင် ဘာမှဆုံးရှုံးစရာမှမရှိတာ ဒါနဲ့ငါပြောထားတဲ့ ယန်မိန့်ရဲ့အမှုတွဲကိစ္စကရောဘယ်လိုလဲ"

​စွန့်အ နေရင်းက မာရှန်တစ်ယောက် သတိပြန်ဝင်လာ​၏ ။ထို့နောက် အလောတကြီးနှင့် အညိုရောင်စာအိတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်​လေသည်။

ယန်ရှယ်က ထိုင်ခုံပေါ်နောက်မှီလိုက်ရင်း စာရွက်စာတမ်းတွေကို စဖတ်တော့သည်။  မာရှန်က ခိုးချောင်ခိုးဝှက်နှင့် ငါးရှဉ့်တစ်တုံးကို သူ့ပါးစပ်ထဲ တစ်ခါတည်းသွတ်လိုက်​၏။ အရသာရှိလွန်း၍ မျက်ရည်တောင် ဝဲချင်ချင်ဖြစ်လာရ​သည်။

ယန်မိန့်​၏အမှုမှာ ထင်သလောက်မရှုပ်ထွေးလှ။အဓိကအားဖြင့် အရင်ပိုင်ရှင်က စာချုပ်မချုပ်မီ ကတိဖျက်ပြီးဈေးတင်လိုက်သောကြောင့်ဖြစ်သည်။ ကျိုးကြောင်းဆီလျော်စွာပင် ယန်မိန့်က တစ်ဖက်လူကို တရားစွဲလိုက်သည်။ သို့ရာတွင် စာချုပ်မှာ ဟာကွက်များရှိပြီး လုပ်ရိုးလုပ်စဉ်များမှာ မပြီးပျက်နိုင်ဘဲ သူမကို အဆုံးမရှိရှုပ်ထွေးလှသော ကိစ္စထဲသို့ ဆွဲသွင်းကာ အမှုရှုံးတော့မလိုပင်ဖြစ်ခဲ့​၏။ ယန်ရှယ်၏ အတွေ့အကြုံအရခန့်မှန်းရလျှင် သူမဟာ လက်လျှော့လိုက်ပြီး အမှုကိုကြေအေးလိုက်ပုံပေါ်သည် ။သို့မဟုတ်လျှင် သူမ​၏စီးပွားရေး အရှုံးပေါ်သွားလိမ့်မည်လေ။

သို့သော် သူမ အနိုင်ရခဲ့ပါသည်။

ရှေ့နေကြောင့်တော့ မဖြစ်တန်ရာ။ ယန်ရှယ်ကြုံခဲ့ဖူးသော ကြားနာမှုများတွင် ရှေ့နေဟူသည် သုံးစား၍မရ။ ယန်ရှယ်တွေး၍ရသော တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ တရားသူကြီးတစ်ယောက် ယန်မိန့်​၏ အလှတွင် နစ်မြောသွား၍ ဖြစ်မည်။

သို့မဟုတ် ဤအမျိုးသမီး ကုန်ကျိုးမှ ထူးဆန်းစွာ လွတ်မြောက်လာသကဲ့သို့ အကောင်ကြီးကြီး တစ်ယောက်က နောက်ကွယ်မှ ကူညီနေသောကြောင့်ဖြစ်နိုင်သည်။

မာရှန်တစ်ယောက် တတိယအကြိမ်မြောက် ငါးရှဉ့်ခိုးရန် လက်လှမ်းနေစဉ် ယန်ရှယ်က လျှပ်စီးကဲ့သို့ အလျင်နှင့် သူ့လက်ကို တူဖြင့် ဖြတ်ရိုက်လိုက်​၏။

"_အား!!"

"ခေါက်ဆွဲနှစ်ထုပ်နဲ့ မဝနိုင်သေးဘူးလား ငါတို့ရဲ့ခေါင်းဆောင်ကုံလေးလိုအဖြစ်မဆိုးချင်ရင် သူ့ကိုအတုမခိုးနဲ့စမ်း သူဒီခန္ဓာကိုယ်အရွယ်အစားဖြစ်နေတာ သူ့အမေက ဗုံးပေါလအောကျွေးခဲ့လို့ပဲ!"

မာရှန်ကမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်

"ကျွန်တော်တို့လူအများစု အချိန်ပိုဆင်းရင် ခေါက်ဆွဲပြုတ်နဲ့ပဲနှစ်ပါးသွားရတာ အကောင်းဆုံးဆိုလို့ အသင့်စားဟော့ပေါ့ပဲစားဖူးတယ် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အစ်ကိုကိုယ်တိုင်က စံပြအနေနဲ့မနေတဲ့အပြင် ကျန်တဲ့လူတွေကိုပါ အခက်အခဲကြားထဲဆွဲခေါ်ပြီး ခေါင်းဆောင်အခွင့်အရေးရချင်သေးတယ်ပေါ့လေ"

ယန်ရှယ် သီးသွားရ​သည်။

"ဒီအဖေကြီးက စားရဖို့အရေး ချောမောခန့်ညားလှစွာသော ရုပ်ရည်ကို စတေးထားရတာကွ မင်းတို့သာအစွမ်းအစရှိရင် ကိုယ့်ဟာကိုသွားယူပါလား"

မာရှန်က အော်ပြောလိုက်​၏။

"ဘာ! KTV ပိုင်ရှင်က အစ်ကို့ရုပ်ရည်မှာ ကြွေဆင်းသွားတယ်ဟုတ်လား"

"........."

"သူအစ်ကို့ကိုကြည့်တဲ့အကြည့်တွေက တစ်မျိုးဖြစ်နေတာမဆန်းတော့ပါဘူး သူ့မျက်လုံးတွေက အစ်ကို့ရဲ့ တောင့်တောင့်တင်းတင်းကြွက်သားတွေပေါ်မှာပဲ တစ်ချိန်လုံးဝဲနေတာ သူ့ရဲ့ ပျော့တီးပျော့ဖက်ရည်းစားက အစ်ကို့လိုယောက်ျားပီသလှတဲ့ဟော်မုန်းတွေနဲ့လူကို ဘယ်လိုယှဉ်နိုင်မှာလဲ အစ်ကိုယန်,ကြိုးစားထား ကျွန်တော်တို့ရဲဘော်တွေ ကာရာအိုကေအလကားဆိုနိုင်ဖို့က အစ်ကိုပေါ်မှာပဲ မူတည်နေတယ်!......"

ယန်ရှယ်က စိတ်ဆိုးစွာနှင့် ဆိုလိုက်လေသည်။

"သွားစမ်းပါကွာ! ငါ့ကြွက်သားကိုဗန်းပြပြီး မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေနဲ့! ငါတို့ကိုအတွဲလို့ထင်သွားစေချင်လို့လား"

မာရှန်ကချက်ချင်း ပျော့ပျောင်းနူးညံ့ပြီး ပစ်ချွဲချွဲအသံနှင့်ပြောလာ​၏။

"ကျွန်တော့်ကိုသာ ငါးရှဉ့်ထမင်းကျွေးမယ်ဆို အစ်ကို့အတွက် ဆယ်မိနစ်လောက်ဂေးပေးနိုင်ပါတယ်..."

ယန်ရှယ်က မာရှန်အား စားပွဲပေါ်မှ ကန်ချလိုက်​၏။ ထို့နောက် သူ​၏ ပန်းနုရောင်ဖန်နှလုံးသားလေးမှာ အစိတ်အမြွာမြွာကွဲသွားသကဲ့သို့ ငြီးညူ လိုက်လေသည်။။ သူငြီးတွားနေစဉ်မှာပင် ဖုန်းဝင်လာ​၏ လက်တစ်ဖက်က ဘူးထဲမှငါးရှဉ့်ကင်ထမင်းကိုစားရင်း တစ်ဖက်က ဖုန်းကိုင်လိုက်သည်။

"ဟယ်လို,ယန်ရှယ်ပါ ပြောစရာရှိရင် မြန်မြန်ပြောပါ"

"အစ်ကိုယန်! ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးစင်တာကနေ စောင့်ကြည့်မှတ်တမ်းရခဲ့ပြီ ဧပရယ်လလယ်တုံးက သေဆုံးသူဟာ Fendi အရောင်းဆိုင်မှာ အစ်ကိုပြောတဲ့ ယွမ်တစ်သောင်းရှစ်ထောင်တန်အိတ်ကိုဝယ်ခဲ့ပြီး ငွေသားနဲ့ပဲ အပြည့်ချေခဲ့တယ် ကျွန်တော်တို့ ဗီဒီယိုအကြည်နဲ့ ရောင်းဝယ်မှုမှတ်တမ်းကိုပါ သိမ်းလာပြီ"  

(T/N ယွမ်တစ်သောင်းရှစ်ထောင်က မြန်မာငွေ 46သိန်းလောက်ရှိပါတယ်  )

လူ့အဖွဲ့အစည်းအကြောင်းဂဂနန မသိရှာသော မာရှန်ကဲ့သို့ တစ်ဖြောင့်တည်းသွားသည့်လူအဖို့ နေရာတွင်ပင် မျက်လုံးပြူးရလေသည်။
'ဘာ?! ယွမ်သောင်းရှစ်ထောင်?!'_ဆိုသောစာတန်းက သူ့မျက်နှာထက်၌ အထင်းသားပေါ်နေ​၏။

ယန်ရှယ်ကချီးကျူးလိုက်ပေသည်။

"တော်တယ် သေဆုံးသူရဲ့အချက်အလက်ရောရခဲ့လား"

"ဒါပေါ့ သေချာပေါက်ရခဲ့တာပေါ့!"

တစ်ဖက်လူကခေတ္တငြိမ်သွားပြီး IDကိုပြန်ရှာကြည့်နေဟန်ရှိသည် ထို့နောက်အသံထွက်လာလေသည်။

"ဒီမှာပဲ_ နာမည်က ချူစင်, သက်ညှာမှုရဲ့ 'စင်'"

(T/N နာမည်က 楚慈( Chǔ cí)
သက်ညှာမှုက 慈悲 (Cíbēi)
(Cí )အသံက မြန်မာလို ရေးရခက်လို့ 'စင်' လိုပဲ ရေးလိုက်တာပါ တကယ်တော့ အဲ့လိုကြီးအတိအကျကြီးမထွက်ပါဘူး )

-----------------------------------------------

Continue Reading

You'll Also Like

376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
49.3K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
521K 53.8K 108
တကယ်လို့ ဒီsystem လေးဖတ်တော့မယ်ဆိုရင်လေ ကျော်ဇေထက်လေးကို အရင်ဖတ်စေချင်ပါတယ်...မဖတ်ရသေးတဲ့သူတွေကိုပြောတာပါ...(၅ဘဝကနေ ဖားဘဝရောက်သွားရသော် system လေးနဲ့...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...