ကျွန်ုပ်တို့ ခုန်ချပြီးပြီးချင်းပင် ထိုဆုံးဖြတ်ချက်အား ကျွန်ုပ်နောင်တရမိသွားသည်။
၎င်းသည် အဆိပ်ရှိကူအကောင်များဖြင့် ပြည့်နေသော ကန်တစ်ခုမှန်း ကျွန်ုပ်သိထားပြီးသားပင်။ သို့သော် စုပိုင်၏ မှတ်ဉာဏ်များထဲတွင် ယွဲ့ချီနှင့် ကျွန်ုပ်သည် ဝိညာဉ်များသာ ဖြစ်သောကြောင့် လုံးဝမထိခိုက်နိုင်မှန်းလည်း သိထားသေးသည်။ သို့တိုင် မြွေများ၊ ကင်းမြီးကောက်များနှင့် အခြားသားရဲများ စုပြုံပြွတ်ခဲနေသော ထူထပ်သိပ်သည်းလှသည့် တွင်းနက်ကြီးအား ကျွန်ုပ်ငေးကြည့်ရင်း ဖိမ့်ဖိမ့်တုန်အောင် မကြောက်လန့်သွားဘဲ မနေနိုင်ပေ။
ဝိညာဉ်အနေနှင့်ပင် ကျွန်ုပ်မှာ မဖော်ပြတတ်လောက်အောင် ထိတ်လန့်နေသောကြောင့် ထိုကူအဆိပ်တွင်းကြီးထဲသို့ အသွေးအသားခန္ဓာကိုယ်ဖြင့် ခုန်ချခဲ့သော စုပိုင်တစ်ယောက် တောင့်ခံခဲ့ရသည့် မချိတင်ကဲဝေဒနာအား ကျွန်ုပ်တွေးကြည့်ရုံသာ တတ်နိုင်တော့သည်။
ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် မရေမတွက်နိုင်သော ကူအကောင်များကို သူမတိုက်ခိုက်နေရသည်။
သူမ၏အသားများ စတင်ပဲ့ထွက်ကုန်ကာ ပုံပျက်ပန်းပျက် အရိုးဖြူဖြူများ ပေါ်လာသည်အထိ ထိုအဆိပ်ရှိပိုးကောင်များ၊ မြွေများနှင့် ကင်းမြီးကောက်များက သူမအား ကိုက်ဖြတ်ဝါးမြိုနေကြသည်ကို ကျွန်ုပ်တွေ့လိုက်ရသည်။ သူမဝတ်ရုံလက်အတွင်း သိမ်းထားသော ဓားမြှောင်အား အသုံးချပြီး ၎င်းတို့ကို အဝေးသို့ မောင်းထုတ်ကာ ဆက်လက်တိုက်ခိုက်နေဆဲပင်။
များမကြာမီ သူမ၏ အသိအာရုံများ စတင်ဝေဝါးကာ သူမစိတ်သည်လည်း ပို၍ပို၍ ရှုပ်ထွေးထုံထိုင်းလာ၏။ သူမသည် ထိုအဆိပ်ရှိသတ္တဝါများအား စတင်စားသုံးပြီး ထိုကူအကောင်များ ဖော်ပြလေ့ရှိသည့် လှုပ်ရှားမှုအချို့ကို လက္ခဏာပြစပြုလာတော့သည်။
ဤဖြစ်စဉ်တစ်ခုလုံးသည် အလွန်တရာ သွေးထွက်သံယိုများသောကြောင့် ကျွန်ုပ်ဆက်လက်ကြည့်နိုင်စွမ်း မရှိတော့ချေ။ သို့တိုင် ယွဲ့ချီမှာမူ ၎င်းတို့အကုန်လုံးအား မျက်တောင်မခတ်စတမ်း ကြည့်ရှုနေ၏။ ဖြစ်ပျက်သမျှအားလုံး၌ သူပါဝင်နေသကဲ့သို့ပင် သူ၏ ငေးစိုက်ကြည့်မှုသည် မသွေမဖည်ရှိနေပြီး သူ့မျက်ဝန်းများမှာ ရယ်မောခြင်းအတိပြီးကာ ထိုရယ်မောခြင်းအတွင်း မျက်ရည်များဖြင့် အရည်လဲ့တောက်ပနေသည်။
ထိုကိစ္စများကြားတွင် တစ်စုံတစ်ယောက် ရောက်ရှိပေါ်ထွက်လာ၏။ သူတို့နှစ်ယောက်စလုံး လူသစ်အား သတိမထားမိလေဘဲ ထိုသူအား ဖျတ်ခနဲကြည့်ရန် ခေါင်းမော့လိုက်သူမှာ ကျွန်ုပ်တစ်ဦးတည်းသာပင်။
အားလိုင် ဖြစ်လေ၏။
အားလိုင်သည် ကူအဆိပ်ကန်ပတ်ပတ်လည်အား ကြည့်ရှုကာ အေးစက်စက်အပြုံးတစ်ပွင့်ဖြင့် ပြောသည်။
"ဒါဆို နင်က တကယ်ကြီး ဒီကိုရောက်လာတာပဲ။ နင်က ကူသတ္တဝါကျွယ်ရှားဖြစ်ချင်နေမှတော့ ရှိပါစေတော့လေ။ နင့်မှာတောင် ဒီလိုသန္နိဋ္ဌာန်နဲ့ သတ္တိတွေရှိနေရင် နင့်ဆန္ဒကို ငါက ဘယ်လိုလုပ် မဖြည့်ဆည်းပေးဘဲ နေနိုင်မှာတဲ့လဲ?"
ထိုစကားများကို ပြောပြီးနောက် အားလိုင်လှည့်ထွက်သွားလေသည်။
ထိုအချိန်၌ ကျွန်ုပ်ဂရုမစိုက်မှန်း တွေ့ရှိသွားသည်။ အားလိုင် ဘာကိုကြံစည်နေမှန်း ကျွန်ုပ်မသိသော်လည်း မကြာမီပင် ကူအဆိပ်ကန်အတွင်းရှိ သွေးချောင်းစီးသတ်ဖြတ်ပွဲအား ကြည့်ရှုရန် ကျွန်ုပ်ငြီးငွေ့လာသောကြောင့် အနားယူရန် ထောင့်တစ်နေရာကို လိုက်ရှာရတော့သည်။ မူးနောက်တွေဝေနေမှုကြောင့် အချိန်မည်မျှ ကုန်ဆုံးသွားမှန်း ကျွန်ုပ်မသိလိုက်ပါ။ သို့သော် နောက်တစ်ကြိမ် ကျွန်ုပ်နိုးလာသောအခါ ကန်အတွင်းရှိ ကူအကောင်အားလုံး ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် စုပိုင် - လူပုံသဏ္ဌာန်ကောက်ကြောင်းမှလွဲ၍ တစ်ချိန်တစ်ခါက သူမမည်သို့မည်ပုံရှိခဲ့မှန်း ပြောရန်ပင် မဖြစ်နိုင်တော့ပေ။
သူမသည် ပြင်းထန်လှသော မချိတင်ကဲဝေဒနာကို ကြံ့ကြံ့ခံရင်း ထောင့်တစ်နေရာ၌ ခွေနေ၏။ သို့တိုင်အောင် သူမ၏ ဓားမြှောင်အား ဆက်လက်ဝှေ့ရမ်းနေဆဲပင်။ ယွဲ့ချီက သူမဘေး၌ ရှိနေသည်။ သူသည် လက်များကို မြှောက်ထားရင်း သူမအား သူ့ပွေ့ဖက်မှုထဲသို့ ဆွဲသွင်းနိုင်ရန် ဖြည်းဖြည်းချင်း ကြိုးစားနေ၏။
သတိချပ်စွာပင် ကျွန်ုပ်လည်း တစ်ဖက်သို့ သွားလိုက်ရာ သူမဓားမြှောင်အား အသုံးပြုပြီး "ယွဲ့ချီ"ဟူသော စာလုံးနှစ်လုံးကို မြေပြင်ပေါ်တွင် ထပ်ခါထပ်ခါ ရေးထွင်းနေသော စုပိုင်အား တွေ့လိုက်ရလေသည်။
သူမ၏ တီးတိုးရေရွတ်သံများကိုလည်း ခပ်ရေးရေး ကြားနေရသည်။
"ငါ လုံးဝမေ့သွားလို့ မဖြစ်ဘူး။ ငါ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး"
ဒွိဟဖြစ်ခြင်းများ ကျွန်ုပ်စိတ်ထဲ ပြည့်နှက်လာသော်လည်း မကြာမီပင် ယွဲ့ချီ၏ အက်ရှရှရှင်းပြသံကို ကြားလိုက်ရပြန်၏။
"ကူသယ်ဆောင်သူတစ်ယောက်မှာ ဘယ်လိုမှတ်ဉာဏ်မျိုးမှ မရှိဘူး။ သူမ မကြာခင် အကုန်လုံးကို မေ့သွားလိမ့်မယ်"
သို့သော် စုပိုင်သည် ကူသတ္တဝါတစ်ကောင်မျှသာ ဖြစ်သည်မဟုတ်။
သူမသည် မေ့ဖျောက်ပစ်ရန် ဆန္ဒမရှိပေ။
သူမ မမေ့ဖျောက်နိုင်ပေ။
ထို့ကြောင့် သူမသည် ယွဲ့ချီ၏ အမည်ကို မြေပြင်နှင့် နံရံများပေါ်တွင် ဆက်လက်ရေးထွင်းနေ၏။
ထပ်ခါတလဲလဲပင် - သူတို့၏ အတိတ်အကြောင်းကို သူမကိုယ်တိုင် အမှတ်ရနေစေရန်။
သို့သော်လည်း ကူအဆိပ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုမှတ်ဉာဏ်များမှာ မကြာခင် ပျက်စီးသွားရလိမ့်မည်။
ကူအဆိပ်ကန်အတွင်းရှိ မျက်နှာပြင် တစ်လက်မချင်းစီတိုင်းပေါ်တွင် သူ့အမည်အား စွဲထင်နေစေသည့်တိုင်၊ သူမအသားများအောက်ရှိ အရိုးဖြူဖြူများပေါ်တွင် သူ့အမည်အား ရေးထိုးထားသည့်တိုင် -
အဆုံးသတ်၌ နောက်တစ်နေ့နံနက် သူမနိုးလာသောအခါ ထိုအမည်မှလွဲ၍ အခြားဘာကိုမှ မမှတ်မိတော့ကြောင်း မကြာမီ သိရှိသွားလေသည်။
သူမသည် သူမဦးခေါင်းအား ဆုပ်ကိုင်ပွေ့ပိုက်ထားရင်း အသက်ပင် မရှူနိုင်တော့သည်အထိ ငိုကြွေးတော့သည်။ သူမဘာကြောင့်ငိုကြွေးနေမှန်း သူမကိုယ်တိုင် မသိသည့်တိုင်အောင် ထိုအမည်ကိုမူ ထပ်ခါထပ်ခါ ဆက်လက်ရေရွတ်နေဆဲပင်။
"ယွဲ့ချီ ယွဲ့ချီ"
ထိုသနားစဖွယ် ငိုကြွေးသံများသည် နောက်ဆုံးသော အဖြစ်ဆိုးနှင့်တူပြီး ယွဲ့ချီအပေါ် ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်နေသည့်နှယ်။ ယွဲ့ချီသည် သူမအား ပွေ့ဖက်ထားပြီး နောက်ဆုံးတွင် သူ့ဥပေက္ခာပြုမှုမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသောကြောင့် တင်းခံထားသော သူ၏ စိတ်ချုပ်တည်းမှုသည်လည်း မှုန့်မှုန့်ညက်ညက်ကြေအောင် တစ်စစီပဲ့ကြွေကုန်ကာ သူ့ငိုကြွေးသံများပါ သူမနှင့်အတူ ပါဝင်လာတော့သည်။
သူ,မထိတွေ့နိုင်သော သူမလည်တိုင်ပေါ်သို့ ဦးခေါင်းကို နှစ်မြှုပ်ထားကာ သူ့မျက်ရည်များမှာ တရစပ်ကျဆင်းရင်း သူမအမည်အား အက်ကွဲသော အသံဖြင့် ထပ်ခါတလဲလဲ ရေရွတ်နေ၏။
"စုပိုင်... စုပိုင်..."
သို့သော်လည်း သူ့အား သူမပြန်မဖြေကြားနိုင်ပေ။
သူ၏ အက်ကွဲနေသော အော်ဟစ်သံများနှင့် ယူကျုံးမရ ငိုကြွေးသံများကြားတွင် စုပိုင်၏ သူ့အမည်အား နောက်ဆုံးသော တီးတိုးရေရွတ်သံမှာ မြွေတစ်ကောင်၏ တရှူးရှူးအော်မြည်သံအဖြစ် ပျယ်လွင့်သွားတော့သည်။
သူမတွင် မျက်ရည်များ မရှိတော့ပေ။ ဝမ်းနည်းမှုများလည်း မရှိတော့ပေ။
အတွေးအမြင်ကြည်လင်နေဆဲ တစ်ဦးတည်းသောသူအဖြစ် ကျွန်ုပ်သည်လည်း ဘေးတွင်ရပ်ကာ သူတို့အား တိတ်တဆိတ်သာ ကြည့်ရှုနေလိုက်၏။
များမကြာမီ အပေါ်ဘက်မှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။
အားလိုင်၏ ကြည်လင်ပြတ်သားပြီး သိမ်မွေ့နူးညံ့သည့် အသံသည် အပေါ်ဘက်မှ ရောက်လာပြီး သူမက ယုံကြည်ချက်ရှိစွာ ပြောဆိုနေ၏။
"အရှင်ယွဲ့ချီ စုပိုင်က ကြောက်လွန်းလို့ ထွက်ပြေးသွားပြီး ကူသတ္တဝါကျွယ်ရှားနဲ့ သူမကိုယ်သူမ အလဲအလှယ် မလုပ်ချင်ဘူးဆိုရင်တောင် အရှင့်အတွက် ကျွယ်ရှားဖန်တီးပေးနိုင်မယ့် နည်းလမ်းရှာဖို့ ကျွန်မစီမံထားပြီးသားပါ။ ကူအဆိပ်အတွက် ယဇ်ကောင်လုပ်ဖို့ ကိုယ်ခံပညာ တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့ ဗဟိုမြေပြန့်ဒေသက လူတစ်ယောက်ကို ကျွန်မရှာတွေ့ခဲ့တယ်။ သူမက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ။ ဒီကန်ထဲက ကူအကောင်တွေ အကုန်လုံးကို သတ်ပစ်ပြီး သူမခန္ဓာကိုယ်ထဲ အဆိပ်တွေအားလုံး စုစည်းသွားအောင် လုပ်နိုင်ခဲ့တယ်လေ"
"ဒါက ယုတ်ညံ့တဲ့ မှော်အတတ်ပဲ။ မင်း မလုပ်ခဲ့သင့်ဘူး"
ယွဲ့ချီ၏ အသံသည် သူ့ခြေလှမ်းများ၏ ပဲ့တင်သံနှင့် အတူပေါ်ထွက်လာ၏။ သူ့အသံသည် မနှစ်မြို့မှုတစ်စွန်းတစ်စကို သယ်ဆောင်ထားသည်။
အားလိုင်သည် မတရားခံရသကဲ့သို့သော အသံဖြင့် ပြောလေသည်။
"အရှင့်မှာသာ ကျွယ်ရှားရှိမနေရင် လူတိုင်းက အရှင့်ရဲ့ ကူအဆိပ်ထိန်းချုပ်နိုင်တဲ့ အရည်အချင်းကို သံသယဝင်ကြလိမ့်မယ်။ ကျွန်မက ဘယ်သူ့ကိုမှ အရှင့်ရဲ့ ကျွမ်းကျင်မှုကို မသင်္ကာမဖြစ်စေချင်ဘူး"
"စုပိုင်ကို ရှာတွေ့ပြီလား?"
ယွဲ့ချီသည် သူမနှင့်အပြိုင် မငြင်းခုံချင်တော့သောကြောင့် ရုတ်ခြည်းပင် အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။
အားလိုင်သည်ကား ပို၍ပင် မပျော်မရွှင်ဖြစ်လာကာ စိတ်ပျက်လက်ပျက် ပြောလေ၏။
"အရှင်ယွဲ့ချီရယ် ဘာလို့များ ဒီလိုသစ္စာဖောက်တစ်ယောက်ကို ရှာဖို့အတွက်နဲ့ အပင်ပန်းခံနေမှာလဲ? သူမကိုယ်တိုင် ထွက်ပြေးဖို့ကို ရွေးချယ်လိုက်မှတော့ ဒီတိုင်း လွှတ်ထားလိုက်ပါတော့"
စကားပြောဆိုကြရင်း သူတို့နှစ်ဦးသား ပို၍နီးကပ်လာကာ နောက်ဆုံးတွင် ကူအဆိပ်ကန်၏ ဘေး၌ ရပ်လိုက်ကြသည်။ ယွဲ့ချီသည် ခေါင်းငုံ့ကာ ကန်အတွင်း၌ ခွေနေသော စုပိုင်အား တိတ်တဆိတ် စူးစမ်းနေပြီး စုပိုင်သည်လည်း သူ့အား ပြန်ငေးကြည့်ရန် ခေါင်းမော့လာခဲ့၏။
ခြစ်ခြစ်တောက်ပူနေသော နေရောင်ခြည်သည် ထိုအမျိုးသား၏ ပုံရိပ်အား အလင်းရောင်ပေးရန် တံခါးဝတစ်လျှောက် သိသိသာသာ ဖြာကျနေသည့်တိုင် မြွေဝိညာဉ်တစ်ကောင်၏ မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှားမှု စိုးစဉ်းမျှပင် ရှိမနေတော့ဘဲ ဝိုးတိုးဝါးတား စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နေသော မျက်ဝန်းတစ်စုံသာ ဖြစ်တော့သည်။
အဆုံးသတ်တွင် သူ့အား စုပိုင်မမှတ်မိခဲ့ပါ။
ယွဲ့ချီသည်လည်း သူ့ရှေ့တွင် ရပ်နေသော စုပိုင်အား မမှတ်မိနိုင်ခဲ့ပေ။
မမှတ်မိနိုင်လောက်အောင် ဖြစ်သွားသော စုပိုင်၏ မျက်နှာအား တည့်တည့်ငေးကြည့်ရင်း သူသန္နိဋ္ဌာန်ချလိုက်သည်။
"ငါသူမကို လိုက်ရှာမယ်။ ငါ့တစ်ဘဝလုံးကို သုံးရမယ်ဆိုရင်တောင် သူမကို တွေ့အောင်ရှာမယ်"
၎င်းသည် အမှတ်တယ်ပင် ကောင်းကင်ဘုံမှ ဖန်လိုက်သည့် အလွန်တရာ ရက်စက်လှသော ဟာသပြက်လုံးတစ်ခုဟု ကျွန်ုပ်တွေးမိသွားသည်။
ထို့နောက် မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းဟာသသည် ကျွန်ုပ်နောက်တွင် ရပ်နေသော ယွဲ့ချီအား ရယ်မောသွားစေ၏။
ကူအဆိပ်ကန်အပြင်ဘက်သို့ မှတ်ဉာဏ်ထဲမှ ယွဲ့ချီ၏ ခေါ်ဆောင်သွားခြင်း ခံနေရသော စုပိုင်အား မတတ်သာစွာ ငေးကြည့်ရင်း သူစတင်ရယ်မောတော့သည်။
ထို့နောက် သူသည် အတိတ်ကာလမှ သူကိုယ်တိုင်၏ အလေးအနက် ပြောကြားနေမှုကို နားထောင်ရင်း မူလယွဲ့ချီ၏ ရှေ့မှောက်၌ ဒူးထောက်လျက် လဲကျသွားတော့သည်။
"ဒီအချိန်ကစပြီး မင်းက ငါ့ရဲ့ကူသတ္တဝါကျွယ်ရှားပဲ။ ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်သလို မစွန့်ခွါရဘူး။ သေခြင်းတရားက ငါတို့ကို မခွဲခွါမချင်း ငါတို့ရဲ့ အသက်တွေဟာ ရောယှက်ဆက်နွှယ်သွားပြီ"
ကူအဆိပ်သခင်တစ်ယောက်က စွမ်းအားအကြီးဆုံးသော ကူသယ်ဆောင်သူအား ဖန်တီးပြီးလျှင် ထိုကူသတ္တဝါ၏ ကံကြမ္မာအား သူ့ကိုယ်ပိုင်အသက်နှင့် ဆက်နွှယ်ရသည်ဟု ယခင်က ကျွန်ုပ်ကြားခဲ့ဖူးသည်။
ထိုအချိန်မှစ၍ သူအသက်ရှင်လျှင် ကူသတ္တဝါလည်း အသက်ရှင်နေပြီး သူသေဆုံးလျှင် ကူသတ္တဝါလည်း သေဆုံးရလိမ့်မည် - သူတို့၏ ကံကြမ္မာသည် အမြဲထာဝရ ချိတ်ဆက်နေလေ၏။
နောက်ဆုံး၌ ယွဲ့ချီနှင့်စုပိုင်တို့ ပြန်လည်စုံစည်းခဲ့ရသည်။ သို့သော် ဤကဲ့သို့ ရက်စက်လှသော နည်းလမ်းဖြင့်သာ။
ရယ်ဖွယ်ကောင်းသော ထိုရူးမိုက်မှုနှင့် ရင်ဆိုင်ရသောအခါမှ လွန်ခဲ့သော သုံးနှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို နောက်ဆုံး၌ နားလည်သွားသော ယွဲ့ချီသည် ဆက်လက်၍သာ ရယ်မောနေတော့သည်။ အသံဝင်ကာ အသံကြိုးများ ကြေမွပျက်စီးကုန်သော်လည်း သူ့ရယ်မောသံမှာ ရပ်စဲသွားခြင်း မရှိပေ။ ကျွန်ုပ်လည်း သူတို့ဘေးတွင် အတော်ကြာအောင် ရပ်နေသည်မှာ နောက်ဆုံးတွင် ယွဲ့ချီတစ်ယောက် သွေးတစ်ပွက် အန်ထွက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်အထိပင်။
•••
နောက်ဆုံးတွင်မူ ကျွန်ုပ်သည် ပရိဒေဝမီး တောက်လောင်နေသော ယွဲ့ချီအား ထိုအိပ်မက်ထဲမှ ဆွဲထုတ်လိုက်သည်။
သူနိုးထလာပြီးနောက် ကျွန်ုပ်ဝါးအိမ်၏ နံရံများကိုသာ မှင်တက်စွာ ငေးမောနေ၏။ ကျွန်ုပ်လည်း တနင့်တပိုး သက်ပြင်းချမိပြီး သူ့အား နှစ်သိမ့်ပေးချင်သော်လည်း သူ၏ ဝမ်းနည်းပူဆွေးနေမှုနှင့် ရင်ဆိုင်လိုက်ရသောအခါ ဘာပြောရမှန်းပင် မသိတော့ကြောင်း တွေ့ရှိသွားရသည်။
အချိန်အတော်ကြာ ဇဝေဇဝါဖြစ်နေပြီးနောက် ယွဲ့ချီသည် နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်အား ပန်ဆင်ထားလျက် ရုတ်ခြည်းပင် ခေါင်းမော့လာ၏။
သူ့အပြုံးသည် နွေးထွေးကာ ချမ်းမြေ့တည်ငြိမ်နေသည့်တိုင် မမျှော်လင့်ထားပါဘဲ ၎င်းသည် ကျွန်ုပ်နုလုံးသားအား အေးခဲသွားစေသည်။
ယွဲ့ချီသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ လျှောက်သွားကာ သူနှင့်အတူ ခေါ်ဆောင်လာသော မိန်းမပျိုလေး၏ ရှေ့တွင် ရပ်လိုက်သည်ကို ကျွန်ုပ်တွေ့နေရ၏။
သူက ညင်သာစွာ မေးမြန်းလေသည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
ထိုမိန်းမပျိုသည်ကား မြွေတစ်ကောင်ကဲ့သို့သော တရှူးရှူးအော်မြည်သံအား ထုတ်လွှတ်လေပြီး သူမဘာပြောနေမှန်း ကျွန်ုပ်မသိပါ။ ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ဖြင့် ယွဲ့ချီသည် လက်တစ်ဖက်အား မြှောက်လိုက်ကာ မိန်းမပျိုလေး၏ မျက်နှာကို ကြင်နာစွာ ထိတွေ့၍ သူမမျက်ရည်များအား သုတ်ပေးနေသည်။
သူက နူးညံ့သောအသံဖြင့် ဆိုလေ၏။
"စုမိသားစုရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ မင်းဘယ်လိုလုပ် ဒီလောက်မျက်ရည်လွယ်ရတာလဲ?"
မိန်းမပျိုလေး၏ လက်အား သူ့လက်ဖြင့် ဆွဲယူလိုက်ပြီး ဆက်ပြောလေသည်။
"စုပိုင် ငါနဲ့လိုက်ခဲ့ပါ။ ငါမင်းအတွက် နေစရာအိမ်ဖြစ်ပေးမယ်"
ထိုမိန်းမပျိုမှာမူ စကားမပြောနိုင်ဘဲ တရှူးရှူးဟုသာ အသံပြုနိုင်သည်။
ထို့နောက် သူသည်... မည်သည့်အရာကိုမှ မကြားရတော့ဘဲ သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌ နစ်မြုပ်နေသကဲ့သို့ ထင်ရပြီး သူတို့နှစ်ဦးသားမှာ အတူတကွ ထွက်ခွါသွားတော့သည်။
နွေးထွေးမှုအတိလွှမ်းခြုံထားသော နူးညံ့သိမ်မွေ့လှသည့် သူ့အပြုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လော့ယန်မြို့တော်၌ သူတို့ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်အခါ ကောင်းကင်ယံထက်ဝယ် ထွန်းလင်းတောက်ပနေသော ဆောင်းဦးရာသီနှောင်းပိုင်း၏ နေမင်းကြီးနှင့်ပင် ဆင်တူနေ၏။
ထို့နောက် သူမအား သူပြောခဲ့သည်။
"စုပိုင် ငါနဲ့လိုက်ခဲ့ပါ။ ငါမင်းအတွက် နေစရာအိမ်ဖြစ်ပေးမယ်"
သူမက မျက်ရည်များ စီးကျလာကာ သူနှင့်အကြည့်ချင်းဆုံနိုင်ရန် ခေါင်းမော့လိုက်သည်။
ထိုအချိန်မှစ၍ ၎င်းသည် သူမရှင်သန်နေထိုင်ရန် ကံစီမံရာဘဝ ဖြစ်ခဲ့သည်။
ကျွန်ုပ်လည်း တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး လက်ကိုမြှောက်ကာ ဗျပ်စောင်းအား တီးခတ်တော့သည်။
ကျွန်ုပ်ဖန်တီးလိုက်သော တေးသွားသံစဉ်မှာ ယိမ်းယိုင်တိမ်းစောင်းနေ၏။
လွန်ခဲ့သောသုံးနှစ်က ကြယ်တာရာများ၏ လွှမ်းခြုံမှုအောက်ဝယ် ဆီးနှင်းများ ကျဆင်းနေသော ညတစ်ည၌ ကျွန်ုပ်ကန်စွန်းဥအား လှမ်းယူနေသော မိန်းကလေးတစ်ယောက်ကို သတိရမိသွားသည်။
သူမသည် ကျွန်ုပ်ထံမှ အိပ်မက်တစ်ခု တောင်းဆိုခဲ့၏။
ကျွန်ုပ်တွေးမိသည်မှာ - နောက်ဆုံး၌ သူမဆန္ဒအား ယနေ့ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဟူ၍။
ဘာကြောင့်မှန်းမသိ၊ ကျွန်ုပ်မျက်လုံးများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။
သို့တိုင်အောင် ကျွန်ုပ်ပြုံးလျက်နှင့်ပင် ဆက်လက်သီဆိုနေခဲ့သည်။
"ငါ့အရိုးများထဲမှာ ထွင်းထုခဲ့တာ မင်းအချစ်အတွက် မဆုတ်မနစ်သော ငါ့ရဲ့တမ်းတမှုပါ၊ ဒါကို မင်းသိရဲ့လား?"