[Question mark]
သူအိပ်နေတဲ့ဆိုဖာဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့ သီချင်းတွေအော်အော်ဆိုသွားတဲ့တစ်စုံတစ်ယောက်ကြောင့် သက်တန့်နားပိတ်ထားရတယ်။ အချိန်ကမနက်ငါးနာရီခွဲပဲရှိသေးပေမယ့် Ryan ဟာ အမြဲလိုလို အစောကြီးထတယ်။ ပြီးရင် နာရီဝက်ခန့်အပြေးလေ့ကျင့်ခန်းလုပ်ပြီး အဖိုးကြီးdavidရဲ့ စာအုပ်အဟောင်းဆိုင်လေးကိုသွားတယ်။ နေ့သစ်တိုင်းရဲ့အစမှာRyan အတွက် မလုပ်မနေရ အရာတွေထဲပါတာတွေ။
ခေါင်းထိခြုံထားတဲ့ဂွမ်းစောင်အောက်ကနေ မြန်မြန်ထွက်သွားပါစေကျိတ်ဆုတောင်းရင်း တံခါးပိတ်သံကို နားစွင့်နေမိတော့တယ်။ မကြာခင်အချိန်မှာထပြီး Ryan အလုပ်မသွားခင်စားဖို့ မနက်စာပြင်ပေးရမှာမို့ သူ့အတွက်အိပ်ချိန်နည်းနည်းပဲကျန်တယ်။
အချိန်အကြာကြီးနားစွင့်နေတဲ့ တံခါးပိတ်သံကိုမကြားရသေးဘူး။ ထွက်သွားပြီအထင်နဲ့ စောင်ကိုဖယ်လိုက်တော့ ဘေးနားမှာ တောင့်တောင့်ကြီးရပ်ပြီး သူ့ကိုကြည့်နေတဲ့Ryanကြောင့် လန့်တောင်လန့်သွားတယ်။
"ဦးငယ် မသွားသေးဘဲ ဘာလုပ်နေတာလဲ"
"မင်းကို ငါနဲ့အတူ လိုက်ခဲ့စေချင်တယ်"
အသက်၂၈နှစ်ပြည့်ပြီး ပထမဦးဆုံးရက်နဲ့ Ryan အသစ်ကို တအံ့တသြကြည့်မိတယ်။ သောက်ကျိုးနည်းကို တကယ်ကြီးရပ်စောင့်နေတာမို့ စက္ကန့်ပိုင်းအတွင်း မျက်နှာသစ်ရ၊သွားတိုက်ရနဲ့။ ဒီနေ့မနက်ခင်းမှာ ကွေးကွေးလေးအိပ်နေခဲ့ဖို့ မျှော်လင့်နေခဲ့တာပါ။
ဆောင်းလေကတအားအေးလာတာမို့ ခပ်ခွာခွာနေမဲ့အစား ဘေးချင်းကပ်လျှောက်ဖြစ်တယ်။ သူ့ကိုလိုက်စေချင်တဲ့ Ryan ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို သူအဖြေရှာမရသေးဘူး။ အဲဒီလူဟာအချိန်တိုင်း ထူးဆန်းတဲ့အပြုအမူတွေသိပ်လုပ်တယ်။ ကန်စွန်းဥမီးဖုတ်တွေနဲ့ ဗိုက်ကိုဖြည့်ပြီး လမ်းဘေးကအုတ်မြင့်တနေရာမှာ အတူထိုင်ကြတယ်။
ညစ်ပေပေအဝတ်အနွမ်းနဲ့ ကလေးမလေးတစ်ယောက်ဟာ Ryan တို့လက်ထဲက ကန်စွန်းဥမီးဖုတ်တွေကို ရပ်ငေးနေတယ်။ သက်တန့်ကသတိထားမိသွားတော့ အဲဒီကလေးမလေးကို အနားခေါ်ပြီး စားလက်စကန်စွန်းဥမီးဖုတ်ကိုလက်ထဲထည့်ပေးလိုက်တယ်။ thank you လို့ခပ်တိုးတိုးပြောရင်း အနားကလှစ်ခနဲပြေးထွက်သွားတဲ့ကလေးမလေးကို မျက်စိတဆုံးလိုက်ကြည့်ပြီး သက်တန့်လည်းပြုံးမိတယ်။
"ဘာဖြစ်လို့သူ့ကိုပေးလိုက်တာလဲ"
Ryan ကအဲ့လိုမေးတော့ သူပြန်မဖြေဘဲ ပြုံးပြီးကြည့်နေမိတယ်။
"ဦးငယ်မှတ်မိလား ဦးငယ်နဲ့စတွေ့တုန်းက ကျွန်တော်ဦးငယ်ကို အဲ့ကလေးလေးလိုငေးကြည့်နေခဲ့ဖူးတယ်"
ဟုတ်သားပဲ။ Ryan မေ့ထားတဲ့အကြောင်းအရာတွေကို ဒီအခြေအနေကြီးကတူးဆွသလိုဖြစ်သွားတယ်။ အရင်ကပေတိပေစုတ်နဲ့မီးဖိုချောင်အကူကောင်လေးဟာ အခုသူ့ဘေးကကောင်လေးဆိုတာ ယုံချင်စရာမရှိတော့ဘူး။ နောက်ဆက်တွဲတွေးစရာဖြစ်လာတာတွေက သက်တန့်ရဲ့အနာဂတ်ခရီးလမ်းပဲဖြစ်တယ်။ တွေ့ခဲ့ရတဲ့လပိုင်းလေးအတွင်း သံယောဇဉ်ကထုထည်ကြီးနေပြီ။ နောက်ထပ်အနာဂတ်စာမျက်နှာသစ်တွေမှာရော သူ့ဘေးနားဒီကောင်လေးပါမပါဆိုတာ ဒီကောင်လေးပဲသိမယ်။
"မင်းတကယ်ပဲ မွေးရပ်မြေကိုပြန်ဖို့ ကြိုးစားချင်တာလား၊ မလွယ်ကူမှန်းသိတာတောင်မှလေ"
"သိပ်ကိုပြန်ချင်တာပေါ့ဦးငယ်ရာ...ပိုက်ဆံတွေအများကြီးစုမိပြီးရင်လည်း ကျွန်တော်ဘဝမမေ့ပါဘူး၊ အိမ်ခြေမဲ့ကလေးလေးတွေကို ကျွန်တော်တက်နိုင်သလောက်လေးနဲ့ဂေဟာသေးသေးလေးလုပ်ပေးချင်တယ်"
နီးရပ်နဲ့ဝေးသွားသလိုခံစားချက်တစ်မျိုးက ခေါင်းစဉ်တပ်ဖို့ခက်ပါတယ်။ တနေ့မှာခွဲခွာရမဲ့လူတစ်ယောက်နဲ့ ဘာဖြစ်လို့များသံယောဇဉ်ကြိုးတွေချည်ပြီး ကိုယ့်ကိုယ်ကိုဒုက္ခပေးနေမိရတာလဲ။ လမ်းပေါ်ကကလေးလေးတစ်ယောက်ကို ကယ်တင်လိုက်ခြင်းဟာ Ryan အတွက်ပျော်ရွှင်မှုဖြစ်ခဲ့တယ်ဆိုရင် ပျော်ရွှင်ခြင်းဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့သက်ဆိုင်တဲ့အရာမဟုတ်မှန်း Ryan နားလည်လာပြီ။ ဥပမာ ကိုယ်စားနေတဲ့မုန့်ကို အခြားလူလက်ထဲပေးရင်း ပြုံးနေတဲ့သက်တန့်ကိုပဲကြည့်ပေါ့။
"စိတ်ထားလှတဲ့မင်းကို ဘုရားသခင်က ကောင်းချည်းပေးမှာပါ"
ဒီလိုပြောလိုက်မိတာ စိတ်ရင်းနဲ့ဟုတ်မဟုတ်Ryanကိုယ်တိုင် မသိလိုက်ပါဘူး။ အေးခဲနေတဲ့လက်ချောင်းတွေနဲ့ Ryan ရဲ့လက်ကိုအုပ်ကိုင်လာတယ်။ ပြီးတော့သူကလက်ဖြန့်ဖို့အမူအယာနဲ့အချက်ပြတယ်။
ခပ်နွေးနွေးဖြစ်နေတဲ့keychainလေး၊ question mark (? ) ပုံလေးပါတယ်။ ရိုးရှင်းပေမယ့် အမြင်ဆန်းတယ်။ Ryan သဘောကျစေနိုင်တဲ့အဆောင်လက်ဖွဲ့တစ်မျိုးဆိုလည်းမမှားဘူးပေါ့။ ဒါဘာအတွက်လဲလို့မေးတော့ birthday gift လို့ဖြေတယ်။
"နိုး ဒီသင်္ကေတက ဘာအတွက်လဲမေးတာ"
အအေးဒဏ်ကြောင့်ကွဲအက်နေတဲ့ နှုတ်ခမ်းတစ်စုံကို လျှာနဲ့သပ်လိုက်ပြီး သက်တန့်က သူ့ကိုမျက်လုံးချင်းဆုံကြည့်တယ်။
"ကျွန်တော် ဦးငယ်ကို နားမလည်ဘူး"
ဆက်မပြောဖြစ်တဲ့စကားတွေကမှ မေးခွန်းတွေအများကြီးပါနေတာ။ ဖြစ်နိုင်ရင်အဲဒီလူရဲ့သွေးကြောမျှင်တွေထဲဝင်လို့ရတယ်ဆိုရင် နေရာအနှံ့ကိုဝင်ရောက်စူးစမ်းချင်တယ်။ Ryan ရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေမလဲ။ ရင်ထဲမှာရောဘာတွေရှိနေမလဲ။ အမြဲတမ်းမြင်နေရတဲ့အခွံကြီးကိုပဲ ကြည့်ရတာငြီးငွေ့လာတော့ ခင်ဗျားရဲ့ပုံရိပ်အမှန်ကဘာလဲလို့ ထုရိုက်ပြီးသာမေးလိုက်ချင်တော့တယ်။
စက်ရုပ်တစ်ရုပ်လို လည်ပတ်နေတဲ့လူတစ်ယောက်ကို ထိုင်ကြည့်နေရတာ အားမရဘူး။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာ ထိန်းချုပ်ရလွယ်တဲ့အရာတွေလား။ ဒါမှမဟုတ်ထုတ်ပြရမှာ အဲဒီလူအတွက်အရမ်းခက်ခဲတာလား။ လေဘောလုံးခပ်ပေါ့ပေါ့တစ်လုံးကို ခဏတာကိုင်ထားရတာဟာ ဘာမှမဖြစ်ပေမယ့် ကိုင်ထားရတာအချိန်ကြာလာပြီဆိုရင် တအားညောင်းပြီးလွှတ်ချပစ်ချင်လာလိမ့်မယ်။ ဒီလိုပဲ ထိန်းချုပ်ထားရတာများတဲ့ခံစားချက်တွေဟာ တချိန်ချိန်မှာပေါက်ကွဲထွက်မလာနိုင်ဘူးလို့ ဘယ်သူကအာမခံပေးမှာလဲ။
မေးခွန်းတွေအများကြီးပါတဲ့အကြည့်တွေကို လစ်လျူရှုထားတဲ့ Ryan ဟာ keychain လေးကိုခပ်တင်းတင်းဆုပ်ကိုင်လို့ လမ်းပေါ်ကလူတွေကိုငေးနေတယ်။ တစ်စုံတစ်ယောက်ပေးတဲ့ အသေးအမွှားပစ္စည်းလေးကြောင့် သူပျော်သွားတယ်ဆိုတာကိုထုတ်မပြတတ်တဲ့အပြင် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာတောင်သူမသိဘူး။ ကျေးဇူးတင်စကားပြောလိုက်ရင် အသံတွေတုန်နေမှာကို သက်တန့်ရိပ်မိသွားမှာတွေးပူရင်း ဘာစကားမှလည်းထုတ်မပြောဖြစ်တော့ဘူး။
Keychain လေးလွတ်မကျသွားအောင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိတယ်။ ဒီလောက်ဆိုလုံလောက်ပြီမဟုတ်လား။
TBC...
3/1/2021
Note: အစကနေ ရေးပြီးတဲ့ထိ တစ်ခေါက်ပြန်ဖတ်ပြီး ငါဘာတွေရေးနေတာလဲလို့တွေးမိသွားတယ်။ တကယ်ဘာတွေလဲ? ')
တိုနေတာဟုတ်ပါတယ်၊ ဖြတ်ချမှရမှာမို့လို့ပါ။ တစ်ပိုင်းနဲ့တစ်ပိုင်း စာလုံးရေမသတ်မှတ်ထားတာမို့ ရှည်တဲ့အပိုင်းရှည်ပြီး တိုတဲ့အပိုင်းတိုမှာပါ။ တစ်ပိုင်းမှာ သူ့flowနဲ့သူထည့်ထားတာမို့ နားလည်ပေးကြပါရန်။
love you'all ♥