နေရာက ကောင်းသစ်လွင်ရဲ့ ကောင်းကင်ဘားမှာ ဖြစ်သည်။ အချိန်က ညနေခြောက်နာရီခန့်။ ဆိုင်ထဲမှ ထောင့်ကျကျစားပွဲဝိုင်း တစ်ခုတွင် ရှိနေတဲ့သူတွေက လင်းရဝေနဲ့ သုတဟန်။ ပြီးတော့ ဆိုင်ပိုင်ရှင် ကောင်းသစ်လွင်လည်း ရှိနေသည်။
"မင်းတို့ နှစ်ယောက်က ဘာလဲ ငါ့ဆိုင်မှာ လာဒိတ်တာလား ..."
ကောင်းက သူနဲ့မျက်နှာချင်းဆိုင်မှာ ပူးကပ် ထိုင်နေကြသော နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည်။
"ဟန်လေး အလုပ်ဆင်းတာကို သွားကြိုရင်းနဲ့ နည်းနည်းပါးပါး သောက်ချင်စိတ်ဖြစ်လာလို့ ဒီဝင်လာတာ ...ငါတို့ မဒိတ်ပါဘူး ...ပိတ်ရက်တွေမှ ဒိတ်ကြတာ ..."
"ဪ ..."
ကောင်းက နှစ်ယောက်သားကို ဝေ့ကြည့်လိုက်ပြီး ပြုံးနေသည်။ လင်းရဝေတစ်ယောက် ချစ်သူရပြီးထဲက သူတို့ဆီ အလာကျဲသွားသည်။ လုံးဝအဆက်အသွယ် ပြတ်သွားတာမျိုးတော့ မဟုတ်ပေမယ့် တစ်ပတ်တစ်ခါ တွေ့ဖို့တောင် မလွယ်တော့တာမျိုးလောက်ပင်။
"သုတဟန်ရော ဘယ်လိုလဲ မင်းတို့ companyက KS groupနဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ အလုပ်နေရာ အခြေအနေ ..."
"မဆိုးပါဘူး အရင်က ကိုယ်တိုင်ရပ်တည်ခဲ့တဲ့ companyဆိုပေမယ့် KS groupလို အင်အားကြီးနေရာရဲ့ လက်အောက်ခံဖြစ်သွားတော့လည်း ပိုအကျိုးများလာတာတွေကြီးပါပဲ ..."
သုတဟန်က ပြုံး၍ပြောနေပြီး သူ့ရှေ့က အရက်ခွက်ကို တစ်ချက်ကောက်မော့လိုက်သည်။
"မင်းတို့ CEOကြီးကတော့ သူ့ယောင်္ကျားနဲ့ တစ်နေရာထဲ အလုပ်လုပ်နေရတော့ အရင်ကထက် အလုပ်တွေ ပိုကြိုးစားနေမှာ ..."
သုတဟန်က မိုင်း တည်ထောင်ထားတဲ့ companyမှာ အလုပ်လုပ်နေတဲ့သူ ဖြစ်ဟည်။ အခုအဲ့ဒီ့ companyက KS groupနဲ့ ပူးပေါင်းလိုက်လေပြီ။ ဦးဆီဇာမင်းထင်နဲ့ အပေးအယူ လုပ်ထားသည့်အတိုင်း KS group လက်အောက်ခံအဖြစ် ပူးပေါင်းပြီးနောက် မိုင်းက ရှယ်ယာရှင်တို့ရဲ့ ယုံကြည်မှုတွေကို ရခဲ့သည်။ ဒါကြောင့်လည်း KS groupကြီးရဲ့ အသက်အငယ်ဆုံး CEOတစ်ယောက် ဖြစ်လာခဲ့လေသည်။ ဆန်းကတော့ KSမှ ဌာနတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်၏။
"ကျွန်တော်တို့ CEOက အစထဲက လူတော်ပါ...ဒါပေမယ့် ..."
သုတဟန်က ဆက်မပြောဘဲ ရပ်သွားပြီး ရယ်နေသည်။
"ဒါပေမယ့် ဘာဖြစ်လဲ ..."
ရဝေကလည်း သူ့ဘေးက ချစ်သူကို ငဲ့ကြည့်လိုက်ရင်း မေးလိုက်သည်။
"CEOက အစ်ကိုဆန်းနဲ့ အမြဲတကျက်ကျက်ပဲ ...အလုပ်ထဲမှာ လူရှေ့သူရှေ့ ဖြစ်နေကြတာမျိုးတော့ မဟုတ်ဘူး ...အစ်ကိုဆန်းက သူ့ယောင်္ကျားနဲ့ ရန်ဖြစ်လာပြီဆိုရင် ကျွန်တော့်ဆီလာတယ် ...ပြီးရင် မကျေနပ်တာတွေ ရွတ်လေရော ..."
"အဟား ဟား ဟား ..."
သုတဟန် စကားကြောင့် ကောင်းနဲ့ရဝေတို့ နှစ်ယောက်သား အော်ရယ်မိကြသည်။
"ဖြစ်ရမယ် အဲ့ဒီ့နှစ်ယောက်ကလေ ချစ်ပေလို့သာပဲ အမြဲမတည့်ဘူး ...ကလေးတွေကြနေတာပဲ ...အိမ်ထောင်ကျပြီးတာပဲ ဘယ်လောက်ကြာနေပြီလဲ အခုထိ သတ်နေကြတုန်း ..."
ကောင်းက ရယ်မောရင်း ပြောလာသည်။
"ဒါပေမယ့် သူတို့အဲ့ဒီ့လို နေနေကြတာလေးကလည်း ကြည်နူးစရာပဲလေ ...ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ..."
"ဟုတ်တယ် နှစ်ယောက်သား ဘယ်လောက်ပဲ မတည့်ပါစေ အချစ်တွေကတော့ လျော့ကြမယ့်ပုံ မပေါ်ဘူး ...အခုလည်း ခရီးသွားနေကြပြန်ပြီ ... Switzerlandမှာ Paragliding စီးဖို့အတွက်တဲ့...မိုင်းက ဆန်းကို အရမ်းအလိုလိုက်လွန်းတာပါ ..."
ရဝေက အပြုံးတချို့နဲ့ ပြောလိုက်သည်။
(Paraglidingဆိုတာ တောင်တန်းအမြင့်ကြီးတွေ ပေါ်ကနေ လေထီးခုန်ရတဲ့ ကစားနည်းတစ်မျိုးပါ။)
"ဆန်းက သဘာဝတရားတွေကို ချစ်တယ်ဆိုတာနဲ့ သူက ကမ္ဘာအနှံ့ကို လိုက်ပို့နေတော့တာပဲ ...လေဟာနယ်ကြိုက်တဲ့ သူ့ယောင်္ကျားအတွက် Paragliding လုပ်ဖို့ အဲ့ဒီ့ကို သွားကြတာလေ ..."
"သူတို့က အထူးအဆန်းနော် ..."
သုတဟန်က ရုတ်တရက်ဝင်ပြောလာသည်။
"ဘာကိုလဲ ..."
"ဟန်းနီးမွန်းတုန်းကကျတော့ အလုပ်တွေ မအားလို့ဆိုပြီး ဘယ်မှမသွားကြဘူးလေ ...အိမ်ထောင်ကျပြီးတော့မှ အလုပ်တွေနည်းနည်းပါးတိုင်း ပါးတိုင်း တစ်နိုင်ငံပြီးတစ်နိုင်ငံ ခရီးတွေထွက်နေကြတာ ...သူတို့နှစ်ယောက် ခရီးထွက်ပြီဆိုရင် တစ်ပတ်လောက်ခွင့်ယူသွားကြတာ ..."
မှန်သည်။ မိုင်းဆန်းတို့နှစ်ယောက် အိမ်ထောင်ကျပြီးထဲက တစ်နှစ်ပြီးတစ်နှစ် အလုပ်ပါးတိုင်း ကမ္ဘာပတ်တတ်ကြသည်။
"သူတို့အတွက်က ဟန်းနီးမွန်းခရီးဆိုတာ သီးသန့်ထွက်စရာမလိုဘူး ...အချိန်တိုင်း ကမ္ဘာပတ်နေကြတဲ့ နှစ်ယောက်လေ ..."
"ဟုတ်ပ ..."
ကောင်းက ရဝေ့စကားကို ထောက်ခံလိုက်ရင်း ဆက်ပြောလိုက်သည်။
"မင်းတို့ရော ရဝေ ..."
"ဘာကိုလဲ အစမရှိ ..."
"မင်းနဲ့ သုတဟန်ရော ဘယ်တော့ ယူမှာလဲ ...မိုင်းနဲ့ဆန်းတို့ကို အားမကျဘူးလား ..."
ကောင်းသစ်လွင်မျက်နှာက ရယ်ကျဲကျဲနှင့်။
"ကျတာပေါ့ကွာ ငါတို့လည်း ယူချင်တာပေါ့ ..."
ရဝေက ဆက်မပြောဘဲ ချစ်သူကို လှမ်းကြည့်နေသေးသည်။
"ဘာလဲ မင်းက ခွင့်ပြုချက် မပေးသေးဘူးလား ..."
သုတဟန်မျက်နှာကို သူပါလှမ်းကြည့်ပြီး ပြောလိုက်သော ကောင်း။
"စောသေးတယ်လို့ ထင်လို့ပါ ..."
သုတဟန်က အနေခက်သလိုမျိုး ပြန်ဖြေရင်း ဖန်ခွက်ကို လှမ်းယူနေပြန်သည်။ သူ့ကိုကြည့်ရင်း ကောင်းနဲ့ ရဝေတို့ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်မိသွားကြ၏။ ပြီးတော့ ပြုံးမိသွားကြသည်။
"ငါသွားတော့မယ် ...ဧည့်သည်တွေ များလာပြီ ...မင်းတို့ ဆက်ပြောလိုက်ကြတော့ အဲ့ကိစ္စ ..."
ကောင်းက အလိုက်တသိ ထထွက်သွားလေတော့သည်။ နှစ်ယောက်ထဲ ကျန်တော့မှ သုတဟန်လက်လေးတစ်ဖက်ကို ရဝေက လှမ်းကိုင်လိုက်လေ၏။
"ရှက်နေတာလား ..."
"မဟုတ်ပါဘူး ..."
မျက်နှာခပ်လွှဲလွှဲလုပ်ရင်း သုတဟန်ပြောနေသည်။
"မဟုတ်ဘူးဆိုပြီး ဘာလို့ အရက်ခွက်ကို ခဏခဏကောက်မော့နေတာလဲ ...အနေရခက်သလို ပုံစံမျိုး ပေါက်နေတယ်လေ ..."
"ဟုတ်လား ကျွန်တော်လည်း မသိလိုက်ဘူး ..."
"ဟန်လေး ..."
"ဗျာ ..."
"ကိုယ်တို့လည်း မိုင်းနဲ့ဆန်းတို့လို ရှေ့ခရီးတွေ ဆက်သင့်လား ..."
"ကျွန်တော်တို့ တွဲတာ သိပ်မကြာသေးဘူးလေ ...လက်ထပ်ဖို့က စောနေသေးလားလို့ ..."
"အင်းပါ မင်းစိတ်မပါရင် ကိုယ်ဘာမှ တွန်းအားမပေးတော့ပါဘူး ..."
လက်ကို လွှတ်ပေးလိုက်ပြီး ရဝေက သူ့အရက်ခွက်ကို ကောက်ယူမော့လိုက်သည်။ သုတဟန်က သူ့ကိုငေးကြည့်နေလေ၏။ ချစ်သူရဲ့အရိပ်အခြေကို အကဲခတ်နေသလိုမျိုး။
"အစ်ကို ..."
"ဟင် ..."
ရဝေက သူ့ကို လှည့်မကြည့်ဘဲ ပြန်ထူးလာသည်။
"ကျွန်တော် ဒီနေ့ည အိမ်မပြန်ဘဲ အစ်ကို့တိုက်ခန်းမှာ လိုက်အိပ်လို့ရမလား ..."
ရဝေ့မျက်နှာ သူ့ဘက်ပြန်လှည့်လာပြီး ပြုံးပြသည်။
"မင်းတောင်းဆိုတာဆိုရင် ကိုယ်ဘယ်တုန်းက ငြင်းဖူးလို့လဲ ..."
ရဝေက သူ့လုပ်ငန်းစုရဲ့ ဆက်ခံသူဖြစ်လာပြီး နောက်ပိုင်းတွင်မှ တစ်ယောက်ထဲသပ်သပ် အိမ်ခွဲနေသူဖြစ်သည်။ ချစ်သူဖြစ်ပြီးနောက်ပိုင်း ရဝေ့အိမ်ကို သုတဟန်လည်း မကြာခဏသွားဖြစ်ပါ၏။ တခါတလေတော့ ညအိပ်လေ့ရှိသည်။ လင်းရဝေလက်ခံလိုက်တော့ သုတဟန်က ရှက်ရွံ့သလိုပုံစံလေးနဲ့ သူ့ဖန်ခွက်ကို ထပ်ယူကိုင်နေပြန်သည်။ ရဝေက သုတဟန်လက်ကို ဖမ်းဆွဲထားပြီး ...
"ကိုယ်နဲ့လိုက်အိပ်မှာဆိုရင် ဒီညမင်းမူးနေလို့ မဖြစ်ဘူးမို့လား ...တော်တော့နော် ထပ်မသောက်နဲ့တော့ ..."
ရဝေ့မျက်နှာ ပြုံးနေပုံက နူးနူးညံ့ညံ့။ မျက်ဝန်းတွေက ရီဝေဝေ။ သုတဟန် ရင်ခုန်လာမိသည်။ ပြီးတော့ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပါ၏။
"လိမ္မာတယ် ..."
ရဝေက သူ့ခေါင်းလေးကို ခပ်ဖွဖွလေး လာပုတ်ကာ ပြောလိုက်သည်။ တစ်ယောက်က လူကြီးဆန်ကာ ကြင်နာပြီး နွေးထွေးတတ်သူ။ နောက်တစ်ယောက်က ရှက်ရွံ့တတ်သော ကောင်လေးငယ်။ နှစ်ယောက်ကြားမှာ အဖုအထစ်ဆိုတာ နည်းပါးလွန်းလှသည်။ ဒါကလည်း သူတို့ရဲ့ ချစ်နည်းချစ်ဟန် တစ်မျိုး ဖြစ်ပါလိမ့်မည်။
***********************************
Switzerland နိုင်ငံ ရေတံခွန်ရွာလေးလို့ နာမည်ကျော်တဲ့ Lauterbrunnen ...။ မြင့်မားမတ်စောက်ပြီး ရှည်လျားသော Aplsတောင်တန်းတွေကြားမှာရှိတဲ့ တောင်ကြားဒေသ ရွာကလေး။ ကျောက်သားချောက်ကမ်းပါး နံရံတွေနဲ့ အလွန်လှပခမ်းနားသော ရေတံခွန်တွေများစွာ ရှိနေသော အရပ်။ သဘာဝတရားရဲ့ အလှအပတွေကို ကြည်နူးစရာ မျက်စိတဆုံးမြင်တွေ့နေရတဲ့ နေရာ။ ရေစီးသံလေးတွေ တသွင်သွင်နဲ့ အနားယူလည်ပတ်ဖို့ အကောင်းဆုံး သဘာဝတရားလေးတစ်ခု။
ဒီနေရာမှာ မိုင်းနဲ့ ဆန်းတို့ ရောက်နေကြသည်။ Apls တောင်တန်းတွေအကြား အပေါ်စီးကနေ အလွန်တရာလှပသော ရှု့ခင်းတွေကို Paragliding စီးရင်းခံစားနေကြသည်။ သူတို့မှာ pilotတွေ မပါပေ။ ဆန်းအတွက် မိုင်းက အထူးကျွမ်းကျင်စွာ စီးတတ်ဖို့ သင်ယူထားပြီးသားပင် ဖြစ်သည်။ နှစ်ယောက်ထဲ အတွဲလိုက် Paraglidingကို စီးဖြစ်ကြ၏။ စိမ်းစိုနေသော တောင်တန်းတွေ၊ ကျောက်နံရံတွေ၊ ရေတံခွန်တွေနဲ့ အလွန်လှပသော သဘာဝတရားတစ်ခုကို နှစ်ယောက်သား အပေါ်စီးကနေ ခံစားကြည့်နေကြရင်း ဆန်းဆီကနေ အသံထွက်လာလေသည်။
"မိုင်း ..."
"ဟင် ဘာလဲ ..."
"ငါတို့ ကလေး ယူရအောင် ..."
"ဟမ် ..."
ရုတ်တရက်ပြောလာတဲ့ ဆန်းရဲ့စကားကြောင့် မိုင်း ပထမတော့ ကြောင်အသွားသည်။ နောက်မှ ရယ်မောလိုက်မိသည်။
"အဟား ဟား ...ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ ...ဘာလို့ ကလေးကလိုချင်သွားရတာလဲ ..."
"ရုတ်တရက်ကြီး မဟုတ်ဘူး ငါစဉ်းစားနေတာကြာပြီ ...အခုငါတို့နှစ်ယောက်ထဲ ဒီလိုလေး နေနေရတာကို တွေးမိပြီး ကလေးလေးတွေ ကိစ္စခေါင်းထဲရောက်လာလို့ ..."
"ငါတို့နှစ်ယောက်ထဲ သာသာယာယာခရီးတွေ လျောက်ထွက်နေရတာက မကောင်းလို့လား ...ကလေးယူလိုက်ရင် ငါတို့ဒီလိုတွေ သွားဖို့မလွယ်တော့ဘူးလေ ...အဲ့ဒါရော စဉ်းစားမိရဲ့လား ..."
မိုင်းက ဆန်းရဲ့နောက်ကျောဘက်မှာဖြစ်သည်။ လေထီးသိုင်းကြိုးတွေက နှစ်ယောက်ကို ထိန်းသိမ်းထား၏။
"စဉ်းစားမိလို့ ပြောနေတာပေါ့ နှစ်ယောက်ထဲ နေရတာထက် ကလေးလေးတွေနဲ့ အတူတူဆိုရင် ပိုပျော်စရာကောင်းမှာပဲ ..."
"ဘာလဲ မင်းက ငါနဲ့နှစ်ယောက်ထဲ နေနေရတာကို ငြီးငွေ့လာလို့လား ..."
"မဟုတ်ပါဘူးကွာ ...ငါက မင်းကိုဘာလို့ ငြီးငွေ့ရမှာလဲ ..."
"အဲ့ဒါဆို ဆက်မပြောနဲ့တော့ ..."
"ဘာလဲ မင်းက ကလေးမလိုချင်လို့လား ..."
"ဟုတ်တယ် ..."
"ဟာ ဘာလို့လဲ ..."
မိုင်းဆီကနေ အသံတိတ်နေသည်။
"ငါတို့ကိုယ်ပွားလေးတွေ မင်းမလိုချင်ဘူးလား ..."
ဆန်းက ထပ်မေးလိုက်သည်။
"အမှန်တိုင်း ပြောရမှာလား ..."
"အင်း ပြော ..."
"မလိုချင်ဘူး ..."
"ဘာလို့လဲ ..."
"ကလေးတွေရှိလာရင် မင်းငါ့ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ ...မင်းက ကလေးတွေကိုပဲ ဂရုစိုက်နေပြီး ကလေးတွေကိုပဲ ပိုချစ်သွားရင်ရော ...ငါက ဘေးရောက်သွားမှာပေါ့ ..."
ဆန်းဆီကနေ ရယ်သံတွေ လွင့်ထွက်လာလေသည်။
"ဖြစ်ရမယ် မင်းကတော့ ...ကိုယ့်သွေးသားတွေနဲ့တောင် မနာလိုဖြစ်ချင်နေတာလား ...ငါကမင်းကို ဘာလို့ မချစ်တော့ဘဲ ဘေးရောက်စေမှာတဲ့လဲ ..."
"မသိဘူး ငါစိတ်ပူတယ် ..."
"မပူနဲ့ ငါက မင်းကိုပိုချစ်ပေးမှာပါ ...မင်းက အချစ်ကြီး ကလေးတွေက အချစ်လေးတွေ ..."
ဆန်း ရယ်နေသည်။ မိုင်းရဲ့ ကြံဖန်ပြီး စိတ်ပူအူတိုတတ်မှုကြီးကို သဘောကျလို့ မဆုံးပေ။
"ကလေးတွေဆိုတော့ မင်းက ဘယ်နှယောက်တောင် မွေးချင်နေတာတုန်း ..."
"အမြွှာလေးတွေ လိုချင်လို့ ...သုံးမွှာပူး လေးမြွှာပူးလောက် ..."
"မြတ်စွာဘုရား ...အဲ့ဒီ့ကလေးတွေကို မင်းထိန်းနိုင်မှာမို့လို့လား ..."
"ကလေးရရင် ငါအလုပ်ထွက်လိုက်မှာပေါ့ ...ဘာလို့မထိန်းနိုင်ရမှာလဲ ...ငါတို့ ဂေဟာက ကလေးတွေ အများကြီးကိုတောင် ငါကြည့်ပေးခဲ့ဖူးတာပဲ နှစ်တွေအများကြီး ..."
"ယုံကြည်ချက်တွေ တအားမြင့်နေတာလား ...နှစ်ယောက်လောက် အမြွှာရဖို့တောင် ခက်ခဲနေမှာကို သုံးမွှာပူး လေးမွှာပူးတဲ့ အဟား ...မင်းကိုယ်တိုင် ဗိုက်ကြီးပြီး မွေးမှာဆိုရင်တော့ ငါက အထူးကြိုးစားပေးပါ့မယ်လို့ ပြောလို့ရသေးတယ် ...အခုဟာက ဘယ့်နှယ့် ..."
"မလွယ်လည်း ဘာဖြစ်လဲ နှစ်ခါယူလိုက်မယ်လေ ကလေးကို နှစ်မွှာပူးတစ်ခါစီ ..."
"သဏ္ဍာန်ဆန်း မင်းတော်တော် ကလေးလိုချင်နေတာလား ..."
"အင်း မင်းနဲ့တူတဲ့ ငါတို့ကိုယ်ပွားလေးတွေ လိုချင်တယ် ...ဒါငါ့ရဲ့ ဆန္ဒပဲ ဖြည့်ဆည်းပေး မင်း ..."
"မင်းက ငါအလိုလိုက်ထားမှန်း သိလို့ တအားဆိုးတာပဲ ..."
"ငြိုငြင်နေတာလား ..."
"မငြိုငြင်ရဲပါဘူးဗျာ လုပ်ချင်တာသာ လုပ်ပါ ...ဒါပေမယ့် တစ်ခါပဲနော် ကလေးတွေကိုပဲ ဂရုစိုက်နေပြီး ငါ့ကို အချစ်ပေါ့သွားလို့ကတော့ မင်းသေဖို့ပြင်ထား ..."
"မင်းလည်း သတိထားပါ ...ကလေးတွေရရင် ငါ့ထက်ပိုပြီး အလိုလိုက်နေဦးမလားပဲ ..."
"ဖြစ်နိုင်စရာလား ငါ့အတွက် မင်းက ပထမပဲ ..."
"အေးပါ အခုကတော့ အဲ့လိုပေါ့ တကယ့်သွေးသားတွေ ရလာရင် အဖေနေရာရောက်သွားရင် မင်းအဲ့လို ပြောနိုင်ဦးမလား ငါစောင့်ကြည့်မယ် ..."
"မင်းလည်း သတိထား မင်းကတိပေးထားတာ မင်းမမေ့နဲ့ ငါ့ကိုအချစ်မလျော့ဖို့ ..."
သဏ္ဍာန်ဆန်း ရယ်နေပါသည်။ မိုင်းက သူ့နားထင်စပ်လေးကို အနောက်ကနေ ဝိုက်ပြီး ငုံ့နမ်းလိုက်သည်။
"ငါ စိတ်ကူးယဉ်ကြည့်တာလေ မင်းနဲ့တူရင် ကလေးတွေက တအားချောမှာပဲ သိလား ..."
ဒီတစ်ခါတော့ ရယ်မောသံက မိုင်းဆီကနေ ထွက်လာတော့သည်။
"ဒါပေါ့ ငါ့လိုအချောမျိုးလေးတွေ ဖြစ်ကိုဖြစ်ရမယ် ...ဒါပေမယ့် စိတ်ဓာတ်ကတော့ မင်းနဲ့ပဲ တူစေချင်တယ် ...ငါနဲ့တူလို့မဖြစ်ဘူး ..."
"ကိုယ့်အကြောင်း ကိုယ်သိတယ်ပေါ့ ဟုတ်လား..."
"ကိုယ့်အကြောင်း ကိုယ်သိတယ်ဆိုတာထက် မင်းရဲ့စိတ်ဓာတ်လေးနဲ့တူမှ ပိုချစ်စရာကောင်းမှာပေါ့ မဟုတ်ဘူးလား ...ရုပ်လည်းအရမ်းချော စိတ်ဓာတ်လေးကလည်း အရမ်းချစ်စရာကောင်း အဲ့လိုကလေးမျိုးလေးတွေဆို ပိုမကောင်းဘူးလား ..."
"မင်းက ငါ့ထက်အကြံပိုကြီးတယ် ...အရာအားလုံး ပြီးပြည့်စုံချင်နေတာပဲ ..."
"မင်းအတွက်ပါ ...ငါက မင်းအတွက် ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ဖန်တီးပေးချင်မိတာ ...ငါက မင်းကို သိပ်ချစ်လို့ ..."
"ငါကရော မင်းကို မချစ်လို့လား ..."
ဆန်းက အနောက်ဘက်ကို မျက်နှာငဲ့လာသည်။ မိုင်းက သူ့မျက်နှာကို ငုံ့ပေးလိုက်တော့ နှုတ်ခမ်းတွေမှာ တစ်ချက်နွေးသွားရသည်။ တချို့ လူတွေကပြောကြသည်။ မိုင်းက သိပ်ကို ချစ်တတ်လွန်းသော ယောင်္ကျားတဲ့လေ။ ဆန်းကိုကျတော့ သူတို့အကျယ်တဝင့် ထင်ကြေးပေးဖို့ မေ့နေတတ်ကြသည်။ တကယ်က သဏ္ဍာန်ဆန်းရဲ့အချစ်က သဘာဝတရားကြီးလိုပင်။ နေရာတကျ သေချာကြည့်ရှု့ခံစားကြည့်မှသာ နှလုံးသားထဲ အေးချမ်းနွေးထွေးမှုကို ခံစားမိလိုက်တာမျိုးပေါ့။
ဒါကလည်း သူတို့ရဲ့ ချစ်ပုံချစ်နည်း တစ်မျိုးပဲ ထင်ပါရဲ့ ...။
/
/
/
(A/N_ဒီextraက စာအုပ်ထဲ ထည့်ထားတဲ့ အပိုင်းလေးပါနော်။ စာအုပ်ကနောက်ကျနေလို့ စာအုပ်လက်ထဲမရောက်ခင်မှာ ဖတ်ရအောင် နှစ်သိမ့်တဲ့အနေနဲ့ တင်ပေးခြင်းပါ။ Happy New Year လည်းဖြစ်တဲ့အတွက် နှစ်သစ်မှာ ပျော်ရွှင်စရာလေးတွေ မျှဝေတာမျိုးပေါ့။ extra _4နဲ့ Happy New Year အပိုင်းသစ် နှစ်ပိုင်းကို တင်ပေးလိုက်ရပါတယ်။ ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေခင်ဗျ။
အချစ်တေွနဲ့ ဧည့်ခံလှည့်ပါကိုလည်း updateထားပါနော်။)