Unicode

~~ကြာဖြူ~~
အပိုင်း(၂၇)

     "ပဒုမ္မာရီမြို့တော်..."
     မြူနှင်းတွေကြားမှ အင်မတန်လှပခမ်းနားသောမြို့ရိုးကို မှင်သက်စွာဖြင့် သူတို့ငေးကြည့်မိသည်။ ဘယ်လောက်ကြာအောင် ငေးကြည့်နေမိသည်ပင် မသိတော့ပါ။
     "ဒဏ္ဍာရီထဲကမြို့တော်ကိုတွေ့ခဲ့ပြီ..."
     ဈာန်ကစိတ်လူပ်ရှားစွာ ဆိုလိုက်သည်။ ပင်လယ်ဒဏ္ဍာရီပုံပြင်ထဲမှ ပျောက်ဆုံးနေသောမြို့တော် ရှေ့မှောက် သူတို့အမှန်တကယ်ရောက်ခဲ့ချေပြီ။
     ခမ်းနားသောအလှအပများနှင့် အချိန်ပြည့်မြူဆိုင်းနေသော မြို့တော်....
     စက်ယန္တရားများဖြင့်တည်ဆောက်ထားသော မြို့တော်
    ကျိန်စာများနှင့်ပြည့်နှက်နေသော မြို့တော်
     ကြောက်စရာဝိညာဉ်ဆိုးများလွှမ်းခြုံနေသော မြို့တော်
     ရာဇဝင်တွင်သွေးများစွာ စွန်းထင်းခဲ့သောမြို့တော်
     ပင်လယ်တွင်နှစ်ပေါင်းရာချီ တိမ်မြှပ်ပျောက်ကွယ်နေသော ရှေးဟောင်းမြို့တော် "ပဒုမ္မာရီမြို့"တဲ့
     သူတို့အားလုံးရှေ့တွင် ပဉ္စလက်ဆန်စွာတည်ရှိနေခဲ့ပါပြီ။
    "ကျုပ်တို့မြို့တော်ထဲဝင်ဖို့ အချိန်ကျပြီ.."
     ဦးလုံထန်းသတိပေးစကားဆိုတော့ သူတို့သတိဝင်လာသည်။ စေတန်ကမြို့တော်ရှိရာသို့ တစိုက်မတ်မတ် စိုက်ကြည့်နေရင်း....
     "သွားကြတာပေါ့..."
     ခပ်ပြတ်ပြတ်ပင်ဆိုလိုက်၏။ ထို့နောက် သူတို့လိုအပ်သည့်ပစ္စည်းများကို သိမ်းဆည်းပြင်ဆင်နေစဉ်...
     "ခရာ...မရှိတော့ဘူး.."
     စိမ်းကအထိတ်တလန့်ဆိုလာသဖြင့် စေတန်မျက်မှောင်ကျုံးရင်းနှင့်..
     "မရှိတော့ဘူးဆိုတာ ..."
      "ပျောက်နေတယ်...."
      ဟုတ်သည်.... ဒီတစ်ခါလည်းခရာပျောက်သွားပြန်၏။ ဘယ်အချိန်ကတည်းကပျောက်သွားမှန်း သူတို့အားလုံးမသိလိုက်ပါ။ ဈာန်ကသက်မောချလိုက်ပြီး
       "ခရာနေမှမကောင်းတာ အဆိပ်သင့်နေတယ် ချက်ချင်းအဆိပ်ကပြေမှာမဟုတ်ဘူး တစ်ရက်စောင့်ရလိမ့်မယ် ဘယ်လိုလုပ်ပြီး သူသဘောနဲ့သူသွားနိုင်မှာလဲ"
      "ခရာ အဆိပ်သင့်တယ်ဟုတ်လား"
       စေတန်ကခုမှသိသဖြင့် အံ့သြစွာမေးလိုက်တော့ စိမ်းသက်ပြင်းချရင်း
     "ဟုတ်တယ်.. နင်အလကားနေစိတ်ပူမှာစိုးလို့မပြောတာပါ ဒါပေမယ့်သူဖြေဆေးရပြီးပါပြီ စိုးရိမ်ဖို့တော့ မလိုတော့ပါဘူး.."
       မို့ကမလုံမလဲပြုံးမိပြီး..
      "သူကဒီလိုပျောက်နေကြပဲလေ ဘာအန္တရယ်မှမရှိလောက်ပါဘူး "
      "မှန်တယ် သူ့အတွက်ဒီနေရာကဘာစိုးရိမ်စရာလိုမှာလဲ သူ့ကိစ္စထားလိုက်စမ်းပါ အခုငါတို့ယူစရာရှိတာယူပြီးသွားရအောင် အချိန်ကြာတယ်"
       နက်ရှိုင်းကစိတ်မရှည်စွာဆိုပြီး ရှေ့ကထွက်သွားတော့သည်။ သူ့စိတ်တွေက ပဒုမ္မာရီမြို့တော်ထဲဝင်ဖို့သာ လောနေပြီဖြစ်သည်။ ဈာန်ကလမ်းလျှောက်နေရင်းမှ သူ့ကိုသူသတိထားမိပြီး အလွန်အံ့သြသင့်သွားကာ..
     "နေဦး ဒဏ်ရာရထားတဲ့ ကိုယ့်ခြေထောက်တစ်ဖက် လုံးဝမနာတော့ပါလား"
     လူကောင်းအတိုင်းဖြစ်နေသော ဈာန့်ကိုလည်း ကျန်တဲ့လူတွေက ခုမှသတိထားမိတော့သည်။ ပဒုမ္မာရီမြို့တော်ကိုမြင်၍ အံ့သြမှင်သက်နေသည်ကတစ်ကြောင်း ခရာပျောက်နေပြန်၍ရူပ်ထွေးနေသည်က တစ်ကြောင်းမို့ ဈာန့်ခြေထောက်ချက်ချင်းပြန်ကောင်းသွားတာ သတိမထားမိလိုက်ပေ။
      ဦးလုံထန်းက ခေါင်းတညိတ်ညိတ်နှင့်...
    " ဒီကလေးမလေးကိုကူညီခဲ့လို့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလည်း ကျုပ်တို့ကိုပြန်ပြီးကူညီစောင့်ရှောက် ပေးဖူးတယ် ဒါကြောင့်ဒီကလေးမလေးဟာ ပဒုမ္မာရီမြို့တော်အတွက် အရေးပါတဲ့သူပဲဖြစ်လိမ့်မယ်..."
     "သူကိုယ်တိုင်ကြာဖြူမဟုတ်ရင် ဘယ်သူလဲဆိုတဲ့အဖြေပဲ လိုတော့တာပါ ဒါလည်းမကြာခင် သိရတော့မယ်ထင်တယ်"
      ဈာန်အဝေးကမြို့တော်ကြီးကို ငေးကြည့်ရင်း လေးလေးပင်ပင်ဆိုလိုက်မိ၏။ သူရင်ထဲတွင် ခရာ့ကို သာမာန်မိန်းကလေးတစ်ယောက်သာ ဖြစ်စေချင်ပါသည်။
      ထို့နောက်လိုအပ်သည့်ပစ္စည်းများသာသယ်ပြီး သူတို့အားလုံး မြို့တော်ကြီးရှိရာသို့ ဦးတည်ထွက်လာခဲ့တော့သည်။ ရေကန်ကြီး၏တစ်ဖက်ခြမ်းတွင်ရှိသည်မို့ ကန်တစ်ပတ်ပတ်လာနေစဉ်....
     "လုဇ်...."
      နောက်ဆုံးကနေအထုပ်ထမ်းလာသည့်လုဇ် ခေါ်သံသဲ့သဲ့ကြောင့် ခြေလှမ်းတွေတုန့်ခနဲ့ရပ်သွားသည်။ နောက်ကိုလှည့်ကြည့်တော့ ဘာမှမရှိ။ မြူခိုးတွေသာတွေ့ရသည်။ သူကြောင်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်မိတော့
     "လုဇ်..."
     ဟော...ကြားရပြန်ပြီ။ ဒီတစ်ခါမြူနှင်းတွေကြားမှ ဝိုးတဝါးမြင်လိုက်ရသောလူကြောင့် အလွန်အံ့သြမိသွားသည်။
     "ဇု..."
      ဟုတ်ပါသည်...သူ့ညီ ဇု။ အလွန်ညှိုးငယ်သောမျက်နှာနှင့် သူ့ကိုကြည့်နေရင်း အသံအက်အက်ဖြင့်
      "ငါ့ကိုကယ်ပါဦး လုဇ်.."
      "ဇု.... မင်း မင်း မသေဘူးနော်.."
      "ငါ့ကို....ကယ်ပါ..."
      "မင်းမသေဘူးနော် ငါဝမ်းသာလိုက်တာ.."
      "ငါ မင်းကိုလာခေါ်တာ လုဇ်..."
      ခြောက်အက်အက်ဆိုရင်း ဇုကသူ့ကိုကျောခိုင်းပြီး ထွက်သွား၏။ လုဇ်.. ဇုနောက်အပြေးလိုက်လာရင်း
      "ဇု..မင်းဘယ်သွားမလို့လဲ... "
      ဇုကာ မဖြေ။ ရေကန်ထဲဆင်းချသွားသဖြင့် လုဇ်ဇောကပ်နေသည်မို့ မစဉ်းစားဘဲ လိုက်ဆင်းပြီး
      "ဇု....နေပါဦး...မင်းဘာလုပ်မလို့လဲ"
      "ငါ....မင်းကိုလာခေါ်တာလေ..."
      ဇုအသံက ထူးခြားသွားသည်။ အသံသြသြကြီးနှင့် သွေးလန့်ဖွယ်ကောင်းနေသည်မို့ လုဇ်စိတ်ထဲ တစ်မျိုးဖြစ်သွား၏။ ထိုစဉ် ဇုကသူ့ဖက်တဖြည်းဖြည်း လှည့်လာသည့်အခါ....
      "ဟင်....ဘုရား ဘုရား..."
      သွေးအလိမ်းလိမ်းဖြင့် သွေးပျက်ဖွယ်ရုပ်ပျက်ဆင်းပျက် ဖြစ်နေသောမျက်နှာ။ လိပ်ပြာလွင့်မတက် အေးစက်သောအသံနှင့်...
     "ငါ့....နဲ့အတူ လာနေပါ"
     "မဟုတ်ဘူး....သွား...."
      လုဇ်ကြောက်လန့်တကြား ကမ်းပေါ်ပြန်တက်ပြေးဖို့ပြင်စဉ် ရေအောက်ထဲမှတစ်စုံတစ်ရာသည် သူ့ခြေထောက်ကို ကြမ်းတမ်းစွာဆွဲချလိုက်ရာ....
     "အား......"
     ကြောက်လန့်တကြားအော်သံသည် ကန်ရေပြင်တစ်ဝိုက် ပဲ့တင်သွား၏။ ထို့နောက် လုဇ်တစ်ယောက်သည်လည်း ကန်ရေပြင်အောက် တဖြည်းဖြည်းနစ်မြှပ်သွားပြီးနောက်.....
      ခဏအကြာတွင်တော့ ရေပြင်သည်သူမဟုတ်တော့သကဲ့သို့ ငြိမ်သက်သွားလေ၏။
      လျှောက်နေရင်းမှ ဦးလုံထန်းစိတ်ထဲထင့်သွားပြီး ခြေလှမ်းရပ်သွားတော့ ဈာန်ကနားမလည်ဟန်ဖြင့်
     "ဘာဖြစ်လို့လဲ ဦးလေး.."
     "ကျုပ်စိတ်ထဲတစ်မျိုးပဲ.. ကျုပ်တို့အားလုံးလူစုံပါတယ်နော်.. "
      ရုတ်တရက်ဆိုလိုက်သော ဦးလုံထန်းစကားကြောင့် ဈာန်ကလူတစ်ချက်ရေလိုက်ပြီး
     "စုံပါတယ်ဗျာ.. ဘာဖြစ်လို့လဲ.."
     "စုံရင်ပြီးတာပဲ ဘာမှမဟုတ်တော့ဘူး.."
     "ဒါပေမယ့်ခင်ဗျားလူလုဇ်ကိုတော့ မတွေ့ဘူး"
      စေတန်ကဝင်ပြောလိုက်တော့ ဦးလုံထန်းမျက်နှာတစ်ချက်ပျက်သွားပြီး
     "ဒီကောင်ဘယ်နားနေခဲ့ပါလိမ့်..."
     "မလိုက်ချင်လည်းထားခဲ့လိုက်ပါ ဦးလုံထန်း"
      ဈာန်ခရာကိစ္စနှင့်ပတ်သတ်ပြီး အခဲမကျေစွာ ဆိုလိုက်သည်။ ဦးလုံထန်းခေါင်းခါရမ်းပြီး
      "သူ့သဘောနဲ့သူပြန်သွားတာ ကိစ္စမရှိပေမယ့် သူ့ဆီမှာကျုပ်တို့ရဲ့အရေးကြီးတဲ့ပစ္စည်းတွေပါသွားတယ် ခဏနေပါဦး ကျုပ်ပြန်သွားကြည့်လိုက်ဦးမယ်.."
      ပြောပြီး ဦးလုံထန်းက ပြန်လှည့်သွားသဖြင့် သူတို့လည်းထိုနေရာမှာပဲ စောင့်နေလိုက်သည်။ ဟုတ်တော့လည်းဟုတ်သည်။
      လုဇ်လွယ်ထားသည့်အထုပ်တွေထဲတွင် ခရီးအတွက်အရေးကြီးသည့်ပစ္စည်းတွေ ပါနေသည်။ ခဏကြာတော့ ဦးလုံထန်းပြန်ရောက်လာသည်။ ကျောတွင် လုဇ်လွယ်နေကျ ကျောပိုးအိတ်ကို လွယ်ထားသည်။ မျက်နှာကတော့မကောင်း....
      "တွေ့ခဲ့လား ဦးလေး.."
     ကောင်းကင်အမေးကို ဦးလုံထန်းကမျက်နှာမကောင်းစွာဖြင့် လက်ထဲကိုင်ထားသည့်အရာကိုသာ မြှောက်ပြလိုက်၏။ သူတော်စင်ကြီးပေးခဲ့သည့် လက်ဖွဲ့...
      "ရေကန်စပ်နားမှာ ကျောပိုးအိတ်နဲ့ ကျုပ်ဒါပဲတွေ့ခဲ့တယ်..."
      ဦးလုံထန်းကထိုမျှသာဆိုသော်လည်း သူတို့အားလုံးသဘောပေါက်သွားမိသည်။ ကိုယ်စီသက်ပြင်းတွေသာချမိ၏။
     တကယ်ပဲပဒုမ္မာရီမြို့တော်အဝင်ကို သူတို့ဝိညာဉ်တစ်ခုနှင့် ယစ်ပူဇော်လိုက်ရပြီလား
     သို့နှင့်သူတို့တိတ်ဆိတ်စွာပင် မြို့တော်ကြီးဆီသို့ လျှောက်လာကြ၏။ ရေကန်၏ဘေးတောင့်တစ်နေရာရောက်တော့ လမ်းဆုံးသွားချေပြီ။ လိုဏ်ဂူလိုလို ကျောက်နံရံကြီးတစ်ခုက ဂိတ်ပေါက်တစ်ခုနှယ် ကာထားသဖြင့် ဆက်သွား၍မရတော့ပါ။
     နက်ရှိုင်းက မျက်စိတစုံးမြင့်မားသည့်ကျောက်နံရံကြီးကို မော့ကြည့်လိုက်ရင်း...
      "ဒီနံရံကြီးကာနေတယ် ငါတို့ဘယ်လိုဆက်သွားမှာလဲ"
      "ဒါက မြို့အဝင်ဂိတ်တံခါးကြီးဖြစ်မယ်ထင်တယ် ဒီကနေကြည့်ရင် ရေကန်စပ်တစ်လျှောက် မြို့ရိုးတွေကိုမြင်ရတယ်.."
      စေတန်ကသူ့အထင်ကိုဝင်ပြောလိုက်သည်။ ဦးလုံထန်းခေါင်းညိတ်လိုက်ပြီး..
     "ဟုတ်တယ် ဒါမြို့တော်ကိုဝင်မယ့်ဂိတ်တံခါးပဲ"
     "ဒါဆို ဘယ်လိုဝင်ကြမလဲ ဝင်ပေါက်လည်းမတွေ့ဘူး"
     နက်ရှိုင်းကကျောက်နံရံကိုကြည့်ပြီး စိတ်ပျက်စွာဆိုလိုက်၏။ ဦးလုံထန်းက
      "ကျုပ်တို့ကိုခေါ်လာတုန်းကတော့ သူတို့ဂါထာတစ်ပုဒ်တော့ရွတ်ဖတ်နေကြတယ် ဘာဂါထာလဲတော့ မသိဘူး "
     ဈာန် ပါလာသည့်မှတ်တမ်းစာအုပ်၏ နောက်ဆုံးတွင်ရှိသော မန္တာန်လိုလိုဂါထာတစ်ပုဒ်ကို အမှတ်ရလိုက်သဖြင့်
     "ကျွန်တော့်ဆီမှာရှိမယ်ထင်တယ်.."
      ထို့နောက် သူစာအုပ်တွင်ရေးထားသော ရှေးဟောင်းမန္တာန်စာကိုရှာကြည့်လိုက်သည်။ ဂါထာကရှိနေသည့်တိုင် အလွန်ရှေးကျလွန်းနေသဖြင့် သူဘယ်လိုမှမရွတ်ဖတ်နိုင်ရာ..
       "ကျွန်တော်မဖတ်နိုင်ဘူးဗျာ.."
      သူစိတ်ပျက်စွာဆိုလိုက်တော့ ကျန်တဲ့သူများပါ စိတ်ဓာတ်ကျကုန်သည်။ ထိုအချိန်တွင်စေတန်က ရုတ်တရက် သူ့ဆီကစာအုပ်ကိုယူလိုက်ပြီး
      "ငါဒါကိုဖတ်နိုင်မယ်ထင်တယ်.."
      ပြောပြီး စေတန်ကရွတ်ဖတ်လိုက်လေရာ ချက်ချင်းလိုပင် ကျောက်နံရံကလူပ်ခါသွား၏။ ခဏအကြာကျောက်နံရံထက်တွင် ပေါ်လာသည်က မှောင်းတံခလုတ်တစ်ခု။ ဘေးတွင်လေးတောင့်ကွက် ၆ကွက်ကပါ ပေါ်လာသည်။ ထိုအကွက်လေးပေါ်တွင် ရှေးကျသောဂဏန်းအက္ခရာများ ထွင်ထားသည်။
      သူတို့အားလုံးစေတန်လုပ်ပုံကိုကြည့်ပြီး အံ့သြသင့်နေရသည်။ အထူးသဖြင့် သူ့သူငယ်ချင်းတွေ...
     ရှေးဟောင်းစာအတော်ကျွမ်းကျင်သော ဈာန်ပင်မဖတ်တတ်သည့်အက္ခရာများကို စေတန်ဘယ်လိုများ ဖတ်နိုင်ရသလဲ။ စေတန်နှင့်ရှေးဟောင်းစာပေများသည် လုံးဝကိုမအပ်စက်ခဲ့ပါ...
     "စေတန်... မင်းဘယ်လိုလုပ်ဒါကိုရွတ်ဖတ်နိုင်သလဲ"
     ကောင်းကင်ကမနေနိုင်ဘဲမေးလိုက်တော့ စေတန်ခေါင်းရမ်းပြလိုက်ပြီး...
     "ငါမသိဘူး..."
     တကယ်လည်းသူမသိပါ။ စိမ်းကတော့သိနေသကဲ့သို့ ခံစားရကာ သက်ပြင်းခိုးချရင်း..
     "မှောင်းတံကိုဆွဲချရင် တံခါးဖွင့်မယ်ထင်တယ်"
     ဦးလုံထန်းကမှောင်းတံကိုဆွဲချဖို့ ကြိုးစားတော့သည်။ လုံးဝမရ... မှောင်းတံက တုတ်တုတ်မျှပင် မလူပ်ရာ
     "ဘယ်လိုဖြစ်လို့ ဖွင့်မရပါလိမ့်"
     "ကျွန်တော့်အထင် ဘေးကသင်္ကေတတွေကလျှိုဝှက်နံပါတ်ဖြစ်မယ် ဒီနံပါတ်ကိုအရင်နှိပ်မှ ရမယ်ထင်တယ်"
     ဈာန့်စကားကြောင့် နက်ရှိုင်းကစိတ်လောစွာဖြင့်
     "ဒါဆိုရင်လည်း နှိပ်ရအောင်.."
     "ခဏ... ငါဒါကိုသိနေသလိုလဲ အနှိပ်မှားရင် အကုန်လုံးသေသွားနိုင်တယ် မနှိပ်သေးနဲ့..."
      စေတန်ကကျောက်နံရံနှင့် အနီးဆုံးသို့လျှောက်လာပြီး နံရံကိုစေ့စေ့ကြည့်ကာ...
     "စက်ယန္တရားအတတ်ပညာနဲ့ တည်ဆောက်ထားတဲ့ လျှိုဝှက်ခလုတ်တွေ တစ်ချက်မှားတာနဲ့ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားလိမ့်မယ်..."
      "ဟင်...."
      ကြောက်စရာကောင်းလှပါဘိ။ သို့သော်စေတန်၏လက်တို့က မကြောက်မရွံ့ပင်ခလုတ်တို့ကို အလိုလို နှိပ်ချလိုက်ပြီးနောက်
      "ဟာ..."
      မောင်းတံကကြွလာ၏။ ဒီတစ်ခါမှောင်းတံကို အလွယ်တကူပင် ဆွဲချနိုင်ခဲ့သည်။ သူတို့အံ့သြသင့်ကာ ဘာပြောရမှန်းမသိအောင် မှင်သက်နေမိစဉ်
     "ကျီ......"
      ကျောက်နံရံကြီးသည် တဖြည်းဖြည်းတုန်ခါလာပြီး တံခါးတစ်ချက်နှယ် ပွင့်အသွားလေတော့၏။ လရောင်အောက်မှမြင်လိုက်ရသည်က မြူခိုးတွေဆိုင်းနေသော အောက်သို့နိမ့်ဆင်းသွားသော လမ်းတစ်ခု...
      လှေကားထစ်များနှင့်....
      စေတန်ကအားလုံး၏အံ့သြသင့်မူကို ဥပေက္ခာပြုထားလိုက်သည်။ တကယ်က ဒီလျှို့ဝှက်ပညာတို့ကို ရှင်ဘုရင်မင်းမြတ်ကိုယ်တိုင် ပြုလုပ်ခဲ့သည်မဟုတ်လား။
     "ကိုယ့်နောက်ကို အားလုံးလိုက်ခဲ့ပါ.."
      ထိုတစ်ခွန်းသာဆိုပြီး ရှေ့ကနေဦးဆောင်သွားလိုက်သည်။ သူတို့လည်းဘာမှမေးမြန်းမနေတော့ဘဲ အသာလိုက်လာလိုက်၏။ သူတို့ဝင်လိုက်သည်က လိုဏ်ဂူလား... ဒါမှမဟုတ်တောင်ကိုဖောက်ပြီး ခင်ထားသည့် ဥမြှင်ခေါင်တွေလား... သေချာမသိပါ။ သို့သော် ဘာမီးမှမထွန်းထားဘဲနှင့် အပြင်ကလရောင်ကဲ့သို့ပင် အလင်းတွေဖြာနေသဖြင့် ဓာတ်မီးသုံးစရာမလိုဘဲ အခက်အခဲမရှိ ဝင်သွားနိုင်သည်။ ထူးဆန်းတာက မြူခိုးတွေကတော့ ဝေ့ဆိုင်းနေဆဲပင်...
        အထဲသို့ခြေချလိုက်သည်နှင့် အားလုံးရင်ထဲ အေးခနဲ့ဖြစ်သွားသည်။ တဖြည်းဖြည်းသွားရင်းမှ မြူခိုများက ပို၍သိပ်သည်းလာရာ ဘာမှသဲသဲကွဲကွဲပင် မမြင်ရတော့ပေ။ ထုံအီလွန်းသော မွှေးရနံ့များကလည်း လွင့်ပျံ့နေရာ ခေါင်းတွေမူးဝေလာသည်အထိပင်။
       လှေကားထစ်များကို တော်တော်ကြာအောင် လျှောက်ပြီးနောက်တွင်တော့ ဘွားခနဲ့မြင်လိုက်ရသည်က ရှေးကျလွန်းသောခန်းမဆောင်တစ်ခု...
       ဟောင်းနွမ်းနေသည့်နံရံထက်ဝယ် အလွန်ရှေးကျသော နံရံဆေးရေးပန်းချီ၏လက်ရာက ငေးခနဲ့ဖြစ်ရသည်အထိ ခမ်းနားလွန်းလှသည်။
       ဈာန်သည်... နံရံပေါ်မှဆေးပန်းချီတို့ကို အသက်ရှုရန်ပင်မေ့မျောမိသည်အထိ မှင်သက်စွာငေးကြည့်ရင်းမှ
       "အရမ်းကိုရှေးကျတဲ့လက်ရာပါလား... အဲ့ဒီတုန်းက ဘယ်လောက်တောင်ခမ်းနားခဲ့မှာလဲ "
      သူ...မယုံကြည်စွာပင်ဆိုမိ၏။ မို့ကရွှေရောင်ဝင်းနေသည့် နံရံတွေတိုင်တွေကိုသာ အံ့သြသင့်စွာ လိုက်ကြည့်နေပြီး
     "ဘုရား ဘုရား ဒီဟာတွေကတကယ့်ရွှေအစစ်တွေလားဟင်..."
    "ဟုတ်တယ် ရွှေသားအစစ်တွေပဲမို့.."
     စိမ်းကမထူးဆန်းသလိုပင် ဖြေလိုက်သည်။ သူတို့အားလုံး ရှေးကျလွန်းသောခန်းမဆောင်ထဲ တမေ့တမောလိုက်ကြည့်နေစဉ်...
     "ပဒုမ္မာရီမြို့တော်မှ ကြိုဆိုပါတယ်.."
     "ဟင်...."
      အသံသြသြကြီးတစ်ခု။ သူတို့အထိတ်တလန့်နှင့် ကြည့်လိုက်တော့ မျက်နှာဖုံးစွပ်ထားသည့် ထွားထွားကြိုင်းကြိုင်းလူတစ်ယောက်....
     "ပင်လယ်ပြင်မှာအလှပဆုံးသော အဆန်းကြယ်ဆုံးသောမြို့လို့ပြောရမလား ဒါမှမဟုတ် ကျိန်စာဆိုးတွေနဲ့ ပြည့်နေတဲ့မြို့လို့ဆိုရမလား သေချာတာကတော့ဒါကသေမင်းမြို့တော်ပဲ ဒါကြောင့် ဝမ်းမြောက်စွာကြိုဆိုပါတယ်လို့ မပြောနိုင်တာကိုတော့ စိတ်မကောင်းပါဘူး.."
     ထိုသူ၏စကားတို့ကထူးခြားလှသလို အသံသြဇာကလည်း ပြည့်ဝလှသည်။ သူတို့ဘာပြောရမှန်းမသိခင် ဦးလုံထန်းကဇဝေဇဝါဟန်နှင့် ရှေ့တိုးလာပြီး...
      "ခင်ဗျား.... ခင်ဗျားရာဇလား..."
      ထိုလူက ဦးလုံထန်းကိုသေချာမှတ်မိနေပုံရသော်လည်း အံ့သြသွားပုံတော့မရပါ။
      "ခင်ဗျားပြန်လာရမယ်ဆိုတာ ကျုပ်သိပြီးသားပါ မသိတာက အသက်ရှင်လျက်လား ဝိညာဉ်နဲ့လားဆိုတာပေါ့ ကျုပ်ပြောခဲ့သလိုပါပဲ ဒီမှာပြန်ဆုံတွေ့ရတာ ဝမ်းသာစရာတော့မရှိပါဘူး.."
      "ခင်ဗျားဘာကိုဆိုလိုချင်သလဲ.."
      နက်ရှိုင်းကနားမလည်ဟန်ဖြင့် မေးလိုက်သည်ကို သူကမသိကျွံပြုထားပြီး..
      "ခင်ဗျားတို့အားလုံးကျုပ်နောက်လိုက်ခဲ့ပါ"
      ထို့နောက် သူတို့ထံမှတုန့်ပြန်စကားမစောင့်ဘဲ ရှေ့ကထွက်သွားတော့သည်။ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘာစကားမှမဆိုဘဲလိုက်သွားမိသည်။ ခဏအကြာတွင်တော့ ထိုလူကအခန်းတစ်ခန်းရှေ့ရပ်လိုက်ပြီး
     "ဒီအခန်းထဲမှာခင်ဗျားတို့အနားယူကြပါ ဒီတစ်ညအတွက်လုံခြုံစိတ်ချဖို့တော့ ကျုပ်ပြောနိုင်ပါတယ် အကယ်၍ခင်ဗျားတို့ခိုးမထွက်ခဲ့ရင်ပေါ့ မနက်ကျမှကျုပ်ပြန်လာခဲ့မယ်..."
      "ခင်ဗျားစကားလေယူလေသိမ်းက ကျုပ်တို့နဲ့အတူတူပဲ ခင်ဗျားဒီကလူမဟုတ်တာတော့သေချာတယ် ခင်ဗျားဘယ်သူလဲ.."
      ဈာန်အမေးကြောင့် လှည့်ထွက်သွားဟန်ပြင်နေသည့် ထိုသူ့ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားပြီး
     "မေးခွန်းတွေမေးရမယ့်အချိန်မဟုတ်ဘူး အကောင်းဆုံးကဒီအချိန်မှာအနားယူထားပါ ဘာတွေကြုံတွေ့ရမလဲဆိုတာ ကျုပ်လည်းမပြောနိုင်ဘူး..."
      ထို့နောက် သူထွက်သွားတော့၏။ ဦးလုံထန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း
     "မြို့တော်ထဲရောက်နေပြီပဲ အားလုံးရာဇပြောသွားသလိုပဲ အနားယူထားကြပါ မနက်ရောက်ဖို့လည်း သိပ်မလိုတော့ပါဘူး"
     သို့နှင့်သူတို့အားလုံး ထိုညကိုတိတ်ဆိတ်စွာပင် ဖြတ်ကျော်ခဲ့၏။ ညသည်ဘာအနှောင့်အယှက်မှမရှိ ကောင်းစွာပင်အိပ်စက်နိုင်ခဲ့သည်မှာ ထူးတော့ထူးဆန်းနေသည်။မနက်ရောက်တော့ စိမ်းကနိုးနိုးချင်းပင် အံ့သြသင့်စွာဆိုလိုက်၏။
     "မနေ့ညကဘာအိမ်မက်မှမမက်ဘူးဘဲ ထူးဆန်လိုက်တာ ဒီကျွန်းရောက်တည်းက ညတိုင်းအိပ်မက် မက်နေခဲ့တာ "
     "ဒါလည်းကောင်းတာပဲ နင်စိတ်မရူပ်ရတော့ဘူးပေါ့ စိမ်းရယ်"
      မို့စကားကမှန်နေသော်လည်း ဘာကြောင့်မှန်းမသိ စိမ်းဘဝင်မကျဖြစ်မိသည်။ သူတို့နိုးလာသည်နှင့်တွေ့လိုက်ရသည်က ....
     စားပွဲခုံပေါ်တွင် စားသောက်ဖွယ်ရာများက အဆင်သင့်ရှိနေသည်။ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူတို့ယူစားလိုက်၏။ ထိုခဏစိမ်းက
    "စေတန်ရော..."
     ထိုအခါမှသူတို့ သတိထားမိတော့၏။ ဟုတ်သည် စေတန်ကိုသူတို့မတွေ့မိပါ။ ကောင်းကင်က
    "သူ့ကိုနိုးလာကတည်းကမတွေ့မိဘူး အပြင်တွေများလျှောက်သွားနေသလား..."
     "ဒါမှမဟုတ်သူလည်း ပျောက်သွားပြန်သလား"
      မို့ကစိုးရိမ်စိတ်လေးဖြင့်ဆိုတော့ စိမ်းမျက်နှာပိုပျက်သွားပြီး
     "စေတန်က ဘာကိစ္စပျောက်ရမှာလဲ.."
     "ဒါပေမယ့်အသိမပေးဘဲ သူ့သဘောနဲ့သူတော့ လျှောက်သွားမယ်မထင်ဘူး"
      ကမ္ဘာကပါဝင်ပြောလိုက်သည်။ ထိုစဉ် အခန်းတံခါးဖွင့်ပြီး လူတစ်ယောက်ဝင်လာသဖြင့် သူတို့စကားပြတ်သွား၏။ မနေ့ညကတွေ့ခဲ့သော ရာဇဆိုသည့်လူ....
    "အစားအသောက်တွေကအရသာရှိရဲ့လား"
     "ကောင်းမွန်လှပါတယ် ရာဇ ဒါပေမယ့် ကျုပ်တို့လူတစ်ယောက်ပျောက်နေတယ် "
      ဦးလုံထန်းစကားကြောင့် ရာဇကငြိမ်သက်သွားရင်းမှ
    "ပျောက်နေတယ်ဟုတ်လား ဘယ်တုန်းကလဲ"
    "ဒီမနက်လေးတင်ပါ  နိုးလာတော့မတွေ့တော့ဘူး"
     စိမ်းကဝင်ဖြေလိုက်တော့ ရာဇသည်ခေါင်းရမ်းလိုက်ပြီး
     "မပျောက်ပါဘူး ခင်ဗျားတို့မနေ့ညကတည်းက ခုနှစ်ယောက်ပါပဲ "
     "ဗျာ..."
      မျှော်လင့်မထားသောစကားကြောင့် သူတို့အံ့သြတုန်လူပ်သွားရသည်။ ရာဇကထပ်ပြောလာသည်။
     "ဒီခုနှစ်ယောက်ပဲတွေ့ခဲ့တယ် ကျုပ်မမှားပါဘူး "
     "မဟုတ်တာ မနေ့ညကတည်းကစေတန်ရှိနေတယ်လေ စိမ်းတို့အတူတူဝင်လာခဲ့တာ အားလုံးပေါင်း ရှစ်ယောက်ပါ..."
    "မင်းလွဲနေပြီမိန်းကလေ ခန်းမဆောင်မှာကျုပ်တွေ့ခဲ့တာ အခုရှိနေတဲ့လူတွေပဲ ဘယ်သူမှမပျောက်ဘူး"
     ရာဇကတည်ငြိမ်စွာပင်ဆိုတော့ သူတို့ပို၍ အတွေးကျပ်သွားခဲ့ရသည်။ ကောင်းကင်ကဇဝေဇဝါပင်ဖြစ်သွားရင်း...
      "မနေ့ညကစေတန်ငါတို့နဲ့အတူရှိခဲ့တယ် မဟုတ်လား..."
     "အဲ့ဒါက...ဟုတ်မှာပါ.."
     ကမ္ဘာမရေမရာပင်ဖြေလိုက်သည်။ တကယ်က သူတို့ခေါင်းမှာပင်ဝေဝါးကုန်၏။ စေတန်ရှိနေခဲ့သည် မရှိဘူးဆိုတာ သေချာမပြောနိုင်အောင် စဉ်းစားမရဖြစ်သွားခဲ့သည်။ စိမ်းဘယ်လိုမှ လက်သင့်မခံနိုင်အောင်ဖြစ်သွားပြီး...
     "ဘာလို့စေတန်ကမရှိရမှာလဲ သူကငါ့တို့နဲ့ ရှိကိုရှိနေခဲ့တာ..."
     သို့သော်စိမ်းကိုယ်တိုင်က မနေ့ညကစေတန်ရှိနေလားဆိုတာကို မေ့နေခဲ့သည်။ သူတို့အားလုံးရဲ့စိတ်တွေ ဘာတွေဖြစ်နေခဲ့သလဲ။ ပြီးတော့စေတန်ကရော တကယ်ပျောက်နေခဲ့သလား ...
     "စိတ်မပူပါနဲ့ သူ့ကိုခင်ဗျားတို့ပြန်တွေ့ရမှာပါ ကျုပ်အထင် သူကလွန်ခဲ့တဲ့နှစ်သုံးရာလောက်က ပဒုမ္မာရီမြို့တော်ရဲ့ပြည့်ရှင်မင်းဖြစ်ခဲ့မယ် ထင်တယ်.."
     "ဗျာ..."
     "ရှင်..."
     "ပဒုမ္မာရီမြို့တော်ပျက်ဆီးပြီးနောက် သဘောင်တစ်ခုထွက်ပေါ်လာခဲ့တယ် နှစ်သုံးရာပြည့်တဲ့အခါမှာ ဘုရင်မင်းမြတ်ဟာ သူ့တိုင်းပြည်ကိုပြန်ရောက်လာမယ်တဲ့ မကျွတ်မလွတ်ပိတ်လှောင်နေတဲ့ သူ့ပြည်သူတွေဟာ သူ့ရဲ့ကယ်တင်ခြင်းကို ထိုအခါမှရရှိလိမ့်မယ်တဲ့ ဒါပေမယ့် ကြာဖြူရဲ့ကျိန်စာကို မဖျက်ဆီးနိုင်ခဲ့ရင် အရာအားလုံးပျက်ဆီးခြင်းတို့ ဖြစ်ကုန်လတ္တံတဲ့..."
     "ဟင်.."
     သူတို့အံ့သြလွန်းသဖြင့်မှင်သက်နေစဉ် ရာဇကဆက်ပြောတော့သည်။
     "ကျုပ်ထင်တာမမှားဘူးဆိုရင် အခုချိန်ခင်ဗျားတို့လူဟာ သူနဲ့သက်ဆိုင်တဲ့နေရာကိုရောက်နေပါပြီ မစိုးရိမ်ပါနဲ့ သူ့ပြည်သူပြည်သားတွေဟာ နှစ်သုံးရာတိတိ သူ့ကိုစောင့်စားနေခဲ့တာပါ"
     "စေတန်က ဒီနိုင်ငံရဲ့ဘုရင်ပြန်ဝင်စားတယ်ဆိုတာ ခင်ဗျားဘယ်လိုလုပ်အတိအကျပြောနိုင်ရသလဲ ခင်ဗျားသူ့ကိုမှမမြင်ဖူးသေးတာ.."
     ကောင်းကင်မယုံကြည်ဟန်ဖြင့်ဆိုလိုက်တော့ ရာဇသက်ပြင်းချလျက်နှင့်
     "သဘောင်စာမှာ ရှင်ဘုရင်ပြန်လည်ရောက်လာလတ္တံလို့ဆိုထားတဲ့ နက္ခတာရာနဲ့အချိန်ကဒီအချိန်ပဲ မောင်ရင် မနေ့ညကဘုရင်ရဲ့အုပ်ဂူဗိမ္မာန်တော်ဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် လူပ်ခါခဲ့တယ် ဝိညဉ်တွေရဲ့ထူးထူးဆန်းဆန်း ပျော်ရွှင်သံတွေပါကြားခဲ့ရတယ် သူတို့ဟာနှစ်သုံးရာလုံး ငိုကြွေးပြီးညည်းညူနေခဲ့တယ်လေ ဒါကြောင့်ရှင်ဘုရင်ဟာ မြို့တော်ကိုခြေချလိုက်ပြီလို့ ကျုပ်တို့ယုံကြည်ခဲ့တယ် ဒါပေမယ့်ကျုပ်မနေ့ညကတွေ့ခဲ့တာ ခင်ဗျားတို့ခုနှစ်ယောက်ပဲဖြစ်လို့ ခင်ဗျားတို့ထဲမှာ သူပါမလာဘူးလို့တွေးပြီး အံ့သြခဲ့သေးတယ် တကယ်လည်းသူရောက်နေခဲ့ပြီပဲ...."
     "ဒါဆိုရင် ဘာတွေဆက်ဖြစ်နိုင်မှာလဲ..."
     ကမ္ဘာကစိတ်ပူစွာဆိုတော့ ရာဇမဖြေပါ။ တစ်ယောက်ချင်းစီမျက်နှာကိုလိုက်ကြည့်ရင်း စိမ်းဆီအရောက်တွင်တော့ ရပ်တန့်သွားကာ....
    "သဘောင်မှာဆိုခဲ့သေးတာက ကြာဖြူမင်းသမီးရဲ့ကျိန်စာကြောင့် နောက်ထပ်အတူရောက်လာမယ့်သူကတော့ စိမ်းဒေဝီသျှင်မိဖုရားတဲ့ ..."
     "ဟင်...."
    "ပိုပြီးရှင်းရှင်းလင်းလင်းသိချင်ရင် ကျုပ်နောက်လိုက်ခဲ့ပါ ကျုပ်ခင်ဗျားတို့ကို ပြစရာရှိတယ် "
      ထိုမျှသာပြောပြီး ရာဇထွက်သွားတော့ သူတို့လည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ လိုက်လာခဲ့ လိုက်သည်။ အပြင်ရောက်တော့ မြင်ရသည့်မြင်ကွင်းက သူတို့အားလုံးကို မှင်သက်အံ့သြစေခဲ့၏။
       စက်ယန္တာရားအတတ်ပညာဖြင့် တည်ထားသော ရှေးကျလွန်းသည့်လက်ရာများနှင့် ခမ်းနားသော အဆောက်အဦးများ...
       ပြိုကျပျက်ဆီးနေသည့်တိုင် ကြီးကျယ်ခမ်းနားခဲ့သောလက်ရာများကို ထင်ရှားစွာပင်မြင်နေရသည်။ ဟောင်းနွမ်းဆွေးမြေ့နေသော အချို့အဆောက်အဦးများကာ နှမျောစရာကောင်းလွန်းလှ၏။
       မည်သို့ပင်ဖြစ်စေ တကယ်ကိုစနစ်တကျနှင့် ဆန်းကြယ်သောပညာရပ်ဖြင့်တည်ထားသော မြို့ကြီးကာ နှစ်ပေါင်းသုံးရာကြာမြင့်ခဲ့သည့်တိုင် ကြီးကျယ်ခမ်းနားနေဆဲ...
      ဟောင်းနွမ်းနေသည့်တိုင်ရှေးကျသော တန်ဖိုးအတိပြီးသောလက်ရာများနှင့် လှပနန်းဆန်နေဆဲ...
      ကျိန်စာဆိုးကြီးတစ်ခုကြောင့် နှစ်ပေါင်းရာကျော် ပင်လယ်တွင်းတိမ်မြှပ်ပျောက်ကွယ်ခဲ့ရသည်မှာ ရင်နာစရာကောင်းလွန်းလှပါသည်။ ဤလျှိုဝှက်သောပညာရပ်၊ ရှေးကျသောလက်ရာ၊ ခမ်းနားထည်ဝါသော အမွေအနစ်တို့သည် လူမသိသူမသိ ပျောက်ဆုံးနေခဲ့ရခြင်းသည်...
      ဘယ်လောက်မျာအသည်းနာဖို့ ကောင်းလိုက်လေခြင်းလဲ ...
      သူတို့အားလုံးအဆောက်အဦးတွေကိုငေးပြီး ရာဇခေါ်ရာနောက်လိုက်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်သည်အထိ လူသူအရိပ်အယောင်လုံးဝမတွေ့ရပါ...။
     "ဒီမှာ လူရောရှိသေးရဲ့လား.."
     နက်ရှိုင်းမနေသာဘဲမေးလိုက်တော့ ရာဇက လမ်းလျှောက်မပျက်ပင်...
     "ရှိပါတယ်.. သူတို့တွေကိုညအချိန်မှာပဲ မောင်ရင်ပိုတွေ့ရမှာပါ"
     "ညအချိန်... သူတို့ကလူတွေရောဟုတ်ရဲ့လား"
      "သိပ်ဟုတ်တာပေါ့.... ဒီမှာလူသားမျိုးနွယ်စုနှစ်စုရှိတယ် မြို့တော်ကြီးပျက်ဆီးသွားပြီးနောက် ကျန်ခဲ့တဲ့ အနည်းငယ်သောကြာဖြူမင်းသမီးရဲ့မျိုးနွယ်စု သူတို့တွေဟာကျိန်စာသင့်ခဲ့တာမို့ ဒီကျွန်းကြီးရဲ့ပြင်ပကို ထွက်လို့မရခဲ့ဘူး ဘိုးဘွားစဉ်ဆက်အဆက်ဆက် ဒီကျွန်းလေးကဒီမြို့ပျက်ကြီးမှာပဲ ဘယ်သူမှမသိတဲ့ ရှေးအကျဆုံးမျိုးနွယ်စုတစ်စုအဖြစ်ရှိနေခဲ့တယ် "
     "နောက်တစ်စုကရော..."
     "ကြာဖြူပုံပြင်ထဲပိတ်မိနေတဲ့ပြင်ပကမ္ဘာက လူသားမျိုးနွယ်တွေပေါ့ ပြန်ထွက်လို့မရခဲ့ဘူး "
      "ခင်ဗျားက ဒုတိယမျိုးနွယ်စုဖြစ်မယ်ထင်တယ်"
      ဒီစကားကိုဝင်ပြောလိုက်သူက ဈာန်။ ရာဇ အတန်ကြာအောင်တိတ်ဆိတ်သွား၏။ ထို့နောက်သက်ပြင်းချလိုက်ရင်း..
     "ကြာဖြူဒဏ္ဍာရီနောက် အရူးတပိုင်းလိုက်ပြီး ကံကြမ္မာဆိုးသင့်ခဲ့တဲ့လူတွေ.. သေသွားရင်တောင် ကျွတ်လွတ်ခွင့်မရခဲ့ဘူး သေခြင်းရှင်ခြင်းအနေနဲ့ရော ဘယ်သူမှလွတ်မြောက်ခွင့်မရခဲ့ဘူး.."
     "ကြောက်စရာကောင်းလိုက်တာဗျာ.."
      ကောင်းကင်က ရင်မောစွာပင်ဆိုမိ၏။ ထို့နောက်တော်တော်လေးကြာအောင် လျှောက်လာပြီးနောက် တစ်နေရာအရောက်တွင် ရာဇကခြေလှမ်းကိုရပ်လိုက်ပြီး
      "ဒါဘုရင်မင်းမြတ်ရဲ့ဂူဗိမ္မာန်တော်ပဲ..."
      ခမ်းနားထည်ဝါလွန်းသော ရှေးဟောင်းအဆောက်အဦးကို သူတို့အံ့သြမှင်သက်စွာပင် တမေ့တမော ငေးကြည့်မိပြန်သည်။ ရှေးကျသောလက်ရာများက အံ့မခန်းပင်။ အခုချိန်ထိဆွေးမြေ့ပျက်ဆီးခြင်းမရှိသော ဤအဆောက်အဦးကို တည်ထားသောပညာရပ်ကာ အင်မတန်အံ့သြဖွယ်ကောင်းလှပါသည်။
      "ကျုပ်သွားတဲ့အတိုင်း တသွေမတိမ်းလိုက်ခဲ့ပါ ဒီထဲမှာစက်ယန္တာရားအတတ်ပညာနဲ့ စီရီထားတဲ့ လျှို့ဝှက်ထောင်ချောက်တွေအများကြီးရှိတယ် ခြေလှမ်းတစ်ချက်မှားတာနဲ့ ခင်ဗျားတို့ အသက်ရှင်ဖို့မလွယ်ဘူး"
      ရာဇစကားကြောင့် သူတို့ပင်အထဲဝင်ရန် ကျောချမ်းသွားမိသည်။ ဂူဗိမ္မာန်တော် အဆောက်အဦးထဲဝင်တော့ အလိုလိုပင်အေးစိမ့်သွားတော့၏။ ကျဉ်းမြောင်းသည့်လှေကားထစ်အတိုင်း ဆင်းချလာပြီးနောက် ခလုတ်တစ်ခုပြီးတစ်ခု ရာဇနှိပ်ခဲ့ရသည်။ လမ်းတလျှောက် မီးတုတ်များထွန်းထားသဖြင့် အလင်းရောင်ကောင်းကောင်းရနေသည်။
       ဈာန်သည် ထူးဆန်းအံ့သြဖွယ်ကောင်းသည့်ပညာရပ်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသည့်အတွက် မချီးကျူးဘဲ မနေနိုင်တော့ရာ...
      "တော်တော်ပညာသားပါပါတည်ဆောက်ခဲ့တာပဲ ဒီလိုအတတ်ပညာမျိုးဟာ အခုခေတ်နည်းပညာနဲ့တောင် လိုက်လို့မီမယ်မထင်ဘူး ရှင်ဘုရင်ဟာ အင်မတန်လေးစားဖို့ကောင်းတဲ့ပညာရှင်ပါလား"
     "ဟုတ်တယ် ဒါတွေအားလုံးကို ရှင်ဘုရင်ကိုယ်တိုင်တည်ဆောက်ခဲ့တယ် သာမာန်လူဘယ်လိုမှမဝင်နိုင်သလို အသက်ရှင်လျက်လည်း ပြန်မထွက်နိုင်ဘူး "
      "ခင်ဗျားက ဒီလမ်းတွေကို အတော်ကျွမ်းကျင်တယ်နော် ဦးရာဇ"
     "ကျုပ်ဒီထဲကို သုံးခေါက်ထက်မနည်းရောက်ဖူးပြီးပြီ"
      ထို့နောက် သင်္ကေတပေါင်းစုံရှိသည့် ကြီးမားသောတံခါးရှေ့ရောက်တော့ ရာဇသည်ခလုတ်တစ်ခုကို နှိပ်လိုက်ပြန်၏။
      "ခလုတ်အနှိပ်မှားရင် နံရံမှာမြားပေါင်းစုံထွက်လာလိမ့်မယ်.. "
     "ဟင်...."
      "မစိုးရိမ်ပါနဲ့ ခင်ဗျားတို့ဆင်းလာတဲ့လမ်းတစ်လျှောက်မှာလည်း ဒီထက်ဆိုးတဲ့ထောင်ချောက်တွေ အများကြီးပါ "
     ပြောနေစဉ်မှာပင် တံခါးကြီးကာတုန်ခါလာပြီး တဖြည်းဖြည်းပွင့်သွားပြီးနောက်..
     "ကျုပ်ခြေနင်းတဲ့သင်္ကေတအတိုင်းလိုက်နင်းပါ လုံးဝမလွဲချော်စေပါနဲ့ မဟုတ်ရင်ခင်ဗျားတို့အသက် အာမမခံနိုင်ဘူး.."
      ဦးရာဇစကားကြောင့် လျှောက်နေသည့်ခြေထောက်ပင် ထုံထိုင်းကာတုန်ယင်သွားချင်သည်။ အတော်လေးကိုစိတ်လူပ်ရှားနေရာ ချွေးပြိုင်းပြိုင်းကျသည်အထိ စိတ်ထိန်းပြီး ကြမ်းခင်းကသင်္ကေတတွေကို သတိထားနင်းပြီး လျှောက်နေရ၏။
       သို့နှင့်လမ်းစင်္ကြန်အဆုံး ဘွားခနဲ့တွေ့ရသည်က ရွှေအတိပြီးသောကျယ်ဝန်းသော ခန်းမဆောင်ကြီးတစ်ခု...
       လိုဏ်ဂူလိုလိုခန်းမဆောင်ကြီးကာ အေးစိမ့်နေပြီး ဘာမှန်းမသိသောအငွေ့အသက်များက ကြက်သည်းထဖွယ်ကောင်းအောင် လွှမ်းခြုံနေ၏။ ထူးဆန်းသည်ကဒီအထဲတွင် မီးတုတ်များထွန်းမထားသော်လည်း လင်းဖြာနေသည်။ ရာဇကအခန်းထဲ တည်ငြိမ်စွာပင် လျှောက်သွားပြီး
      "ဒါဘုရင်ကြီးရုပ်ကလပ်တော်ထားတဲ့နေရာပဲ ဟော... ဟိုရေကန်လေးရဲ့အလယ်မှာရှိတဲ့ စိန်အတိနဲ့ဖန်သားကလပ်တော်မှာ ဘုရင်ကြီးရဲ့အလောင်းထားရှိခဲ့တယ်."
       သူတို့အခန်းတောင့်တွင်ပြုလုပ်ထားသော ရေကန်ကျယ်ကြီး၏အလယ်တွင်ရှိနေသည့် ခမ်းနားထည်ဝါးလွန်းသော ရုပ်ကလပ်တော်ဆိုသည်ကို အံ့သြစွာငေးကြည့်နေမိသည်။ ထူးဆန်းသည်က ရေကန်၏ရေကအမြှပ်တစီစီထနေသည်။
       "ဘုရင်ကြီးရုပ်ကလပ်တော်ရှိတဲ့နေရာကို ဘယ်သူမှမသွားနိုင်အောင်စီမံခဲ့တယ် အချို့သောရှေးမျိုးနွယ်စုရဲ့စကားအရဆို အဲ့ဒီ့ရုပ်ကလပ်တော်အတွင်းမှာ ဒီကျိန်စာကိုအဆုံးသတ်နိုင်မယ့် အရာရှိနေခဲ့တယ်တဲ့ ဘာမှန်းမသိပေမယ့် ဘယ်သူ့မှအဲ့ဒီကိုအရောက်မသွားနိုင်ခဲ့ဘူူး စွန့်စွန့်စားစားသွားဖို့ ကြိုးစားသူတိုင်း ဒီရေကန်ဟာသူတို့သင်္ချိုင်းဖြစ်ရတယ် ကျုပ်ကိုယ်တိုင်လည်းဒီနည်းလမ်းကို ရှာမတွေ့ခဲ့ဘူး.."
       စိမ်းသည်ဘာမှန်းမသိအောင် ရင်ထဲစို့နင့်နာကျင်လာမိ၏။ ရုပ်ကလပ်တော်ဆိုသည့်အရာကို ငေးကြည့်နေရင်းမှ
      "ရုပ်ကလပ်တော်ကိုသွားဖို့ ဘယ်သူမှနည်းလမ်းရှာမတွေ့နိုင်ဘူး ဒီနေရာကို ရှင်ဘုရင်က သူကိုယ်တော်ရဲ့အကောင်းဆုံးသော ယန္တားရားပညာရပ်ကိုအသုံးပြုခဲ့တာမို့ ဘုရင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသွားနိုင်ပါဘူး "
      "မိန်းကလေးပြောတာမှန်တယ် ဘုရင်ဟာသူသေအံ့မူးမူးအချိန်မှာ သူ့သေဆုံးရင်ထည့်သွင်းဖို့ စီမံထားတဲ့ဒီရုပ်ကလပ်အတွင်း ကိုယ်တိုင်ပဲသွားခဲ့တယ် ဒါကြောင့် ဘုရင့်ရုပ်ကလပ်တော်ဆီသွားဖို့ နည်းလမ်းဘယ်သူမှမသိခဲ့ဘူး"
     "ဘုရင်ဟာ ဒီဂူဗိမ္မာန်ကို ကြိုတင်စီမံခဲ့သလား"
      ကောင်းကင်စိတ်ဝင်စားစွာမေးလိုက်တော့ ရာဇ ခေါင်းတစ်ချက်ညိတ်ပြီး
     "ရှေးခေတ်ကဘုရင်တွေဟာ သူတို့ရဲ့ဂူဗိမ္မာန်တော်ကိုငယ်ရွယ်စဉ်မှာ ကြိုပြီးတည်ထားလေ့ရှိတယ် ဒါဟာဘုရင်ကိုဘုန်းတော်ရှည်စေတယ်ဆိုတဲ့ အယူအဆရှိစေခဲ့တယ် ဒါကြောင့်ရှင်ဘုရင်ဟာလည်း သူ့ဗိမ္မာန်တော်ကို သူ့ရဲ့ပညာရပ်နဲ့ဘယ်သူမှမဝင်နိုင်အောင် တည်ထားခဲ့တယ် ဘာလို့ဆိုတော့ဒီအထဲမှာ သူကျွမ်းကျင်တဲ့ စက်ယန္တာရားပညာရပ်တွေကို ကျမ်းပြုပြီးမြှပ်နှံထားလို့ပဲ..."
     "ဟင်...."
      ထိုအခါမှနံရံတောင့်တွင်ရှိသော ရှေးကျမ်းစာအများအပြားကို သူတို့သတိထားမိသွား၏။ ဈာန်သည် ထိုကျမ်းစာတို့ကို စိတ်လူပ်ရှားစွာပင်ငေးကြည့်နေမိသည်။
      ဒါဟာ... ရှင်ဘုရင်၏စက်ယန္တာရားပညာရပ်တွေ ပြုစုထားတဲ့ကျမ်းတွေတဲ့လား...
      သိပ်ကိုတန်ဖိုးကြီးတဲ့ရတနာတွေပါလား…..
      ရွှေငွေပစ္စည်းထက်ပိုတန်ဖိုးကြီးတဲ့ ရတနာသိုက်...
      သူထိုနေရာသို့လျှောက်သွားရန်ပြင်လိုက်စဉ် ရာဇက အထိတ်တလန့်တားမြစ်လိုက်သည်။
     "မသွားနဲ့မောင်ရင် ဒီအထဲမှာကိုယ့်သဘောနဲ့ကို ဘာကိုမှထိတွေ့ဖို့မကြိုးစားနဲ့ သိပ်အန္တာရယ်ကြီးတယ်"
      "တောင်းပန်ပါတယ် ကျွန်တော်စိတ်လူပ်ရှားသွားလို့ပါ"
      "ဒါနဲ့ခင်ဗျားက ဒီနေရာနဲ့ပတ်သက်ပြီး အတော်သိနေပြီပဲ ခင်ဗျားဒီပညာရပ်တွေမလေ့လာဘူးလား"
       ကမ္ဘာကသိလိုတာမေးလိုက်တော့ ရာဇခေါင်းခါရမ်းလိုက်ပြီး
      "သာမာန်လူတွေလေ့လာလို့မရအောင်စီမံထားတယ် မောင်ရင် ဒီပညာရပ်ဟာတန်းဖိုးကြီးသလို သိပ်အန္တာရယ်ကြီးတဲ့ပညာရပ်လည်းဟုတ်တယ် ကောင်းမွန်တဲ့နေရာကို အသုံးမချတတ်တဲ့လူတွေလက်ထဲ ရောက်သွားရင် လူသားတွေအတွက်ကြီးမားတဲ့ စစ်ပွဲတွေဖြစ်ထွန်းစေပြီး ပျက်ဆီးခြင်းတွေ ဆောင်ကျဉ်လိမ့်မယ် ဒါကြောင့်ဘုရင်မင်းမြတ်ဟာ ဒီပညာရပ်တွေကို သူ့ဂူဗိမ္မာန်မှာဂူသွင်းမြှပ်နှံခဲ့တယ် ကျုပ်တောင်ကံကောင်းထောက်မစွာနဲ့ ဒီဂူဗိမ္မာန်ထဲဝင်နိုင်မယ့် လမ်းကြောင်းကိုသိခဲ့တာပါ..."
      "ခင်ဗျားပဒုမ္မာရီမြို့တော်နဲ့ပတ်သတ်ပြီး အကုန်နီးပါးသိနေခဲ့ပြီပဲ ဦးရာဇ.."
      "ဟုတ်တယ်မောင်ရင် ကျုပ်ဒီနေရာမှာပိတ်မိနေတဲ့ နှစ်ပေါင်း၂၀အတွင်းမှာ ကျုပ်အများကြီးလေ့လာခဲ့တယ် သိခဲ့ပေမယ့် တချို့အရာတော်တော်များများလည်း မသိနိုင်ခဲ့သေးဘူး"
      နက်ရှိုင်းအမေးကို ရာဇကလေးပင့်စွာပင်ဖြေလိုက်၏။ ဦးလုံထန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး
      "မင်းဘာလို့ ဒီနှစ်တွေမှာထွက်ပြေးဖို့မကြိုးစားသလဲရာဇ မြို့တော်ရဲ့ဝင်လမ်းထွက်လမ်းတွေ အကုန်လုံးမင်းသိနေခဲ့ပြီပဲ... ဘာလို့ခုထိဒီမှာဆက်နေသေးသလဲ.."
        "ကျုပ်ပြေးလည်းမလွတ်ဘူးလေ ဘာလို့အမောခံပြီးပြေးမှာလဲ..."
        ရာဇအသံကပုံမှန်မဟုတ်တော့ပါ။ အဖျားခတ်တုန်ခါနေသဖြင့် သူတို့စိတ်မကောင်းဖြစ်မိရသည်။ ဈာန် ဦးနှောက်ထဲတွင် အတွေးတစ်ခုသည် ဖျတ်ခနဲ့ဝင်ရောက်လာပြီး
      "ခင်ဗျား ခင်ဗျားက ပုံပြင်ခရီးသည်နေကြယ်လား."
       ရာဇ၏ကိုယ်သည်ဆတ်ခနဲ့တုန်သွား၏။ သူ့ဆီအကြည့်ရောက်လာသော်လည်း ဘာမှမတုန့်ပြန်။ ရာဇ တုန်လူပ်နေသလား... မျက်နှာဖုံးစွပ်ထားသဖြင့် သူဘာခံစားနေရမှန်း ဈာန်မခန့်မှန်းနိုင်ပါ။
      ဈာန်သူ့ကို ခေါင်းတစ်ချက်ညိတ်ပြပြီး..
      "ကျွန်တော်က ဆရာကြီးဦးသုနိုင်ရဲ့တပည့်တစ်ယောက်ပါပဲ ခင်ဗျားသူ့ကို့သိတယ်မဟုတ်လား..."
      "ဦးသု...နိုင်.."
     "ရှေးဟောင်းပညာရပ်မှာ အကျွမ်းကျင်ဆုံးပညာရှင်တစ်ယောက်ပေါ့ ကျွန်တော်သိရသလောက်တော့
နေကြယ်ဟာဆရာကြီးရဲ့အချစ်ဆုံးတပည့်ဖြစ်ခဲ့တယ် ဒါပေမယ့်ကြာဖြူပုံပြင်နောက်လိုက်ပြီး သူပျောက်ဆုံးခဲ့တာ နှစ်၂၀ကျော်ပြီ.. "
     ရာဇသည် လေးပင့်စွာသက်ပြင်းချလိုက်၏။ အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားရင်းမှ
     "ဟုတ်တယ်... ကျုပ်ကပုံပြင်ခရီးသည်နေကြယ်ပဲ"
     "ဟင်...."
     "ဒီဒဏ္ဍာရီနောက် ရူးသွပ်စွဲလမ်းစွာလိုက်ခဲ့တယ် ပဒုမ္မာရီမြို့တော်ကိုလည်းရှာတွေ့ခဲ့တယ် ကမ္ဘာကိုချပြမယ်ဆိုတဲ့ ကျုပ်စိတ်ကူးတွေဟာ သိပ်ကလေးဆန်ခဲ့မှန်းသိလိုက်ရတဲ့အချိန်ဟာ သိပ်နောက်ကျသွားပြီး ကျုပ်ဘာတွေပေးဆပ်လိုက်ရတယ်ထင်လဲ ဘဝတစ်ခုလုံးပါပဲ သေသွားရင်တောင်ပိုကောင်းတဲ့ဘဝမှာ မသေနိုင်ဘဲ ရှင်လျက်နဲ့ဒုက္ခတွေခဲ့ရတယ်.."
      ရာဇသည်ဝမ်းနည်းနာကျင်နေပုံရ၏။ သူ့အသံသည် တုန်ရီအက်ရှနေ၏။ ဈာန်စိတ်မကောင်းစွာဖြင့်...
     "ခင်ဗျားအသက်ရှင်လျက်ရှိနေသေးတာ ဆရာကြီးသိရင်သိပ်ဝမ်းသာမှာဦးနေကြယ် အပြန်မှာခင်ဗျားကျုပ်တို့နဲ့လိုက်ခဲ့ပါဗျာ.."
     "ကျုပ်လိုက်လို့မရဘူး ဒီကနေထွက်သွားလို့မရဘူး"
     "ဘာဖြစ်လို့လဲ...ဗျာ"
      ရာဇခေါ်နေကြယ်သည် တစ်ချိန်လုံးစွပ်ထားသည့်မျက်နှာဖုံးကို ဖယ်ချလိုက်လေရာ...
      "ဟာ...."
      "ဟင်...."
      "အို...."
       သူတို့အားလုံး အလွန်တရာ သွေးပျက်တုန်လူပ်သွား၏။ ရာဇ၏မျက်နှာသည် လူသားတစ်ယောက်၏ မျက်နှာမဟုတ်ပါ။ ီတိရစ္ဆာန်တစ်ကောင်၏မျက်နှာဖြစ်နေသည်ကို ကြောက်စရာကောင်းလောက်အောင် တွေ့လိုက်ရ၏။ လူအဖြစ်ဟူ၍ မျက်လုံးနှင့်နူတ်ခမ်းသာကျန်ခဲ့သည်။ ရာဇသည်မျက်နှာဖုံးကို ပြန်စွပ်လိုက်ပြီး မချိမရိဟန်နှင့်
     "ဒါကျုပ်ရခဲ့တဲ့ကျိန်စာနဲ့ပြစ်ဒဏ်ပဲ ဒီမှာရှိတဲ့မျက်နှာဖုံးနဲ့လူတိုင်းဟာ တိရစ္ဆာန်မျက်နှာတွေနဲ့ လူသားစစ်စစ်တွေပဲ ဒီဝဋ်ကြွေးတွေကြောင့်ကျုပ်တို့အားလုံးဟာ ထွက်မပြေးခဲ့ဘူး အပြင်လောကမှာ ရှင်သန်လို့မရတော့ဘူး ကျုပ်တို့တွေဟာ မကောင်းဆိုးဝါးဖြစ်နေခဲ့ပြီ.."
     "စိတ်မကောင်းလိုက်တာဗျာ.."
      "ရှင်လျက်နဲ့သေနေတဲ့ဘဝတွေဟာ ပိုနာကျင်ရတယ်မောင်ရင် ကျုပ်တို့မှာသေချင်တိုင်းလည်း သေခွင့်မရှိခဲ့ဘူး ကျုပ်ရဲ့ရူးသွပ်မူကြောင့် နေကြယ်ဆိုတဲ့ဘဝနဲ့ စည်းစိမ်းတွေ မိသားစုတွေအားလုံး စွန့်လွတ်ခဲ့ရတယ် ကျုပ်ကနေကြယ်မဟုတ်တော့ဘူး ဒီမြို့မှာကျိန်စာသင့်ပြီး သေဖို့အရေးကြိုးစားနေရတဲ့ ရာဇပဲ.."
       "ဘုရားရေ ကြောက်စရာကောင်းလိုက်တဲ့ ကျိန်စာပါလား.."
      မို့အထိတ်တလန့်ပင် ရေရွတ်လိုက်၏။ ရာဇကနာကျဉ်းဟန်ဖြင့် ခပ်အက်အက်ရယ်လိုက်ပြီး
     "ဒီထက်ကြောက်စရာကောင်းတဲ့အရာတွေ ရှိနေသေးတယ်.."
     ပြောပြီး ရာဇကတစ်နေရာသို့ လျှောက်သွားလိုက်၏။ ထို့နောက်ရှေးဟောင်း ကျောက်စာတစ်ခုရှေ့ရပ်လိုက်ရင်း
     "ဒါကမျိုးနွယ်စုခေါင်းဆောင်ရေးခဲ့တဲ့ သဘောင်စာပဲ"
     "ဟင်..."
     "ဒီစာကိုဖတ်နိုင်ဖို့ ကျုပ်ခုနှစ်နှစ်ကျော်လေ့လာခဲ့ရတယ်.."
     "ဘာတွေရေးထားသလဲ.."
      စိမ်းစိတ်လူပ်ရှားစွာမေးလိုက်၏။ သူတို့အားလုံးလည်း စိတ်ဝင်စားစွာပင်နားစွင့်နေမိသည်။ ရာဇသည် သဘောင်စာကိုစိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ခုကို ခက်ခက်ခဲခဲချလိုက်ပြန်ပြီး
    "ဤမြို့တော်ပျက်ဆီးခြင်းနှင့်အတူ သဘောင်တစ်ခုထွက်ပေါ်ခဲ့လေသည် နှစ်ပေါင်းသုံးရာအကြာတွင် ကောင်းကင်တွင် ဤမြို့တော်စတည်သည့်နက္ခတ်နှင့်တူညီစွာ တစ်ထပ်တည်းပြန်လည်ဖြစ်ထွန်းလတ္တံ့ ထိုအခါ ကြာဖြူမင်းသမီး၏ကျိန်စာသည်လည်း နိုးထလာမည်... ကောင်းကင်တစ်ခွင်တွင်ညှို့မိူင်းနေမည် အရာအားလုံးသည် ပျက်ဆီးခြင်းသဘောသို့ဆောင်လတ္တံ့ ဤနေရာသို့ မင်းနှင့်မိဖုရားငယ်သည် ပြန်လည်ရောက်ရှိလာမည်.. သို့တိုင်ထိုပျက်ဆီးခြင်းများကိုသာ ကြည့်မြင်ရမည်.. ကျိန်စာကြောင့် ဤမြို့တော်သည်အပြီးတိုင်ပြိုကျပျက်ဆီးပြီး ဤကျွန်းကြီးသည်လည်း ရေအောက်ပင်လယ်တွင်းသို့ ထာဝရမြှပ်နှံသွားမည် သတ္တဝါအားလုံးသေကြေပျက်ဆီးခြင်း ဖြစ်လတ္တံမည်.. အနီးဝန်းကျင်ရှိ မိုင်ထောင်ချီထိကျွန်းပေါင်းများစွာ မြှပ်နှံပျက်ဆီးသွားမည် မကျွတ်လွတ်နိုင်သောသတ္တဝါတို့သည် ရေအောက်တွင် ထာဝရပိတ်လှောင်ကာ ငိုကြွေးနေရလတ္တံ ဤကျိန်စာဆိုးကို အဘယ်သူသည် တားဆီးနိုင်အံ့မည်နည်း ပင်လယ်သည်သင်တို့အားလုံးဟာ ရေအောက်တွင်းသို့ ထာဝရခေါ်ဆောင်သွားစေမည်..."
     ရာဇစကားအဆုံးသူတို့အားလုံး တုန်လူပ်ခြောက်ခြား သွားရသည်။ စိမ်းသည်ကြောက်ရွံ့တုန်လူပ်စွာဖြင့်
     "ဘုရားရေ... ဒါတွေကတကယ်ဖြစ်လာတော့မှာပါလား ဘုရား ဘုရား."
     "ဒါဆိုရင်ဘာတွေဖြစ်ကုန်မှာလဲ ကျွန်တော်တို့ရော.."
     ကောင်းကင်သွေးပျက်စွာပင်ဆိုလိုက်၏။ ဒဏ္ဍရီသည်မယုံကြည်စရာကောင်းသော ကြောက်မက်ဖွယ်ပျက်ဆီးခြင်းတွေအပြည့်နှင့်။
     "ဘာဖြစ်လို့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကျိန်စာဖြစ်လာရသလဲ ဘာဖြစ်လို့များ ကြာဖြူမင်းသမီးရဲ့ကျိန်စာဟာ ဒီလောက်ထိဆိုးဝါးခဲ့ရသလဲ.."
     "သိပ်ကိုဆိုးဝါးပြင်းထန်တဲ့အဖြစ်ဆိုးတစ်ခု ဒီနိုင်ငံတော်မှာဖြစ်ပွားခဲ့လို့ပေါ့ မောင်ရင်"
     ဈာန်အမေးကို ရာဇကခြောက်သွေ့စွာပင် ဖြေလိုက်သည်။ ငြိမ်သက်တိတ်ဆိတ်နေခဲ့သော နက်ရှိုင်းက..
     "ဘာတွေဖြစ်ခဲ့သလဲ..."
     "လွန်ခဲ့တဲ့နှစ်သုံးရာက ကြာဖြူဒဏ္ဍာရီဟာ သိပ်ကြွေကွဲစရာကောင်းပြီး ရင်နာစရာကောင်းခဲ့တယ် အဲ့ဒီဖြစ်ရပ်ဆိုးကြောင့် ဒီကျိန်စာဆိုးကြီးဖြစ်လာခဲ့တာပဲ.."
     ထို့နောက်ရာဇသည်သူတို့အားလုံးကို ဝေ့ကြည့်ပြီး
    "ခင်ဗျားတို့အားလုံးဟာ ဒီရောက်လာခဲ့ပြီပဲ ဒါကိုသိထားဖို့လိုအပ်ပြီ ဟောဟိုးက ကျောက်ဖျာပေါ်အားလုံးသွားလဲအိပ်ကြပါ.. ခင်ဗျားတို့ဒီကျိန်စာတွေရဲ့အစ ပုံပြင်မဟုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ရင်နင့်စရာ မင်းသမီးတစ်ယောက်ရဲ့ အကြောင်းသိလာရလိမ့်မယ်.."
     သူတို့ဘာမေးခွန်းမှမထုတ်မိတော့ဘဲ ရာဇပြသည့်ကျောက်ဖျာတန်းတစ်ခုပေါ် လဲအိပ်လိုက်သည့်အခါတွင် ရာဇက
     "မျက်လုံးတွေမှိတ်ထားကြပါ .. ပြီးတော့စိတ်ထဲဘာမှမတွေးနဲ့ စိတ်ကိုလွတ်ထားပါ ဝင်လေထွက်လေပဲ ရူမှတ်ပါ ခင်ဗျားတို့ကို လွန်ခဲ့တဲ့နှစ်သုံးရာဆီခေါ်သွားလိမ့်မယ်.."
     "အိပ်မက်တစ်ခုထဲရောက်သွားလိမ့်မယ်... ကြာဖြူမင်းသမီးရဲ့ဒဏ္ဍရီထဲ သင်တို့စိတ်တွေနစ်မြောသွားလိမ့်မယ် မျက်ရည်တွေသွေးတွေ ငိုသံတွေ ညည်းညူသံတွေ သင်တို့ကြားလာလိမ့်မယ်..."
     သူတို့ရာဇညွှန်ကြားသည့်အတိုင်း လိုက်လုပ်ပြီး မကြာခင်မှာပင်အိပ်ချင်လာ၏။ စိတ်တွေဝေဝါးကာ အသိတရားတို့ ထုံကျင်လာသည်။
     မြူခိုးလိုလိုအငွေ့တွေမြင်ယောင်လာပြီး အားလုံးရလိုက်သည်က ထုံအီသင်းပျံ့သောကြာပန်းရနံ့နှင့်အတူ သင်းခနဲ့ရလိုက်သည်က ထူးခြားသော ရနံ့ပြင်းပြင်းတစ်ခု..
     ထို့နောက်စိတ်တွေလွင့်ခနဲ့ နစ်မျောသွားပြီးနောက်..
     ဟိုး...လွန်လေခဲ့သော နှစ်သုံးရာဆီသို့.......
     လွင့်ပျံသွားရင်းနှင့်......

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now