"တကယ်ပြောနေတာလား တမှူး"

"ငါ ဘယ်တုန်းကနောက်ဖူးလို့လဲ"

"What? ...Oh My God... နယုန်ရေ...ငါတို့ သင်္ဘောကြီးက ငါတို့တောင် ဘာမှမစပေးရသေးဘူး သူ့ဘာသူရွက်လွှင့်သွားပြီဟ"

နယုန်က မျက်လုံးပြူးကာ ကြောင်တောင်တောင်ကြည့်နေတုန်း။

"အား....."

ရုတ်တရတ်ထအော်သည့် နယုန့်ကြောင့် တစ်ခန်းလုံးက ဘာလဲဟု အလန့်တကြားလှည့်ကြည့်လာကြသည်။ ဝသုန်နှင့် တမှူးတောင် ထိုင်နေရာမှ ဖင်ကြွသွားသည်အထိ လန့်ဖျပ်သွားသည်။

"တမှူး...တကယ်...တကယ်ကြီးပေါ့၊ ငါ့သူငယ်ချင်းလေးက တကယ်ကြီး ဘဲရသွားပြီပေါ့၊ ပြီးတော့ အဲ့ဒီလူက ငါတို့ ship နေတဲ့လူ၊ အိုး...ဝသုန်ရယ်...ငါ့ကို ဆွဲထားစမ်းပါဟဲ့၊ လူက ပျော်လွန်းလို့ မိုးပေါ်တောင်တက်တော့မယ်"

နယုန့်ကိုကြည့်၍ တမှူး ပြုံးကာ ခေါင်းခါလိုက်မိသည်။ ဒီလို သူငယ်ချင်းမလေးနှစ်ဦးကို ပိုင်ဆိုင်ထားတာ တမှူး သိပ်ကံကောင်းသည်။

"တမှူးရယ်...ပြောပြစမ်းပါဦး၊ ဘယ်တုန်းကလဲ၊ နင်ငါတို့ကို လျှိုတယ်ဟာ၊ ဘယ်ကတည်းက ​အခြေအနေတွေတိုးတက်သွားတာလဲ၊ နောက်ပြီး စီနီယာနေရင့်ရောင်က အဖြောင့်မဟုတ်ဘူးပေါ့၊ အမလေး...ငါလက်တွေတောင် တုန်တယ်...ကြည့်စမ်း ကြည့်စမ်း"

နယုန့်ကိုကြည့်၍ တမှူးတောင် ဓာတ်လိုက်ချင်သလိုဖြစ်လာသည်။

"တော်တော့ နယုန်၊ အကျယ်ကြီးတွေ အော်မနေနဲ့၊ နင်တို့ မရှက်ပေမယ့် ငါရှက်တယ်"

ပြောရင်း ခုံကိုမှီကာ မျက်ဝန်းတို့ကို မှေးမှိတ်လိုက်သည်။ အခုရက်ပိုင်း စိတ်ထဲ တသိမ့်သိမ့်ကြည်နူးနေကာ လူက ငြိမ်ငြိမ်သက်သက်ပဲနေချင်သည်။

"ဟဲ့ တမှူး ပြောပြဦးလေ၊ ဘယ်တုန်းကလဲ၊ ဘယ်လိုကြိုက်သွားတာလဲ၊ စီနီယာနေရင့်ရောင်က နင့်ကို ဘယ်လိုဖွင့်ပြောတာလဲ၊ နင်ကရော ဘယ်လို အဖြေပြန်ပေးလိုက်တာလဲ...ဟမ်...ဟမ်လို့"

တမှူး မချိုမချဥ်ပြုံးကာ မသိချင်ယောင်ပဲဆောင်နေလိုက်သည်။ ကလေးမတွေ တကယ်ခက်တယ်။ ယောက်ျားလေးနှစ်ယောက်အကြောင်းလည်း ခရေစေ့တွင်းကျလိုက်သိချင်နေကြတယ်။

I ADORE YOU. (COMPLETED)Where stories live. Discover now