"ညီသွေး ဖုန်းမကိုင်ဘူး "

ဘေးက စိုင်တိမ်အသံကိုကြားမှ တတီတီမြည်နေသော ဖုန်းသံကို သတိထားမိပြီး ကိုယ်တိုင် ထပ်ခေါ်သည်။ သို့သော် သုံးလေးကြိမ်မက ဆက်တိုက်ခေါ်နေသော်လည်း တစ်ဖက်မှ ဖြေကြားခြင်းမရှိ။နောက်ဆုံး စက်ပိတ်ထားပါတယ်ဆိုသော မိန်းကလေး တစ်ဦးရဲ့အသံမှာ ပူပန်မှုတို့ပိုတိုးလာသည်။

"Meeting Room ထဲရောက်နေလို့ ထင်တယ် ။ မခေါ်နဲ့တော့ ကိုယ်တို့ ရောက်တော့မှာပဲ"

မဟုတ်ဘူး။ ဘယ်လောက်အရေးကြီးနေပါစေ ကျွန်တော့် ဖုန်းကို မကိုင်မယ့် သူမျိုးမှမဟုတ်တာ။ သူတစ်ခုခုများ ဖြစ်နေလားဆိုတဲ့စိတ်က ရင်ကို အတိုင်းအဆမဲ့ ပူလောင်လာသည်။

ထို့အပြင် ဤအပူမီးကို လောင်စာထပ်ဖြည့်လိုက်တာက ကုမ္ပဏီမှာမရှိဘဲ ဆောက်လုပ်ရေးပိုင်းမှာရောက်နေတယ်ဆိုတဲ့ သူ့တပည့် ဇော်မျိုးနိုင်ရဲ့စကားပင်။ ချက်ချင်းပဲ ထိုနေရာကို ထပ်လိုက်သွားတော့ ဆူညံနေသော လူအုပ်ကြီးက အရှေ့မှာ ဆီးကြိုလျက်။

ကားပေါ်က ပြေးဆင်းတော့ မြင်လိုက်ရတဲ့မြင်ကွင်းဟာ ရင်ဝကို စောင့်ကန်လိုက်သကဲ့သို့ စိုင်းခန့် နေရာမှတင် ကြက်သေသေသွားရသည်။ လမ်းမ ဘက်သို့အော်ဟစ်ကာပြေးလာနေတဲ့ လူအုပ်ကြီးနဲ့ အတူ ခြေထောက်အောက်က လှုပ်ခတ်နေသော မြေသားများ။ကြည့်နေရင်းမှပဲ ကျယ်လောင်တဲ့ အသံကြီးတစ်ခုထွက်ပေါ်လာပြီး တစ်ဝက်မြေထဲမြုပ်လျက်ဆောက်လုပ်ဆဲ အဆောက်အဦးတွေပေါ်သို့ အနီရောင် မြေသားများ ထပ်မံဖုံးလွှမ်းသွားလေတော့သည်။

"မဖြစ်ဘူး !!! အစ်ကို !!"

"စိုင်းခန့်... မသွားနဲ့ "

တိမ်စိုင်တားနေရင်းပဲ မြေပြိုတဲ့နေရာမှဖုန့်မှုန်လုံးတွေ ရောက်လာပြီး အနောက်သို့ ယိုင်လဲကုန်ကြသည်။လမ်းမပေါ် လွင့်သွားတဲ့ အရှိန်နဲ့ မွန်းကြပ်နေသော လေထုကြောင့် အားနည်းနေသော ခန္ဓာကိုယ်ဟာ အသိစိတ်တို့ တစ်ဖန်မေ့မြောသွားပြန်လေသည်။

.....................

"ဒီမှာ တစ်ယောက်ကျန်သေးတယ် "

ပွေ့ချီကာ အော်ခေါ်လိုက်သော လူတစ်ယောက်ရဲ့အသံ။ မျက်လုံးထဲက သဲမုန်တွေကို လက်နဲ့ ပွတ်ဆွဲလိုက်ပြီး ထိုလူထံက​နေ ရုန်းထွက်ကာ ထလိုက်သည်။

သူကိုရှာရမယ် ။ ဘယ်မှာလဲ အစ်ကို ဘာမှမဖြစ်ဘူးဆိုတာကို ကျွန်တော့် ရှေ့ ရောက်လာပြီး ပြောပေးပါ။

ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်က ထင်သလောက် ခရီးမရောက် မြေသားစိုင်တွေ ဖုံးလွမ်းသွားသော နေရာကိုသာ တရွေ့ရွေ့သွားနေမိသည်။ ထိုအချိန် အနောက်မှ တားမြစ်သံတစ်ခု

"စိုင်းခန့် အဲ့နားကိုမသွားနဲ့ အန္တရာယ်ရှိတယ် "

"......."

"ဆရာ့ကို ငါတို့ ရအောင် ရှာပေးမယ် "

ဆရာဆိုတဲ့ အသံကြားမှ လှည့်ကြည့်လိုက်တော့ စောစောက စိုင်းခန့်ကို ပွေ့ချီထားတဲ့သူဟာ ကျော်ကျော်ဖြစ်နေသည်။ချက်ချင်းပဲ နောက်ပြန်လှည့်ကာ ထိုလူရဲ့ ကော်လံကိုဆွဲလိုက်ပြီး

"သူဘယ်မှာလဲ !! ခင်ဗျားကတော့ ဒီရောက်နေပြီး သူ့ကိုရှာပေးမယ်ဆိုတဲ့ စကားက ဘာလဲ!! "

စိုင်းခန့်ရဲ့အော်မေးသံကို မျက်နှာမကောင်းစွာခေါင်းငုံ့လျက်။

"ဆောက်လုပ်ရေးပိုင်းက မြေပြိုမှုဖြစ်လို့ ဆရာကို လှမ်းခေါ်လိုက်တာ။ ဒီနေရာမှာ ထပ်ပြီး ပြိုနိုင်တယ်လို့ပြောတာကို ဆရာက သူကိုယ်တိုင် ကြီးကြပ်ရမယ်ဆိုပြီး ဒီနေ့ရော ထပ်လာလိုက်တာ စောစောကတင်.... "

"......"

"မြေမပြိုခင် ခုဏလေးတင်မှ Hollow Pipe တွေစစ်မယ် ဆိုပြီး ဝင်သွားတာ။ အခု ကယ်ဆယ်ရေးတွေ ဖော်နေတုန်းပဲ ဆရာ့ကို မတွေ့သေးဘူး"

စကားဆုံးတာနဲ့ တားချိန်တောင်မရလိုက်ဘဲ ယိုင်တိုင်တိုင်နဲ့ပြေးသွားသော စိုင်းခန့်က ခန္ဓာကိုယ်ထက် စိတ်က ပိုမာနေသည်။ထို့ကြောင့်မြေမှုန်ရိုက်ခတ်မှုကြောင့် မေ့နေဆဲ တိမ်စိုင်ကို ကယ်ဆယ်ရေးအဖွဲ့ထဲ အပ်ပြီး ကျော်ကျော်လည်း ထိုကောင်လေးနောက် ပြေးလိုက်သွားလေ၏။

........

သစ္စာတည်၍ အမျက်တော်ပြေ S2Nơi câu chuyện tồn tại. Hãy khám phá bây giờ