သို့သော်လည်း ခန့်မင်းနောင်၏ခရီးစဥ်မှာ မထင်မှတ်ဘဲ ရက်ပိုရှည်သွားခဲ့သည်။ ခန့်မင်းနောင်သည် အိမ်ကိုဖုန်းဆက်ပြီး ရဝေချမ်းကိုအကျိုးအကြောင်းပြောပြပေးရန်ပြောသော်လည်း သူ၏အဖေနှင့်အမေက အပြန်မှသာရှင်းရန်ပြောကြသည်။

ရဝေချမ်းနှင့်လည်း ဖုန်းပြောခွင့်မရရှာသော ခန့်မင်းနောင်ခမျာ အိမ်နှင့်ဖုန်းပြောပြီးတိုင်း စိတ်ပျက်လက်ပျက်ဖြင့် လက်မှိုင်ချလာရသည်သာ။ ဇေယျာချမ်းကို ဖုန်းခေါ်ကြည့်ပြန်တော့လည်း ထိုသကောင့်သားလေးက ရဝေချမ်းနှင့်ပေးမပြောချေ။ သူကလည်း ပြန်ရောက်မှရှင်းပြရန်သာ ပြောပြန်သည်။

ခန့်မင်းနောင်မှာ သူတို့အားလုံးပေါင်း၍ ညစ်နေကြသည်ဟုပင် ထင်လာမိသည်။ ထို့ကြောင့် အကျိုးမရှိသည့်အားထုတ်မှုများကို မေ့ထားလိုက်ပြီး လုပ်စရာများကို အမြန်အပြီးသတ်၍ အမြန်ပြန်ရန်သာ အာရုံရတော့သည်။ လွမ်းရသည့်ဝေဒနာထဲမှာ စိတ်ရှုပ်မှုများပါ ထည့်ပေါင်းလိုက်လေသောအခါ ခန့်မင်းနောင်မှာ စိတ်သွားတိုင်းကိုယ်ပါဖို့ ခက်ခဲရလေသည်။

လွမ်းတယ်ဆိုတာထက်ကိုပိုပါတယ်
ကမ္ဘာပေါ်မှာလူတန်းစားဘယ်နှမျိုးရှိရှိ
မင်းနဲ့မင်းမဟုတ်တဲ့လူရယ်လို့ပဲ ကွာပါတယ်
အနားမှာဘယ်သူတွေဘယ်လောက်ပဲများပြားနေပါစေ
မင်းကိုသာ တမ်းတပါတယ်

ခန့်မင်းနောင်

**********

နှစ်ရက်ဟုခန့်မှန်းထားသောခရီးက တစ်ပတ်ကျော်မျှ ကြာသွားသည့်အခါတွင်တော့ ခန့်မင်းနောင်မှာ အလွမ်းဆိပ်တက်နေလေပြီ။ တစ်ပတ်ဆိုသောအချိန် မြန်မြန်ကုန်သွားဖို့ကိုလည်း အလွန်တရာစိတ်ရှည်သည်းခံရင်း စောင့်ဆိုင်းခဲ့ရသေးသည်။

ခန့်မင်းနောင်မှာ ရဝေချမ်းထံမှချစ်တုံ့ပြန်စကားကိုကြားရဖို့ မလိုအပ်ဘဲ ရက်များရှည်ကြာခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကိုယ်စိတ်တိုမိသည်။ ထို့ကြောင့် အလုပ်များပြီးစီးသည်နှင့် ဘာကိုမှဂရုမစိုက်တော့ဘဲ ချက်ချင်းအပြေးပြန်ခဲ့ခြင်းပင်။

ရွာအဝင်လမ်းထိပ်မှစ၍ လမ်းလျှောက်လာရသည်မှာ တမျှော်တခေါ်ဆိုသော်လည်း ခန့်မင်းနောင်မှာမမောပန်းနိုင်ပေ။ အိမ်ပြန်ရောက်တော့မည်ဆိုကာမှ သတိရမိသည်မှာ ယနေ့ပြန်ရောက်မည့်အကြောင်းကို အဖေနှင့်အမေကိုလည်း အသိမပေးမိပေ။ ရုတ်တရက်ရောက်လာခြင်းကြောင့် သူတို့အားလုံး အနည်းတော့အံ့သြသွားကြပေလိမ့်မည်။

Falling In Love With the Most Admired PersonWhere stories live. Discover now