"ဪ သား၊ မားကို ကျန့်ကျန့်တို့အိမ်ဘက်ကနေ လှည့်ပို့ပေးပါ၊ မားကို အဲဒီမှာချထားခဲ့ပေါ့၊ ပြီးမှ သားသွားစရာရှိတာသွား အပြန်မှဝင်ကြိုပေါ့"
"ဟုတ်ကဲ့ မား"
သူ မား၏အစီအစဉ်ကို အလွယ်တကူပင် လက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ကျန့်ကျန့်ကို တစ်ယောက်တည်းထားရတာ စိတ်မချ။
ရှောင်ကျန့်တို့ခြံရှေ့ရောက်တော့ မားကိုချပေးပြီး ပေါ်တီကိုအောက်တွင် ရပ်ထားသော ကားအစိမ်းလေးကြောင့် သူ့စိတ်ထဲ လက်မှိုင်ချသွားရသည်။
"ဒါ ဟိုကောင်မလေးရောက်နေပြီ"
"တောက်!"
ရီပေါ် တောက်ခေါက်ရုံမှလွဲ၍ ဘာမျှမလုပ်နိုင်ချေ။ ဒေါသဖြစ်ဖြစ်နှင့် ရှောင်ကျန့်၏ခြံရှေ့မှ ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းထွက်လာခဲ့လိုက်သည်။ ဒီအိမ်နှင့်ဝေးနိုင်သမျှကို ဝေးဝေးသို့။
ဒါကြောင့် ရှောင်ကျန့်အိမ်သို့ မလာချင်တာလည်း ဖြစ်သည်။ ယခုတစ်ခေါက်လာတော့ စိတ်တိုရပြန်၏။
ရီပေါ် တစ်နေကုန် အလုပ်ထဲတွင်သာ အာရုံစူးစိုက်နေလိုက်သည်။ ည(8:00)လောက်တွင် ဒေါ်ရီရှုဟန်က ရီပေါ်ကို လာကြိုခိုင်း၏။ ထို့ကြောင့် ရီပေါ် ထိုအိမ်သို့ ဒုတိယအကြိမ် ထပ်မံရောက်ရှိလာခဲ့ရပြန်သည်။
"တီ...တီ...တီ"
ရီပေါ် ခြံရှေ့၌ကားကိုရပ်၍ ကားပေါ်မှမဆင်းဘဲ ဟွန်းတီးလိုက်သောကြောင့်၊ ခဏအကြာ အိမ်ထဲမှ ဒေါ်ရီရှုဟန်နှင့် ရှောင်ကျန့်ထွက်လာကြသည်။
ရီပေါ် မတွေ့ရတာကြာပြီဖြစ်သော ချစ်ရသူလေးမျက်နှာကို ခိုးကြည့်လိုက်၏။ မနက်က ကားအစိမ်းကြီးက အတွေးထဲထပ်မံရောက်ရှိလာ၍ မျက်နှာလွှဲလိုက်မိသည်။
"ဟဲ့ သား၊ ကားပေါ်ကတောင် မဆင်းပါလား"
"မဆင်းတော့ဘူး မား၊ သွားစို့လေ"
"အေး၊ အေး ဒါဆိုရင်လည်း ပြီးတာပဲ၊ သွားမယ်နော် သားငယ်"
"ဟုတ်ကဲ့ မား"
ရီပေါ် ရှောင်ကျန့်ကို တစ်ချက်လှမ်းကြည့်၍.....
"ဟိတ် ကောင်ကလေး၊ ခြံတံခါးကို လုံအောင်ပိတ်၊ အိမ်တံခါးကို လုံအောင်ပိတ်နော်"
Part-20
Start from the beginning