ထိုကလေးကလည်း ခွင့်ပြုချက်ရသည်နှင့် ကျောက်ကန်ထဲရှိရေကို တို့ထိကြည့်လေသည်။ ကျောက်ကန်ထဲကို လက်နှစ်ကာ အေးမအေးစမ်းကြည့်ပြီးနောက် ထိုကလေးမှာ မျက်နှာကိုရှုံ့မဲ့ရင်း ဇေယျာချမ်းဘက်သို့ လှည့်လာသည်။

“ကိုကြီးဇေ ရေတွေကအေးစက်နေတာပဲ”

“ကျောက်ကန်ရေဆိုတာ ဒီလိုအေးစိမ့်စိမ့်လေးမို့ ချိုးလို့ကောင်းတာလေ။ မြန်မြန်ချိုးကွာ”

ဇေယျာချမ်းမှာ ထိုကလေးကိုကြည့်ရင်း စိတ်မရှည်စွာပြောလိုက်သည်။ သို့သော်လည်း ထိုကလေးကတော့ ရေချိုးရန်တွန့်ဆုတ်နေသေးပုံရသည်မို့ ဇေယျာချမ်းလည်း ဆောင့်ကြီးအောင့်ကြီးနှင့် အနားသို့ကပ်သွားလိုက်သည်။

“မင်းဒီလိုလုပ်နေမှာဆိုရင်ဖယ်တော့။ ငါအရင်ချိုးမယ်”

“ဟင့်အင်း။ သားအရင်ချိုးမှာ”

ရေဖလားကို ရင်ဘတ်ထဲတွင်ပိုက်ထားရင်း နှုတ်ခမ်းဆူကာ ပြောနေသဖြင့် ဇေယျာချမ်းလည်း စိတ်တိုရသော်ငြား အနောက်သို့ပြန်ဆုတ်ကာ ဖယ်ပေးလိုက်ရသည်။

“ဒါဆိုလည်း မြန်မြန်လုပ်”

“ဟုတ်ကဲ့ပါ။ ချိုးမှာပါ။ ရေတွေကတအားအေးနေလို့”

“ရေချိုးတာကလေ.. ပထမဆုံးတစ်ခွက်ပဲအေးတာ။ နောက်ထပ်ခွက်တွေက အဲ့လောက်မအေးတော့ဘူး။ တစ်ခွက်ပဲအားတင်းပြီး လောင်းလိုက်စမ်းပါ”

ဇေယျာချမ်းက ဤနည်းဖြင့် ကလေးကို လောဆော်လိုက်လေတော့ ထိုကလေးကလည်း ဝမ်းသာသွားဟန်ဖြင့် ဇေယျာချမ်းကို ကြည့်လာပြီး မေးလေသည်။

“တကယ် ပထမဆုံးတစ်ခွက်ပဲ အေးတာလား”

“တကယ်ပါဆို”

ထိုအခါမှသာ ထိုကလေးက ကျောက်ကန်ထဲကို ရေဖလားနှစ်လိုက်ပြီး ဖလားအပြည့် ရေတစ်ခွက်ခပ်လိုက်သည်။ ဇေယျာချမ်းက နောက်ဆုံးတော့ ဒီကလေးရေချိုးတော့မည်ဟု ထင်လိုက်သော်လည်း ထိုကလေးကတော့ ရေကို ကိုယ်ပေါ်သို့မလောင်းဘဲ ဘေးဘက်သို့သွန်ပစ်လိုက်သည်။

“ဟေ့ကောင်.. မင်းပဲချိုးတော့မှာဆို။ မင်းတအားရစ်တာပဲကွာ”

Falling In Love With the Most Admired PersonOpowieści tętniące życiem. Odkryj je teraz