“ငါထင်သားပဲ။ မင်းကငါ့ကိုမမေ့နိုင်လောက်သေးဘူးဆိုတာ...”

ရောင်နီက ကျေနပ်သောအပြုံးမျိုးကို ဆင်မြန်းကာ သူ့ကိုတည့်တည့်စိုက်ကြည့်ရင်း ပြောလာသည့်စကားကြောင့် ခန့်မင်းနောင်မှာ မနှစ်မြို့မှုကို ခံစားလိုက်ရသည်။

“ငါမင်းကိုမမေ့နိုင်ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒါက မင်းကိုငါချစ်နေသေးတယ်လို့ ဆိုလိုတာမှမဟုတ်တာ”

ထိုအခါ ရောင်နီက သူ့ကိုမယုံကြည်နိုင်စွာ ငေးကြည့်လာသည်။ ခန့်မင်းနောင်ကတော့ အမူအရာတစ်ချက်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံသည့်ထိုခဏတွင် ခန့်မင်းနောင်၏ မျက်ဝန်းထဲ၌ အချစ်ရိပ်တို့ပျောက်ကွယ်နေသည်မှာအမှန်ပင်။ ဤသည်ကို ရောင်နီလည်း သတိထားမိသည်။

“မဖြစ်နိုင်တာ။ ငါတို့အတူရှိခဲ့ကြတဲ့အချိန်က တိုတိုလေးမှမဟုတ်ဘဲ။ မင်း ဘာလို့ ခဏလေးအတွင်း ပြောင်းလဲသွားရတာလဲ”

“မင်း အတိတ်မေ့သွားတာတော့မဟုတ်ဘူးမလား”

စွပ်စွပ်စွဲစွဲပြောဆိုချက်များဟာ ခန့်မင်းနောင်၏ဒေါသကို နှိုးဆွလျက်ရှိသည်။ ရောင်နီသုံးနှုန်းလိုက်သော စကားလုံးများဟာ မိမိကပဲ သူ့အားသစ္စာဖောက်ခဲ့သလို သဘောသက်ရောက်နေသဖြင့် ထိုစကားလုံးတို့ကို သူမကြိုက်။ ထို့ကြောင့် ဒေါသသံရောစွက်သောစကားတို့ကို သွေးအေးစွာပြောထွက်မိခြင်းဖြစ်သည်။

“ငါမမေ့ပါဘူး”

“အေး။ မမေ့ဘူးဆိုရင် မင်းငါ့အပေါ်သစ္စာမရှိခဲ့တာတွေကိုလည်းမှတ်မိမှာပေါ့။ ဟုတ်တယ်မလား”

ထိုအခါ ပြူးကျယ်သွားသော ရောင်နီ၏မျက်ဝန်းအစုံဟာ သူ၏အံ့သြခြင်းဒီဂရီကို ပြသနေလေသည်။ ရောင်နီမှာအံ့သြလွန်း၍ ခဏမျှစကားသံတိတ်သွားရသည်။ ခဏတာတိတ်ဆိတ်နေပြီးမှ ခန့်မင်းနောင်ကို မဝံ့မရဲဖြင့်ကြည့်၍ပြောလာပြန်သည်။

“ငါတောင်းပန်ပါတယ်။ ငါမှားခဲ့တယ်။ ဒါပေမယ့် မင်းကိုပဲငါအချစ်ဆုံးဆိုတာသိတယ်မလား။ ငါလေ တစ်ချိန်လုံး မင်းကိုပဲသတိရနေခဲ့တာ။ တကယ်ပါ”

Falling In Love With the Most Admired PersonWhere stories live. Discover now