သို့သော် သူ့နောက်ကသာလိုက်လာတာ အိမ်သာ အခန်းထဲထိတော့မဝင်ရဲ ။ အရှေ့မှာသာ ရပ်လိုက်တဲ့ စိုင်းခန့်ကြောင့်

"ကလေး အထဲမဝင်ဘူးလား"

"ဒီမှာပဲ နေခဲ့မယ် "

"အင်း ... ဒါဆို ခဏ"

"ဟုတ် "

ပြောင်ရှင်းနေတဲ့ လျှောက်လမ်းမ တစ်ခုဘေးမှာ ထားရှိသော အခန်းကအိမ်သာခန်းနဲ့တောင် မတူ။ စိုင်းခန့်ရပ်နေသော အခန်းရဲ့ အခြားတစ်ဖက်က မိန်းကလေးသီးသန့် အခန်းဖြစ်တာကြောင့် ထွက်လာသော အမျိုးသမီး တစ်ချို့ရဲ့ အကြည့်တို့ရောက်ရှိလာတတ်သည်။ဒါကြောင့်လျှောက်ကြည့်မနေတော့ဘဲ ကိုယ့်ဖိနပ်ကိုသာ ငုံ့ကြည့်နေလိုက်ချိန်

"ညီ့ရဲ့ လုပ်ငန်းတွေ အဆင်ပြေရဲ့လား"

" ဒီလိုပါပဲ စီးပွားရေးဆိုတာကတော့ အတက်အကျပေါ့"

အခန်းတွင်းမှ စကားသံတချို့မှာနေရှိန် အသံရော ကြားရတာကြောင့် စိုင်းခန့် နားစွင့်နေမိသည်။

"အခု အိမ်ခွဲနေတယ်ဆို "

"ဟုတ်တယ်"

"ကောင်းပါတယ် ညီ လွတ်လွတ်လပ်လပ်နေရတာပေါ့ "

"ကိုကိုရော ဒီမှာ ကြာအုံးမှာလား"

ကိုကိုဆိုသော နာမ်စားကြောင့် နေရှိန် ခေါ်လိုက်တဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဘယ်သူလဲဆိုတာ သိချင်လာသည်။ အခန်းပေါက်ကနေ အတွင်းကို လှမ်းကြည့်တော့ လက်ဆေးကန်နားမှာ ရပ်နေတဲ့ လူတစ်ယောက်။ နေရှိန်ရော ထိုလူရောကို ဘေးတစ်စောင်းမြင်ရသည်။အနောက်တိုင်းဝတ်စုံအပြည့်မဟုတ်ဘဲ အရှပ်အဖြူရောင်နဲ့ ပန်အနက်သာ ဝတ်ထားတာ ဖြစ်ပြီး ပါးပြင်မှ ပါးချိုင့်တစ်ဖက်က အဝေးက မြင်ရတာတောင် ထင်းနေသည်။ပါဝါမျက်မှန်တပ်ထားကြောင့် မျက်လုံးနားက မီးရောင်နဲ့ စိမ်းပြာရောင်ဟပ်လျက် အရပ်က နေရှိန် နဲ့ မတိမ်းမယိမ်းပင်။

"၂လ လောက်တော့ နေအုံးမယ် ၊ဒီတစ်ခါ ပြန်လာရင် မေမေက အိမ်ထောင်ဖက်ရော ရှာရမယ်တဲ့။အဲ့တော့ ဘယ်မှာမှန်းမသိတဲ့ သူ့ကို လိုက်ရှာဖို့ အရေးကြီးလာပြီ"

"ကိုကို ယုံကြည်ချက် ရှိရင် တွေ့မှာပါ "

"ဒီလိုပဲ မျှော်လင့်ရုံပေါ့ "

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now