ရီပေါ် စိတ်ထဲမှ ဖြစ်ရလေ ဟုတွေးမိသည်။

  မားက သူနှင့်ကျန့်ကျန့်ကို အစကတည်းက သဘောတူပြီးသားတဲ့လေ။ အတွေးကြောင့် ရင်မှာ ချမ်းမြေ့ရပါ၏။ သို့သော် ခုမှတော့ သူ ဘာတတ်နိုင်ပါတော့မည်နည်း။ သူ့နံဘေးမှာ ကျန့်ကျန့်မရှိတော့ဘူးဆိုတဲ့ အသိကြောင့် ရင်မှာ ဆို့နင့်ကြေကွဲပြန်ရသည်။

  "မား၊ အိမ်မှာ ခဏနေဦးနော်၊ သား ဘူတာရုံတို့ တခြားနေရာတို့မှာ လိုက်ရှာလိုက်ဦးမယ်၊ မား နေလို့ဖြစ်တယ်မှတ်လား ဒေါ်ကြီးမို မားကို ဂရုစိုက်နော်၊ ကျွန်တော် ချက်ချင်းပြန်လာခဲ့မယ်"

  ရီပေါ် မိခင်ဖြစ်သူကို စိတ်ပူပန်စွာမှာကြားပြီး ထွက်ခဲ့သည်။

  မမှာလို့လည်း မဖြစ်ပေ။ မားမှာ ရောဂါပေါင်းစုံ ရှိသည်။ ထို့ကြောင့်လည်း သူ စိတ်မချရခြင်း ဖြစ်၏၊

  ကျန့်ကျန့်ရေ မင်းဘယ်မှာလဲ ကလေးရယ်။

  ရီပေါ် ဘူတာရုံ၊ ကားဂိတ်ပေါင်းစုံ၊ လေယာဉ်ကွင်းပါမကျန် အနှံ့လိုက်ရှာပါသော်လည်း မတွေ့ချေ။ ရီပေါ် စိတ်မောစွာ အိမ်ပြန်ရောက်တော့ နေ့ခင်း2:00ပင်ထိုးနေချေပြီ။

  "မားရော ဒေါ်ကြီးမို"

  "သွေးတိုးနေလို့ Doctorကုကို ခေါ်ပြီး ဆေးတစ်လုံးထိုးခိုင်းထားတယ်၊ ထမင်းအရင်စားလိုက်ပါလား သားဝမ်၊ မင်းလည်း မနက်ကတည်းက ဘာမှမစားရသေးဘူးမလား"

  "မစားချင်တော့ပါဘူး ဒေါ်ကြီးမိုရာ၊ မားကို သွားကြည့်လိုက်ဦးမယ်၊ မားကလည်း စိတ်ထိခိုက်လို့မရဘူး စိတ်ထိခိုက်တာနဲ့ ရောဂါတိုးရော"

  ကျန့်ကျန့်ရယ် မင်းကို ကိုယ်တင်မဟုတ်ဘူး မားကပါ တမ်းတနေမိတယ်ဆိုတာ မင်းမသိဘူးလားကွာ။

  သူ့ခြေသံကြား၍ မားက မျက်လုံးဖွင့်ကြည့်သည်။

  "သား မတွေ့ခဲ့ဘူးမလား"

  "မားရယ် သိပ်ပြီးခေါင်းထဲမထည့်ထားပါနဲ့ အရေးမကြီးပါဘူး"

  သူ မားစိတ်သက်သာရာရအောင် ပေါ့ပေါ့ပါးပါးလုပ်ပြီး ပြောလိုက်ပေမယ့် ရင်ထဲမှာ ဆို့နင့်နေခဲ့ရသည်။

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now