အဂ္ဂက ဦးသူ၏ ဝှီးချဲကို တွန်းပေးရင်း ခြံထဲကို လမ်းလျှောက်ထွက်ခဲ့သည်။

"အမှုထဲတော့ ပါမှာပဲ ဦးသူ၊ ကျွန်တော်က သူနဲ့နောက်ဆုံးတွေ့ခဲ့တာလေ"

"အဲ့ဒါကတော့ လွယ်ပါတယ်၊ အမှုက မင်းဘက်ကို ရောက်မလာအောင် ဦးလုပ်ပြီးပြီ"

"ဟုတ်ကဲ့ပါ ဦးသူ"

"ဒါနဲ့ ရသရော အဆင်ပြေလား"

"ဟုတ်ကဲ့ သူအဆင်ပြေပါတယ်"

ဟန်ဆောင်ကောင်းသည့် အဂ္ဂလင်းက စက္ကန့်၀က်မျှ အသံပြတ်သွားသည်ကိုတောင် ဦးသူက သတိထားမိသည်။

"ဒဏ်ရာ ရပြန်ပြီလား"

အဂ္ဂ သက်ပြင်းချလိုက်သည်။ ဦးသူက သူတို့နှစ်ယောက်အကြောင်းကို တစ်လောကလုံးထက် ပိုသိသည်။ မဟုတ်ဘူး။ သူတို့ထက်တောင် ပိုသိသေးသည်။

"ခုန်ဆင်းတာ အကျမတော်လို့၊ ခြေထောက်ထိသွားတယ် ပြောတယ်"

"ရန်ဖြစ်ရင်းနဲ့လည်း ဒဏ်ရာရခဲ့သေးတယ် မဟုတ်လား"

"ဟုတ်..ဟုတ်တယ် ဦးသူ"

"သူက အရာရာကို တဇွတ်ထိုးလုပ်တယ်၊ ပြေး ဆိုတဲ့ စကားလုံးကို သူအခုထိ နားမလည်သေးဘူးပဲ"

ဦးသူက သစ်ရွက်ခြောက်တစ်ခုကို ကောက်ရင်းပြောသည်။ ရသလင်းက အမြဲတစ်ယောက်တည်း ဖြစ်ပြီး ကြီးပြင်းလာခဲ့ရသည်။ ဦးသူက ရသလင်းကို အမြဲ လျစ်လျူရှုတတ်သည်ဟု အဂ္ဂလင်း ထင်သည်။ ဒါပေမယ့် ဦးသူက အဂ္ဂလင်းထက် ရသလင်းကို ပိုပြီးနားလည်တယ်ဆိုတာလည်း သူသိသည်။

"ဦးသူ၊ Eros Clubပိုင်ရှင်ကို အခုထိ စုံစမ်းလို့ မရသေးဘူး"

"စုံစမ်းဖို့ လွယ်နေရင်လည်း Eros Clubပိုင်ရှင် ဘယ်ဖြစ်လာပါ့မလဲ"

"ဟုတ်ကဲ့၊ ဦးမာန်ထည်ရဲ့ အကျင့်ပျက်လိမ်လည်မှုကို ဖော်လို့ရပြီ ဆိုတော့၊ နောက်ပစ်မှတ်က ဘယ်သူလဲ ဦးသူ"

ထိုအခါ ဦးသူက ခပ်တိုးတိုး ရယ်သည်။ ဝှီးချဲကို ကိုင်ထားသည့် သူ့လက်တွေကို ဆွဲယူ၍ အရှေ့သို့ ရောက်လာစေသည်။

"မနေ့ညက နေမကောင်းဘူး မဟုတ်လား၊ အချိန်ယူလို့ ရပါတယ် ‌ကောင်လေးရဲ့၊ ဦးမင်းကို ပြောထားတယ်လေ၊ ဒါတွေကို မလုပ်ချင်တော့တဲ့ တစ်နေ့ ထွက်သွားလို့ရတယ်လို့"

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ