"အေးပါကွယ်၊ မားကတော့ မားသားကို ယုံကြည်စိတ်ချပြီးသားပါ၊ ဒါပေမဲ့ မားမယုံတာက ဟိုမိန်းကလေးကိုပဲ၊ မား အကဲခတ်ရသလောက်တော့ တော်တော်လည်မယ့်ပုံပဲ"

  မားရဲ့မှတ်ချက်ကို ရီပေါ် ဘာမှမတုန့်ပြန်ဘဲ ငြိမ်နေလိုက်သည်။

  မားက သူ့ဆံပင်တွေကို ခပ်ဖွဖွသပ်ပေးရင်း.....

  "မားမှာလဲ ဒီသားတစ်ယောက်အတွက်နဲ့ကို ရင်မအေးနိုင်ဘူး ဖြစ်နေတယ်၊ သားအိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ဘာကိစ္စပဲဖြစ်ဖြစ် မား သိချင်တယ် သားရယ်"

  "စိတ်ချပါ မား၊ သား ကတိပေးပါတယ်"

  ရီပေါ် မားကို ပိုင်ပိုင်ကြီး ကတိပေးလိုက်သည်။

  သူ့မှာ မား စိတ်ပူရလောက်သည့် ကိစ္စတွေ မရှိသေးတာပဲလေ။

  ရှိရှိ မရှိရှိပါ။ သူ့ရဲ့ကမ္ဘာဟာ မား၊ မားစိတ်ဆင်းရဲမည့် အလုပ်တွေ မလုပ်ဘူးဟု သူ ယတိပြတ် ဆုံးဖြတ်ထားပြီးသားပင် ဖြစ်သည်။

  "ကဲ...သားလေးရေ၊ သားကိုကို ထမင်းစားရအောင် ပြင်ပေးလိုက်ပါဦး၊ ပြီးရင် အန်တီ့အတွက် နွားနို့တစ်ခွက် အခန်းထဲ ပို့ပေးနော်"

  "ဟုတ်ကဲ့"

  မားက ကောင်ကလေးကို လှမ်းမှာကာ ထွက်သွား၏။ မား ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်ကလေးကပါ မီးဖိုခန်းထဲဝင်သွားတော့ သူတစ်ယောက်တည်း ဧည့်ခန်းတွင် ယောင်ချာချာနှင့် ကျန်ရစ်ခဲ့လေသည်။ နောက်ဆုံးတော့ သူတစ်ယောက်တည်း ဧည့်ခန်းထဲ နေတာနှင့်စာလျှင် ကောင်ကလေးကို ရန်သွားစတာမှ အပျင်းပြေဦးမည်ဟု တွေး၍ မီးဖိုခန်းထဲ ဝင်လာခဲ့လိုက်သည်။

  "ဟေ့"

  သူ့အသံကြောင့် ထမင်းခူးခပ်နေသော ကောင်ကလေးက ခန္ဓာကိုယ်လေး တုန်သွားပြီး သူ့ကို မျက်စောင်းလှမ်းထိုး၏။

  "ဟိတ်...ကောင်ကလေး ခေါ်နေတာ မကြားဘူးလားကွ"

  "နာမည်ရှိတယ် နာမည် ခေါ်"

  "ဟုတ်ပါပြီ ကျန့်ကောကောရယ်၊ ခင်ဗျားလေးဟာလေ မားကိုတော့ အပြတ်ဖားသလောက် ကျုပ်ကိုတော့ မတူသလို မတန်သလိုနဲ့"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now