ရဝေချမ်းက ပြောရင်းဆိုရင်းဖြင့် အနားမှထွက်သွားသောအခါ ဇေယျာချမ်းကလည်း နေရာတွင် တဟားဟားအော်ရယ်ကာ ကျန်နေခဲ့လေရဲ့။

ဇေယျာချမ်းမလည်း နေရာတွင်တစ်ယောက်တည်းထိုင်နေရာမှ ဗိုက်နာလာသဖြင့် ရေအိမ်ဝင်ရန်လိုအပ်လာပြီမို့ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်စဉ် ရဝေချမ်းမှာ ဆူပုတ်ပုတ်အမူအရာဖြင့် စက်ဘီးကိုတွန်းရင်း ဇေယျာချမ်း၏အနားသို့ ပြန်ရောက်လာလေသည်။

"အမေက ဒေါ်လေးမေဆီက ဆန်အိတ်သွားယူခိုင်းနေတယ်။ ငါတစ်ယောက်တည်းမနိုင်ဘူး။ လိုက်ခဲ့ဦး"

"ဆိုင်ကယ်ကရော"

"အဖေယူသွားတယ်။ စက်ဘီးပေါ်တင်ပြီး နှစ်ယောက်ထိန်းသယ်ရင်းတွန်းရမှာပဲ။ မတတ်နိုင်ဘူး"

"လောလောဆယ် ငါဗိုက်နာနေတယ်။ မင်းအရင်သွားနှင့်။ ငါ့ကိစ္စပြီးတာနဲ့ လိုက်ခဲ့မယ်"

ဇေယျာချမ်းမှာ ဗိုက်ကိုဖိထားရင်း အလျင်စလိုပြောသော်လည်း ရဝေချမ်းကမယုံသင်္ကာဖြင့်ကြည့်ကာ သူ့ကိုတားနေသဖြင့် သူ့မှာ စိတ်မရှည်တော့ချေ။

"တကယ်ပြောနေတာ။ မင်းယုံယုံမယုံယုံ ငါတော့ပြေးရတော့မယ်ဟေ့"

ဇေယျာချမ်းမှာ ရဝေချမ်း၏စကားကို မစောင့်တော့ဘဲ အိမ်ထဲပြေးဝင်သွားသဖြင့် တော်တော်အရေးပေါ်ဖြစ်နေသည်ကို သတိထားမိသော ရဝေချမ်းက လှောင်ရယ်ပါတော့သည်။ ထို့နောက် တစ်ယောက်တည်း စက်ဘီးလေးတွန်းကာ အရင်ထွက်လာခဲ့လိုက်သည်။

ဇေယျာချမ်းမှာ ဆယ်မိနစ်ခန့်အကြာတွင် အိမ်ထဲမှလန်းလန်းဆန်းဆန်းအမူအရာနှင့် ပြန်ထွက်လာလေသည်။ ထို့နောက်ရဝေချမ်း၏နောက်ကို လိုက်ဖို့ ဒေါ်လေးမေ၏အိမ်ဘက်သို့ ဦးတည်ကာထွက်လာခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင် ဇေယျာချမ်းမှာ သူ့အား အိမ်ဘေးနားက အဒေါ်ကြီးလာပြောသည့်စကားကြောင့် ခေါင်းနပန်းကြီးသွားရသည်။

"ဟဲ့ ကိုဇေ။ ရှေ့နားက အရက်ဆိုင်နားမှာ စကားများနေတာ နင့်ညီလားလို့"

ဇေယျာချမ်းမှာ အဒေါ်ကြီးကိုပင် ပြန်လှည့်မကြည့်နိုင်တော့ဘဲ အပြေးသွားရတော့သည်။ အမှန်တကယ်ကို အဒေါ်ကြီးပြောသောနေရာတွင် ရဝေချမ်းရှိနေသည်။ ရဝေချမ်းယူသွားသည့် စက်ဘီးလေးမှာလည်း အနီးအနားကမြေပြင်တွင် လဲကျနေပြီး ရဝေချမ်းခမျာလည်း မည်သူမှန်းမသိရသည့် လူနှစ်ယောက်၏ ဝိုင်းရံထားခြင်းကိုခံနေရသည်။ သို့သော်လည်း ထိုကောင်လေးကကြောက်လန့်နေပုံမပေါ်ဘဲ အေးဆေးဖြစ်နေသောကြောင့် ဇေယျာချမ်းမှာ အခြေအနေကို အသာအကဲခတ်ရင်း ထိုနားသို့လျှောက်သွားလိုက်သည်။

Falling In Love With the Most Admired PersonWhere stories live. Discover now