"ချမ်းလေး.. မင်းရဲ့ခေါင်းကဘယ်လိုဖြစ်တာလဲကွာ။ ကိုဇေ့လက်ချက်မှဟုတ်ရဲ့လား.. ဟားဟား"

ဇေယျာချမ်းဟူသော နာမည်ကိုကြားသည်နှင့် ရဝေချမ်း၏နားထဲတွင် အချက်ပေးခေါင်းလောင်းသံများ ဆူညံလာတော့သည်။ ထို့ကြောင့် အိမ်ထဲသို့အလျင်အမြန်ပြန်ဝင်ကာ မှန်ရှေ့သို့အပြေးသွားကြည့်လိုက်၏။ ထိုအခါမှသာရဝေချမ်းသည် သူ့ပုံစံမှာ အလွန့်အလွန်ဆိုးဝါးနေကြောင်း မြင်လိုက်ရတော့သည်။

သူ၏ဆံပင်များမှာ နေရာလွတ်မကျန်အောင် အမွှေးတစ်မျှင်ချင်းစီတိုင်းကို ကျစ်ဆံမြီးကျစ်ခံထားရသည်။ ကျစ်ဆံမြီးအသေးစားများကို တစ်ခေါင်းလုံးတွင် နေရာလွတ်မချန်ဘဲ အမြောက်အများထပ်ကာဆင့်ကာ ကျစ်ထားသဖြင့် သူ၏မူလရုပ် ပျောက်သွားရသည်အထိပင်။

ရဝေချမ်းမှာ မနက်စောစောစီးစီး ရုတ်ရုတ်သဲသဲမလုပ်ချင်၍ ပါးစပ်ဖျားမှအော်မဆဲမိစေရန် နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ထားရလေသည်။ စိတ်ထဲမှာတော့ သူ့ဆံပင်များကို လက်ကမြင်းသွားသော ဇေယျာချမ်းကို မျိုးစုံဆဲဆိုပြီးနေလေပြီ။

ဤသည်မှာ မနက်အစောပိုင်း တစ်မိနစ်စာလောက်သာ ရှိပါသေးသည်။ ဇေယျာချမ်း၏ မပြီးနိုင်မဆုံးနိုင် စနောက်မှုများကို သူ တစ်နေကုန်သည်းခံရပေဦးမည်။

.......

မနက်အစောကတည်းက ဇေယျာချမ်းက ခန့်မင်းနောင်၏အိမ်ကိုသွားကာ ရွာထဲကိုလျှောက်ပတ်သွားရန် လိုက်ပို့မည်ဟုဆိုကာ သွားခေါ်လာလေသည်။ ထို့နောက် ရဝေချမ်းကိုပါခေါ်ပြီး မီးရထားသံလမ်းတစ်လျှောက်မှတစ်ဆင့် ရေကန်ရှိရာကိုဦးဆောင်၍ ခေါ်လာသည်။

"ကိုဇေ အခု အစ်ကိုတို့ ဘယ်ကိုသွားနေတာလဲ"

ခန့်မင်းနောင်မှာ ဘေးပတ်ပတ်လည်ရှိ စပါးခင်းများကို ငေးကြည့်နေရင်း အရှေ့ကသွားနေသောဇေယျာချမ်းကို လှမ်းမေးလိုက်သည်။ ဇေယျာချမ်းကလည်း လေတိုးသံအကြားမှ ခန့်မင်းနောင်၏မေးခွန်းထုတ်သံကို ကြားမိသဖြင့် အနောက်ကိုလှည့်ကြည့်လာပြီး ပြန်ဖြေရှာသည်။

"ရေကန်ကိုလေ။ ကိုခန့်မြင်ရင်သဘောကျလိမ့်မယ်။ ရေကကြည်တောက်ပြီး အေးနေတာပဲ"

Falling In Love With the Most Admired PersonWhere stories live. Discover now