ဤလူမှာ တမင်တကာရှိုးထုတ်လာသည့် ပုံစံလည်းမပေါက်ဘဲ သူ၏ပင်ကိုယ်စတိုင်ကိုသာ ဝတ်စားလာပုံပေါ်သည်။ တမင်လုပ်ယူစရာမလိုဘဲ သာမန်တီရှပ်တစ်ထည်နှင့် Jean Pantက ထိုလူ၏ကြည့်ကောင်းလှသော ခန္ဓာကိုယ်ထက်တွင် လိုက်ဖက်လွန်းစွာ နေရာယူထားလေသည်။

ထိုလူနှင့်အတူ ပါလာသူကိုတော့ ရဝေချမ်းနှင့် ဇေယျာချမ်းတို့
သိသည်။ ဦးထင်လင်းက သူတို့အဖေ၏ ငယ်သူငယ်ချင်းဖြစ်သည်မို့ အိမ်နှစ်အိမ်မှာ မိသားစုအရင်းသဖွယ် ဆက်ဆံရေးရှိသည်။

ဦးထင်လင်းက ရဝေချမ်းတို့၏ခြံထဲသို့ဝင်လာ၍ လူအုပ်ကြီးထဲတွင်ရောနှောကာ ဝင်ထိုင်လိုက်ပြီး အနောက်မှ အသာလိုက်လာသောအမျိုးကောင်းသားကိုလည်း နေရာပေးလေသည်။

ခြံထဲရှိ ယောကျ်ားမိန်းမမရွေး လူတိုင်းက ထိုကောင်လေးကိုသာ ငေးကြည့်နေကြသည်။ ထိုစဥ် ခပ်သွက်သွက်ရှိလှသော မိန်းကလေးတစ်ဦးက ဦးထင်လင်းကို လှမ်းမေးလေသည်။

"ဦးလေး အဲ့ဒါဘယ်သူလဲဟင်"

ထိုအခါ ဦးထင်လင်းမှာ သားဖြစ်သူ၏အရှိန်အဝါကို ဂုဏ်ယူနေသည့်ဟန်ဖြင့် ပြန်ဖြေသည်။

"ငါ့သားလေ။ နာမည်ကခန့်မင်းနောင်တဲ့"

"တကယ့်မြို့သားလေးအတိုင်းပဲဟယ်။ ဝတ်စားထားတာက သန့်ပြန့်နေရော"

အနားကိုရောက်လာသော ရဝေချမ်းတို့၏မိခင်ဒေါ်နှင်းနုက ခန့်မင်းနောင်ကိုကြည့်၍ ဝင်ပြောသောအခါ ဦးထင်လင်းက အားပါးတရရယ်လေသည်။ သူကိုယ်တိုင်လည်း သားဖြစ်သူ၏ရုပ်ရည်​နှင့် အသွင်အပြင်ကြောင့် ပြန်ရောက်လာခါစက လူမှားမိသေးသည်မဟုတ်လား။

ခန့်မင်းနောင် ဤနေရာနှင့်ဝေးကွာနေသည်မှာ နှစ်နှင့်ချီ၍ ကြာနေပြီး သူ၏သက်တမ်းတစ်ဝက်လောက်က မြို့ပေါ်မှာသာ ကုန်ဆုံးခဲ့သည်ဖြစ်ရာ လုံးဝမြို့သားတစ်ပိုင်းဖြစ်သည်။ အဝတ်အစားကလည်း သူ့၌ရှိသည့်သာမန်အဝတ်အစားကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခုအခြေအနေမှာတော့ လူကြီးများ၏အမြင်တွင် ခန့်မင်းနောင်က သူတို့၏သားကို စာသင်ပေးရမည့်ဆရာအနေနှင့် သိထားကြသည်မို့ ဤအပြင်အဆင်ဟာ အနည်းငယ်သရုပ်ပျက်နေမလားဟု တွေးမိသွားသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now