မျက်နှာလေးကို ဘယ်လောက်ထိ ငေးနေမိတယ်ဆိုတာ နေရှိန် သတိမရ ။ကိုယ့်ခြင်ထောင်ဘက် ပြန်မဝင်ဘဲ ဘေးနားမှာတင် ငုတ်တုတ်ထိုင်ကြည့်နေမိတော့သည်။

.................

"အွန့်! "

ဗိုက်ပေါ်ကို အရှိန်နဲ့ကျလာတဲ့ တစ်စုံတစ်ခုကြောင့် စိုင်းခန့် အသံထွက်ကာ လန့်နိုးသွားသည်။ကြည့်လိုက်တော့ ခြင်ထောင်အပြင်ဘက်ကနေ မှီကျနေတဲ့ ဟိုလူရဲ့ခေါင်း။သေးငယ်တဲ့ ခြင်ထောင်ကြိုးလေးတစ်ဖက်က သူ့ဝိတ်ကို ထိန်းမထားနိုင်ဘဲ ပြတ်ကျသွားသည်။

တမင်တကာလုပ်တယ် အထင်နဲ့ မိမိဘက် လှည့်နေသော မျက်နှာကို ထုဖို့ရွယ်လိုက်သော်လည်း မလှုပ်မယှက်အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသောကြောင့် ရပ်တန့်လိုက်ရသည်။ဖိနေတဲ့ခေါင်းကို တွန်းသော်လည်း နည်းနည်းလေးမှ မကြွ။အပြင်မှာ ခြင်တွေက တဝီဝီမြည်ပြီး ပွဲတော်တည်နေပြီ။

ဒီအတိုင်း ငုပ်တုတ်ကြီး အိပ်ပျော်နိုင်တာ အံ့ဩလို့မဆုံးပေ။ လေထဲ ရပ်တန့်နေတဲ့လက်က ထိုင်လျက်ရှိနေသော သူ့ခန္ဓာကိုယ်ရော ခြင်ထောင်ထဲ သွင်းပေးလိုက်ရတော့သည်။အသက်ရှူလိုက်တိုင်း ဗိုက်ပေါ်မှာ တစ်ခြမ်းစောင်းတင်ထားတဲ့ သူ့ရဲ့ခေါင်းပါ အနည်းငယ် အပေါ်အောက်လှုပ်နေသည်။ မိမိဘက် မျက်နှာမူနေတဲ့ သွင်ပြင်ဟာ ခေါင်းရင်းပေါက်က ညအလင်းရောင်အောက်မှာ အစိတ်ပိုင်းတစ်ခုစီ ရှင်းလင်းနေသည်။စိုင်းခန့်သာ ပန်းပုထုတတ်ရင် သူ့ရဲ့ မျက်နှာသွင်ပြင်ကို ထုဆစ်ဖို့ နှစ်ခါတွေဝေလိမ့်မည်မဟုတ်။နောက်တစ်နည်းဖြင့် ပန်းချီဆွဲတတ်ရင်လည်း သူ့မေးရိုးက အထင်ရှားဆုံး ကောက်ကြောင်းတစ်ခု ဖြစ်နေမှာ အသေချာပင်။

"အဲ..."

ဘာလို့ သေချာကြည့်နေလဲဆိုတဲ့ အတွေးဝင်ကာမှ မျက်လုံးကို အတင်းမှိတ်ချလိုက်သည်။ဆိုးဝါးခဲ့တဲ့ အတိတ်တွေနဲ့ အတူ တစ်ဦးတည်းကျန်ရှိနေတဲ့အချိန်မှာ ဒီလို တစ်စုံတစ်ယောက် အနားမှာရှိနေတာကို မသိစိတ်က ကျေနပ်နေမိတာလား။စိုင်းခန့်ကိုယ်တိုင်မသိပါ။

ဖြစ်ပျက်ခဲ့သမျှ အရာတွေကို စိတ်တင်းထားပြီး ကျော်ဖြတ်နိုင်မှာပါလို့ ယုံကြည်ထားခဲ့သည်။ဒါပေမဲ့ တစ်ခါလောက်ဖြစ်ဖြစ် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ငိုချလိုက်ပြီး အရမ်းကြောက်နေပါတယ်လို့ ဝန်ခံလိုက်ချင်သည်။
သို့သော် မိခင်ဖြစ်သူကိုတောင် ယုံကြည်မှု ဆုံးရှုံးခဲ့တဲ့အတွက် တခြားလူတစ်ယောက်​ကို ရင်ဖွင့်ဖို့ ဆိုတာလည်း အချိန်လိုအုံးမည်။

မနေ့တစ်နေ့ကမှ တွေ့တဲ့ သူ့ကို သံသယ ကင်းသော်လည်း အရာအားလုံး ပြောပြကာ မှီခိုလိုက်ဖို့ မဖြစ်နိုင်။သူလည်း သူ့အခက်ခဲနဲ့တင် တိုင်ပတ်နေတာ။ကိုယ်တို့ တစ်နေရာမှာ ဆုံဖူးသလားဆိုတဲ့ အမေးကလည်း စိုင်းခန့်ကို တွေဝေစေလောက်တဲ့ အထိ စိတ်ထဲမှာ ရင်းနှီးနေပြန်သည်။

"ရက်အနည်းငယ်လောက်ပဲ စောင့်ပေးပါ။ ခင်ဗျား ဖိအားမရှိအောင် ကျွန်တော် ဒီနေရာကနေ ထွက်သွားပေးပါ့မယ်"

မိမိပြောတဲ့ စကားကို သူမကြားနိုင်သော်လည်း ရုတ်တရက် ငုတ်တုတ်ကြီး အိပ်နေရာကနေ တစ်ကိုယ်လုံး မှောက်ကာ မှီချလာသည်။အသက်ရှူမဝတဲ့အပြင် ရင်ညွှန့်မှာ သူ့ရဲ့ ဝင်သက်ထွက်သက်တို့ ရိုက်ခတ်နေတာကြောင့် ယားကျိကျိနဲ့။မနေတတ်တော့တဲ့အဆုံး ရုန်းလိုက်တော့ ခါးကိုအတင်းဆွဲဖက်လိုက်တဲ့ လက်တွေကြောင့် စိုင်းခန့်ကိုယ်လေး တောင့်တင်းသွားပြီး နည်းနည်းလေးမှ ထပ်မလှုပ်ရဲတော့ပေ။

မနက်လင်းခါနီးမှ သူ့ဘာသာ တစ်ပတ်လှည့်သွားပြီး ဖက်ထားတာလွတ်တာနဲ့ အိပ်ယာပေါ်က ပြေးဆင်းရတော့သည်။

"ဒီလို အိပ်ပုံမျိုးနဲ့တော့ မြေပြိုခဲ့ရင် ခင်ဗျား ထိပ်ဆုံးက သေမှာ"

အသက်ကို ဝအောင်ရှူရင်း တဒုတ်ဒုတ်ခုန်နေသော ရင်ဘတ်ကိုဖိကာ ကျိန်ဆဲနေသော ကောင်လေးတစ်ယောက်ရယ်။အိပ်မက်ထဲမှာ ဖက်ထားတဲ့ ဖက်လုံးက ခုန်ဆွခုန်ဆွပြေးသွားလို့ အသည်းသန် လိုက်ဖမ်းနေသော လူတစ်ယောက်ရယ်။သူတို့နှစ်ယောက်ကို ကြည့်ကာ မနက်ခင်း အလင်းရောင်အောက်က ချယ်ရီပန်းလေးတွေဟာ ခပ်တိုးတိုး ကြိတ်ရယ်နေလေတော့သည်။

.......

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now