ယူရှောင်မို ပြိုင်ပွဲစင်ပေါ်သို့ မတက်ရောက်မီတွင် တစ်စုံတစ်ခုအား အဖြေရှာနေပုံရသော ပိုင်လီရှောင်ယွီသည် ရုတ်တရက် ယူရှောင်မိုလက်အား ဖမ်းဆွဲလိုက်သည်၊ ထိုအပြုအမူကြောင့် ယူရှောင်မို လှေကားပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားခဲ့ရကား အံ့သြစွာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လာလေ၏ ။

" ဘာလဲကွ!! "

ပိုင်လီရှောင်ယွီမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ယူရှောင်မိုမှ စိတ်မရှည်မှုကြောင့် သူ၏ခေါင်းအား ခုတ်ထစ်မပစ်မိခင်အထိ သူ၏စကားအား ဆုံးအောင် ဆက်မပြောနိုင်ပါချေ၊ ထို့နောက်မှ ပင့်သက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ဗလုံးပထွေး ပြောချလိုက်လေ၏ ။

" ချိုင်ကျွင်းဘာလို့ မင်းစိန်ခေါ်တာကို လက်ခံရဲတာလဲ ငါသိပြီထင်တယ် "

" ဘာလို့လဲ "

လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေမလား?

" ချိုင်ကျွင်းမှာ အဆင့်၇ မှော်ဝင်သားရဲတစ်ကောင်ရှိတယ် ပီးတော့ ချိုင်အိမ်တော်မှာ ဝိဥာဉ်စွမ်းရည် လေ့ကျင့်ရေးကျမ်းတစ်အုပ်လည်း ရှိတယ်.. အဲ့ဒါတွေကြောင့် သူ စိန်ခေါ်ပွဲကို ပြောင်ပြောင်တင်းတင်း  လက်ခံရဲတာပဲ "

ပိုင်လီရှောင်ယွီမှ မဆိုင်းမတွ ဆိုလေ၏၊ ချိုင်ကျွင်းမှ သူ၏ ဆက်နွယ်မှော်ဝင်သားရဲအား မကြာခဏ အပြင်ထုတ်လေ့ မရှိသည်ကတစ်ကြောင်း၊ ၎င်း၏ခေါင်းမှာ မီးများ တောက်လောက်နေသကဲ့သို့ ပူလောင်နေသည်က တစ်ကြောင်းကြောင့် ပိုင်လီတစ်ယောက် ထိုကိစ္စအား ချက်ခြင်း မမှတ်မိရဖြင်း ဖြစ်လေ၏ ။


အဆင့်မြင့်မှော်ဆရာ အများစုသည် ၎င်းတို့၏ ဝိဥာဏ်စွမ်းအားကို တိုက်ခိုက်ရာ၌ အသုံးပြုတတ်ကြသည်၊ အကြောင်းမှာ မှော်ဆရာတစ်ဦးသည် အဆင့်၇သို့ ရောက်ရှိပါက ၎င်း၏ဝိဥာဉ်မှာ သဘာဝအလျှောက် အသွင်ပြောင်းလဲကာ တိုက်ခိုက်ရေးပိုင်း၌ ပို၍ တိုးတက်လာတတ်သော သဘောရှိ၏၊ ထို့ကြောင့် အဆင့်မြင့် မှော်ဆရာများသည် ဝိဥာဉ်စွမ်းအားအသုံးပြု၍ တိုက်ခိုက်ရသော နည်းလမ်းများအကြောင်း ရေးသားထားသည့် ကျမ်းစာအုပ်မျိုး အထူးတလည် မလိုအပ်သော်လည်း ထိုကျမ်းစာအုပ်သည် မှော်ဆရာများအတွက် အနည်းနှင့်အများတော့ အဖိုးထိုက်တန်နေသေးသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now