#Unicode
“မုန်း”
“ဗျာ”
“အိမ်ရောက်ရင် ကိုကို့ကို တစ်နေ့ဖုန်းသုံးခါ မှန်မှန်ဆက်နော်။ မနက်အိပ်ရာနိုးရင်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညအိပ်ရာဝင်ခါနီးတစ်ခါ အချိန်မှန်ဆက်ပါ။ ကျန်တဲ့အချိန်တွေမှာလည်း သတိရရင် ရသလိုဆက်ပါ”
“ဟုတ်ကဲ့ပါ”
“မုန်းတစ်ခုခုလုပ်မယ်ဆို ကိုကို့ကိုအရင်ပြောပါ။ ကိုကိုမလုပ်စေချင်တဲ့ အရာမျိုးကို မုန်းလုပ်ချင်မိရင်တောင် ကိုကို့ကိုအရင်ခွင့်တောင်းပါ။ အပြင်သွားမယ်ဆိုလည်း ကိုကို့ကိုအရင်ပြောပါ။ ကိုကို့ကို ဘာမှမပြောဘဲ အပြင်သွားတဲ့အခါ ကိုကိုက မုန်းကိုဖုန်းခေါ်မိရင် အနှောက်အယှက်ပေးသလို ဖြစ်နေမှာဆိုးလို့ ကြိုပြောခိုင်းတာ”
“ဟုတ်”
“ပြီးတော့ ဘယ်သူနဲ့သွားမယ် ဘယ်ကိုသွားမယ် ဘာလုပ်မယ် ဆိုတာကအစ ကိုကို့ကိုပြောပြပါ။ ကိုကို့ကိုမပြောဘဲ မလုပ်ရဘူးနော်။ မုန်းဘယ်သွားသွား ဘာလုပ်လုပ် ကိုကို့ကိုအရင်ပြောပါ။ ကိုကိုဖုန်းခေါ်ရင် ချက်ချင်းကိုင်နိုင်အောင် ကြိုးစားပါ။ မုန်းဖုန်းကို ငါးခါထက်ခေါ်လို့ မုန်းကဖုန်းမကိုင်ရင် ကလေးပေါက် ဘာများဖြစ်နေပြီလဲ တစ်ခုခုများ ဖြစ်နေလားဆိုတဲ့အတွေးနဲ့ ကိုကိုအရမ်းစိတ်ပူပြီး စိုးရိမ်နေရမှာ။ စိတ်ဆိုးစရာ တစ်ခုခုဖြစ်လာခဲ့ရင် မုန်းက ကိုကို့ကို ဘာမှပြောမထားရင် ကိုကိုပိုပြီးစိတ်ဆိုးမိမှာဆိုးလို့ နားလည်လား”
“အင်းပါ ကိုကိုကလည်း”
“ရှိသေးတယ်။ အရက်၊ ဘီယာ၊ ဝိုင် မူးယစ်စေတတ်တဲ့ အရာမှန်သမျှ ကိုကိုမဟုတ်တဲ့ တခြားဘယ်သူနဲ့မှ မသောက်ရဘူး။ တကယ်လို့ သူငယ်ချင်းတွေနဲ့ လူစုံလို့သောက်ချင်ရင်တောင် ကိုကို့ကိုအရင်ပြောပါ။ မုန်းကပြောရင် ကိုကိုက ခွင့်ပြုပေးမှာမို့ ကိုကို့ကို မပြောဘဲ ဘာမှမလုပ်ပါနဲ့”
“ဟုတ်ကဲ့ပါ”
“ကိုကို ခုလိုအသေးစိတ် မှာထားရက်နဲ့ ကိုကို့ကို ဘာမှမပြောဘဲ လုပ်ခဲ့ရင် ကိုကိုတအားစိတ်ဆိုးမှာနော်။ အဲ့အချိန်ကြရင် အပြစ်လုပ်တဲ့ ကလေးပေါက်ပဲ အပြစ်ခံရမှာမဟုတ်ဘဲ ကိုကိုပါ မုန်းလုပ်တဲ့အပြစ်ကို အတူတူခံရမှာဆိုတာကို နားလည်ထားပါ”
“ဟုတ်ကဲ့ပါ”
“ဉာဉ့်နက်တဲ့အထိ လိုင်းမသုံးရဘူး။ ဂိမ်းမဆော့ရဘူး။ ဒူးရင်းသီး လုံးဝလုံးဝ မစားရဘူး။ အစပ်တွေ လုံးဝမစားရဘူး။ ကိုကို့ကိုမပြောဘဲ ဘာမှမလုပ်ရဘူးနော်။ ကိုကိုက မုန်းကိုချုပ်ချယ်မယ့်သူမဟုတ်ဘူး။ မုန်းက ကိုကို့ကိုပြောပြပြီး ခွင့်တောင်းရင် အားလုံးကို လိုက်လျောပေးမှာ။ ကြားလား ကလေးပေါက်”
“ဟုတ်ကဲ့ပါ မှတ်သားထားပါ့မယ်ခင်ဗျ”
“လိမ္မာတယ် မွစ်။ ကိုကိုတော့ ကိုကို့ကလေးလေးကို လွမ်းနေရတော့မှာပဲကွာ မွစ် မွစ် မွစ်”
လွမ်းရမယ့်နေ့ရက်တွေအတွက် အတိုးချပြီး ခုကတည်းက နမ်းထားရတယ်။ ပါးမို့မို့လေးနှစ်ဖက်ကို အရင်နမ်းတယ်။ ပြီးတော့မှ နဖူးလေး၊ နှာခေါင်းလေး၊ နောက်ဆုံးတော့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ပူရှိန်းပြီးအေးမြတဲ့ ကျွန်တော့်ကလေးပေါက်ရဲ့ နှုတ်ခမ်းလေးတွေကို အရမ်းကြိုက်ပါတယ်။
“မုန်းရောပဲ ကိုကို့ကို လွမ်းနေရတော့မယ်။ မုန်းတတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့မယ်နော်ကိုကို”
“ဟုတ်ပါပြီကွာ။ ကိုကို့ကို အာဘွားလေးပေးပါဦး”
“အာဘွား ပြွစ်”
ကလေးပေါက်က နှုတ်ခမ်းလေးကိုလာနမ်းတော့ အနမ်းကို ကျွန်တော်ကပဲ ပြန်ဦးဆောင်လိုက်တယ်။ အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်ပြီး အတော်ကြာတော့ ခံတွင်းထဲကိုဝင်ဖို့ လျှာဖျားလေးနဲ့ထိုးပြီး ခွင့်တောင်းတဲ့အခါ မုန်းလေးက အလိုက်သိစွာနဲ့ နှုတ်ခမ်းလေးတွေ ဟပေးလာတယ်။ လျှာဖျားလေးကို စုပ်ယူလိုက်တော့ ကလေးပေါက်က အင့်ခနဲအသံလေး ထွက်လာပါတယ်။ အတော်ကြာနမ်းရှိုက်ပြီးတော့ လက်ကလေးနှစ်ဖက်က ရင်ဘတ်ကို တွန်းလာတာမို့ ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော့်ကလေးပေါက် အရမ်းမောနေပြီဆိုတာ။
ပါးစပ်လေးဟပြီး အသက်ကိုမနားတမ်းရှူနေတဲ့ မုန်းလေးကိုကြည့်ပြီး စိတ်က အမှောင်ဖုံးချင်လာတယ်။ အခန်းထဲမှာဆက်ထိုင်နေရင် ဘာတွေဖြစ်လာမလဲ မပြောနိုင်တာမို့ ကလေးပေါက်လက်ကိုဆွဲပြီး အပြင်ထွက်လာလိုက်တယ်။
“မင်းတို့နှစ်ကောင် အထဲမှာ ဘာလုပ်နေတာလဲဟေ။ ကြာလိုက်တာဆိုတာ။ ပြောပါဦး ဘာတွေလုပ်နေလို့ အဲ့လောက်ကြာနေလဲဆိုတာ။ ခွဲခါနီးဆိုပြီးးး”
“မဟုတ်တာတွေ လျှောက်ပြောမယ်မကြံနဲ့ငသု။ မှာစရာရှိတာ မှာနေတာကွ”
“ငါကဘာပြောမှာမို့လို့ မင်းက ဘာတွေထင်ပြီး အဲ့လောက်ရှင်းပြနေရတာလဲ”
“ကဲပါသုတရယ်။ နင်ဟာလေ သူများကို ချောက်တွန်းမယ်ဆိုတာချည်းပဲ။ မုန်း မုန်းမေမေက ထွက်လာနေပြီလား”
“အင်း ထွက်လာနေပြီလို့တော့ ပြောတယ်နွေ။ နွေက ငါနဲ့လိုက်မှာမို့လား”
“ဟုတ်တယ် နွေနဲ့မေသူက မုန်းနဲ့လိုက်မှာ။ သုတက အားသစ်တို့အိမ်ကကားနဲ့ လိုက်လိမ့်မယ်။ မေသူမက ရောက်တော့မယ်လို့တော့ပြောတယ်”
ပထမနှစ်ဝက်ဖြေပြီး ကျောင်းတစ်လပိတ်တာမို့ မုန်းရယ်၊ နွေရယ်၊ အားသစ်ရယ်၊ သုတရယ်၊ မေသူမရယ်က ပြန်ကြမှာပါ။ မေသူမကတော့ နောက်နှစ်ရက်လောက်နေမှ ပြန်မယ်ပြောပေမယ့် ခုတော့ အကုန်လုံးနဲ့ပြန်ချင်တာမို့ မုန်းတို့အိမ်ကကားနဲ့ ပြန်လိုက်မှာပါ။ အားလုံးက အလင်းတို့အိမ်ကနေ ပြန်ကြမှာမို့ အလင်းတို့အိမ်ကိုပဲ လာခေါ်ကြမှာပါ။ အလင်းကတော့ ပြန်စရာမရှိတော့ဘူးလေ။ ဖေဖေကလည်း မြောင်းမြမှာမှ မရှိတာ။ ပုသိမ်မှာဆိုတော့ သင်္ကြန်ပြန်လာမယ်ပြောတာကြောင့် မသွားဖြစ်တော့ဘူး။
တအောင့်လောက်ကြာတော့ လာခေါ်မယ့်ကားတွေက ရောက်လာတာမို့ အထုပ်တွေ ကားပေါ်တင်နေတုန်း မုန်းမေမေက အလင်းအနားကို ရောက်လာတယ်။
“သား အလင်းလေး အန်တီက အလင်းလေးကိုအိမ်လည်ခေါ်ခဲ့ဖို့ မုန်းကိုတောင်ပြောနေတာ။ အန်တီ့သားမာနခဲလေးက အိမ်ကိုတောင် အလည်မလာဘူး”
“ဟို အဲ့လိုမဟုတ်ပါဘူးအန်တီရဲ့။ သားက စာတွေများဝောာ့ စာမေးပွဲချိန်ကြီးမို့ မလာနိုင်တာပါ။ တစ်မျိုးမထင်ပါနဲ့နော်အန်တီ”
“ဟုတ်ပါပြီကွယ်။ ဒါနဲ့ သားဖြေနိုင်တယ်မို့လား”
“ဟုတ်ကဲ့အန်တီ ဖြေနိုင်ပါတယ်”
“သားက တော်ပြီးသားပဲဟာ ကြိုးစားနော်”
“ဟုတ်”
“ဒါနဲ့ သားမေမေနဲ့ဖေဖေကို အန်တီကသတိရပါတယ်လို့ ပြောပေးပါဦးနော်။ ပြီးတော့ မုန်းလေးကို စောင့်ရှောက်ပေးထားလို့လည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးနော် သား”
“ဟုတ်ကဲ့အန်တီ သားပြောပေးပါ့မယ်”
“အေးအေး ဒါဆို အန်တီတို့သွားပြီနော်”
“ဟုတ်ကဲ့ ဂရုစိုက်သွားပါအန်တီ။ မုန်း ၊ နွေ ၊ မေသူ တာတာ့။ အားသစ်နဲ့သုတရောပဲ တာတာ့”
“တာ့တာ”
အားလုံးက လက်ပြနှုတ်ဆက်ပြီး ပြန်သွားကြတော့ ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့ပါတယ်။ ထားခဲ့တဲ့သူထက် ကျန်ခဲ့ရတဲ့သူက ပိုလွမ်းရတယ်မုန်း။ ခွဲခွာခြင်းဆိုတဲ့အရာကို လုံးဝခံနိုင်ရည်မရှိတာမို့ မင်းကို လက်လွှတ်ဆုံးရှုံးခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့မယ့်အရာပဲမုန်း။ ကိုယ်မင်းလက်ကို ဘယ်တော့မှ လက်တွဲဖြုတ်မှာမဟုတ်ဘူးမုန်း။
အလင်းနဲ့ တစ်လလောက်ခွဲရမှာကို တွေးမိတော့ လူကငိုချင်လာတယ်။ ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူဆိုရင် လူတွေက ကျန်ခဲ့ရတဲ့သူက ပိုခံစားရတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ထားခဲ့တဲ့သူက ပိုခံစားရပြီး ပိုနာကျင်ရတာပါ။ သူ့ကိုထားခဲ့ပြီး လှည့်ထွက်ဖို့ ခြေလှမ်းတွေအတွက် အတော်ကို ကြိုးစားရတာလေ။ ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူဆိုရင် ကျန်ခဲ့ရတဲ့သူက ကိုယ်ပဲဖြစ်ပါရစေ။
**************
ကျွန်တော့်ရဲ့မုန်းပေါက် ပြန်သွားတာ ဒီနေ့နဲ့ဆို ဆယ်ရက်မြောက်နေ့ပါ။ ခါတိုင်းရက်တွေက အချိန်မှန်ဖုန်းခေါ်တတ်ပေမယ့် ဒီနေ့တော့ မနက်ကခေါ်ပေမယ့် နေ့လည်မခေါ်တာကြောင့် ဘာလို့လဲလို့တွေးပြီး စိတ်ပူနေရတယ်။ နေ့လည်ထမင်းစားပြီးတော့မှ မုန်းပေါက်ကို ဖုန်းခေါ်ရတယ်။ ဖုန်းအကြာကြီးခေါ်နေပေမယ့် မကိုင်ပါဘူး။ ဘာလို့ပါလိမ့်။ သုတနဲ့များ အတူတူရှိမလားမသိဘူး။ သုတကိုပဲ ဖုန်းခေါ်ကြည့်ရတော့မှာပဲ။
မုန်းဒီနေ့ သုတတို့နဲ့ပုသိမ်ကို လိုက်သွားတာပါ။ ဖေနဲ့လည်းတွေ့ချင်တာကြောင့်ရယ် ပုသိမ်မှာ ဝယ်စရာလေးတွေ ရှိတာကြောင့်ရယ် လိုက်သွားရင်းနဲ့ ရုပ်ရှင်ပါကြည့်တာမို့ အိမ်ပြန်ရောက်တော့ အတော်လေးကို နောက်ကျနေပါပြီ။
ဘုရားရေ ငါအလင်းကိုနေ့ခင်းက ဖုန်းမဆက်လိုက်မိပါ့လား။ ဖုန်းခေါ်ဖို့အတွက် လွယ်အိတ်ထဲကဖုန်းကို အခုမှ မနည်းရှာနေရတယ်။ ဖုန်းကိုကြည့်မိတော့ အားလားလား Missed Calls က 57ခုတောင်။ Oh My God! သွားပြီ သွားပြီ မုန်းရေ။ မင်းဘဝတော့ သွားပါပြီ။ ဖုန်းပြန်ခေါ်တော့ အလင်းက ချက်ချင်းတန်းကိုင်တယ်။ ဟူးးးးး တော်သေးတာပေါ့။
“ပြော”
ဟဲလိုတောင်မထူးတော့ဘူး ပြောတဲ့။ အရင်ကဆို အဲ့လောက်အများကြီး ခေါ်ထားလို့ မကိုင်တဲ့အခါမျိုးဆို မုန်းဖုန်းပြန်ခေါ်ရင် “မုန်းလေး ကိုကို့ကို ဘာလို့ဖုန်းမခေါ်တာလဲ။ ကိုကိုက မုန်းတစ်ခုခုများ ဖြစ်နေလားလို့ တွေးပြီး စိုးရိမ်နေတာ” ဆိုတဲ့စကားကို ပြာပြာသလဲ မေးနေကြ။ ခုတော့ တုံးတိကြီး ပြောတဲ့။
“ဟို ကိုကိုမုန်းကို စိတ်ဆိုးနေတာလားဟင်”
“မဆိုးပါဘူး ဘာလို့ဆိုးရမှာ”
အခြေအနေ မကောင်းဘူးမုန်း။
“ဟိုလေ မနက်က သုတတို့က ပုသိမ်သွားမယ်ဆိုပြီး အိမ်လာခေါ်လို့ ဖေနဲ့လည်း တွေ့ရအောင် လိုက်သွားလိုက်တာ”
“အင်း အဲ့ဒါပြောမလို့လား။ အဲ့ဒါဆိုရင်ရပြီ ပြောဖို့မလိုတော့ဘူး။ ငါသုတကိုဖုန်းဆက်လိုက်လို့ သုတပြောပြသွားတယ်။ ဒါပဲမို့လား”
“နေ . . နေပါဦး ကိုကိုကလည်း”
ဪ . . . ဒါကြောင့်ကိုး။ ဟဲလိုမထူးဘဲ ပြောလို့ပြောတာ ဒါကြောင့်ကိုး။ ဒါဆို သုတဆီက သိထားပြီးပြီမို့ စိတ်မပူတော့ဘဲ စိတ်ဆိုးနေတာပေါ့။ ချော့ပေဦးတော့ မောင်မုန်းရေ။
“ဘာပြောမှာလဲမုန်း ငါမအားဘူး။ ပြောစရာရှိတာ မြန်မြန်ပြော။ ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်”
“ကိုကို့ မုန်းတောင်းပန်ပါတယ်နော်။ ကိုကို့ကိုပြောမလို့ပါပဲ။ ကားပေါ်ရောက်မှ ဖုန်းခေါ်မယ်လို့ တွေးထားတာ။ ဒါပေမဲ့ သူတို့က ဗြုန်းကနဲလာခေါ်တော့ အမြန်လုပ်လိုက်ရတာကြောင့် ကားပေါ်ရောက်တော့ စကားတွေပြောပြီး မေ့သွားတာကြောင့်လည်းပါတယ်။ နေ့လယ်လောက် ပြန်လာမယ်တွေးပေမယ့် သူတို့က ရုပ်ရှင်ကြည့်မယ်ဆိုတာနဲ့ ရုပ်ရှင်ပါကြည့်လိုက်လို့ နောက်ကျသွားတာပါ။ စိတ်မဆိုးပါနဲ့နော် တောင်းပန်ပါတယ်နော် ကိုကို့”
“အင်း ဒါပဲမို့လား။ ငါဖုန်းချလိုက်တော့မယ်”
“ကိုကို့ အင့်. . ဟင့် . .ဟင့် . . အီး . .ဟီး . .ဟီး”
မုန်းဝမ်းနည်းလွန်းလို့ အော်ငိုလိုက်မိတဲ့ အထိပါပဲ။ တောင်းပန်တာတောင် အလင်းက စိတ်ဆိုးမပြေပေးဘူး။
“မငိုနဲ့တော့ကွာ မုန်းငိုရင် ကိုကိုဘယ်လောက်စိတ်မကောင်းဖြစ်ရလဲ သိတယ်မို့လား”
“အင်း”
“အဲ့ဒါဆို သိရင်မငိုနဲ့တော့နော်။ လိမ္မာတယ် မုန်းပေါက်လေးက။ ကိုကို မုန်းကို ဒီကပြန်ကတည်းက ဘာမှာလိုက်လဲ။ ဘယ်သွားသွား ဘာလုပ်လုပ် . . .”
အလင်းကပြောလက်စ စကားကို တစ်ဝက်နဲ့ရပ်လိုက်ပြီး ကျန်တဲ့စကားကို မုန်းကိုဆက်ပြောဆိုတဲ့ သဘောနဲ့ တိခနဲ ဖြတ်လိုက်တယ်။
“ကိုကို့ကို အရင်ပြောရမယ်”
အလင်းအထာကို နားလည်နေတဲ့မုန်းက အလင်းမှာထားတဲ့စကားကို မမေ့ဘူးဆိုတာ သက်သေပြလို့ရအောင် ဆက်ပြောရတယ်။
“အင်း အဲ့ဒါကိုမှတ်မိနေရဲ့သားနဲ့ ဘာလို့ဖုန်းမဆက်တာလဲ။ မုန်းဖုန်းကို ကိုကိုအကြိမ်အများကြီးခေါ်နေတာ မရလို့ ကိုကိုဘယ်လောက်စိုးရိမ်ပြီး စိတ်ပူနေရလဲ မုန်းသိလား။ အနားမှာမရှိတာမို့ ပြေးလာလို့ကလည်း မရဘူး။ ကိုကို့မှာ ထိုင်မရ ထမရနဲ့ အရူးလိုပဲ။ သုတကို ဖုန်းဆက်ကြည့်လို့ သုတနဲ့ အတူတူရှိနေတယ်ဆိုတော့မှ ကိုကိုစိတ်အေးရတယ်။ ကလေးပေါက်ရယ် ကိုကိုသေချာမှာလိုက်ရက်နဲ့ ကိုကို့စကားကို နားမထောင်ဘူး။ ကိုကို့ကို မချစ်ဘူးလားပြော”
“အဲ့လိုမဟုတ်မဟုတ်ပါဘူး ကိုကိုကလည်း။ ကိုကို့စကားကို နားမထောင်တာလည်း မဟုတ်ဘူး။ မချစ်လို့လည်း မဟုတ်ပါဘူး။ ဧည့်သည်တွေလည်းပါတော့ စကားတွေပြောရင်း မေ့သွားလို့ပါ အင့်“
“တော်ပြီ မငိုနဲ့တော့။ ကိုကိုစိတ်မဆိုးတော့ဘူးနော်။ သူကလည်း အပြစ်လုပ်သေးတယ် သူကပဲ ဦးအောင်ငိုတယ်။ ကလေးဆိုးလေး။ ပြောပါဦး ဘယ်ကဧည့်သည်တွေပါလို့ ကိုကို့ကိုမေ့သွားရတာလဲ”
“ဟို. . .သုတသူငယ်ချင်းတွေ သုတတို့အိမ်ကို အလည်လိုက်လာကြတာ။ သုတသူငယ်ချင်း ဝသုန်ရဲ့ ညီလေးတွေရောပါတယ်။ နေယံနဲ့နွေယံတဲ့။ အမွှာလေးတွေ ချစ်စရာလေးတွေကိုကို။ ခုမှ ရှစ်တန်းဖြေထားကြရုံပဲ ရှိသေးတာ”
“မုန်းပြောတဲ့လူတွေကို ကိုကိုတစ်ယောက်မှ မသိဘူး။ ဘယ်လိုလူတွေလဲဆိုတာ ကိုကိုမသိတာမို့ အရမ်းရင်းရင်းနှီးနှီး မနေရဘူးနော်။ ကြားလား ကလေးပေါက်လေး”
“ဟုတ်ကဲ့ပါ ကိုကို။ သူတို့က လူကောင်းတွေပါ။ ခင်ဖို့လည်း ကောင်းကြတယ်။ သုတစာမေးပွဲနားနီးတုန်းက အကြာကြီး စာသွားလုပ်တဲ့အိမ်က တစ်ယောက်လေ”
“ဟုတ်ကဲ့ပါဗျာ ခင်ဖို့ကောင်းတယ်ဆိုလည်း ခင်ပါ။ ဒါပေမဲ့ ရင်းရင်းနှီးနှီးတော့ မနေနဲ့။ ဒီကကောင်က သဝန်တိုတယ်”
“ဟုတ်ကဲ့ပါ ခင်ဗျ”
“ခုမှ ပြန်ရောက်တာမို့လား။ ညနေတောင် စောင်းနေပြီ ရေချိုးတော့။ ညစာစားပြီးမှ ကိုကိုတို့ video call ပြောကြမယ်နော်”
“ဟုတ်။ အဲ့ဒါဆို ဒါပဲနော် ကိုကို။ အာဘွား အကြီးကြီးနော် မွစ်”
“အင်း ကိုကိုကလည်း အာဘွား အကြီးကြီးပါဗျာ မွစ်”
ကျွန်တော်သိပ်ချစ်ရတဲ့ လူလည်လေး။ သူလည်း အပြစ်လုပ်ထားသေးတယ်။ သူကအရင် ဦးအောင်ငိုတယ်။ ဒီကကောင်က သူမျက်ရည်ကျရင် ရင်နာရပါတယ်ဆိုတာကို မသိတာလည်းမဟုတ်။ သိသိကြီးနဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူ့ကိုစိတ်ဆိုးပြေအောင်လုပ်တာ။ သူမျက်ရည်ကျရင် ဒီကကောင်ကြီးက ကြာကြာစိတ်မဆိုးနိုင်ဘူး။ ကျွန်တော့်ရဲ့ ကလေးပေါက်က လူလည်ပန်ကာလေး၊ ပေသီးလေး၊ အဆိုးအဆာလေး၊ အသည်းတုံး အချစ်ရဆုံးလေး။
**************
“ကိုကို့ သုတတို့နဲ့ ကြိုးတံတားမှာ သီချင်းသွားဆိုမလို့”
“အင်း သွားလေ။ အပြင်မှာ အရမ်းဉာဉ့်နက်အောင် မနေနဲ့နော်။ ပြန်ရောက်ရင် ကိုကို့ကိုဖုန်းခေါ်ဦး။ ကိုကိုပြောတာကြားလားမုန်း”
“ကြားပါတယ်ခင်ဗျ”
“အင်း ပြီးရော။ ကိုကိုဖုန်းချလိုက်တော့မယ်”
“ဟုတ်ကဲ့ပါခင်ဗျာ”
အလင်းနဲ့ဖုန်းပြောပြီး ခဏအကြာမှာ သုတတို့လာခေါ်တာမို့ မေမေ့ကိုပြောပြီး အပြင်ထွက်လာလိုက်တယ်။ မြောင်းမြမှာ အလင်းရှိတုန်းကတော့ ခုလို ည၆နာရီကျော် ၇နာရီလောက်ဆို ကြိုးတံတားပေါ်မှာ သူငယ်ချင်းတွေစုပြီး သီချင်းဆိုနေကြ။ အလင်းပါတုန်းကတော့ အလင်းကဂစ်တာတီးတယ်။ အလင်းမပါဝောာ့ သုတသူငယ်ချင်း ဝသုန်က တီးပေးမယ်လို့ ပြောပါတယ်။
အစီအစဉ်ကတော့ သီချင်းဆိုဖို့ပေါ့။ ကြိုးတံတားပေါ်ရောက်ဝောာ့ အမောင်သုတက ဘီယာလေးဘာလေး သောက်ရအောင်ဆိုပြီး ပြောလိုက်ရုံရှိသေးတယ် ကျန်တဲ့သူငယ်ချင်းတွေက ဆိုင်ကယ်ကောက်ဆွဲပြီး ဘီယာဝယ်ရအောင် ထွက်သွားပါပြီ။ သောက်ဖို့စားဖို့ဆို အဲ့လိုလူညီကြတာပါ။ ကျန်တာ ညီ မညီတော့ မသိဘူး ဒါမျိုးကြ တက်ညီလက်ညီ ရှိကြတယ်။
ဝယ်တဲ့သူက တာဝန်ကျေပွန်စွာ ဝယ်လာပြီဆိုတော့လည်း သောက်တဲ့သူက သောက်ပေးရတော့မှာပေါ့။ အမြည်းကတော့ ပူစရာမလိုဘူး။ မြောင်းမြ ကြိုးတံတားဆိုတာ ကြိုးတံတားက မြစ်အလယ်ခေါင်မှာ ကျိုးကျပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ဘေးတစ်ဘက်တစ်ချက်မှာ တံတားတစ်ဝက်ဆီ ကျန်ခဲ့သေးတယ်လေ။ မြို့ထဲဘက်မှာကျန်တဲ့ ကြိုးတံတားအပျက်ပေါ်မှာ ကလေးကစားကွင်း နဲ့ လေ့ကျင်းခန်းလုပ်လို့ရတဲ့ အရာလေးတွေရှိတယ်။ ပြီးတော့ လူတွေလာရင် အပန်းဖြေအနားယူလို့ရတဲ့ ခုံတန်းလေးတွေရှိတယ်။ အကင်၊ တုတ်ထိုး၊ အသုတ်စုံ၊ အအေး အစရှိတဲ့ ရောင်းတဲ့ဆိုင် မျိုးစုံရှိတယ်။ ဒါကြောင့် ညနေခင်းဆိုရင် လူတွေက ကြိုးတံတားကိုလာပြီး အပန်းဖြေ အနားယူကြတယ်။ မုန့်လာစားကြတယ်။ ခလေးတွေကို ကစားရအောင် လိုက်ပို့ကြတယ်။ မြောင်းမြကြိုးတံတားက ညနေနဲ့ညဘက်ဆို လူအရမ်းစည်းကားတဲ့ နေရာတစ်ခုပေါ့။
“မုန်းရော့ မင်းလည်းသောက်”
သူငယ်ချင်းထဲကတစ်ယောက်က မုန်းကိုဘီယာကမ်းပေးရင်း သောက်ဖို့ပြောလာတာမို့ ငြင်းလိုက်ရတယ်။
“အာ ငါမသောက်တော့ဘူး။ မင်းတို့ပဲ သောက်ကြတော့”
“ဟေ့ကောင်တွေ မုန်းကိုမတိုက်နဲ့နော်။ မင်းတို့ ထိန်းနိုင်တယ်ဆိုမှတိုက်။ သူကနည်းနည်းသောက်ပြီး များများမူးတဲ့ကောင်။ နည်းနည်းပဲတိုက်”
“သူငယ်ချင်းတွေ ဆုံတုန်းလေး သောက်စမ်းပါကွာ မင်းကလည်း။ ငါကတစ်ယောက်သုံးလုံးဆိုပြီး ကွက်တိဝယ်လာတာ။ အမွှာနှစ်ကောင်အတွက်တောင် Full Moon တစ်ယောက်တစ်လုံးဆိုပြီး နှစ်လုံးဝယ်လာတယ်”
“ဟာဟေ့ကောင် ကလေးတွေကို မတိုက်ပါနဲ့ကွာ”
သူငယ်ချင်းက ကလေးတွေဖို့ဝယ်လာတယ်ဆိုတော့ သုတကမတိုက်ဖို့ တားပါတယ်။ အမွှာတွေရဲ့အစ်ကိုအရင်း ဝသုန်ကတောင် ဘာမှမပြောဘူး။ သူက ပျာပျာသလဲကို တားနေတာ။ ဘာလဲကွ ဒီကောင်ငသုက။
“ရပါတယ် ကိုကြီးရဲ့။ သောက်ပါ့မယ်”
အငယ်ကောင်နွေယံက သောက်ဖို့ပြောပေမယ့် နေယံကတော့ ခပ်အေးအေးပဲ ထိုင်နေပါတယ်။ အမွှာပေမယ့် အကြီးကောင်နေယံက အေးသလောက် နွေယံကတော့ အသွက်ကလေးပါ။ သောက်မယ်လည်း မပြောဘူး မသောက်ဘူးလည်း မပြောတာကြောင့် အဖွဲ့ထဲကတစ်ယောက်က နေယံကိုမေးပါတော့တယ်။
“နေယံ မင်းရောသောက်မှာလား”
နေယံက သူသောက်သင့်မသောက်သင့်ကို ဝသုန့်ကို ခွင်တောင်းတဲ့အကြည့်နဲ့ ကြည့်တော့ ဝသုန်ကခေါင်းငြိမ့်ပြတယ်။ အဲ့တော့မှ တည်ငြိမ်သူကိုနေယံက သောက်မယ်လို့ပြောပါတယ်။
“ဟုတ်ကိုကြီး သောက်မယ်လေ”
ကလေးတွေကိုလည်းတိုက် ကိုယ်တွေလည်းသောက်ရင်း သီချင်းတွေဆိုလိုက် သောက်လိုက်နဲ့ မသောက်ပါဘူးဆိုတဲ့မုန်းလည်း သုံးလုံးမြောက်ခဲ့ပြီ။ အဲ့အချိန်မှာ အလင်းဆိုတာကိုလည်း သတိမရနိုင်တော့ဘူး။ လူကလည်း ရွဲပလဲနေပါပြီ။
အရက်မူးတာကို မုန်းအရမ်းသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ဘာကိစ္စကိုမှ တွေးပူနေစရာမလိုဘဲ ခံစားချက်က လေဟာနယ်ထဲ ရောက်နေသလိုပဲ လွတ်လပ်ပေါ့ပါးတယ်။ ရင်ထဲမှာ ရှိသမျှစကားတွေကို ပြောချင်သလို လွတ်လွတ်လပ်လပ် ပြောလိုက်လို့ရတယ်။ ငိုချင်စရာရှိတာအားလုံးကို ဖွင့်ဟအော်ငိုပစ်လို့ရလို့ အရက်မူးတာကို ကျွန်တော်အရမ်းကြိုက်ပါတယ်။
ခုလည်း တစ်ဦးတည်းသောသားဖြစ်ရတဲ့ဘဝကို အရမ်းဝမ်းနည်းလွန်းလို့ အော်ငိုပစ်လိုက်တယ်။
“သုတရာ ငါ့မှာ အစ်ကိုတစ်ယောက်လောက်ဖြစ်ဖြစ် အစ်မတစ်ယောက်လောက်ဖြစ်ဖြစ်ရှိရင် သိပ်ကောင်းမှာပဲ။ အဲ့ဒါဆို ငါ့ရင်ထဲခံစားရသမျှတွေကို ဖွင့်ဟတိုင်ပင်လို့ရတယ်။ ခုတော့ တစ်ဦးတည်းသောသားဖြစ်ရတာ မကောင်းလိုက်တာကွာ အားးးးအီးဟီးဟီး”
“အေးပါကွာမုန်းရာ မငိုနဲ့တော့နော်။ တောင်းပန်ပါတယ်ကွာ။ အဲ့ဒါကြောင့် ငါမင်းတို့ကိုပြောပါတယ်။ ဒီအရစ်တုံးကို အရမ်းမတိုက်ပါနဲ့လို့”
“အေးပါကွာ အဲ့လောက်ဆိုးမှန်းမသိလို့ တိုက်မိတာပါ။ တကယ်ပါကွာ ကလေးဆိုးကြီးလိုပဲ”
မုန်းမူးနေတဲ့အချိန် အိပ်ကပ်ထဲကဖုန်းက လာနေတာမို့ ဖုန်း Ringtone သံကြောင့် အလင်းမှန်းသိလိုက်ပါပြီ။
“ဟေ့ကောင်သုတ ငါ့ကိုလွှတ်စမ်း။ ငါ့ကိုကို ငါ့ကိုဖုန်းခေါ်နေပြီကွ။ ကိုင်လိုက်ဦးမယ်”
“မူးသာမူးတာ အမူးပါး။ သူ့လင်ဖုန်းခေါ်တာကြ တန်းသိတယ်။ မူးနေတဲ့သူက Ringtoneသံ ကြားရုံနဲ့ ဘယ်သူခေါ်မှန်းသိတယ် အံ့သြရော”
သုတက မူးနေတဲ့မုန်းကို လွှတ်မပေးဘဲ အိပ်ကပ်ထဲကဖုန်းကိုကိုင်ပြီး စပီကာဖွင့်ပြီးတာနဲ့ မုန်းပါးစပ်ရှေ့ကိုထားပြီး သူ့လက်နဲ့ပဲ ကိုင်ထားပေးလိုက်တယ်။
“ဟဲလို ကိုကို ပြော”
“မုန်းပေါက် အိမ်ပြန်ရောက်ပြီလား”
“အိမ်ပြန်ရောက်ရအောင် ဘယ်အချိန်ရှိသေးလို့လဲ။ အစောကြီးရှိသေးတာကို ကိုကိုကလည်း”
“ဟမ်”
နေပါဦး မုန်းအသံက အာလေးလျှာလေးနဲ့။ ညဆယ်နှစ်နာရီတောင်ကျော်နေပြီကို အစောကြီးတဲ့လား။ ဒီကလေး မူးများမူးနေတာလား။
“မုန်း မူးနေတာလား။ ကိုကို့ကို အမှန်အတိုင်းပြောစမ်း။ ခုထိ ကြိုးတံတားမှာပဲလား။ အိမ်မပြန်ရသေးဘူးလား။ ဘယ်အချိန်ရှိနေပြီလဲမုန်း”
“အီးးဟီးးဟီးး အဲ့လိုလေသံမာမာကြီးနဲ့မပြောပါနဲ့ ဟီးးးးဟီးးး”
“မငိုနဲ့လေကွာမုန်းရာ။ ဝသုန် နွေယံ့ကို နေယံနဲ့ခဏထားခဲ့ပြီး မုန်းကိုလာထိန်းပေးစမ်းပါ။ ငါဒီမှာ ဖုန်းပြောလိုက်ဦးမယ်”
“အေးအေး လာပြီ”
မုန်းကို ဝသုန့်လက်ထဲထည့်ခဲ့ပြီး အလင်းနဲ့ဖုန်းပြောလိုက်တယ်။
“အလင်း သူငယ်ချင်းတွေဆုံလို့ သောက်ကြရင်းနဲ့ ဟိုကောင်တွေက မုန်းကိုအတင်းတိုက်လို့ သူမသောက်ချင်ဘဲ သောက်လိုက်ရတာ။ အဲ့ဒါကြောင့် နည်းနည်းမူးနေတာ။ မင်းလည်း စိတ်ဆိုးမနေပါနဲ့ကွာ။ ငါသူ့အိမ်ကို သေချာလိုက်ပို့လိုက်ပါ့မယ် နော်ဟေ့ကောင်”
“အေး ငသု ငါစိတ်ချမယ်နော်။ မင်းသေချာဂရုစိုက်ပြီး အိမ်ကို လိုက်ပို့ပေးလိုက်ပါကွာနော်”
“စိတ်ချပါကွာ။ ဟေ့ကောင် ဒါဆို ငါဖုန်းချပြီနော်”
“အေးအေး ဒါပဲ”
အလင်းနဲ့စကားပြောပြီးတာနဲ့ ဖုန်းချလိုက်ပြီး မုန်းအိမ်ကို လိုက်ပို့ဖို့ ပြင်ရတယ်။ မုန်းအိမ်ကိုရောက်တော့ အခန်းထဲထိ လိုက်ပို့ပေးခဲ့ပြီးမှ အန်တီ့နုကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။
ကျွန်တော်သုတရဲ့ အိမ်အပြန်လမ်းကတော့ နွေယံ့ကိုဂုန်းပိုးပြီး ပြန်ခဲ့ရတယ်ပေါ့ဗျာ။ အစ်ကိုအရင်းဝသုန်က အတော်ချစ်ဖို့ကောင်းပါတယ်။ မင်းခေါ်လာတာ မင်းထိန်းတဲ့လေ။ ကျွန်တော်ဘယ်လိုစိတ်နဲ့များ ဒီအမွှာကိုလိုက်ခဲ့ပါလို့ ခေါ်မိတာပါလိမ့်။ စဉ်းစားလို့ကို မရဘူး။ ခေါ်တဲ့အချိန်တုန်းက ကျွန်တော် အပမှီနေတာများလားဗျာ။ သောက်တဲ့သူချင်းအတူတူ သောက်တဲ့အရေအတွက်ချင်းအတူတူ အကြီးကောင်နေယံက ဘယ်လိုမှမနေဘူး။ အငယ်ကောင်က အသွက်ပေမဲ့ အရက်တော့ မသောက်နိုင်ဘူးပဲ။ တစ်ပုလင်းထဲနဲ့ ခေါင်းကျိုးနေတယ်လေ။ ဒါတောင် Spyမို့လို့ တော်သေးတယ်။
***********
ညကဘီယာသုံးပုလင်းသောက်လိုက်မိတာ မနက်ကြတော့ မုန်းခေါင်းကိုက်နေရပြီလေ။ ကိုယ့်ကိုယ်ကိုတောင် မုန်းတယ်။ သုံးပုလင်းလေးနဲ့ မူးရတယ်လို့။ နာရီကိုကြည့်လိုက်မိတော့ ဆယ်နာရီဆယ့်ငါး။ တော်တော်တောင် နောက်ကျနေပြီ။
ဟင်! ငါ့ကိုညက အလင်းဖုန်းဆက်သေးလား မသိဘူး။ စောစောပြန်ဖို့ပြောပြီး ဖုန်းဆက်ခိုင်းတာကို မေ့နေတယ်။ Call Log တွေကို ပြန်ကြည့်တော့ အလင်းက ညဆယ်နှစ်နာရီကျော်လောက်က ဖုန်းဆက်ထားပါတယ်။
မဖြစ်မဖြစ် ဖုန်းပြန်ဆက်ဦးမှ။ ညက မူးမူးနဲ့ ဘာတွေပြောထားမိလဲ မသိဘူး။ အားးး မုန်း မင်းအပြစ်တွေ အများကြီး ကျူးလွန်မိနေတာပဲ။ သူ မကြိုက်တာတွေဘဲ ရွေးလုပ်နေရတယ်လို့။
“ဟဲလို ကိုကို့”
“အင်း”
“ညက မုန်းတောင်းပန်ပါတယ်နော်။ သူငယ်ချင်းတွေ အတင်းတိုက်လို့ သောက်လိုက်မိတာ”
“ဘယ်လောက်သောက်လဲ”
“သုံးလုံး”
“Ok ငါ့ကို ဖုန်းသုံးရက်မခေါ်ပါနဲ့”
“ဟမ် ကိုကိုကလည်း မုန်းတောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူးလို့လည်း ကတိပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရတာ ဖုန်းသုံးရက်တောင် မဆက်ရဘူးဆိုတော့ ကိုကိုကရော နေနိုင်လို့လား”
“မနေနိုင်ဘူး။ ဒါပေမဲ့ ငါမင်းကိုဘာပြောခဲ့လဲ။ မင်းအပြစ်လုပ်ရင် အပြစ်လုပ်တဲ့ မင်းတစ်ယောက်တည်း ခံရမှာမဟုတ်ဘူး ငါပါအပြစ်ခံရမှာလို့ မပြောခဲ့ဘူးလား။ အရက်၊ ဘီယာကို ငါမဟုတ်တဲ့တခြားသူနဲ့ မသောက်ပါနဲ့လို့ သေချာမှာလိုက်တယ်။ တကယ်လို့ သူငယ်ချင်းတွေစုံလို့ သောက်ချင်တယ်ဆိုရင်တောင် ငါ့ကိုအရင်ပြောပါ ငါ့ကိုအရင်ခွင့်တောင်းပါလို့မပြောခဲ့ဘူးလား။ မင်းငါ့စကားတွေကို အလေးအနက် မထားတာလား။ ဒါမှမဟုတ် ငါ့ကိုဂရုစိုက်စရာမလိုဘူးလို့ တွေးထားတာလား”
“အဲ့လိုမဟုတ်ပါဘူး ကိုကိုကလည်း”
“Ok ငါ့စကားကို မင်းအလေးထားတယ်ဆိုရင် ငါ့ကို ဖုန်းသုံးရက် လုံးဝမဆက်ပါနဲ့။ ငါ့စကားကို နားမထောင်ဘဲ သုံးရက်မပြည့်ခင် ဒီကြားထဲမှာ ဖုန်းခေါ်ခဲ့ရင် နောက်ထပ် ရက်ထပ်တိုးသွားလိမ့်မယ်ဆိုတာကို သိထားပါ”
အလင်းက သူပြောချင်ရာမှန်သမျှကို ပြောပြီးတာနဲ့ ဖုန်းချသွားပါတော့တယ်။ အလင်းပြတ်သားရင် ကြောက်ဖို့ကောင်းတယ် ဆိုတာကို သိသိရက်နဲ့။ သူသေချာမှာလိုက်တာကို နားမထောင်ဘဲ တလွဲတွေချည်းပဲ လုပ်မိနေတယ်။ သေသာ သေလိုက်ချင်တော့တာပဲ။ တစ်ရက်လေးဖုန်းမပြောရရင်တောင် အရမ်းလွမ်းနေရတာကို။ ခွဲလည်းခွဲနေရသေးတယ် ဖုန်းလည်းမပြောရဘူးဆိုတော့ ငါတော့သေမှာပဲ။
နေ့လယ်လောက်ကြတော့ နွေတို့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ သုတကိုလည်း နွေတို့အိမ်ကိုလာခဲ့ဖို့ ဖုန်းဆက် အကြောင်းကြားလိုက်ပါတယ်။ နွေတို့အိမ်ကိုရောက်တော့ သုတရော အားသစ်ရောပါ ရောက်လို့တောင်နေပါပြီ။
“သုတ မင်းသူငယ်ချင်းနဲ့ အမွှာနှစ်ကောင်ကို ဘယ်မှာထားခဲ့တာလဲ”
“၀သုန့်ကို ဟိုကောင်တွေနဲ့ ခဏထားခဲ့တယ်။ သူတို့က ခင်နေကြပြီ။ ငါ့ကိုတောင် မလိုတော့ဘူး။ အမွှာတွေကတော့ ငါနဲ့ပါလာတယ်။ မေချစ်နဲ့ ဆိုင်လိုက်သွားတယ်။ မေချစ်ကို နွေယံတစ်ယောက် ဘာတွေမွှေနေလဲတော့ မသိဘူး”
“နွေယံကတော့ တကယ်အသွက်။ ခဏလေးနဲ့ အားလုံးက သူ့ကိုချစ်လာအောင် နေတတ်တယ်”
“ဒါနဲ့မင်းက ငါ့ကိုနွေတို့အိမ်လာခိုင်းတာ ဘာလုပ်ဖို့လဲ”
မုန်းက သူ့ကိုနွေတို့အိမ်လာခိုင်းတာမို့ မေးလိုက်တာပါ။
“အလင်းလေ ညက ငါအရက်သောက်ပြီးမူးနေလို့ စိတ်တအားဆိုးနေတယ်။ ငါ့ကိုလည်း သူ့ကို သုံးရက်တိတိ မဆက်သွယ်ပါနဲ့တဲ့”
“သုံးရက်တောင်”
နွေကတအံ့တဩကို မျက်လုံးလေးဝိုင်းနေအောင် ပြူးကြည့်ပြီးကို မေးတာပါ။
“အေး။ ဘီယာသုံးလုံးသောက်လို့ သုံးရက်မဆက်သွယ်ပါနဲ့တဲ့ဟာ”
“အလင်း တော်တော်ကို စိတ်ဆိုးသွားတာဖြစ်မယ်မုန်း။ သူ့လောက် နင့်ကိုချစ်ပြီး တစ်ရက်လေးတောင် နင်နဲ့စကားမပြောဘဲ မနေနိုင်တဲ့သူက သုံးရက်မဆက်သွယ်နဲ့ဆိုတော့ တော်ရုံစိတ်ဆိုးတာ မဟုတ်ဘူးပဲ။ ငါတို့ကို အကူအညီမတောင်းနဲ့နော်။ ငါတို့ ဒီကိစ္စကို လက်ရှောင်တယ်။ နင်တို့လည်း ဘာမှ ဝင်ပြီးလျှာမရှည်နဲ့နော်။ အလင်းအကြောင်း နင်တို့သိတယ်မို့လား။ သူဆုံးဖြတ်ချက်ချထားရင် မပြင်သလို စိတ်ဆိုးလို့မခေါ်ဘဲနေရင်လည်း ကြားလူဝင်ပြောရင် ကြားလူကိုပါ မခေါ်တော့ဘူးဆိုတာ”
“အေး ဒါတော့ဟုတ်တယ်။ မောင်ပြတ်သားကို ငါတို့လည်း ကြောက်တယ် ဟေ့ကောင်”
အားသစ်ဆိုတဲ့ကောင်က နွေပြောသမျှကို အကုန်ထောက်ခံမယ့်ကောင်။
“သုံးရက်လေးပဲကိုကွာ ခဏလေးနဲ့ကုန်သွားမှာပဲကို။ မင်းက ဘာဖြစ်နေတာလဲ”
“စောင်FAကောင်”
“နှိမ်ပြန်ပြီ။ ငါက မင်းတို့ အခုလိုဘဲပူ၊ ဆော်ပူမိပြီး စိတ်ညစ်တာတွေကို မခံစားနိုင်လို့ FAဘဝကို ရွေးချယ်ထားတာ သဘောပေါက်”
“အရူး”
အားလုံးက တစ်ညီတစ်ညာတည်း ဝိုင်းပြီးထောပနာပြုလိုက်ကြတယ်။
“နွေ နင်ဖုန်းခေါ်ပြီး ပြောကြည့်ပေးဟာ။ နင်ပြောရင် ရလောက်မှာပါ . . နော်။ ငါ့ကိုချစ်ရင်”
“ကဲပါ ဟုတ်ပါပြီ။ ဖုန်းခေါ်ကြည့်ပေးမယ်”
နွေဖုန်းခေါ်လိုက်တော့ အလင်းက ချက်ချင်းကိုင်ပါတယ်။
“ဟဲလို”
“အလင်း”
“အင်း”
“ဟိုဟာလေ”
“မုန်းအကြောင်းပြောမယ်ဆို ဆက်မပြောနဲ့တော့။ တခြားအကြောင်းဆိုရင်ပြော”
“ဟင် နင်တို့ ဘာတွေဖြစ်ထားကြပြန်ပြီလဲ”
“သိရဲ့သားနဲ့ မေးမနေနဲ့နွေ။ အဲ့ကိစ္စပြောဖို့ ဖုန်းဆက်တာမို့လား။ ဒါပဲ ဖုန်းချလိုက်တော့မယ်။ နောက်တစ်ခါ အဲ့ကိစ္စကြောင့်ဖုန်းခေါ်ရင် နင်တို့ပါ ငါ့ကို သုံးရက်မဆက်သွယ်နဲ့ ကြားလား ဒါပဲ”
အလင်းက ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်ပါပြီ။
“အလင်း တကယ်စိတ်ဆိုးရင် ကြောက်စရာကြီး”
“အဟင့် ဟင့်”
ဟောငိုပါပြီ မုန်းလေးသနားပါတယ်။
“မငိုပါနဲ့မုန်းရာ။ ဘာစားချင်လဲ။ ငါတို့လိုက်ဝယ်ကျွေးမယ်လေ”
အစားပုတ်လေးကို အစားနဲ့ဖြားယောင်းလိုက်တဲ့ အားသစ်ရဲ့အကြံက အောင်မြင်တယ်ပြောရမယ်။ တရှုံ့ရှုံ့နဲ့ငိုနေတဲ့မုန်းက မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာတယ်။ အစားဆိုတဲ့အသံကြားတာနဲ့ ငိုတာတောင် ရပ်သွားသလိုပဲ။ ထိုနေ့က အားသစ်က မုန်းမငိုအောင် မုန့်လိုက်ကျွေးတာမို့ အငိုတိတ်ခဲ့ရပါတယ်။
YOU ARE READING
မုန်းရဲ့အလင်းရောင်