ထွက်သွားတဲ့ ကျောင်းသားရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ရည်ညွှန်း၍ ကျွန်တော်ပြောလိုက်ခြင်းဖြစ်သည်။ တစ်ချက်လောက် ဆွဲထိုးရုံနဲ့ လဲသွားနိုင်တဲ့ ပုံစံမျိုးပင်။

"ဒီကောင် ကျောင်းသားသစ်ထင်တယ်..။ ပုံစံကတော့ Aတန်းကျောင်းသားအထာဘဲ။ "

အုပ်စုထဲက တစ်ယောက်ရဲ့ အတွေးကို ကျွန်တော် ကောက်ရလိုက်တဲ့ ကျောင်းသားကတ်လေးက ထပ်လောင်းသက်သေပြုသည်။

"ဒီခွေးလည်ပတ်ကို ဆွဲတဲ့သူရှိသေးတာလား။"

ကျွန်တော်တို့အုပ်စုထဲက တစ်ယောက်က ခနဲ့တဲ့တဲ့ရယ်ရင်းပြောသည်။ကျွန်တော်လည်း အဲ့မေးခွန်းကို ခေါင်းပူမတတ် စဉ်းစားနေတာပင်။ ကျောင်းသားကတ်လုပ်ထားရသည်ဆိုပေမယ့် နေ့တိုင်းဆွဲနေရတာမျိူးမဟုတ်။ မြို့နယ်က ကျန်းမာရေးမှူးလာတာမျိုး၊ ကျောင်းစစ်ဆေးရေး ဝင်တဲ့နေ့မျိုးလောက်မှ ကျောင်းသားကတ်ဆွဲရသည်။ ဒီနေ့ကလည်း ဘာစစ်ဆေးရေးမှူးမှမလာပါဘူး။


မနတ်ဖြန်မှဘဲ Aတန်း အတန်းပိုင်ဆီသွားအပ်တော့မည်ဟု တွေးလိုက်ပြီး ကျောင်းသားကတ်လေးကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ သူ့နာမည်လေးကိုတော့ ဘာရယ်မဟုတ်။ မှတ်မှတ်ရရရှိလိုက်သည်။ နောက်နေ့ ကျောင်းကို ရောက်ရောက်ချင်းဘဲ Aတန်းအတန်းပိုင်ဆီ သွားပြီး ကျောင်းသားကတ်ကို အပ်လိုက်သည်။ ခြင်းတောင်းတွေ အိတ်တွေနဲ့ အလုပ်ရူပ်နေတဲ့ ဆရာမက ကျွန်တော့်ကိုတစ်စုံတရာ ပြန်မပြောနိုင်သေးတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ အတန်းထဲ ဝေ့ကြည့်မိသေးသည်။ ကျောင်းမတက်သေးလို့ လူသိပ်မရှိသေးတဲ့ အတန်းထဲ သူတစ်ယောက်လည်း ရှိမနေပါ။

"အေး...အေး..သား..ကျေးဇူးဘဲ..ထားခဲ့လိုက်တော့။"

ထိုစကားသည် ကျွန်တော့်ကို Aတန်းကနေ အနုနည်းနဲ့ နှင်လွှတ်လိုက်သလိုပင်။ Aတန်းကနေ မိမိဌာနေ Eတန်းသို့ ပြန်ဖို့ပြင်လိုက်တော့ တံခါးဝမှာ တွေ့လိုက်ရတာက သူ။ အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ကောင်လေးသည် တစ်ကြိမ်မြင်ရုံလောက်နဲ့ မှတ်မိနိုင်တဲ့ ပုံစံမျိုးပင်။ ဒီတစ်ခါထပ်မံ သတိထားမိတာက မျက်တောင်ခပ်စိပ်စိပ်တွေနဲ့ မျက်ခုံးနက်နက်တန်းတန်းတွေ။

ကြယ်စင်ပြာလက်တကမ်းWhere stories live. Discover now