Ep-1

46.3K 1.7K 22
                                    

Unicode Version

လူတစ်ယောက်၏တန်ဖိုးကို ထိုလူမရှိတော့သည့်အချိန်မှ ပိုသိရသည်ဟူသောစကားဟာ ဤငါးနှစ်တာကာလအတွင်းမှာ အလူးအလဲခံစားခဲ့ရသည့် သူ၏ခံစားချက်များကို ပေါ်လွင်စေပါသည်။ အကြင်သူမရှိဘဲ ဖြတ်သန်းခဲ့ရသည့် ဤငါးနှစ်ဆိုသောအချိန်အတွင်းမှာ သူဟာ တစ်ဖက်လူကို မည်မျှလိုအပ်နေကြောင်း၊ သူ့ကို မည်မျှအထိမြတ်မြတ်နိုးနိုးချစ်နေမိကြောင်း ရင်နှင့်ရင်း၍ခံစားသိရှိခဲ့ရသည်။

ငါးနှစ်ဆိုသောအတိုင်းအတာသည် လူတစ်ယောက်အား ကိစ္စအလုံးစုံကို ဆင်ခြင်သုံးသပ်နိုင်စေရန်အတွက် လုံလောက်သောပမာဏပင်။ ထိုလူသားကို သူ့ဘဝထဲမှာလိုအပ်နေကြောင်း သိခဲ့ပြီးဖြစ်သော်ငြား ဤမျှအထိ နက်ရှိုင်းစွာငြိတွယ်မိခဲ့ကြောင်းကိုတော့ ဤငါးနှစ်တာကာလက ဝေဖန်ပိုင်းခြားပြနိုင်ခဲ့သည်။

သူ...။ ချစ်ရပါသော လူဆိုးကောင်လေး..။ ဂျစ်ကန်ကန်အပြုအမူတို့နှင့် သူ၏နှလုံးသားထဲကို တိုးလျှိုးဝင်ရောက်လာပြီး သူ၏ရင်ခုန်သံတို့ကို စိုးမိုးခြယ်လှယ်သူ..။ သူ၏ရှိုင်းယံ..။

သူ့ထက် အသက်သုံးနှစ်မျှပိုကြီးသော်လည်း ကလေးတစ်ယောက်လို တယုတယကြင်နာမြတ်နိုးချင်စဖွယ်ကောင်းအောင် ချစ်ဖို့ကောင်းလွန်းသောသူလည်းဖြစ်၏။

ဆုံးရှုံးလိုက်ရမည်စိုး၍ တွန့်ဆုတ်မိခဲ့သမျှသည် သူတို့နှစ်ယောက်ကို ဤမျှကြာအောင် ကွဲကွာစေခဲ့သည်။ သူမခန့်မှန်းတတ်သော အကြောင်းအရာတချို့ကြောင့် သူ၏ရှိုင်းယံသည် သူ့ကို မျက်နှာချင်းမဆိုင်လိုဘဲ ရှောင်ပုန်းချင်၍ U.Sသို့ထွက်ခွါသွားရက်ခဲ့လေရာ အပြစ်မဆိုရက်သောသူကလည်း ချစ်ရသူငြိုငြင်မည်စိုးသဖြင့် "တစ်နေ့တော့သူပြန်လာမှာပါ" ဟူသောမျှော်လင့်ချက်များကို ရင်ဝယ်ပိုက်ရင်း ချန်ထားရစ်ခဲ့သောနေရာမှာသာ ရပ်ကျန်နေရစ်ခဲ့ပါသည်။

ယခုမူ ငါးနှစ်တာကိုကျော်လွန်ခဲ့ပြီးနောက် သူမျှော်လင့်နေခဲ့သော တစ်နေ့နေ့ကို ရောက်ရှိလာလေပြီ။ သူ၏ရှိုင်းယံသည် U.Sမှာ ငါးနှစ်ကြာပုန်းရှောင်နေပြီးနောက် ယနေ့မှာပင် မြန်မာပြည်သို့ ပြန်လည်ခြေချတော့မည်တဲ့။ ဤသည်မှာ သူ၏ရှိုင်းယံသည် သူနှင့်ပြန်လည်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီဟု ယူဆ၍ရသည်မဟုတ်လား။

I Found My Prince Charming [Season-1]Where stories live. Discover now