ဟော်မြန့်က သူမဘာသာ ရှင်းလင်းအောင် ပြုပြီးပြီဟု တွေးပြီးနောက် အပေါ်ထပ်သို့ ပြန်တက်ရန် လှည့်လိုက်သည်။

သို့သော် ချင်းချူက သူမ လက်မောင်းတွေကို ရုတ်တရက် ဖမ်းဆွဲထားကာ….

“ကျမကိုလွှတ်၊ ချင်းချူ၊ ရှင် ကျမဆီက ဘာတွေ လိုချင်နေသေးတာလဲ။“ ဟော်မြန့်ရဲ့ စကား ပြော၍ မဆုံးသေးခင်မှာပင် ချင်းချူက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

သူက ဟော်မြန့်ကို တင်းတင်းဖက်လိုက်တော့ သူမရဲ့ ခေါင်းက သူ့ရင်အုပ်ကျယ်ကျယ်ဆီကို ဝင်ဆောင့်မိသည်။ Versace တံဆိပ် အမွှေးနံ့နုနုက သူ့ရဲ့ အဖြူရောင် ရှပ်အကျီဆီမှ သင်းပျံ့လာသည်။ စက္ကန့်ပိုင်းအတွင်းမှာတော့ ဟော်မြန့် သည်လက်မောင်းတွေနဲ့ ရင်းနှီးပြီး သက်တောင့်သက်သာ ရှိနေတာကို ခံစားမိသည်။ မျက်ရည်များ ကျဆင်းလာပြီး အတိတ် မှတ်ဥာဏ်များက ထင်ဟပ်လာပြန်သည်။

သူမဘာသာ အံ့သြနေမိပြီးမှ ဟော်မြန့် သူမခေါင်းကို ခါပစ်လိုက်သည်။ ဟော်မြန့် နင်ရူးနေပြီလား။ သည်လူအရင်တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူးလား။

သူက မိစ္ဆာတစ်ကောင်ပဲလေ။ ဘာကြောင့် သူနဲ့စကားပြောပြီး နင့်ရဲ့ အချိန်တွေကို ဖြုန်းတီးနေရတာလဲ။ နင်က အခု နဉ်ကျစ်ယွမ် နဲ့ လက်ထပ်ရတော့မှာလေ။

ဟော်မြန့် သည်အတွေးတွေးမိတော့မှ ရုတ်ချည်း အသိပြန်ဝင်လာသည်။

“ချင်းချူ။ ကျမကို လွှတ်။ ရှင် စောက်ရူးပဲ။ မဟုတ်ရင် ကျမ အကူအညီ အော်တောင်း ရလိမ့်မယ်။ “ ဟော်မြန့်က သူ့ကို ခြိမ်းခြောက်လိုက်သည်။

ချင်းချူက သူမရဲ့ စကားတွေကို မကြားသလိုပြုကာ သူ့ရဲ့ လက်မောင်းတွေကို ပို၍ပင် တင်းကျပ်လိုက်သေးသည်။ သူမကို မလွှတ်ချင်သကဲ့သို့….

သူက သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားပုံက သူရဲ့ ပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းလေး ပြန်လည်ရရှိလိုက်သကဲ့သို့။ ချင်းချူသည် စကားများများပြောသောသူတစ်ယောက် မဟုတ်ပေ။ သူ့ရဲ့ လက်မောင်းတွေကြားမှာ ဟော်မြန့်ကို ဒီလို ထည့်ထားနိုင်ရုံနဲ့တင် သူပျော်ရွှင်လို့ ရနေနိုင်သကဲ့သို့ပင်။

အချစ်စတင်ခဲ့ရာ (volume one)Where stories live. Discover now