"ဒေါက် ဒေါက်"အခန်းတံခါး ခေါက်သံကြောင့် အလုပ်များနေသည့် မြတ်သောမာန် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ အလုပ် လုပ်နေချိန်မှာ တစ်စုံတစ်ရာကြောင့် အာရုံစိုက်မှု လျော့ရဲသွားရတာမျိုးကို မြတ်သောမာန် လုံးဝ မကြိုက်။
စေ့စပ်ပွဲ ကိစ္စနှင့်ပတ်သက်၍ Company ကနေ တစ်ပတ်တောင် အလုပ်နားထားရသော သူ့မှာ အလုပ်တွေ ပုံနေသော်လည်း မြတ်သောမာန် အလုပ်စားပွဲနားမှ ခွာပြီး အခန်းတံခါး သွားဖွင့်လိုက်ပါသည်။
"ဘာလဲ"
သူ အတတ်နိုင်ဆုံး လေသံကို လျှော့မေးလိုက်ပေမယ့်
"ကျွန်တော် နေ့လယ်စာ ချက်ထားတယ် ခင်ဗျ...အဲဒါ"
သူ့အား ထမင်းစားဖို့ လာခေါ်သော မိုင်မိုင်းက သူ့မျက်နှာကိုပင် စေ့စေ့ မကြည့်ဝံ့ချေ။
"အင်း...ကိုယ်လာခဲ့မယ်"
"ဟုတ်ကဲ့"
လုပ်လက်စ အလုပ်တွေကို သိမ်းခဲ့ပြီး သူ အောက်ထပ်ကို ဆင်းသွားလိုက်တော့ မိုင်မိုင်းက နေ့လယ်စာ အတွက် ခူးခပ် ပြင်ဆင်နေသည်။
"ဘာကြိုက်တတ်မှန်း မသိလို့ အဆင်ပြေသလိုလေး ချက်ထားပါတယ်ဗျ"
အမေက မိုင်မိုင်း ဟင်းချက်တတ်ကြောင်း သူ့ကို ပြောဖူးပေမယ့် အခု သူ့မျက်စိရှေ့တွင် မြင်ရခါမှ တကယ်ကို ချီးကျူးလောက်စရာပင်။ မိုင်မိုင်းလို ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက် ချက်ပြုတ် ပြင်ဆင်ထားသော ထမင်းစားပွဲက ကြည့်ရုံနှင့်တင် စားချင်စဖွယ်။
ဟင်းတွေက ကြက်သား ဗူးသီးဟင်း၊ ကင်ပွန်းချဥ်နှင့်ပုဇွန်ခြောက်ကြော်၊ ပန်းပွင့်စိမ်းကြော်တို့ဖြစ်ပြီး အချိုပွဲကတော့ စျေးကနေ ဝယ်လာသည် မြန်မာမုန့်တွေဖြစ်သည်။
သို့ပေမယ့် ထမင်းက တစ်ပန်းကန်တည်းမို့ သူ မိုင်မိုင်းကို ကြည့်လိုက်တော့ မိုင်မိုင်းက သူနှင့်အတူ မထိုင်ဘဲ စားပွဲဘေးတွင် လက်နှစ်ဘက်ယှက်လျက် ရပ်နေဆဲ။
"မင်းက မစားဘူးလား"
"ဦးမြတ်သော စားပြီးမှပဲ..."