အခန်း -၁ အဆက်

Start from the beginning
                                    

၀မ်တာ့ပေါ်လည်း စိတ်မသက်မသာဖြစ်ရင်းအိမ်တော်ထိန်း၏လမ်းပြမှုနောက်ကိုဆက်လက်လိုက်ပါလာလေသည်။
ဧည့်ခန်းဆောင်သို့အရောက်တွင်လည်း လက်ဖက်ရည်သောက်နေရင်း ခေတ္တ ထိုင်စောင့်နေရပေသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန် ကုန်လွန်သွားတော့မှ အပြင်ဘက်က တဖြည်းဖြည်းနီးကပ်လာသော ခြေသံများကို ကြားရလာချေပြီ။
ထို့နောက် "၀မ်ရယ်ကို ဂါရ၀ပြုပါတယ်"ဟု အစောင့်ရဲမက်များ၏ ညီညီညာညာ သောင်းသောင်းဖျဖျ နှုတ်ဆက်သံကိုပါ ကြားလိုက်ရလေသည်။ ၀မ်တာ့ပေါ်လည်း ထိုင်ရာမှ ကမန်းကတမ်းထကာ အရိုအသေပြု နှုတ်ဆက်လိုက်လေသည်။

"၀မ်ရယ်ကို ကျွန်တော်မျိုး ဂါရ၀ပြုပါတယ်"

သွမ့်ပိုင်ယွဲ့က ၎င်း၏ထိုင်နေကျထိုင်ခုံပေါ် နေရာယူရင်း လာရင်းကိစ္စကို မေးလာသည်။

"ရတနာကို တူးဖော်ရှာတွေ့ခဲ့တဲ့တစ်ယောက်ဆိုတာ မင်းလား"

"ဟုတ်ပါတယ် ၊ ကျွန်တော်မျိုးပါပဲ"

၀မ်တာ့ပေါ်တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် ဣန္ဒြေပင် မဆည်နိုင်တော့။ လက်ဆောင်ပဏ္ဏာဘူးကို ဆက်သလိုက်ရင်း နာမည်ကျော်ကြားလှသော ရှီးနန်၀မ်အား မသိမသာ ချောင်းကြည့်လိုက်သည်။

ချောမောပြေပြစ်သော မျက်နှာသွင်ပြင် ၊
မြင့်မားသော အရပ်အမောင်း ၊
ကျစ်လျစ်ကြံ့ခိုင်သော ကိုယ်ခန္ဓာ၊
ခမ်းနားထည်ဝါလွန်းသော ခရမ်းရောင်အဆင်း ၀တ်ရုံ။

အမှန်ပင် အညတရလူတို့ထက် သာလွန်သော ဘုန်းအရှိန်အဝါကို ထိတွေ့ခံစား၍ရနေပေသည်။ မြင်လိုက်ရုံနှင့် မိမိအတွက် အမှီကောင်းတစ်ယောက် ဖြစ်လာမည်မှာမလွဲပေ။

သွမ့်ပိုင်ယွဲ့က ဘူးကိုဖွင့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလာသည်။

"ကျောက်တုံး?"

"ကျောက်တုံးဆိုပေမယ့် သာမန်ကျောက်တုံး မဟုတ်ရပါ အရှင်"

၀မ်တာ့ပေါ်က လျို့ဝှက်သောအကြောင်းခြင်းရာကို ပြောဆိုတော့မည့်နှယ် ရှေ့တစ်လှမ်းတိုးလာကာ ထိုကျောက်တုံးပေါ်ရှိ တစ်စုံတစ်ခုအား လက်ညှိုးညွှန်ပြလာ၏။

ဧကရာဇ်ဗျူဟာWhere stories live. Discover now