သတိရနေမှာပါ

4 0 0
                                    

ထိုနေ့က တမာပန်းတွေသာမန်ထက်ပိုမွှေးတယ်လို့ထင်ခဲ့ရတဲ့နေ့။ မန္တလေးမြို့သည် အမြဲလှသည်။ အမြဲသာယာသည်။ အမြဲကျက်သရေရှိသည်။ သို့သော်ထိုနေ့က အများကြီးပိုခဲ့သည်။
ညနေလေးနာရီလောက်ရှိပြီဖြစ်သည်နှင့်အညီ ဦးပိန်တံတား ပေါ်တွင်လူအလွန်များနေသည်။ နေဝင်ဆည်းဆာ ကိုကြည့်ဖို့စောင့်နေကြတာဖြစ်လိမ့်မည်ဟု စုစု တွေးမိသည်။ဒီလိုဆိုတော့လည်း စုစု ထိုမြင်ကွင်းတွေနှင့်ဝေးခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် စုစု ဆက်မနေတော့ပဲ တစ်စုံတစ်ယောက်ကိုတွေ့လိုတွေ့ငြား စောင့်နေကျနေရာဘက်လို့ လျှောက်လာခဲ့သည်။

"တမာတွေတောင်ပွင့်နေပါရောလား"

စုစုသည်တမာပန်းရနံ့တွေကိုသိပ်ချစ်သည်။ ငယ်ငယ်ကနွေကျောင်းပိတ်ရက်အများစုသည် တမာပင်အောက်တွင် ဝတ္ထုဖတ်ခြင်းနှင့်ပင် ကုန်ဆုံးခဲ့သည်။ တက္ကသိုလ်တက်ရန် ရန်ကုန် သို့သွားလိုက်သည်မှစ၍ ထိုနေ့ရက်များကို နင့်နင့်သီးသီးလွမ်းခဲ့ရသည်။ အကိုရော ဒီအချိန်ဘယ်များရောက်နေမလဲ။အတိတ်ရက်များကို တွေးမိလျှင်အကိုသည်မပါမဖြစ် ဇာတ်ဆောင်ဖြစ်သည်။ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း များကိုတစ်ပြိုင်နက်ပေးနိုင်သော အကို။အကိုပြောခဲ့ဖူးသော "တစ်ခါတစ်လေ အနံ့အသက်တစ်ချို့က အတိတ်တွေကိုပြန်ပြီးအမှတ်ရစေတယ်။ အကိုကတော့ နှင်းဆီပန်းအနံ့ရရင် မေမေ့ကိုပြေးမြင်မိတာပဲ။ မေမေနှင်းဆီပန်းပန်တာ အကိုအမြဲမြင်နေရပေမယ့် နှင်းဆီနံ့ရရင် အကိုသတိရမိတာက မေမေ့ကိုပထမဆုံးမြင်ခဲ့တဲ့အချိန်က မှတ်ဥာဏ်ဆီပြန်ရောက်သွားတာ။" ဆိုသောစကားကြောင့်ပင်ဖြစ်မည်ထင်သည်။ စုစုလည်းအနံ့တွေနှင့်အတူ မှတ်ဥာဏ်တွေကိုသိမ်းထားတတ်ခဲ့သည်။ ဥပမာ အကို့ကို  တမာနံ့ရတိုင်း စုစုတစ်ယောက် သတိရမိတာမျိုး။

"စုလေး လား"

စုစု အနောက်မှ ထိုအသံကိုအလွန်ရင်းနှီးသည်။တိုးတိုးနှင့် တည်ငြိမ်သော၊ ကြင်နာမှုရောယှက်သော ထိုအသံ။ တစ်လက်စတည်း ခုန်လာသောရင်ကို စုစုမထိန်းသိမ်းနိုင်ခဲ့။ စက္ကန့်ပိုင်းလောက်အချိန်တွင် စုစု ရင်ထဲ အတွေးများစွာ ယောက်ယက်ခက်သွားတော့သည်။စုစု နောက်လှည့်ကြည့်မိချိန် တွင် တကယ်ကိုသူဖြစ်သည်။ စုစုမျက်ရည်များဝဲတက်လာသော်လည်း မငိုဖို့ထိန်းနိုင်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Nov 02, 2019 ⏰

Add this story to your Library to get notified about new parts!

Default Title - Write Your OwnWhere stories live. Discover now