မုတ်ဆိတ်နီကြီး (အပိုင်း - ၁)

Start from the beginning
                                    

သေနာပတိရယ်လို့ ထက်မြက်စူးရှတဲ့အမူအရာ
မရှိတဲ့အပြင် နှပ်တရှုံ့ရှုံ့လုပ်နေတဲ့ လူအိုဝဝကြီးကို ကြည့်ပြီး လီဆင်းခမျာ လာမိတာမှားပြီးလို့ ထင်မိပါတယ်။ လီဆင်းနန်းဆောင်ထဲဝင်သွားတော့ သေနာပတိကြီးကို မိန်းမလှလေးတွေ အယောက်နှစ်ဆယ်လောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တွေ့လိုက်ရတယ်။ အဲ .. မိန်းကလေးတွေကတော့ သေနာပတိယန်ဆူရဲ့ သလွန်တဖက်တချက်မှာ ရေကလပ်တို့၊ မုန့်ချိုတို့ ၊ ထွေးခံတို့၊ ယပ်တို့စတာတွေကိုကိုင်ပြီး ခစားနေတာပေါ့။ တစ်တောင်လောက်ရှည်တဲ့ မြင်းမြီးယပ်မှာ ကျောက်စိမ်းလက်ကိုင် တပ်ထားတာကိုကြည့်ရုံနဲ့တောင် ဒီသေနာပတိ ဘယ်လောက်ကြွယ်ဝသလဲဆိုတာ သိနိုင်တယ်။ လေထဲမှာ ကျက်သရေရှိရှိယိမ်းနွဲ့နေတဲ့ ပိုးသားလို မြင်းဖြုမြီးယပ်တွေဟာ အသုံးမကျလှပေမဲ့ ဓနအင်အားရဲ့ပြယုဂ်တခုပဲကိုး။ ဒီလို ခမ်းနား ကြီးကျယ်လှတဲ့ အဆောင်အယောင်တွေကို ပိုင်ဆိုင်သူက ခံစားနှစ်သက်မွေ့ပျော် တတ်လောက်အောင် ဥာဏ်မမှီနိုင်တာကတော့ လောကကြီးရဲ့ သရော်ချက်တကွက်လို့ပဲ ပြောရလေမလား။ ဆိုခဲ့တဲ့နန်းဆောင်ကြီးထဲမှာ အသားကြေးနီရောင်နဲ့ စစ်သည်ပုံပေါက်နေတဲ့ လီဆင်းဟာ မားမားမတ်မတ်ရပ်နေတယ်။ မျက်လုံးတွေက အတွေးနက်နေသလို မှိုင်းမှုန်လို့ ။ သူ့ရင်ထဲမှာ မကြာခင် ပုပ်ဆွေးအမှည့်လွန်နေတဲ့ ပန်းသီးလိုကြွေကျသွားတော့မဲ့ တိုင်းပြည်အတွက် ပူပန်နေတယ်။ နိုင်ငံတဝှမ်းလုံးမှာ မငြိမ်မသက်နဲ့ ကြိမ်မီးအုံးသလို ဖြစ်နေချိန်မှာ နန်းဆောင်ထဲက စစ်သေနာပတိ ဆိုတဲ့ဝက်ကြီးက မိန်းမလှအုပ်ကြီးထဲ မြှုပ်မတတ်ကိုး။ မြှုပ်မတတ်ဆိုတာ စကားအဖြစ်သာ ပြောတာမဟုတ်ပေဘူး။ တကယ်လဲ သေနာပတိအိုကြီးရဲ့ကိုယ်မှာ အနွေးဓါတ်ကလေး ကူးစေဖို့ နန်းဆောင်ကို မိန်းမလှလေးတွေနဲ့ သိပ်ထည့်ထားတာလို့ ဆိုကြတယ်။ သေနာပတိယန်ဆူက လီဆင်းရဲ့ မိတ်ဆက်လွှာကို စိတ်မပါလက်မပါကြည့်ရင်း အင်မတန်ငြီးငွေ့ ပင်ပန်းနေတဲ့လေသံနဲ့ မေးတယ်။

“….မောင်မင်းက.. ဘယ်သူများတုံးကွဲ့….”

“…ကျွန်တော်မျိုးက.. အညတရတယောက်ပါပဲ.. ဒါပေမဲ့ဒီလိုစစ်မီးတောက်နေတဲ့အချိန်မှာ.. သေနာပတိမင်းအနားမှာ အကြံဥာဏ်သစ်တွေ ပေးနိုင်ပြီး.. သေနင်္ဂဗျူဟာ နားလည်တတ်ကျွမ်းတဲ့ သူတွေ လိုအပ်မယ်လို့ထင်မိလို့ လာပြီး အခစားဝင်တာပါပဲ… သေနာပတိမင်းအနေနဲ့ အခုထက်ပိုပြီးမှ လှိုက်လှိုက်လှဲလှဲ ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ.. ဥပမာ.. ဧည့်သည်ကို နေရာထိုင်ခင်း ပေးတာမျိုးပေါ့…”

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now