အပိုင်း ၉ ( ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

ဝေဟင် ညဖက်အိမ်ပြန်နောက်ကျတဲ့နေ့က သူ မသိမသာနဲ့ ဝေဟင်ပြန်လာတတ်တဲ့ လမ်းက သွားစောင့်ပြီး အိမ်ကို အတူပြန်လာခဲ့သည် ။ သူ့ရင်ထဲက ဆန္ဒအစစ်အမှန်တွေကို မထုတ်ပြခဲ့ပေမယ့် သူ ဒီကလေးကို တကယ်သံယောဇဉ်ရှိခဲ့၏ ။ ဝေဟင် အပြင်မှာ ငှါးနေမယ်ဆိုတော့လည်း သူနဲ့အတူနေ သူငယ်ချင်းတွေနဲ့ စိတ်မချလို့ နောက်ဆုံး မိဘတွေမသိအောင် ၀ယ်ထားသည့် တိုက်ခန်းကို ခေါ်လာပြီး ခဏတာ နေစေခဲ့သည် ။ ဒီကလေးအပေါ် သံယောဇဉ်တွယ်ရုံတွယ်မိတာလို့ သူထင်ခဲ့ပေမယ့် ဝေဟင်မရှိတော့တဲ့ နောက်ပိုင်း သူသိလာခဲ့တာက အလွမ်းရဲ့ဒဏ်တွေ။ လူတစ်ယောက်ကို လွမ်းရတာ ဘယ်လောက်ထိ ဆိုးဝါးလည်းဆိုတာ သိရှိနားလည်သဘောပေါက်လာတာနဲ့အမျှ သူ ဒီကလေးအပေါ် ဖြူစင်တဲ့သံယောဇဉ်တစ်ခုထက်ပိုပြီး ချစ်ခဲ့မိမှန်း နားလည်လာသည် ။ သို့ပေမယ့် အရာရာ အားလုံး နောက်ကျသွားပြီ ။ ထွက်သွားသည့် လူတစ်ဦးကို သူ မတားစီးနိုင်ခဲ့သလို လိုက်လည်းမရှာနိုင်ခဲ့ ။

လေးနှစ်ခန့်ကြာပြီးနောက် မြတ်မင်းခန့် ဘ၀လည်း တစ်စတစ်စပြောင်းလဲလာပြီး မိဘတွေနဲ့ မနေထိုင်တော့ဘဲ သူ့ရဲ့ကိုယ်ပိုင်တိုက်ခန်းသို့ ပြောင်းရွေ့နေထိုင်ခဲ့သည် ။ ပြီးနောက် အလုပ်ကနေထွက်ကာ ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုဖွင့်ပြီး သူ့ဘ၀ကို အေးချမ်းစွာဖြတ်သန်းခဲ့သည် ။ ဆိုင်ကို သူကိုယ်တိုင်စီမံခန့်ခွဲပြီး ၀န်ထမ်းတွေကို ကြီးကြပ်သည် ။ အဆင်ပြေနေတဲ့ အလုပ်ကိုထွက်ပြီးမှ ဒီလမ်းကို ရွေးချယ်မိသည့်အပေါ် သူ နောင်တမရခဲ့ဖူး။

ဆိုင်ရဲ့ နံရံတွေမှာ စာအုပ်စင်လေးများကို သေသပ်စွာလုပ်ထားပေးပြီး မီးဆိုင်းများနှင့် အလှဆင်ထားတာမလို့ အမြင်ရှင်းပြီး အမှန်တကယ် ဆိတ်ငြိမ်သည် ။ သူ့ရဲ့ကော်ဖီဆိုင်က အမြတ်အများကြီးမရပေမယ့် ပုံမှန်ဖောက်သည်လေးများရှိတတ်ပြီး တိတ်ဆိတ်မှုကို မြတ်နိုးသူများက သူ့ကော်ဖီဆိုင်လေးကို ရွေးချယ်ကြသည် ။ ဒီဆိုင်မှာက ကော်ဖီကိုသာ သီးသန့်ရောင်းတာမလို့ တခြား menu မရှိပေ ။

မြတ်မင်းခန့် သူ့ရဲ့ကော်ဖီဆိုင်မှာ သူအပါအ၀င် ၀န်ထမ်း ၅ ယောက်ရှိပြီး ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီမှ ည ၆ နာရီထိသာဖြစ်သည် ။ ဘာလို့ ညဖက်ထိ ဆက်မဖွင့်တာလဲဆိုတဲ့ မေးခွန်းအတွက် မြတ်မင်းခန့်မှာ အဖြေမရှိ ။ အရင်က ဝေဟင်ကို အိမ်ပြန်နောက်မကျဖို့ မှာခဲ့ဖူးတဲ့အတိုင်း သူကိုယ်တိုင်လည်း ည ၈ နာရီထက် ပိုမနောက်ကျဖူး ။ မျှော်သူမရှိပေမယ့် သူ တိုက်ခန်းကိုတော့ အချိန်မှန်လေး ပြန်ဖြစ်ခဲ့ပါသည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now