အပိုင်း (၄၈)

Start from the beginning
                                    

"နဂါးလက်စွပ်အပြင် မီးငှက်လက်စွပ်ပါ ရှိတာလား…"

"ဟုတ်ပါတယ် စစ်သူကြီး… ဒီလက်စွပ်တွေဟာ မောင်နှံလက်စွပ်ပါ… ပိုင်ရှင်မဟုတ်တဲ့သူ ဝတ်လို့ မရပါဘူး… စစ်သူကြီး ရှာလို့ရအောင်ပါ…"

"မောင်နှံလက်စွပ်… ဟန့်…"

မခိုးမခန့်ရယ်သံက လှောင်နေသလိုလိုပင်။ သူဌေးဝမ်က ဟွာရှန့် ဘာကြောင့် လှောင်သလဲဆိုတာ သိသည်။ မီးငှက်ရွေးချယ်ထားသည့်သူက စစ်သူကြီးရဲ့ ချစ်လှစွာသော သေဆုံးသွားသည့် မိန်းကလေးဖန်းယဲ့ မဟုတ်ပါလား။ စစ်သူကြီးမျက်လုံးကနေတဆင့် စက္ကန့်ပိုင်းမျှသာ မြင်ရသည့် မဖော်ပြနိုင်သည့် နက်ရှိုင်းလွန်းသော သံယောဇဉ်တို့က ထိုမိန်းကလေးနေရာကို ဘယ်အရာမှ အစားထိုးနိုင်မည့်ပုံ မပေါ်။

"ပြီးတော့ လျှောက်တင်စရာ ရှိပါသေးတယ်…"

"ပြောပါ… သူဌေးဝမ်…"

သူဌေးဝမ်က ဟွာရှန့်နား ကပ်သွားပြီး လေသံကိုနှိမ့်ကာ

"နဂါးလက်စွပ်က… စစ်သူကြီးရဲ့ မွေးမယ်တော်အုတ်ဂူနားမှာလို့ သတင်းစုံစမ်းရပါတယ်…"

"ဒါဆို…. မြို့တော်ကို ပြန်ရဖို့ အကြောင်းဖန်လာတာပဲ… ကျနော်တော့ ကျေးဇူးကြွေးတင်သွားပြီ…"

"မခံယူဝံ့ပါဘူး… စစ်သူကြီး…"

--------------------------------------------------------


အပြန်လမ်းတစ်လျှောက်လုံး သူ မတင်မကျဖြစ်နေသော ကိစ္စသည် မို့ရန် စမ်းချောင်းဘေးနားတွင် လက်အိတ်ချွတ်ပြီး ခြေလက်ဆေးနေသည်ကို အမှတ်မထင် ကြည့်မိရာမှ အဖြေပေါ်သွားသည်။ မီးငှက်လက်စွပ်ကို သူ မြင်ဖူးသယောင်ယောင်ရှိနေသည်မှာ ဒါ့ကြောင့်ကိုး။ ရိန်းက လက်ဆစ်တစ်ဆစ်ခန့်ဖုံးသော လက်အိတ်ကို အမြဲလိုလို ဝတ်ဆင်ထားသည့်အတွက် လက်စွပ်ရှိနေမှန်း သူ သတိမထားမိခြင်း ဖြစ်လိမ့်မည်။ ထိုလက်ကို ဖြတ်ကနဲ ဖမ်းဆွဲပြီး လက်စွပ်ကို သေချာကြည့်သည်။

"ခင်ဗျား ဘာလုပ်တာလဲ…"

မို့ရန် အတင်းရုန်းနေသော်လည်း လက်က ပြုတ်တူဖြင့် ညှပ်ထားသည့်အလား။ နည်းနည်းမှ မရွေ့လာဘဲ ပိုပြီးသာ နာလာသည်။ ဟွာရှန့် လက်စွပ်ကို ကြည့်လို့ပြီးမှ လွှတ်ပေးလိုက်သည်။ မို့ရန် နာကျင်သွားသည့် လက်ကောက်ဝတ်ကို အသာပွတ်ကာ

"စစ်သူကြီး.. လက်စွပ်ကို ကြည့်ချင်တယ်ပြောလည်း ရတာပဲကို…"

"မင်း.. ဒီလက်စွပ်ကို ဘယ်ကရလာတာလဲ…"

"ဟမ်… ကောက်ရထားတာ…"

သူမကို မယုံသင်္ကာကြည့်နေသော အကြည့်တို့ကြောင့်

"တကယ်ပြောတာပါ စစ်သူကြီး… ကျနော် ဒီလက်စွပ်ကို ကောက်ရတာ… ဝတ်ပြီးကတည်းက ပြန်ချွတ်လို့ မရတော့လို့ ဒီအတိုင်း ထားလိုက်တော့တာ.. တကယ်.. တကယ်.."

လက်စွပ်ကို ဆွဲချွတ်ပြသည်။ ဘယ်ဘက်လက်သူကြွယ်တစ်ချောင်းလုံး နီရဲလာသည်။

"တွေ့လား…"

ဟွာရှန့်က မပြောမဆိုပင် သူ့ရှေ့ ထိုးပြနေသော လက်ချောင်းလေးအား ဆွဲယူပြီး လက်စွပ်ကို ချွတ်ကြည့်သည်။ ထူးဆန်းစွာပဲ လက်စွပ်က လျောလျောရှူရှူ ကျွတ်သွားလေသည်။ အသေအချာ လှည့်ပတ်ကြည့်နေရင်းကနေ အမျိုးအမည်မသိသော အားအင်တစ်ခုက သူ့ကို ခံစားချက်တစ်ခု တွန်းအားပေးနေသည်။ မီးငှက်လက်စွပ် အစစ်အမှန်ပင်တည်း။ မီးငှက်၏ အပူစွမ်းအင်အချို့ကို သူ ခံစားလို့ရနေသည်။ ရိန်းက လက်စွပ်ပိုင်ရှင် အစစ်ပဲလား။  ဒါဆို သူတွေ့ခဲ့သည့် ကျောတွင်မီးငှက်ရုပ်ရှိသည့် အမျိုးသမီးကရော.. ဘယ်သူလဲ။ အတွေးပေါင်း မြောက်များစွာ ဖြစ်ပေါ်လာပြီး ရိန်းကို ကြည့်မိသည်။ သူထိုင်နေသည့် ကျောက်တုံးနားတွင် မျက်လုံးအပြူးသားနှင့် လက်စွပ်ကိုတလှည့် သူ့ကိုတလှည့် ကြည့်နေသော မို့ရန်က

အဲ့.. ဘယ်လိုလုပ်ပြီး… ဒီလက်စွပ်က သူချွတ်တော့ ရတယ်… င့ါကျတော့… မရဘူး… ဘာလားပဲ…!!















ကြင်ယာတော် "မို့ရန်"Where stories live. Discover now