ခဏကြာတော့ အပြုံးချိုချိုလေးကို အဖော်ပြုကာ ညင်သာကြည်လင်သောအသံဖြင့် သူမစကားဆိုလာသည်။
"ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲဆိုတာ....
လဲ့တကယ်မသိဘူး...ဘာဖြစ်လို့လဲဆိုတော့...
လဲ့ဘဝမှာ ယောက်ျားတစ်ယောက်တည်းကိုသာ ချစ်ပြီး
အဲ့ယောက်ျားကလည်း လဲ့တစ်ယောက်တည်းကိုပင်
ချစ်လိမ့်မယ်လို့ မျှော်လင့်ထားလို့ပဲ...."
အပြုံးချိုချိုတို့သည် အနည်းငယ်ညှိုးနွမ်းနေသလိုခံစားရပြီး
ညင်သာကြည်လင်သောအသံသည်လည်း ထိန်းချုပ်ထားရသကဲ့သို့ တုန်ရီနေသည်ဟု မိုးထက်ခံစားလိုက်ရသည်။ ပြာရောင်လဲ့၏စကားအဆုံးတွင် မိုးထက်မျက်နှာသည် အောက်သို့ငုံ့ကျသွားရသည်။
ပြာရောင်လဲ့သည် မိုးထက်ကို ပြုံး၍ကြည့်နေသည်။ သူမ၏အပြာရောင်မျက်ဝန်းအတွင်းတွင် မျက်ရည်များဝိုင်းနေသည်ဟုပင် ထင်ရသည်။
"ခေါင်းမော့ထားပါ....ကို....
လူတစ်ယောက်ကို မျက်နှာချင်းမဆိုင်ရဲတဲ့အချိန်က..
အပြစ်လုပ်ထားတဲ့အချိန်ပဲ ဖြစ်ရမယ်...
ကို...လဲ့အပေါ်မှာ အပြစ်မလုပ်ထားဘူးဆိုရင်
လဲ့မျက်နှာကို တည့်တည့်ကြည့်ပါ...."
မိုးထက်သည် မဝံမရဲဖြင့် မော့ကြည့်လိုက်သည်။ အမှန်တကယ်ပင် လဲ့အပေါ် အပြစ်လုပ်မိသလို ခံစားရ၍ မျက်နှာချင်းဆိုင်ရမှာတောင် ရှက်နေမိသည်။
ပြာရောင်လဲ့သည် မိုးထက်တစ်ယောက် သူမကိုကြည့်လာမှ ဆက်ပြောလိုက်သည်။
"ကိုမေးတဲ့မေးခွန်းက လဲ့အတွက် ဖြေရခက်တယ်...
ဒါပေမဲ့ အဖြေကိုသိချင်တယ်ဆို လဲ့ပြောပြမယ်...
လဲ့ကမြန်မာသွေးတစ်ဝက်ပဲပါတယ်ဆိုပေမဲ့ မြန်မာမိန်းကလေးဖြစ်ရတာကို အရမ်းဂုဏ်ယူတယ်...
မိန်းကလေးတွေက အားနွဲ့တယ်...ပျော့ညံ့တတ်တယ်ဆိုပေမဲ့...
သူတို့အသက်နဲ့လဲပြီး ကာကွယ်တာ နှစ်ခုရှိတယ်...
သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ သူတို့တန်ဖိုးထားတဲ့အချစ်ကိုပဲ....
လဲ့အတွက်က လူတစ်ယောက်ကိုချစ်ပြီဆို အဲ့လူတစ်ယောက်တည်း ကသာလျှင် လဲ့ရဲ့လက်တွဲဖော် ဖြစ်ရမယ်...အကယ်၍...
လက်တွဲဖော်လို့သတ်မှတ်ထားတဲ့လူကသာ လဲ့ထက် အခြားတစ်ယောက်ကို ပိုချစ်သွားတယ်ဆိုရင်...
အချစ်ထက် လဲ့ပိုင်ဆိုင်တဲ့ ကိုယ်ကျင့်သိက္ခာကို ရွေးချယ်မိမှာပဲ....