အပိုင်း (၃၀)

Start from the beginning
                                    

"အစ်ကိုသုံး… ချက်ကျွေးပါလား… အစ်ကို့လက်ရာ ဘယ်သူ့မှ မမီဘူး…"

"ငါ ချက်ကျွေးမယ်လေ…."

မို့ရန်က အသီးအရွက်များ ခူးထည့်လာသည့် ဆွဲခြင်းကို စားပွဲပေါ်တင်ကာ ဝင်ဖြေသည်။ အားလုံးက မျက်နှာရှုံ့မဲ့ကြသည်။ ပြီးတော့ သုံးကလေးကို အကူအညီတောင်းသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်သည်။ သူတို့ခေါင်းဆောင် အချက်အပြုတ်လက်ရာကို သူတို့ တစ်ခါပဲ စားပြီးကတည်းက တစ်သက်လုံး စွဲသွားသည်။ ထို့နောက် တပြိုင်နက်တည်း အသည်းအသန် သူချက်မည် ငါချက်မည် လုကြတော့သည်။ မို့ရန် သူတို့အုပ်စု ငြင်းခုန်နေကြသည်ကို ကြည့်ရင်း စဉ်းစားနေသည်။ သူမလက်ရာ ဒီလောက်ဆိုးဝါးနေလို့ပဲလား။ သူမဟင်းချက်သည့်အခါတိုင်း သူမစားလို့ရပေမယ့် အခြားသူတွေက ဘာလို့ဒီလောက်ဖြစ်ပျက်နေရသနည်း။ သူမအတွေးများ ခေါင်လာသည်။

ငါစားဖို့ချက်တာလေ… သူတို့စားဖို့မှ မဟုတ်ဘဲ… ငါစားလို့ရရင် ပြီးရော…!!!

သူတို့ ဘယ်လောက်ပဲ ပိရိစွာ လုပ်ဆောင်နေပါစေ။ ဓါးပြတိုက်သည်ကို မြင်ပြီးပြီမို့ ဟွာရှန့် အသာပြုံးမိသည်။ ဒီလူတွေ ဟန်ဆောင်တော့ ကောင်းကြသား။

"ကျနော် ချက်ပေးပါ့မယ်…."

ခေါင်းအားလုံးက သူရှိရာသို့ ဆတ်ကနဲ လှည့်ကြည့်ကြပြီး

"မဖြစ်ဘူး…"

"မရဘူး…"

"မင်း မချက်နဲ့…"

အတင်းကာရော ငြင်းဆန်နေကြသည့် လူတစ်စုကြောင့် သူကြောင်အသွားသည်။

"ဘာလို့လဲ…"

"ဒါက ဒီလိုပါ… ခင်ဗျား ဒဏ်ရာက အရှင်းပျောက်သေးတာ မဟုတ်ဘူး…. အညှော်ဝင်သွားရင် ပိုဆိုးနေလိမ့်မယ်…"
"နေပါစေ… ခင်ဗျားကောင်းကောင်း အနားယူပါ…"

"ကျနော်တို့ ဒါကို လုပ်နေကျ…"

ဟုတ်တယ်… ခင်ဗျား ဝင်ပါစရာလား… မတော် ဟင်းထဲမှာ အဆိပ်ခတ်ထားရင် ဘယ့်နှယ့်လုပ်မတုန်း… အားလုံး စမုံတုန်းသွားနိုင်တယ်…. !!!!

ဒီကောင်လေး သူ့ကို ကောင်းမင် လို့ ခေါ်ရန် ပြောထားသည်ကို အမှတ်မထားတာလား။ ခင်ဗျား ခင်ဗျားနှင့် နားကြားရ ခက်လှသည်။ အားလုံး ထမင်းစားပြီးချိန်တွင် ဟွာရှန့်ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘယ်လိုလုပ်ကြမလဲဟု မျက်လုံးချင်း စကားပြောကုန်သည်။

"ကျနော် နေကောင်းနေပြီမို့ မနက်ဖြန် ပြန်တော့မယ်…. ဒီကာလမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…"

"ခင်ဗျား တကယ်ပြန်တော့မလို့လား…."

"အွန်း…."

" ဆေးပင်တွေ ရှာလို့ကောင်းတုန်းကို…"

"ခေါင်းဆောင်ရိန်းလည်း ဆေးပင်နဲ့ မြက်ပင် ခွဲခြားသိနေပြီပဲ… ကျနော် ထပ်နေပေးဖို့ လိုသေးတာလား…"

မို့ရန် ဘာမှပြန်မဖြေ။ နောက်ဆုံးတော့ သူမ စိတ်လျော့လိုက်ပြီး

"အင်း… ပြန်ချင်ပြီဆိုလည်း ပြန်ပေါ့… ခင်ဗျားက ဧည့်သည်ပဲ… အချိန်တန်ရင် ခင်ဗျားမပြန်ချင်လည်း ပြန်ရမှာပဲကို…"

စူပုပ်ပုပ်ဖြစ်ချင်နေသော ထိုကောင်လေးမျက်နှာကို ဟွာရှန့် ခပ်တည်တည်ပင် ကြည့်ပြီး ပြန်မပြောတော့။

"ကျနော်တို့ မြို့တက်ပြီး ဝယ်စရာ ရှိတယ်… မင်းလည်း တခါတည်း လိုက်ခဲ့လေ… အတူတူ သွားကြတာပေါ့…"

"ကျေးဇူးပါ…"

နောက်တစ်နေ့မနက် အာရုဏ်တက်ချိန်တွင် မြို့သို့သွားမည့်သူများက ပြင်ဆင်စရာများရှိတာ ပြင်ဆင်ပြီး အသင့်ဖြစ်နေပြီ။ ဟွာရှန့် တဲအိမ်မှ ထွက်လိုက်သည်နှင့် သူ့ခေါင်းကို တစ်ခုခုနှင့် ရိုက်မိသံကို နောက်ဆုံးကြားလိုက်ရပြီး ဘာဆိုဘာမှ မသိတော့ချေ။











ကြင်ယာတော် "မို့ရန်"Where stories live. Discover now